← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆) ဒုတိယအကြိမ် အဆင့်မြှင့်တင်ခြင်း၊ မီးတောက်ဝံပုလွေကို လိုက်လံသတ်ဖြတ်ခြင်း

"ဘာဖြစ်တာလဲ... ဘာကြီး ပြုတ်ကျသွားတာလဲ"

"ဘုန်း" ဆိုသည့် အသံကြီးကို ကြားလိုက်ရသဖြင့် ဟန်ချင်ရွှဲ့က အလောတကြီး မေးလိုက်သည်။

"နောက်ကလူ ခြေချော်ပြီး ပြုတ်ကျသွားတာ ထင်တယ်... အဟက်... ကျွန်တော် လှမ်းဆွဲဖို့ ကြိုးစားသေးတယ်... ဒါပေမဲ့ မမီလိုက်ဘူး"

ချိုက်လန်က အလွန်ရိုးသားသည့် လေသံမျိုးဖြင့် ဟန်ဆောင်ကောင်းကောင်း ပြောလိုက်သည်။

"ဘာ... ကျိုးဟန် ပြုတ်ကျသွားတယ် ဟုတ်လား"

ကျောက်တောင်ထိပ်သို့ ရောက်ခါစ ဟန်ရှန်နင်မှာ အောက်သို့ အလောတကြီး ငုံ့ကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် ကျောက်တောင် နံရံပေါ်တွင် ကျိုးဟန်၏ ပုံရိပ် မရှိတော့ပေ။ ထူထပ်သော သစ်ရွက်များကြားမှတစ်ဆင့် ကျိုးဟန် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မသဲမကွဲ မြင်နေရသော်လည်း အခြေအနေ အတိအကျကိုမူ မသိရပေ။

"ကျိုးဟန်... ကျိုးဟန်... မြန်မြန် တက်လာခဲ့ဦး"

ဟန်ရှန်နင်က အသံကုန် အော်ဟစ်လိုက်သော်လည်း ကျိုးဟန်ဘက်မှ မမည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

"မရဘူး... ကျွန်မ အောက်ဆင်းပြီး သူ့ကို သွားကယ်ရမယ်"

"နင် ရူးနေလား... မီးတောက်ဝံပုလွေအုပ်က ရောက်နေပြီလေ... နင် အခု ဆင်းသွားတာ သေတွင်းထဲ ဆင်းသွားတာနဲ့ အတူတူပဲ"

ဟန်ချင်ရွှဲ့က သူမ၏ ညီမကို အမြန် တားဆီးလိုက်ရင်း အော်ပြောလိုက်သည်။

"ကျွန်မ... ကျိုးဟန်..."

ဟန်ရှန်နင်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်မိသည်။ စောစောက သူမ ရှက်ရွံ့နေခဲ့မိသဖြင့် ကျိုးဟန်ကို နှုတ်မဆက်ခဲ့မိသည်မှာ နောင်တရစရာပင်။ တစ်ခါပြန်တွေ့ချိန်မှာတော့ တစ်ဖက်တစ်လမ်းစီ ဖြစ်သွားခဲ့ပြီ။

"အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး... ကျိုးဟန် စောစောက ပြခဲ့တဲ့ အစွမ်းနဲ့ဆိုရင်... တစ်ချက်လောက်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိနိုင်ဦးမှာပါ"

ဟန်ချင်ရွှဲ့ ဤစကားကို ပြောလိုက်သော်လည်း သူမကိုယ်တိုင်ပင် မယုံကြည်ပေ။ ညီမဖြစ်သူကို နှစ်သိမ့်ပေးရန်သာ ဖြစ်သည်။

"တကယ်... တကယ်လား"

ဟန်ရှန်နင်က ဖြစ်နိုင်ချေရှိမရှိ အတည်ပြုလိုသည့်အလား ဟန်ချင်ရွှဲ့၏ မျက်လုံးများကို စိုက်ကြည့်လာသည်။

"အင်း"

ညီမဖြစ်သူ၏ မျှော်လင့်တကြီး အကြည့်များကို မြင်သောအခါ ဟန်ချင်ရွှဲ့က အမှန်တရားကို မပြောရက်သဖြင့် မျက်နှာလွှဲလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ယခုအချိန်တွင် ချိုက်လန်၏ စိတ်ထဲ၌မူ လှောင်ရယ်နေမိသည်။

အံ့ဖွယ်တွေ ဖန်တီးဦးမှာလား... မိနစ်အနည်းငယ်အတွင်းမှာပဲ ကျိုးဟန်က အရိုးတောင် ရှာမရအောင် သေသွားတော့မည်ဖြစ်ကာ ထိုအချိန်ကျလျှင် ကာကွယ်မှု ဝတ်စုံက သူ၏ လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူကတော့ တကယ်ကို ပွဲကြမ်းတော့မည် ဖြစ်သည်။ ဒီ ကျောင်းမယ် ညီအစ်မနှစ်ယောက်ကတော့... ဟီးဟီး... ချိုက်လန်၏ စိတ်ထဲတွင် ရမ္မက်ဇောများ ပြည့်လျှံနေသည်။

...

"အား... နာလိုက်တာ"

မည်သို့ပင်ဖြစ်စေ ကျိုးဟန်က အဆင့် ၁ သာ ရှိသေးသဖြင့် ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။

၅ မီတာ ၆ မီတာခန့် မြင့်သော နေရာမှ ပြုတ်ကျလာခြင်းက အတော်လေး နာကျင်လှသည်။ ပြုတ်ကျသည့် ခဏမှာပင် သွေး ၈၀ မှတ် လျော့ကျသွားသည်။ ဇာတ်လမ်းပင် ပြီးဆုံးသွားလုနီးပါး ဖြစ်ခဲ့ရသည်။

"ဒင်... စနစ် သတိပေးချက်... သင်၏ သွေးပမာဏ ၁၀၀ ရာခိုင်နှုန်းအောက် လျော့နည်းသွားသည်ကို ထောက်လှမ်းသိရှိရသဖြင့် အခြေခံ သွေးပြန်တက်ခြင်း အာနိသင်ကို အလိုအလျောက် အသက်သွင်းလိုက်ပါသည်"

သွေးပြန်တက်သည့် အာနိသင် ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း သွေးပြန်ပြည့်သွားသည်။

သို့သော် ယခုက နာကျင်မှုကို ဂရုစိုက်နေရမည့် အချိန် မဟုတ်ပေ။ ကျိုးဟန် သေချာ ကြည့်လိုက်သောအခါ မီးတောက်ဝံပုလွေ ၁၅ ကောင်ကျော်က ဝိုင်းရံထားပြီ ဖြစ်သည်။ တစ်ခုခု မလုပ်လျှင်တော့ တကယ်ကို သောက်ကျိုးနည်းတော့မည်။

မီးတောက်ဝံပုလွေ

အရည်အသွေး - သာမန်အဆင့်

အဆင့် - ၁

သွေး - ၃၃၀

တိုက်ခိုက်မှု - ၄၅

ကာကွယ်မှု - ၂၀

စွမ်းရည် - မီးမှုတ်ခြင်း (၁ မီတာ ပတ်လည်ရှိ ရန်သူအားလုံးကို မီးလုံးဖြင့် မှုတ်ထုတ်၍ ၆၀ မှတ် ထိခိုက်မှု ပေးနိုင်သည်၊ စောင့်ဆိုင်းချိန် ၃၀ စက္ကန့် ကြာမြင့်မည်)

ဖော်ပြချက် - အုပ်စုလိုက် နေထိုင်တတ်သော သားရဲဖြစ်သဖြင့် အုပ်စုလိုက် တိုက်ခိုက်ခြင်းကို သတိပြုပါ

မီးတောက်ဝံပုလွေ ဆယ်ကောင်ကျော်က တစ်ပြိုင်နက် တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်မှု ၅၀၀ ကျော် ရှိမည်ဖြစ်သည်။

ကျိုးဟန်တွင် ကာကွယ်မှု ၂၆ မှတ် ရှိသည့်တိုင်အောင် ခဏအတွင်း အသတ်ခံရနိုင်ပေသည်။

"ဟုတ်သားပဲ... အဆင့်မြှင့်မယ်... ဒုတိယအကြိမ် အဆင့်မြှင့်တင်ခြင်း"

ကျိုးဟန်၏ စိတ်ထဲတွင် အနည်းငယ် ရင်ခုန်နေမိသည်။ ဤသည်မှာ သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင်။ SSS အဆင့် ပင်ကိုစွမ်းရည်က စိတ်မပျက်စေဖို့သာ မျှော်လင့်ရသည်။

"ချည်ထည်ဝတ်ရုံကို အဆင့်မြှင့်ပါ"

"ဒင်... စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပြီး အဆင့်မြှင့်ပွိုင့် ၁၀ မှတ် ကုန်ကျကာ သာမန်အဆင့် ကာကွယ်ရေးဝတ်စုံ ချည်ထည်ဝတ်ရုံ ကို ဒုတိယအကြိမ် အဆင့်မြှင့်တင်မှု အောင်မြင်သွားပြီ ဖြစ်ပါသဖြင့် အချက်အလက် အသစ်များကို စနစ်ဖန်သားပြင်ပေါ်တွင် ဝင်ရောက်ကြည့်ရှုပါ"

ကျိုးဟန်အတွက် အသေးစိတ် ကြည့်နေရန် အချိန်မရှိတော့ပေ။ မီးတောက်ဝံပုလွေက သူ၏ လက်မောင်းကို လှမ်းကိုက်လိုက်ပြီ ဖြစ်သည်။

“-၀”

“-၀”

“-၀”

"ဟင်... သွေးတစ်စက်တောင် မလျော့ဘူးလား"

ကျိုးဟန် မျက်နှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ဆိုလိုသည်မှာ အဆင့်မြှင့်ပြီးနောက် ကာကွယ်မှုက ပို၍ အစွမ်းထက်လာခြင်း ဖြစ်ရမည်။

စိုးရိမ်ပူပန်နေသမျှ အားလုံးက ယခုတော့ စိတ်အေးသွားရပြီ ဖြစ်သည်။

ဤအခွင့်အရေးတွင် ကျိုးဟန်က အချက်အလက် အသစ်များကို အမြန် တစ်ချက် ကြည့်လိုက်သည်။

ချည်ထည်ဝတ်ရုံ (၂ ကြိမ်မြှင့်)

အဆင့် - သာမန်အဆင့်

အမျိုးအစား - ကာကွယ်ရေးဝတ်စုံ

အခြေခံစွမ်းဆောင်ရည် - ကာကွယ်မှု +၅၀၊ သွေးပမာဏ +၂၀ဝ

အထူးစွမ်းရည် ၁ - အလယ်အလတ် သွေးပြန်တက်ခြင်း အာနိသင်ရှိပြီး ဤဝတ်စုံကို ဝတ်ဆင်ပြီးနောက် သင်သည် တစ်စက္ကန့်လျှင် သွေး ၂၀၀ မှတ် ပြန်လည် ပြည့်ဝလာမည်ဖြစ်ပါသည် (သွေးပမာဏ အကန့်အသတ်ကိုတော့ ကျော်လွန်နိုင်မည် မဟုတ်ပါ)

အထူးစွမ်းရည် ၂ - အခြေခံ ရှောင်တိမ်းခြင်း အာနိသင်ရှိပြီး ဤဝတ်စုံကို ဝတ်ဆင်ပြီးနောက် သင်သည် သာမန်တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ရန် ၁၀ ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိပါသည်

ဖော်ပြချက် - သာမန်အဆင့် ပစ္စည်းတစ်ခု ဖြစ်သော်လည်း ယခုအခါတွင် အစွမ်းထက်သော ကာကွယ်မှုတစ်ခု ဖြစ်နေပါပြီ

"ဝူးဟူး... ဒါကတော့ အတော်လေး လန်းတာပဲ"

ကာကွယ်မှု ၅၀ မှတ်၊ သွေးပမာဏ ၂၀၀ မှတ်... တကယ်ကို အစွမ်းထက်တဲ့ ကာကွယ်မှုပဲ။

ကျိုးဟန် အခြေခံစွမ်းဆောင်ရည်များကို မြင်လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားသည်။ ဤအဆင့်အတန်းမှာ သာမန်အဆင့် ဆိုသည့် ဘောင်ထဲတွင် မရှိတော့ပေ။

ပို၍ အံ့သြစရာကောင်းသည်မှာ အောက်စာကြောင်းများကို ဆက်ဖတ်ကြည့်သောအခါ အထူးစွမ်းရည် နှစ်ခုတောင် ပါဝင်လာခြင်း ဖြစ်သည်။

တစ်စက္ကန့်လျှင် သွေး ၂၀၀ မှတ် ပြန်တက်စေသော အလယ်အလတ် သွေးပြန်တက်ခြင်း နှင့် သာမန်တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်မည့် အခြေခံ ရှောင်တိမ်းခြင်း တို့ပင် ဖြစ်သည်။

မီးတောက်ဝံပုလွေ၏ တိုက်ခိုက်မှု ၄၅ မှတ်မှာ ကျိုးဟန်၏ ကာကွယ်မှုကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိတော့ပေ။

"ဟား... မိုက်လိုက်တာ"

ကျိုးဟန်က အားရပါးရ အော်ဟစ်လိုက်သည်။

နှစ်ကြိမ် အဆင့်မြှင့်လိုက်သည့် အာနိသင်က တကယ်ကို လန်းလွန်းလှသည်။ မီးတောက်ဝံပုလွေများက မလျှော့သော ဇွဲဖြင့် ဆက်တိုက် ကိုက်ဖြတ်နေသော်လည်း ဘာမှ မထိခိုက်ပေ။

ဝံပုလွေများ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်သွားပုံရသည်။

အကယ်၍ စကားပြောတတ်မည်ဆိုပါက 'ဤကောင်က တကယ်ရော အစပြုသူ ဟုတ်ရဲ့လား... တကယ့် မိစ္ဆာကောင်ပဲ' ဟု ပြောနေကြလောက်သည်။

မီးတောက်ဝံပုလွေများက မကျေနပ်သဖြင့် မီးမှုတ်ခြင်း စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်ကြပြီးနောက် အလွန် ပူပြင်းသော မီးလုံးများက ကျိုးဟန်ဆီသို့ အပြင်းအထန် ရောက်ရှိလာသည်။

“-၁၀”

“-၁၀”

ဘာမှ မထိခိုက်သလောက်ပဲ ဖြစ်ပြီး မီးခိုးအနည်းငယ် ထွက်သွားသည်မှအပ ဘာမှ မထူးခြားပေ။ ဟာသလုပ်နေသည့် အလား ဝံပုလွေများမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

"တိရစ္ဆာန်ကောင်တွေ... ငါ ဒီနေ့ မင်းတို့ အရေခွံကို ဆွဲဆုတ်ပစ်မယ်"

အစပိုင်းတွင် ကျိုးဟန် အနည်းငယ် ကြောက်လန့်နေခဲ့သော်လည်း နှစ်ကြိမ် အဆင့်မြှင့်ထားသော ဝတ်ရုံကြောင့် အခြေခံစွမ်းဆောင်ရည်များ အလွန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။

မီးတောက်ဝံပုလွေ အကောင် ၁၀၀ လာလျှင်တောင် ကျိုးဟန်ကို အနာအဆာ ပေးနိုင်မည် မဟုတ်တော့ပေ။

ဤဝံပုလွေများက စွမ်းရည်သုံးလျှင်တောင် ထိခိုက်မှု ၁၀ မှတ်သာ ပေးနိုင်ပြီး တစ်စက္ကန့်လျှင် သွေး ၂၀၀ ပြန်တက်နေသော ကျိုးဟန်အတွက် ယင်းမှာ ဘာမှ မဟုတ်ပေ။

ကျိုးဟန်က သံဓားကို မြှောက်၍ အကြမ်းပတမ်း ခုတ်ချလိုက်သည်။ အကွက်အကွင်းတွေ စဉ်းစားမနေတော့ဘဲ ခုတ်ချက်အရေအတွက် များလေလေ အထူးစွမ်းရည် ထွက်ပေါ်လာနိုင်ချေ မြင့်လေလေ ဖြစ်သည်။

"သင်သည် သွေးဆိပ်တက်ခြင်း အထူးစွမ်းရည်ကို ဖန်တီးနိုင်ခဲ့ပါသည်"

"သင်သည် အခြေခံ ရှောင်တိမ်းခြင်း အာနိသင်ကို ဖန်တီးနိုင်ခဲ့ပါသည်"

ကျိုးဟန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မီးတောက်ဝံပုလွေ အမြောက်အမြား သွေးဆိပ်တက်ကုန်ကြသည်။

စက္ကန့်ပိုင်းအတွင်း တစ်ကောင်ပြီးတစ်ကောင် လဲကျသွားရာ ကျန်ရှိနေသော ဝံပုလွေများမှာလည်း ထိတ်လန့်သွားကြသည်။

ကျိုးဟန်မှာ ဘာကိုမှ မကြောက်မရွံ့သော တိုက်ခိုက်ရေး မိစ္ဆာတစ်ကောင်နှင့် တူနေသည်။ ဝံပုလွေများမှာ ဉာဏ်ရည် မမြင့်သော်လည်း အရူးတော့ မဟုတ်ကြပေ။

ကျိုးဟန်ကို ရင်ဆိုင်ရန် မလွယ်ကူမှန်းနှင့် သူတို့၏ အပေါင်းအဖော်များ လဲကျကုန်သည်ကို မြင်သောအခါ အမြီးကုပ်၍ ထွက်ပြေးကြတော့သည်။

"သောက်ကျိုးနည်း... ထွက်ပြေးချင်တာလား... မင်းတို့ အားလုံးက ငါ့အတွက် အဆင့်မြှင့်ပွိုင့်တွေပဲကွ"

မြင်ကွင်းက ရုတ်တရက် ပြောင်းပြန် ဖြစ်သွားသည်။

ကျိုးဟန်က ဓားကို ကိုင်၍ အနောက်မှ လိုက်လံတိုက်ခိုက်နေပြီး မီးတောက်ဝံပုလွေများက ရှေ့မှနေ၍ အသည်းအသန် ထွက်ပြေးနေကြသည်။

အနီးအနားတွင် သားရဲ သတ်နေသော ကစားသမားတစ်ဖွဲ့က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ဒါက ဘယ်လို အခြေအနေကြီးလဲ... မျက်လုံးကို ပွတ်ကြည့်လိုက်သော်လည်း ထင်ယောင်ထင်မှား မဟုတ်ပေ။

ငါတို့ နယ်မြေထဲမှာ မီးတောက်ဝံပုလွေအုပ်ကို လိုက်သတ်နေတဲ့ ဒီလို လူစွမ်းကောင်းမျိုး ရှိနေတာလား... ဒီလူက သားရဲတွေထက်တောင် ပိုပြီး ရက်စက်နေသလိုပဲ။

ထို့နောက် အသင်းသားတစ်ဦးက စကားပြောချန်နယ်ကို ဖွင့်လိုက်ပြီး သတင်းစကား တစ်ခု ပေးပို့လိုက်သည်။

"ဘရားသားတို့... အခုလေးတင် လူတစ်ယောက် သံဓားတစ်လက်နဲ့ မီးတောက်ဝံပုလွေအုပ်ကို လိုက်သတ်နေတာ ငါ မြင်လိုက်တယ်"

"ဘရားသား... ထမင်းကိုသာ လျှောက်စားလို့ရတယ်... စကားကိုတော့ လျှောက်မပြောနဲ့လေ... မင်းရဲ့ ကြွားလုံးကလည်း ကြီးလွန်းလှချည်လား"

"မင်းက ပြက်လုံး ထုတ်နေတာလား... ငါတို့ လေးယောက်တောင် မီးတောက်ဝံပုလွေ တစ်ကောင်ကို မနိုင်တာ... ဘယ်သူက အဲ့ဒီလောက်တောင် စွမ်းနေမှာလဲ"

"ငါ တကယ် မြင်တာပါ... ငါ့အသင်းသားတွေလည်း သက်သေရှိတယ်"

"မင်းတို့ကို ပြောလိုက်မယ်... ငါ ချန်ပေ့ရွှမ် က B အဆင့် ပင်ကိုစွမ်းရည်ရှင်တောင်... မီးတောက်ဝံပုလွေကို တစ်ယောက်တည်း မတိုက်ရဲဘူး... တခြားလူက ပိုပြီး ဖြစ်နိုင်ချေ မရှိဘူး... အားလုံးပဲ လူစုခွဲကြပါ... ဒီကောင် ကြွားနေတာကို နားမယောင်ကြနဲ့"

စကားပြောချန်နယ်ထဲတွင် မည်သူမှ မယုံကြည်ကြဘဲ ဤလူမှာ နာမည်ကြီးချင်၍ တမင် သတင်းလွှင့်နေခြင်းဟုသာ ယူဆကြသည်။

ထိုအချိန်တွင် သတင်းပို့သော လူမှာ ကြောင်တောင်တောင် ဖြစ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျိုးဟန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

တကယ်ပဲ စိတ်ကူးယဉ်မိတာလား...

"ဟူး... ဟူး..."

ဘယ်လောက်ကြာအောင် လိုက်လိုက်မိမှန်း မသိပေ။ အပြင်းအထန် ပြေးလွှားလိုက်ရသဖြင့် ကျိုးဟန်လည်း မောဟိုက်လာကာ ခေတ္တမျှ ရပ်နားလိုက်ရသည်။

"ဒီကောင်တွေ ပြေးတာ တကယ် မြန်တာပဲ"

စုစုပေါင်း မီးတောက်ဝံပုလွေ ၁၅ ကောင်အနက် ၁၁ ကောင်ကို သတ်နိုင်ခဲ့သော်လည်း ကျန် ၄ ကောင်ကိုမူ လိုက်မမီသဖြင့် လွတ်သွားခဲ့သည်။

ကျိုးဟန် ခေတ္တမျှ နားပြီးနောက် ရရှိလာသည်များကို စတင် စစ်ဆေးလိုက်သည်။

ရလဒ်မှာတော့ စိတ်ပျက်စရာပင်။ ဝံပုလွေ ၁၁ ကောင်လုံးဆီမှ ပစ္စည်းတစ်ခုမှ ကျမလာပေ။

ကျလာနိုင်ချေက အလွန် နည်းပါးလှသည်။ သာမန်အဆင့် ပစ္စည်း ကျနိုင်ချေကပင် ဤမျှ နည်းနေလျှင် ကြေးအဆင့် ဆိုပါက ပို၍ နည်းသွားမည်မှာ အသေအချာပင်။ သို့သော် ကြေးဒင်္ဂါးများစွာ ရရှိခဲ့သည်။

ပစ္စည်းသာ လုံးဝ ကျမလာပါက မြို့ထဲရှိ ပန်းပဲဖိုတွင် ဝယ်ယူနိုင်သော်လည်း ဈေးနှုန်းများမှာ အလွန် ကြီးမားလှသည်။

ကြည့်ရသည်မှာ သူ ရွှေဒင်္ဂါးများ ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။ ယခု သူက အရမ်း ဆင်းရဲနေသေးသည်။

ထို့အပြင် မြို့ထဲသို့ တစ်ခေါက် ပြန်သွားရန်မှာလည်း အချိန်အတော်ကုန်မည် ဖြစ်ရာ ကျိုးဟန်က သူ့ဘာသာ ဆက်လက် သတ်ဖြတ်ရန်သာ ဆုံးဖြတ်လိုက်သည်။

နေဝင်ချိန်အထိမှ ပစ္စည်း မကျလာသေးပါက ဝယ်ယူရန် ကြိုးစားတော့မည်။

သို့သော် သားရဲ ဆက်မသတ်မီ ကျိုးဟန် လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ရှိသေးသည်။

"သောက်ကျိုးနည်း... ငါ့ကိုတောင် လာပြီး လုပ်ကြံရဲတယ်ပေါ့... ဒီနေ့တော့ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

လူကောင်းတစ်ယောက်၏ ကလဲ့စားချေမှုက နောက်မကျသင့်ပေ။

သူနှင့် ထို ချိုက်လန် မှာ မည်သည့် ရန်ငြိုးမှ မရှိဘဲ ဤကမ္ဘာတွင် ဤကဲ့သို့ လုပ်ကြံခံရခြင်းက ကျိုးဟန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်သွားစေသည်။

တစ်ချိန်တည်းမှာပင် ဤကမ္ဘာ၏ ရက်စက်မှုကို သူ သိရှိသွားခဲ့သည်။ ကမ္ဘာမြေနှင့် မတူဘဲ ဤနေရာတွင် စည်းကမ်းဥပဒေဆိုသည်မှာ မရှိတော့ပေ။

သားရဲများထက်စာလျှင် ဤကစားသမားများကသာ ပို၍ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။

ဘေးကင်းဇုန်မှလွဲ၍ ကျန်တိုက်ခိုက်ရေး နယ်မြေများတွင် မည်သည့် အန္တရာယ်မဆို ဖြစ်ပွားနိုင်သည်။

အကယ်၍ သူသာ စိတ်နုနေမည်ဆိုပါက တစ်ပါးသူ၏ လုပ်ကြံခြင်းကို ခံရပေလိမ့်မည်။

ဤအချက်ကို နားလည်သွားပြီးနောက် ကျိုးဟန်သည် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ မူလ နေရာဆီသို့ ပြန်လည် လျှောက်လှမ်းသွားတော့သည်။

All Chapters