အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) ရွက်သုံးမွှာ လည်ဆွဲနှင့် နှလုံးသားကာကွယ်ရေး ကြာပန်း
ကျိုးဟန်သည် ကြေညာချက်ကို ပထမဆုံး ဖော်ထုတ်နိုင်သူ ဖြစ်သောကြောင့် လူများစွာက ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သူ့ကို သူငယ်ချင်းအဖြစ် ထည့်သွင်းချင်နေကြသည်။
ကျိုးဟန်က တောင်းဆိုချက် အချို့ကို ကျပန်း နှိပ်ကြည့်လိုက်သည်။
"ကျိုးဟန်... မင်းက တော်တော်လေး မဆိုးဘူးပဲ... ငါ ချန်ပေ့ရွှမ်ရဲ့ သူငယ်ချင်းဖြစ်ဖို့ လုံလောက်တဲ့ အရည်အချင်းရှိတယ်"
ဤစာကို ကြည့်ပြီး ကျိုးဟန်မှာ ဆွံ့အသွားရသည်။ ဤကောင်က တကယ်ကို ရူးကြောင်ကြောင် နိုင်လွန်းလှသဖြင့် တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
"အစ်ကိုလေးရေ... ညီမကိုပါ ဆွဲခေါ်သွားပါလား... ညီမက အပြုစု အရမ်းကောင်းတယ်နော်... ယောဂလည်း ကျွမ်းကျင်တယ်... ဒါက ညီမရဲ့ လျှို့ဝှက် ဓာတ်ပုံလေးတွေပါ"
ကျိုးဟန်က ဓာတ်ပုံကို နှိပ်ကြည့်လိုက်ရာ အဝတ်အစား မပါဘဲ ညှို့ယူဖမ်းစားနေသည့် မဖွယ်မရာ ပုံများသာ ဖြစ်နေသည်။ ခန္ဓာကိုယ် အချိုးအစားကတော့ မဆိုးလှသော်လည်း ဒါလောက်ပါပဲ။
ကျိုးဟန်၏ အနီးတွင် အလှပဂေးကြီး နှစ်ဦးရှိနေပြီဖြစ်ရာ ဤကဲ့သို့ သာမန် အလှအပမျိုးက သူ၏ မျက်လုံးထဲ ဝင်နိုင်မည် မဟုတ်ပေ။ ချက်ချင်း ငြင်းပယ်လိုက်ပြီး အစီရင်ခံစာပါ တင်လိုက်သည်။
နောက်ထပ် တောင်းဆိုချက် အချို့ကို ကြည့်ပြီးနောက် ကျိုးဟန် ချက်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ အားလုံးက အားကိုးချင်သူများ၊ အသင်းဖွဲ့ရန် ဖိတ်ခေါ်သူများသာ ဖြစ်သဖြင့် စနစ်ကို အလိုအလျောက် အားလုံး ငြင်းပယ်ခိုင်းလိုက်သည်။
မထီမဲ့မြင် လုပ်ထားသူများကိုတော့ တိုက်ရိုက် ဘလော့စ် လိုက်သည်။ အရာအားလုံးကို ဖြေရှင်းပြီးနောက် ကျိုးဟန်သည် ချီးမြှင့်ထားသော ဆုလာဘ်များကို စတင် ကြည့်ရှုလိုက်သည်။ ရွှေဒင်္ဂါး ၁၀ ပြားနှင့် ကြေးသေတ္တာ တစ်လုံးက စနစ်၏ ကျောပိုးအိတ်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။
အထောက်အကူပြု စနစ်မှတစ်ဆင့် သိလိုက်ရသည်မှာ နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာတွင် ဖွင့်ဖောက်နိုင်သော သေတ္တာအမျိုးမျိုး ရှိသည်။ ဤသေတ္တာများတွင်လည်း သားရဲများ၏ အဆင့်အတိုင်း ကြေး၊ ငွေ စသည်ဖြင့် အဆင့်သတ်မှတ်ချက်များ ရှိသည်။
မည်သည့်အရာမဆို သေတ္တာထဲမှ ထွက်လာနိုင်ပြီး အရည်အသွေး ပိုမြင့်သော သေတ္တာများက ပစ္စည်းကောင်း ထွက်နိုင်ချေ ပိုများသည်။ ကျိုးဟန်မှာ ချက်ချင်းပင် မျှော်လင့်ချက် ကြီးမားလာသည်။
"ကြေးသေတ္တာကို အဆင့်မြှင့်လို့ ရလား"
ကျိုးဟန်က ရုတ်တရက် တွေးမိကာ စနစ်ကို မေးမြန်းလိုက်သည်။
"စနစ် အချက်ပြချက်... သေချာပေါက် အဆင့်မြှင့်တင်၍ ရပါသည်... သို့သော် အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှုမှာ သိပ်ပြီး ပြောင်းလဲမည် မဟုတ်သဖြင့် အဆင့်မြှင့်ပွိုင့်များကို အလဟဿ မဖြုန်းတီးရန် အကြံပြုပါသည်"
"ပစ္စည်းများ ဖွင့်ဖောက်ရရှိပြီးမှသာ အဆင့်မြှင့်တင်ပါ"
စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျိုးဟန် ခေါင်းညိတ်လိုက်သည်။
"ကြေးသေတ္တာကို ဖွင့်မယ်"
"စနစ် သတိပေးချက်... သင်သည် ကြေးသေတ္တာကို ဖွင့်လိုက်ပါသည်"
"ဂုဏ်ယူပါသည်... သင်သည် အလှဆင်ပစ္စည်း ရွက်သုံးမွှာ လည်ဆွဲ ကို ရရှိပါသည်"
"ဟင်... အလှဆင်ပစ္စည်း ထွက်လာတယ်ပေါ့... ကံမဆိုးဘူးပဲ... ဘယ်အဆင့်လဲဆိုတာတော့ မသိသေးဘူး"
အလှဆင်ပစ္စည်းများ ကျလာနိုင်ချေမှာ အလွန်နည်းပါးလှသည်။ ကျိုးဟန်မှာ အချက်အလက်များကို ကြည့်ရန် မစောင့်နိုင်တော့ပေ။
ရွက်သုံးမွှာ လည်ဆွဲ
အဆင့် - ငွေအဆင့်
တိုက်ခိုက် - ၂၀
အကျိုးသက်ရောက်မှု - ထိခိုက်မှုပမာဏ ၃၀၀ ကို စုပ်ယူပေးနိုင်သည်
ဖော်ပြချက် - ရွက်သုံးမွှာပင်ဖြင့် ပြုလုပ်ထားပြီး ကောင်းမွန်သော ကာကွယ်ပေးနိုင်စွမ်း ရှိပါသည်
ကြေးသေတ္တာမှ ငွေအဆင့် ပစ္စည်း ထွက်လာခြင်းက အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ ငွေအဆင့် အလှဆင်ပစ္စည်းမှာ အဆင့်မမြှင့်ရသေးခင်မှာပင် အကျိုးသက်ရောက်မှု တစ်ခု ပါဝင်နေသည်။
တိုက်ခိုက်မှုကိုလည်း တိုးစေသလို ကာကွယ်မှုစွမ်းရည်လည်း ရှိနေသဖြင့် အလွန် ပြည့်စုံသော စွမ်းရည်များဟု ဆိုနိုင်ကာ ဤတစ်ကြိမ်တွင် အမြတ်ကြီးရသွားခြင်းပင်။
"နှစ်ကြိမ် အဆင့်မြှင့်မယ်"
ကျိုးဟန် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ဒင်... စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပြီး နှစ်ကြိမ် အဆင့်မြှင့်တင်မှု အောင်မြင်သွားပါပြီ... အချက်အလက်များကို ဝင်ကြည့်ပါ"
ရွက်သုံးမွှာ လည်ဆွဲ ( ၂ကြိမ်မြှင့်)
အဆင့် - ငွေအဆင့်
တိုက်ခိုက် - ၁၀၀
အကျိုးသက်ရောက်မှု ၁ - ထိခိုက်မှုပမာဏ ၂၀၀၀ ကို စုပ်ယူပေးနိုင်သည်
အကျိုးသက်ရောက်မှု ၂ - အဆိပ်ဒဏ်ခံနိုင်ရည် ၅၀ ရာခိုင်နှုန်း တိုးလာမည်
ဖော်ပြချက် - တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးစလုံး ကောင်းမွန်ပြီး အလွန် ထူးချွန်သော အလှဆင်ပစ္စည်း ဖြစ်ပါသည်
ဖော်ပြချက်ကို ဖတ်ပြီးနောက် ကျိုးဟန် ပြုံးလိုက်သည်။ တိုက်ခိုက်မှုက တိုက်ရိုက်ပင် ၁၀၀ အထိ ရောက်သွားပြီး ထိခိုက်မှု ၂၀၀၀ ကိုပါ စုပ်ယူပေးနိုင်သေးသည်။
အသစ်တိုးလာသော အကျိုးသက်ရောက်မှုမှာ အဆိပ်ဒဏ်ခံနိုင်ရည် ဖြစ်ရာ နောင်တွင် အဆိပ်ရှိသော သားရဲများနှင့် ရင်ဆိုင်ရချိန်၌ လွယ်ကူသွားမည် ဖြစ်သည်။
"ကျိုးဟန်... နင် တကယ်ကို မိုက်လွန်းတယ်ဟာ... ကြေးအဆင့် သားရဲကိုတောင် သတ်နိုင်လိုက်တာလား"
ဟန်ရှန်နင်က ကြေညာချက်ကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရဖြင့် မြန်မြန် ပြေးလာသည်။
"ငါက အမြဲတမ်း မိုက်နေတာလေ... နင်က ဒီနေ့မှ သိတာလား"
ကျိုးဟန်က ပြန်လည် စနောက်လိုက်သည်။
"အရမ်း ပျော်ဖို့ကောင်းတာပဲဟာ... ငါနဲ့ အစ်မ နှစ်ယောက်လုံး အဆင့် ၂ ကို တက်သွားပြီ"
"ဒါတွေ အားလုံးက ကျိုးဟန်ကို ကျေးဇူးတင်ရမှာပါ... မဟုတ်ရင် ငါတို့ ဒီလောက် လွယ်လွယ်နဲ့ ဘယ်လိုလုပ် အဆင့်တက်နိုင်မှာလဲ"
ဟန်ချင်ရွှဲ့က ကျိုးဟန်ကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ကျိုးဟန်၏ လက်ရှိ အတွေ့အကြုံမှတ်မှာလည်း အဆင့် ၂ ၏ ၈၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အရမ်း ပျော်ဖို့ကောင်းတာပဲ... ကျိုးဟန် နောက်ကနေ လိုက်ရတာ သိပ်ကောင်းတာပဲ"
ဟန်ရှန်နင်က မျက်လုံးလေးများ မှိတ်သွားသည်အထိ ရယ်မောလိုက်သည်။ ဘာမှ မလုပ်ဘဲ အဆင့်တက်နေရသည့် ခံစားချက်က အရမ်း သက်သောင့်သက်သာ ရှိလွန်းလှသည်။
"သွားကြစို့... သားရဲတွေ ဆက်ရှာပြီး အဆင့် ၁၀ ကို မြန်မြန် ရောက်အောင် လုပ်ရမယ်"
မိန်းကလေးနှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ကျိုးဟန်၏ ခြေလှမ်းများနောက်သို့ မြန်မြန် လိုက်ကာ တောအုပ်အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားကြသည်။
သားရဲ အတော်များများကို သတ်ဖြတ်ပြီးနောက် ကျိုးဟန်၏ အဆင့်မှာလည်း အဆင့် ၃ သို့ ရောက်ရှိသွားသည်။
"ကျိုးဟန်... ပစ္စည်းကောင်းကြီးဟေ့... ရတနာ တစ်ခုကို ငါ တွေ့ထားတယ်"
ဟန်ချင်ရွှဲ့က အလွန် စိတ်လှုပ်ရှားစွာဖြင့် လှမ်းပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာနေသည့် ပုံစံရှိနေသည်။
"ဘာ... ရတနာကိုတောင် တွေ့လိုက်တာလား... ချင်ရွှဲ့... နင်က တကယ် တော်တာပဲ"
ကျိုးဟန်လည်း အလွန် ဝမ်းသာသွားသည်။ ရတနာများ၏ အကျိုးသက်ရောက်မှုမှာ သဘာဝစစ်စစ် ဖြစ်ပြီး အစွမ်းထက်သော စွမ်းရည်များ ပါဝင်ကြောင်း သိထားရမည်။
မကြာမီ သူတို့ သုံးယောက်သည် ရေကန်တစ်ခု အနီးတွင် ရပ်လိုက်ကြသည်။ ဟန်ချင်ရွှဲ့၏ လမ်းညွှန်ချက်အရ ရေကန်ထဲတွင် သစ်သီးတစ်လုံး ရှိနေသည်ကို တကယ်ပင် တွေ့လိုက်ရသည်။
ကျိုးဟန် ချဉ်းကပ်သွားသောအခါ စိတ်ကြည်နူးသွားစေသော သဘာဝ ရနံ့တစ်ခုကို ရလိုက်သည်။ ကြာဖူးနှင့်တူသော အရာတစ်ခုက ရေမှော်ပင်များ၏ အလယ်တွင် ပေါက်ရောက်နေသည်။
ကျိုးဟန်က အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ရာ သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်း မြင်လိုက်ရသည်။
နှလုံးသားကာကွယ်ရေး ကြာပန်း
အဆင့် - ကြေးအဆင့်
အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် သွေးပမာဏ +၁၀၀
ရှင်းလင်းချက် - လူတစ်ဦးလျှင် တစ်ကြိမ်သာ စားသုံးနိုင်ပြီး အကြိမ်များစွာ စားသုံးပါက အကျိုးသက်ရောက်မှု ပေါင်းထပ်မည် မဟုတ်ပါ
တကယ့် ပစ္စည်းကောင်းပဲ၊ သွေးပမာဏ ၁၀၀ တောင် တိုးပေးနိုင်တာပဲ။ ကျိုးဟန်က နှလုံးသားကာကွယ်ရေး ကြာပန်းကို ခူးယူရန် ပြင်လိုက်စဉ် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့ကောင်... ဘာလုပ်မလို့လဲ... မလှုပ်နဲ့... အဲ့ဒါ ငါတို့ အရင် တွေ့ထားတာကွ"
မကြာမီ ဘေးဘက်မှ လူ ၄ ယောက် ရောက်လာပြီး ရေကန်ထဲရှိ နှလုံးသားကာကွယ်ရေး ကြာပန်းကို လောဘတကြီး ကြည့်နေကြသည်။
သူတို့အဖွဲ့ထဲတွင် အနံ့ခံနိုင်စွမ်း ပင်ကိုစွမ်းရည်ရှင် တစ်ဦး ပါဝင်ရာ ဖြတ်သွားစဉ် ဤနေရာမှ ထူးခြားသော ရနံ့ကို ရလိုက်ခြင်း ဖြစ်သည်။ ကျိုးဟန်လည်း ခူးယူရန် ပြင်ဆင်နေချိန်နှင့် အံကိုက်ဖြစ်သွားသဖြင့် ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"မင်းတို့ အရင် တွေ့ထားတာ ဟုတ်လား... ဒါပေမဲ့ ငါ ရောက်မလာခင်တုန်းက ဒီနားတဝိုက်မှာ မင်းတို့ အရိပ်အယောင်တောင် မတွေ့ခဲ့ပါဘူး"
ကျိုးဟန် မျက်မှောင်ကြုတ်သွားသော်လည်း အခြေအနေကို ရှင်းလင်းအောင် အရင် လုပ်ရမည် ဖြစ်၍ စိတ်ရှည်လက်ရှည်ဖြင့် ပြန်ပြောလိုက်သည်။
"ကောင်လေး... မင်းက ငါတို့ကို သံသယ ဝင်နေတာလား"
ခေါင်းဆောင်လုပ်သူ၏ အသံတွင် အေးစက်မှုများ ပြည့်နှက်နေသည်။ ကျိုးဟန် တစ်ယောက်တည်း ရှိနေသည်ကို မြင်သောအခါ သူတို့ဘက်တွင် လူ ၄ ယောက် ရှိနေရာ အလွယ်တကူ ကိုင်တွယ်၍ ရသည်ဟု သူ တွေးလိုက်သည်။
"ပါးနပ်စမ်းပါကွာ... သစ်သီးကို မြန်မြန် ပေးလိုက်... ငါတို့ သိပ်စိတ်မရှည်ဘူးနော်"
"အကောင်းပြောနေတုန်း နားထောင်စမ်း... ဒီနေရာက ကမ္ဘာမြေ မဟုတ်ဘူးကွ... မသေချင်ရင် မြန်မြန် ထွက်သွားစမ်း"
ဘေးရှိ အဖွဲ့ဝင် အချို့၏ မျက်ဝန်းများကလည်း ကျိုးဟန်ကို သိသာစွာပင် ရန်လိုနေကြသည်။
"ဟက်... မင်းတို့က ငါ့ကို ခြိမ်းခြောက်နေတာလား... မင်းတို့ကို နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ပေးမယ်... ငါ စိတ်မပြောင်းခင် ၁၀ စက္ကန့်အတွင်း ငါ့ရှေ့ကနေ လစ်ကြစမ်း"
ကျိုးဟန်မှာ ရယ်ချင်စိတ်ပေါက်သွားပြီး ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
"ကောင်လေး... မင်းက လေလုံးတော့ တော်တော် ကြီးတာပဲ"
ကျိုးဟန် ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ ခေါင်းဆောင်လုပ်သူ မျက်ဝန်းများ ကျုံ့သွားသော်လည်း သူ၏ စိတ်ထဲတွင် သံသယများ ဝင်လာသည်။