အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) ကျောင်းသူလေး ဟန်ရှန်နင် ဝက်ခွေ့ခံလိုက်ရခြင်း
ကျိုးဟန် ခေါင်းညိတ်ပြလိုက်သည်ကို မြင်တော့ ဟန်ရှန်နင်၏ စိတ်ထဲတွင် ဝမ်းသာသလို ကြောက်လည်း ကြောက်နေမိသည်။
ဝမ်းသာရခြင်းမှာ မိမိကိုယ်တိုင်က အချောင်လိုက်စားနေသည့် အပိုလူတစ်ယောက် မဟုတ်တော့ဘဲ အဖွဲ့အတွက် အသုံးဝင်သည့် အလုပ်တစ်ခုခုကို လုပ်ပေးနိုင်တော့မည် ဖြစ်သောကြောင့်ပင်။ ထိတ်လန့်ကြောက်ရွံ့နေရခြင်းမှာ သံချပ်ကာဝက်များ၏ စွမ်းရည်က သန်မာလွန်းလှပြီး အရေအတွက်ကလည်း များပြားနေသောကြောင့် ဖြစ်သည်။
ကြည့်လိုက်သည်နှင့် လွယ်လွယ်ဖြင့် သွားရောက်မစော်ကားသင့်မှန်း သိသာနေပြီး အကယ်၍ အမှားအယွင်း တစ်ခုခုသာ ဖြစ်သွားခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်က တွေးရဲစရာပင် မရှိပေ။
"စိတ်ချပါ... ငါရှိတယ်... မင်းကို ဘာမှအဖြစ်မခံဘူး..."
ဟန်ရှန်နင်၏ စိတ်ထဲမှ စိုးရိမ်မှုများကို ရိပ်မိသွားပုံရသည့် ကျိုးဟန်က သူမ၏ နူးညံ့သော ဆံပင်လေးများကို ပွတ်သပ်ပေးရင်း ခွန်အားပေးလိုက်သည်။
အခုဆိုလျှင် သူတို့ ညီအစ်မနှစ်ယောက်တွင် သွေးပမာဏ တစ်ထောင်နီးပါးခန့် ရှိနေပြီဖြစ်ရာ ရှင်သန်နိုင်စွမ်းက သိသိသာသာ မြင့်တက်နေပြီ ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် အန္တရာယ်တစ်ခုခု ကြုံလာခဲ့လျှင်တောင် ကျိုးဟန်က အပြည့်အဝ ကာကွယ်ပေးဦးမည် ဖြစ်သည်။
တကယ်တော့ ကျိုးဟန်ကိုယ်တိုင် သွားရောက်မျှားခေါ်လျှင်လည်း ရသော်လည်း သူ၏ ကိုယ်ပိုင် တွေးတောစဉ်းစားထားမှုများ ရှိနေသည်။ ပထမအချက်အနေဖြင့် သူတို့ ညီအစ်မနှစ်ယောက်၏ တိုက်ခိုက်ရေး အသိစိတ်ကို ပြုစုပျိုးထောင်ပေးချင်ပြီး အနည်းဆုံးတော့ ရဲရင့်လာအောင် လေ့ကျင့်ပေးရမည် ဖြစ်သည်။ အတွေ့အကြုံ များများရမှသာ ဤကဲ့သို့ အန္တရာယ်များလှသော ကမ္ဘာကြီး၏ ပတ်ဝန်းကျင်နှင့် အသားကျပြီး တိုးတက်လာနိုင်မည် ဖြစ်သည်။
ဒုတိယအချက်မှာမူ အဖွဲ့၏ အဓိက တိုက်ခိုက်သူဖြစ်သည့်အတွက် သူကိုယ်တိုင်က မမျှော်လင့်ထားသည့် အန္တရာယ်များအတွက် ခွန်အားကို ချွေတာထားရန် လိုအပ်သောကြောင့်ပင်။
ကျိုးဟန်က သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်ပြီး အဆင်သင့်ဖြစ်ပြီဆိုသည့် အဓိပ္ပာယ်ဖြင့် ဟန်ရှန်နင်ကို ခေါင်းညိတ်ပြလိုက်သည်။
ဤအချိန်တွင် ဟန်ရှန်နင်က မြေကြီးပေါ်မှ ကျောက်ခဲနှစ်ခဲကို ကောက်ယူလိုက်ပြီး သံချပ်ကာဝက်များထံသို့ လှမ်း၍ ပစ်ပေါက်လိုက်သည်။ ၎င်းတို့၏ အကာအကွယ်က ထူထဲလွန်းလှသဖြင့် နာကျင်မှုကို မခံစားရသော်လည်း အဆင့်နိမ့် လူသားတစ်ယောက်က လာရောက်ရန်စနေသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် တုံ့ပြန်လာကြသည်။
အနီးဆုံးတွင် ရှိနေသော သံချပ်ကာဝက် ငါးကောင်က ရိုင်းစိုင်းကြမ်းတမ်းစွာ ဝင်ရောက်တိုက်ခိုက်လာတော့သည်။
"အား..."
"ကျိုးဟန်... မြန်မြန် ချတော့လေ..."
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ဟန်ရှန်နင်တစ်ယောက် လန့်ဖျပ်ပြီး အော်ဟစ်ကာ အနောက်သို့ ကမန်းကတန်း ထွက်ပြေးတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အမြန်နှုန်းက သံချပ်ကာဝက်များထက် အနည်းငယ် ပိုမြန်နေသောကြောင့် အမီမခံရခြင်း ဖြစ်သည်။
"မလန့်နဲ့... ငါ လာပြီ..."
ကျိုးဟန်က အသံထွက်၍ သူမကို နှစ်သိမ့်လိုက်သည်။ ထို့နောက် သစ်ပင်နောက်မှ ထွက်လာကာ သံချပ်ကာဝက်များကို အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
ဓားစွမ်းအင်များ ထွက်ပေါ်သွားပြီးနောက် သံချပ်ကာဝက်များ အားလုံး ဝုန်းကနဲ လဲကျသွားသည်။ ကျိုးဟန်က လက်ကိုခါလိုက်ပြီး တိုက်ပွဲကို အလွယ်တကူပင် အဆုံးသတ်လိုက်သည်။
နောက်ပိုင်း အကြိမ်များတွင်တော့ ဟန်ရှန်နင်လည်း ပိုမိုကျွမ်းကျင်လာကာ မျှားခေါ်လာနိုင်သည့် သံချပ်ကာဝက် အရေအတွက်ကလည်း ပိုများလာသည်။ တကယ်ပင် သူမကို လေ့ကျင့်ရန် အခွင့်အရေး ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူမက ချက်ချင်းပင် သိသိသာသာ တိုးတက်လာခဲ့သည်။
မကြာခင်မှာပင် သံချပ်ကာဝက် အကောင်တစ်ရာကျော်ခန့်မှာ တစ်ဝက်ကျော်မျှ ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။
ကျိုးဟန်လည်း ဤရလဒ်ကို မြင်သည့်အခါ အလွန်ပင် ကျေနပ်သွားပြီး နောက်ဆိုလျှင် ဟန်ရှန်နင်ကို 'သားရဲမျှားခေါ်သည့် နေရာတွင် ဆရာမလေး' ဟုပင် ခေါ်ဆို၍ ရနေပြီဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့ ညီအစ်မနှစ်ယောက်လုံးက အဖွဲ့အတွက် အသုံးဝင်လာမည်ဖြစ်ပြီး သားရဲသတ်ဖြတ်သည့် အမြန်နှုန်းကလည်း အများကြီး တိုးတက်လာမည် ဖြစ်သည်။
ဟင်... မဟုတ်သေးဘူး...
"ရှန်နင်... မြန်မြန် ပြန်လာခဲ့..."
ဟန်ချင်ရွှဲ့က မျက်စိလျင်စွာဖြင့် ထူးခြားမှုကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် သတိပေးလိုက်သည်။
ယခုအချိန်တွင် ဟန်ရှန်နင်မှာ သားရဲများကို မျှားခေါ်ရသည်ကို အရသာတွေ့နေပြီး အန္တရာယ် နီးကပ်လာသည်ကို လုံးဝ သတိမပြုမိသေးပေ။
ချုံပုတ်ဘေးနားမှ အရွယ်အစား ပိုမိုကြီးမားပြီး တစ်ကိုယ်လုံး ငွေရောင်အလင်းများ တလက်လက် ထွက်ပေါ်နေသော တောဝက်ကြီးတစ်ကောင် ပြေးထွက်လာသည်။ သံချပ်ကာဝက်နှင့် ဆင်တူသော်လည်း စွမ်းအားကတော့ အများကြီး ပိုမို ကြမ်းတမ်းလှသည်။ ထိုအကောင်က ဟန်ရှန်နင်ထံသို့ ဝင်ရောက်တိုက်ခိုက်လာပြီး အမြန်နှုန်းကလည်း သူမထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
ကျိုးဟန်လည်း ထိုသားရဲ၏ အချက်အလက်များကို မြင်လိုက်ရသည်နှင့် အလျင်အမြန်ပင် ပြေးသွားလိုက်သည်။
အမည် - ငွေချပ်ကာဝက်
အရည်အသွေး - ကြေး
အဆင့် - ၁၀
သွေးပမာဏ - ၇၀၀
တိုက်ခိုက်မှု - ၂၀၀
အကာအကွယ် - ၁၀၀
စွမ်းရည် - ရူးသွပ်စွာ တိုက်ခိုက်ခြင်း (ရူးသွပ်စွာ တိုက်ခိုက်မှုကို အသုံးပြုပြီး ၂.၂ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်... စောင့်ဆိုင်းချိန် ၃၀ စက္ကန့်။)
ဖော်ပြချက် - သံချပ်ကာဝက်များ၏ ခေါင်းဆောင်ဖြစ်ပြီး ခွန်အား အလွန်ကြီးမားသည်။
ဤသည်မှာ ကြေးအရည်အသွေးရှိသော သားရဲဖြစ်ပြီး ၎င်း၏ အချက်အလက်များက သာမန်သားရဲများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ ၎င်း၏ 'ရူးသွပ်စွာ တိုက်ခိုက်ခြင်း' စွမ်းရည်က ၄၄၀ အထိ ချက်ချင်း ထိခိုက်မှု ပေးစွမ်းနိုင်သည်။ ဟန်ရှန်နင်၏ သွေးပမာဏက ၁၀၀၀ နီးပါး ရှိနေသည်ဆိုသော်လည်း အချက်အနည်းငယ်မျှသာ ခံနိုင်ရည်ရှိမည်ဖြစ်ရာ အလွန်ပင် အန္တရာယ်များလှသည်။
ယခုအချိန်တွင် ဟန်ရှန်နင်တစ်ယောက် ငွေချပ်ကာဝက်၏ ခွေ့တိုက်ခြင်းကို ခံလိုက်ရပြီး ၃ မီတာခန့် အဝေးသို့ လွင့်စင်သွားတော့သည်။
-၄၄၀
"နာလိုက်တာ... သူ ထပ်ပြေးလာနေပြန်ပြီ..."
"ကျိုးဟန်... ငါ့ကို ကယ်ပါဦး..."
ငွေချပ်ကာဝက်က ထပ်မံတိုက်ခိုက်လာသည်ကို မြင်လိုက်ရတော့ ဟန်ရှန်နင်က ပြာပြာသလဲ အော်ဟစ်လိုက်သည်။
"မလန့်နဲ့... ငါ့အနောက်မှာ ပုန်းနေ..."
အန္တရာယ်ကြုံလာချိန်တွင် ကျိုးဟန်က သူမ၏ အရှေ့မှ မားမားမတ်မတ် ထွက်ရပ်ကာ ကာကွယ်ပေးလိုက်သည်။ ငွေချပ်ကာဝက်၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ ၎င်းမှာ ခဏလေး အပြင်ထွက်သွားသည့် အချိန်အတွင်း မိမိ၏ တပည့်များ အကုန်လုံး အသတ်ခံရတော့မလို ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
"ရွှတ်... ရွှတ်..."
ငွေချပ်ကာဝက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အရှေ့မှ လူသားကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် ပြင်လိုက်သည်။
လွဲချော်သွားသည်...
လွဲချော်သွားသည်...
ငွေချပ်ကာဝက်၏ ဆက်တိုက် တိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ လွဲချော်သွားခဲ့သည်။ ကျိုးဟန်ကိုယ်တိုင်ပင် အံ့သြသွားမိသည်။ ၂၀% သာရှိသော ရှောင်တိမ်းနိုင်စွမ်းက ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် အလုပ်လုပ်သွားခဲ့သည်။
"တိရစ္ဆာန်ကောင်... သွားသေလိုက်စမ်း..."
ငွေချပ်ကာဝက်၏ ဝင်တိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျိုးဟန်က အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ သံဓားကို မြှောက်ကာ အောက်သို့ အားကုန်ခုတ်ချလိုက်သည်။
တစ်ချက်... နှစ်ချက်...
မကြာခင်မှာပင် အဆိပ်သင့်သည့် အာနိသင် ထွက်ပေါ်လာပြီး စိတ်ထဲမှ စက္ကန့်အနည်းငယ်မျှ ရေတွက်လိုက်သည်နှင့် ငွေချပ်ကာဝက်ကြီးမှာ ဝုန်းကနဲ လဲကျသွားတော့သည်။
"စနစ် သတိပေးချက် - သင်သည် အဆင့် ၄ သို့ အောင်မြင်စွာ တက်ရောက်သွားပါပြီ... အဆင့်မြှင့်တင်မှု ပွိုင့် ၄၀ ရရှိပါသည်..."
တကယ်ပင် မိမိထက် အဆင့်မြင့်သည့် သားရဲများကို သတ်ဖြတ်ရခြင်းက ရရှိလာသော အတွေ့အကြုံ ပိုမိုများပြားလှသည်။ ကျိုးဟန်က သူ၏ အဆင့်မြှင့်တင်မှု ပွိုင့်များကို ကြည့်လိုက်တော့ ယခုဆိုလျှင် ၅၀၀ ကျော်မျှ စုဆောင်းမိနေပြီဖြစ်ရာ ရင်ထဲတွင် အတော်လေး ကြည်နူးသွားသည်။
ဟင်... ဝတ်စုံတွေ ကျလာတာလား...
မဆိုးဘူးပဲ...
အမည် - အလင်းနက် ဝတ်ရုံရှည်
အရည်အသွေး - ကြေး
အချက်အလက် - အကာအကွယ် + ၃၊ သွေးပမာဏ + ၁၀
ဖော်ပြချက် - လက်ဖြင့် သီးသန့်ချုပ်လုပ်ထားပြီး အကာအကွယ် သာမန်မျှသာ ရှိသည်။
သေစမ်း...
ဓားတစ်လက်လည်း ပါသေးတယ်...
ဒီတစ်ခါတော့ တကယ်ကို ရက်စက်တာပဲ... လက်နက်ဝတ်စုံ နှစ်ခုကို ဆက်တိုက် ကျလာခဲ့တာ...
ကံတရားက မျှတတယ်ဆိုတာ တကယ်ပင်။ ယခင်က သားရဲ ရာနှင့်ချီ၍ ရှင်းလင်းခဲ့သော်လည်း ဘာမှ မရခဲ့ချေ။ ဤဓားက မည်သည့် အရည်အသွေးဖြစ်မည်ကို မသိသဖြင့် သူက ကောက်ယူကာ စစ်ဆေးကြည့်လိုက်သည်။
အမည် - သံမဏိဓား
အရည်အသွေး - ကြေး
အချက်အလက် - တိုက်ခိုက်မှု + ၃၊ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း + ၁%
ဖော်ပြချက် - သံမဏိစစ်စစ်ဖြင့် ပုံသွင်းထားပြီး ထူးခြားမှု မရှိပါ။
အံ့သြဖွယ်ကောင်းလောက်အောင် နှစ်ခုစလုံးက ကြေးအရည်အသွေးရှိသည့် လက်နက်ဝတ်စုံများ ဖြစ်နေသည်။ အချက်အလက် တိုးပွားမှုများက သာမန်လောက်သာ ရှိသော်လည်း ပြဿနာ မရှိပေ။ ကျိုးဟန်တွင် အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်း ပါရမီ ရှိနေသည်။ ကြေးအရည်အသွေးအတွက် အဆင့်မြှင့်တင်နိုင်စွမ်း အကန့်အသတ်မှာ ၃ ကြိမ်အထိ တိုးလာပြီ ဖြစ်သည်။ ၃ ကြိမ် မြှင့်တင်ပြီးသွားလျှင် ထွက်ပေါ်လာမည့် အချက်အလက်များက သေချာပေါက် အလွန် ကြောက်စရာ ကောင်းနေမည် ဖြစ်သည်။ ကျိုးဟန်၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်နေမိသည်။
"အလင်းနက် ဝတ်ရုံရှည်ကို ၃ ကြိမ် မြှင့်တင်မယ်..."
"စနစ် သတိပေးချက် - သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပါသည်... အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... အချက်အလက်များကို စစ်ဆေးပါ..."
အမည် - အလင်းနက် ဝတ်ရုံရှည် (၃ ကြိမ်မြှင့်)
အရည်အသွေး - ကြေး
အချက်အလက် - အကာအကွယ် + ၈၀၊ သွေးပမာဏ + ၅၀၀
အထူးစွမ်းရည် (၁) - သွေးပမာဏ ၁၀၀% အောက် ရောက်နေချိန်တိုင်း တစ်စက္ကန့်လျှင် သွေး ၅၀၀ ပြန်လည်ပြည့်စေမည်။
အထူးစွမ်းရည် (၂) - သာမန်တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ရန် ၄၀% အခွင့်အရေး ရှိသည်။
ဖော်ပြချက် - မူလက သာမန်အရည်အသွေးသာ ရှိသော ဝတ်စုံဖြစ်သော်လည်း ယခုအခါတွင် အလွန် သန်မာသော အကာအကွယ်တစ်ခု ဖြစ်လာသည်။
ကျိုးဟန်က ကြည့်ရှုပြီးနောက် အလွန်ပင် ပျော်ရွှင်သွားသည်။ အကာအကွယ်နှင့် သွေးပမာဏက အမြောက်အမြား တိုးလာခဲ့သည်။ သွေးပြန်ပြည့်နှုန်းလည်း တိုးလာကာ ရှောင်တိမ်းနိုင်စွမ်းကလည်း ၄၀% အထိ မြင့်တက်လာခဲ့သည်။
ထို့နောက် ကျိုးဟန်က နောက်ထပ် ပွိုင့် ၂၂၂ ပွိုင့်ကို အသုံးပြုကာ သံမဏိဓားကိုလည်း ၃ ကြိမ် မြှင့်တင်လိုက်ပြန်သည်။
အမည် - သံမဏိဓား (၃ ကြိမ်မြှင့်)
အရည်အသွေး - ကြေး
အချက်အလက် - တိုက်ခိုက်မှု + ၂၀၀၊ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း + ၆%
အထူးစွမ်းရည် (၁) - သာမန်တိုက်ခိုက်မှုတိုင်းတွင် မီးစွမ်းအင် ထိခိုက်မှု ၂၀၀ ပါဝင်ပြီး တိုက်ခိုက်ခံရသော ပစ်မှတ်သည် သေချာပေါက် 'မီးလောင်ခြင်း' အခြေအနေသို့ ရောက်သွားမည်။ ထိုအခြေအနေတွင် ၁၀ စက္ကန့်အတွင်း တစ်စက္ကန့်လျှင် (ပစ်မှတ်၏ အကာအကွယ် x ၂) သွေးပမာဏ လျော့ကျမည်။
အထူးစွမ်းရည် (၂) - ပစ်မှတ်၏ သွေးပမာဏ ၂၀% အောက် ရောက်နေချိန်တွင် ၁၀% အခွင့်အရေးဖြင့် တိုက်ရိုက် သတ်ဖြတ်နိုင်မည်။
ဖော်ပြချက် - ဤဓားသည် အကာအကွယ် မြင့်မားသော ပစ်မှတ်များအတွက် လုံးဝ အားနည်းချက်တစ်ခု ဖြစ်သည်။
ဖတ်ရှုပြီးနောက်တွင်တော့ ကျိုးဟန်က အစွမ်းထက်လိုက်သည်ဟု ပါးစပ်မှပင် ရေရွတ်လိုက်မိသည်။
အပြင်းအထန် တိုက်ခိုက်မှုကိုသာ ဖြစ်ပေါ်စေခဲ့လျှင် ၃ ဆသော ထိခိုက်မှုကို ဖြစ်စေမည်ဖြစ်သည်။ သာမန်တိုက်ခိုက်မှုပင်ဖြစ်စေ၊ စွမ်းရည်အသုံးပြုသည်ပင်ဖြစ်စေ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်းသာ ဖြစ်ပေါ်သွားပါက ထိခိုက်မှုများကို ထပ်ပေါင်း၍ ရသေးသည်။ အထူးစွမ်းရည် (၁) က အကာအကွယ်ကို မီးလောင်စေပြီး အထူးစွမ်းရည် (၂) က တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်း ပါဝင်နေသဖြင့် အလွန်ကို အားရစရာကောင်းလှသော အချက်အလက်များပင် ဖြစ်သည်။
ပြင်ဆင်ပြီးသွားသည့်အခါ အနောက်ဘက်ဆီမှ ဟန်ရှန်နင်၏ အသံ ထွက်ပေါ်လာသည်။
"ကျိုးဟန်... ငါ့ကို ကယ်ပေးလို့ ကျေးဇူးပဲ... ခုနက အရမ်းအန္တရာယ်များတာနော်..."
ကျိုးဟန်က အနောက်သို့ လှည့်ကာ ဟန်ရှန်နင်ကို ကြည့်လိုက်သည်။
ချက်ချင်းပင် သူ ကြက်သေ သေသွားရသည်။ အဘယ်ကြောင့်ဆိုသော် ငွေချပ်ကာဝက်၏ ဝင်တိုက်မှုကို ခံလိုက်ရသောကြောင့် သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။
စုတ်ပြဲနေသော အပေါက်များမှတစ်ဆင့် ရှုခင်းကောင်းများကို အများအပြား မြင်နေရပြီး ဇာပန်းကွပ်ထားသော အတွင်းခံလေးကိုပင် ရေးရေးမျှ မြင်နေရသဖြင့် ဆွဲဆောင်မှု တစ်မျိုး ဖြစ်နေသည်။ မထင်မှတ်ထားလောက်အောင်ပင် ဟန်ရှန်နင်က အလွန်ကို အချိုးအစားကျကျ ဖွံ့ဖြိုးနေသည်ကို တွေ့လိုက်ရသည်။
အရင်ကတော့ သူမက ပွယောင်းယောင်း ကျောင်းဝတ်စုံကိုသာ အမြဲ ဝတ်ဆင်ထားခဲ့သဖြင့် အတိအကျ မသိခဲ့ရပေ။ ယခု မြင်တွေ့ရသည့် အနေအထားအရဆိုလျှင် သေးငယ်လှသော အရွယ်အစား မဟုတ်ဘဲ သူမ၏ အစ်မဖြစ်သူ ဟန်ချင်ရွှဲ့နှင့်ပင် ယှဉ်နိုင်လောက်သည်။
"နင်... နင် ဘာကြည့်နေတာလဲ..."
ကျိုးဟန်က စကားမပြောဘဲ မိမိကိုသာ စိုက်ကြည့်နေသည်ကို မြင်တော့ သူမက ရှက်သွေးဖြာကာ မေးလိုက်သည်။
"အာ... ငါ စဉ်းစားနေတာက ကျောင်းသူလေး ဟန်ရှန်နင်ကို ဝက်ခွေ့သွားတာပဲလို့... ဟားဟား..."
ကျိုးဟန်က မျက်လုံးများကို အလျင်အမြန် ပြန်ရုပ်လိုက်ပြီး ရမ်းတုတ်ကာ ပြောလိုက်သည်။
သို့သော် တကယ်တမ်း ဟန်ရှန်နင်တစ်ယောက် ငွေချပ်ကာဝက်၏ ခွေ့ခြင်းကို ခံလိုက်ရပြီး အဝေးသို့ လွင့်စင်သွားသည့် မြင်ကွင်းကို ပြန်စဉ်းစားကြည့်လိုက်ရာ တကယ်ပင် ရယ်စရာကောင်းနေသည်။ သာမန်အခြေအနေမျိုးတွင် ကျိုးဟန်က ရယ်လေ့ရယ်ထ မရှိပေ။ တကယ်ကို မအောင့်ထားနိုင်တော့မှသာ ရယ်ချတတ်ခြင်း ဖြစ်သည်။
"သေချင်နေတာလား... တကယ် မုန်းဖို့ကောင်းတာပဲ... ငါ့မှာ နာလို့သေတော့မယ်... နင်က လာပြီး ရယ်နေသေးတယ်..."
ဟန်ရှန်နင်က မျက်နှာငယ်လေးဖြင့် နာကျင်နေသော ပခုံးကို ပွတ်သပ်ရင်း မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ တကယ်ပါပဲ... လူကို နှစ်သိမ့်ပေးဖို့တောင် နားမလည်ဘူး။