အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ငွေအဆင့် ဓားပညာ
ဟန်ရှန်နင်၏ လက်သီးဆုပ်လေးများဖြင့် ဆက်တိုက်ထုရိုက်နေမှုကို ရင်ဆိုင်ရချိန်တွင် ကျိုးဟန်က သူမ၏ ရင်ဘတ်နေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ခဏလေး ရပ်ပါဦး... ငါထင်တာတော့ မင်း အင်္ကျီအရင်လဲသင့်တယ်..."
ထိုအချိန်တွင် ဟန်ရှန်နင်၏ လှုပ်ရှားမှုများကြောင့် မူလကတည်းက စုတ်ပြဲနေသော အင်္ကျီမှာ ပိုမိုဆိုးရွားလာသည်။ အထဲမှ နူးညံ့သောအရာလေး နှစ်ခုမှာ အပြင်သို့ပင် ထွက်လာတော့မည့် အနေအထား ဖြစ်နေရာ ကျိုးဟန်မှာ မျက်လုံးများပင် ပြူးကျယ်သွားရသည်။
ဤကဲ့သို့သော နွေဦးရှုခင်းမျိုးမှာ အလွန်ကြည့်ကောင်းသည်ကတော့ အမှန်ပင်။ သို့သော် သူတစ်ယောက်တည်းသာ ကြည့်ချင်သည်။ မြူထူသစ်တောထဲတွင် အခြားကစားသမားများ အမြောက်အမြား ရှိနေသဖြင့် သူမ၏ ဤကဲ့သို့သော ပုံစံမျိုးကို အခြားယောကျ်ားများ မြင်သွားမည်ကို သူ လုံးဝ မလိုလားပေ။
ဟန်ရှန်နင်က ကျိုးဟန်၏ အကြည့်အတိုင်း သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်မိရာ မျက်နှာလေးမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"အာ... နင်... နင် ဟိုဘက်လှည့်နေ... ခိုးမကြည့်နဲ့နော်..."
ဟန်ရှန်နင်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အခြေအနေမဟန်သည်ကို ချက်ချင်း သတိထားမိသွားသည်။ သူမက ရင်ဘတ်ကို လက်ဖြင့် အမြန်ကာကွယ်လိုက်ပြီး ရှက်သွေးဖြာကာ ပြောလိုက်သည်။
"အိုကေ... အိုကေ... ရော့ ဒီအင်္ကျီကို ဝတ်လိုက်..."
ကျိုးဟန်က သူ၏ ကိုယ်ပေါ်ရှိ ချည်ထည်ဝတ်ရုံကို ချွတ်လိုက်ပြီး သူမထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူမ စကားကို နားထောင်ကာ တစ်ဖက်သို့ လှည့်နေလိုက်ပြီး ဆက်လက် ခိုးမကြည့်တော့ပေ။
"ဒီအချက်အလက်တွေက... တကယ် အစွမ်းထက်တာပဲ..."
ဟန်ရှန်နင်က ဝတ်ရုံကို ဝတ်ဆင်ပြီးသည်နှင့် တစ်ပြိုင်နက် ထူးခြားချက်ကို တွေ့ရှိသွားသည်။ သူမ၏ သွေးပမာဏနှင့် အကာအကွယ်တို့မှာ အမြောက်အမြား တိုးလာခဲ့သည်။
ကြည့်ရဆိုးပြီး သာမန်မျှသာရှိသော ဤဝတ်ရုံက ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ ထိုမျှ အဖိုးတန်သော အရာကို သူမအား ပေးခဲ့သဖြင့် ဟန်ရှန်နင်၏ စိတ်ထဲတွင် အလွန်ပင် ကြည်နူးသွားမိသည်။
ဤဝတ်ရုံမှာ ကျိုးဟန် ဝတ်ဆင်ထားခဲ့သော ဝတ်ရုံဖြစ်ပြီး ယခု သူမက ထပ်မံ၍ ကိုယ်နှင့်ကပ်ကာ ဝတ်ဆင်ထားရသည်ကို တွေးမိသောအခါ သူမ ရင်ခုန်သွားသည်။
'ဒါက အရေပြားချင်း ထိတွေ့ရသလိုမျိုး ဖြစ်မနေဘူးလား...'
အထူးသဖြင့် ဝတ်ရုံပေါ်တွင် ကျိုးဟန်၏ ကိုယ်သင်းနံ့လေး ကျန်ရစ်နေသေးရာ သူမ၏ ရင်ထဲတွင် တဒုန်းဒုန်းနှင့် ခုန်ပေါက်နေတော့သည်။
"ပြီးပြီလား..."
ကျိုးဟန်က ကျောခိုင်းထားဆဲ ဖြစ်ပြီး ဟန်ရှန်နင်ထံမှ ဘာသံမှ မကြားရသဖြင့် မေးလိုက်သည်။ ယခုအချိန်တွင် ဟန်ရှန်နင်မှာ ငေးကြောင်နေပြီး ခေါင်းထဲတွင် ကယောင်ကတမ်း အတွေးများဖြင့် ပြည့်နှက်နေသည်ကို သူ မသိပေ။
"အော်... အင်း... ပြီးပြီ... လှည့်လို့ရပြီ..."
ဟန်ရှန်နင်က ချက်ချင်း သတိဝင်လာပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
"မင်း အင်္ကျီလေး တစ်ထည် လဲတာတောင် ဒီလောက်ကြာနေရသလား..."
ကျိုးဟန်က အနည်းငယ် မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။ ထို့နောက် လက်ထဲရှိ သံဓားကို ဟန်ချင်ရွှဲ့ထံသို့ ကမ်းပေးလိုက်သည်။ ကျိုးဟန်က မျက်နှာမလိုက်ဘဲ နှစ်ယောက်စလုံးကို တန်းတူ မျှမျှတတ ဆက်ဆံချင်သောကြောင့် ဖြစ်သည်။
"ဒီလောက် အစွမ်းထက်တဲ့ လက်နက်ကို ငါ့ကို ပေးလိုက်တော့... နင်က ဘာသုံးမှာလဲ..."
ဟန်ချင်ရွှဲ့က သံဓားကို မရဲတရဲ ယူလိုက်ပြီး အံ့သြဖွယ်ကောင်းသော အချက်အလက် တိုးပွားမှုများကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
"စိတ်ချပါ... ငါ့ဆီမှာ ပိုပြီး အစွမ်းထက်တဲ့ လက်နက် ရှိသေးတယ်..."
'ပိုပြီး အစွမ်းထက်တာ ဟုတ်လား...'
'ဒီသံဓားကတောင် တိုက်ခိုက်မှု ၉၀ အထိ တိုးပေးနေတာကို... ပိုပြီး အစွမ်းထက်တဲ့ လက်နက်ဆိုရင် ဘယ်လောက်တောင် တိုးပေးဦးမလဲ...'
သူမ ဆက်ပြီး တွေးပင် မတွေးရဲတော့ပေ။ အခုဆိုလျှင် ကျိုးဟန်၏ စွမ်းအားများက တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလွန်းလှသည်။ ကျိုးဟန်က ပိုမို ရှင်းပြမနေတော့ဘဲ လက်နက်အသစ်ကို ပြောင်းလဲ ကိုင်ဆောင်လိုက်ပြီးနောက် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေး စတင်လိုက်သည်။
ညီအစ်မနှစ်ယောက်ကိုတော့ တာဝန်နှင့် သက်ဆိုင်သော ပစ္စည်းများကို စုဆောင်းခိုင်းလိုက်သည်။ ကျိုးဟန်ကတော့ ငွေချပ်ကာဝက်ကို အပိုင်းပိုင်း ခုတ်ထစ်ကာ အကင် စတင် ကင်တော့သည်။ သံမဏိဓားတွင် မီးစွမ်းအင် ထိခိုက်မှု ပါဝင်နေသည်မှာ အတော်ပင် ကွက်တိကျသွားသည်။ ကျိုးဟန်က ထင်းတုံးများကို ဓားဖြင့် နှစ်ချက်မျှ ခုတ်လိုက်ရာ ချက်ချင်းပင် မီးတောက်သွားသဖြင့် ဈေးဆိုင်မှ မီးခတ်ကျောက် ဝယ်ရမည့် အချိန်နှင့် ငွေကို သက်သာသွားစေသည်။
"ဝိုး... မွှေးလိုက်တာ... မထင်ရဘူးနော် ကျိုးဟန်... နင့်ရဲ့ ချက်ပြုတ်တဲ့ ကျွမ်းကျင်မှုက ဒီလောက်ကောင်းလိမ့်မယ်လို့..."
ညီအစ်မနှစ်ယောက်မှာ ပစ္စည်းများ စုဆောင်းပြီးသွား၍ အနားသို့ ရောက်လာချိန်တွင် အကင်၏ မွှေးပျံ့သော ရနံ့ကို ရလိုက်ကြသည်။
"ဒါပေါ့... ငါက ဆင်းရဲတဲ့ မိသားစုက ကြီးပြင်းလာတာဆိုတော့ အရာရာကို ကိုယ်တိုင် လုပ်တတ်တယ်... မင်းတို့လို ပူပင်သောကကင်းတဲ့ ချမ်းသာတဲ့ မိန်းကလေးတွေနဲ့ မတူဘူးလေ..."
အလယ်တန်းကျောင်းသား ဘဝကတည်းက ကျိုးဟန်သည် ကိုယ်တိုင် ထမင်းဟင်း ချက်ပြုတ်ခဲ့ရသဖြင့် သူ၏ ချက်ပြုတ်မှု စွမ်းရည်မှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
"လာ... ငါ မြည်းကြည့်မယ်... အို... ပူလိုက်တာ..."
မကြာမီ သူတို့ သုံးယောက်သား ရယ်မောပျော်ရွှင်စွာဖြင့် နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ၏ ပထမဆုံး နေ့လယ်စာကို စားသုံးလိုက်ကြသည်။
စားသောက်ပြီးနောက် ခေတ္တမျှ အနားယူကြသည်။ ထို့နောက် လင်းအန် ရှိရာသို့ ပြန်သွားပြီး တာဝန်အပ်နှံရန် ထွက်လာခဲ့ကြသည်။
"အန်ကယ်... ဒါက အန်ကယ် တောင်းထားတဲ့ ပစ္စည်းတွေပါ... ကျွန်တော် အကုန်လုံး စုဆောင်းလာခဲ့ပါပြီ... စစ်ကြည့်ပါဦး..."
ကျိုးဟန်က လင်းအန်၏ အနားသို့ ရောက်သွားပြီး ပစ္စည်းတစ်ပုံကို သူ၏ အရှေ့တွင် ချပေးလိုက်သည်။
"ကောင်လေး... တကယ်ကို အစွမ်းထက်တာပဲ... ဒီလောက် မြန်မြန် ပြီးသွားလိမ့်မယ်လို့ မထင်ထားဘူး..."
လင်းအန်က စစ်ဆေးကြည့်လိုက်ပြီး မျက်လုံးထဲတွင် ချီးကျူးလေးစားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ရော့... ဒါက မင်းအတွက် ဆုကြေးပဲ... ယူထားလိုက်ပါ..."
လင်းအန်က သူ၏ အင်္ကျီရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။ ထိုစာအုပ်ပေါ်တွင် လင်း မိသားစု ဓားပညာ ဟု စာလုံးကြီးများဖြင့် ရေးသားထားသည်။
'ဟင်...'
'ဘယ်လိုဖြစ်လို့ သိုင်းကျမ်းနဲ့ တူနေရတာလဲ...'
ကျိုးဟန်က အမြန်ပင် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။
"စနစ် သတိပေးချက်... ဓားပညာ စွမ်းရည်စာအုပ်ကို တွေ့ရှိပါသည်... လင်း မိသားစု ဓားပညာကို သင်ယူမည်လား..."
စနစ်၏ သတိပေးသံ ထွက်ပေါ်လာရာ တကယ့်ကို သိုင်းကျမ်း ဖြစ်နေသည်။
'လင်း မိသားစု ဓားပညာ ဟုတ်လား...'
'ဒီနာမည်က နည်းနည်း ထူးဆန်းနေသလိုပဲ... မိန်းမလျှာ ဓားပညာတော့ မဟုတ်လောက်ပါဘူးနော်...'
"သင်ယူမယ်..."
ကျိုးဟန်က သတိထားကာ ပြောလိုက်ပြီး စိတ်ထဲတွင် အနည်းငယ် လန့်နေမိသည်။
"စနစ် သတိပေးချက်... သင်ယူမှု အောင်မြင်ပါသည်... စွမ်းရည်များကို စနစ်ဖန်သားပြင်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ စစ်ဆေးကြည့်ရှုပါ..."
မည်သည့် ထူးခြားသော အခြေအနေမှ ဖြစ်မလာသဖြင့် ကျိုးဟန် စိတ်သက်သာရာ ရသွားသည်။ စနစ်ဖန်သားပြင်တွင် စွမ်းရည် ရွေးချယ်စရာ အသစ်တစ်ခု ထပ်တိုးလာသဖြင့် ကျိုးဟန်က ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
လင်း မိသားစု ဓားပညာ
အဆင့် - ငွေအဆင့်
စွမ်းရည် ၁ - လေခွင်းဓား (ပြင်းထန်သော ဓားစွမ်းအင်ကို ထုတ်လွှတ်ပြီး ၅ မီတာ ပတ်လည်ရှိ ရန်သူအားလုံးကို ၁.၃ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်ဖြစ်ကာ စောင့်ဆိုင်းချိန် ၃၀ စက္ကန့် ကြာမြင့်မည်။)
စွမ်းရည် ၂ - အရပ်ရှစ်မျက်နှာ ကောင်းကင်ခွဲဓား (မဖွင့်ရသေးပါဖြစ်ပြီး စွမ်းရည် ၁ ၏ ကျွမ်းကျင်မှု အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ပွင့်လာမည် ဖြစ်သည်။)
စွမ်းရည် ၃ - မဖွင့်ရသေးပါ
ဖော်ပြချက် - လင်းမိသားစု၏ မျိုးရိုးစဉ်ဆက် ဓားပညာဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါက အလွန် ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည်။
ဖတ်ရှုပြီးနောက် ကျိုးဟန် အလွန် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ဓားပညာ တစ်စုံဖြစ်ပြီး ငွေအဆင့် ရှိကာ ၎င်းတွင် ဓားကွက်များစွာ ပါဝင်သည်။ ဓားကွက်တစ်ခုစီတိုင်းက စွမ်းရည်တစ်ခုစီ ဖြစ်သည်။
အောက်ဘက်ရှိ စွမ်းရည်များမှာ မပွင့်သေးသဖြင့် မကြာခဏ အသုံးပြုပြီး ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ကာ အမြန်ဆုံး ဖွင့်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။
ကျိုးဟန် အနည်းငယ် မကျေနပ်သည့် အချက်မှာ လေခွင်းဓား ၏ ထိခိုက်မှုမှာ သိပ်မမြင့်မားဘဲ ၁.၃ ဆသာ ရှိသဖြင့် အတော်လေး အသုံးမဝင်သလို ဖြစ်နေခြင်းပင်။
'ပုံမှန်ဆိုရင်တော့ စွမ်းရည်တွေကိုလည်း အဆင့်မြှင့်တင်လို့ ရနိုင်လောက်တယ်...'
ဤသို့ သူ တွေးလိုက်သည်။
"လေခွင်းဓားကို ၂ ကြိမ်မြှင့် မယ်..."
"စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပါသည်... အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... အချက်အလက်များကို စစ်ဆေးပါ..."
တကယ်ပင် အဆင့်မြှင့်တင်၍ ရသည်။ သို့သော် ကျန်ရှိနေသော အဆင့်မြှင့်တင်မှု ပွိုင့်များမှာ ၃၀၀ အောက်သာ ရှိတော့သဖြင့် တတိယအကြိမ် အဆင့်မြှင့်တင်ရန် မလုံလောက်တော့ပေ။
ကျိုးဟန်က စနစ်ဖန်သားပြင်ကို အမြန် ဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။
လေခွင်းဓား (၂ ကြိမ်မြှင့်)
ဖော်ပြချက် - ပြင်းထန်သော ဓားစွမ်းအင် သုံးခုကို ထုတ်လွှတ်ပြီး ၁၀ မီတာ ပတ်လည်ရှိ ရန်သူအားလုံးကို ၅ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်ဖြစ်ကာ စောင့်ဆိုင်းချိန် ၁၈ စက္ကန့် ကြာမြင့်မည်။
အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးအနေဖြင့် ဓားစွမ်းအင် တစ်ခုမှ သုံးခုသို့ ပြောင်းလဲသွားပြီး စွမ်းရည်၏ ပြင်းအားမှာ ယခင်ကထက် ပိုမို သိပ်သည်းလာသည်။ ဤသို့ ဖြစ်သွားခြင်း၏ ကောင်းကျိုးမှာ ပစ်မှတ်အနေဖြင့် ရှောင်တိမ်းရန် ပိုမို ခက်ခဲသွားခြင်းပင်။
ထိခိုက်မှု အတိုင်းအတာမှာလည်း ၅ မီတာမှ ၁၀ မီတာအထိ ကျယ်ပြန့်သွားသည်။ ထိခိုက်မှုက ၅ ဆအထိ တိုးလာပြီး စောင့်ဆိုင်းချိန်က ၁၂ စက္ကန့်အထိ လျော့ကျသွားသည်။
ဘက်စုံ ထောင့်စုံမှ တိုးတက်လာသည်ဟု ဆိုနိုင်သည်။ မူလက ငွေအဆင့်သာ ရှိသော စွမ်းရည်သည် ယခုအခါ ပလက်တီနမ် အဆင့်နီးပါးအထိ ရောက်ရှိသွားကာ အဆင့် နှစ်ဆင့်မျှ ခုန်တက်သွားခြင်း ဖြစ်သည်။
"စနစ် သတိပေးချက်... သင်သည် ပစ္စည်းစုဆောင်းခြင်း တာဝန်ကို ပြီးမြောက်ခဲ့ပါသဖြင့် အတွေ့အကြုံမှတ် အမြောက်အမြားကို ရရှိပါသည်..."
"စနစ် သတိပေးချက်... သင်သည် အဆင့် ၅ သို့ အောင်မြင်စွာ တက်ရောက်သွားပါပြီ..."
"ဒေသတွင်း ကြေညာချက်... ကစားသမား ကျိုးဟန်သည် အဆင့် ၅ သို့ အောင်မြင်စွာ တက်ရောက်သွားပါပြီ... ပထမဆုံး အဆင့် ၅ သို့ ရောက်ရှိသူ ဖြစ်သောကြောင့် ဆုကြေးအနေဖြင့် ရွှေဒင်္ဂါး ၂၀ ပြား နှင့် ငွေသေတ္တာ ၁ လုံး ရရှိပါသည်..."
ဤစနစ် ကြေညာချက် ထွက်ပေါ်လာပြီးနောက် စကားပြောချန်နယ်ထဲတွင် အားလုံးက ထပ်မံ၍ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
"ဒီ ကျိုးဟန် ဆိုတဲ့သူက တကယ်ကို ကြမ်းတာပဲ... အရင်ကလည်း ကြေးအဆင့် သားရဲကို သတ်နိုင်ခဲ့သေးတယ် မဟုတ်လား..."
"ကျိုးဟန်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတဲ့သူများ ရှိလား... ငါက C အဆင့် ပင်ကိုစွမ်းရည်ရှင်ပါ... ငါ့ကို ခေါ်သွားပါလားကွာ..."
"ကွာဟချက်က ဒီလောက်တောင် ကြီးမားနေတာလား... ငါက အခုထိ အဆင့် ၁ မှာပဲ ရှိသေးတယ်... အဆင့် ၂ ကို တက်ဖို့တောင် ဝေလာဝေးပဲ..."
"တကယ့် မိစ္ဆာကောင်ပဲ... ဒီလောက် မြန်မြန် အဆင့် ၅ ကို ရောက်သွားတာ... ဒီ ကျိုးဟန် က ဘယ်လိုများ လုပ်လိုက်တာလဲ..."
"မင်းတို့ ဒါကို မသိဘူးမှတ်လား... အရင်က ငါ လျှို့ဝှက်တာဝန် တစ်ခုကို ဖွင့်နိုင်ခဲ့တယ်... ငါထင်တာတော့ ကျိုးဟန်လည်း ကံကောင်းပြီး အဲဒီလို တာဝန်မျိုး ရသွားတာ ဖြစ်မယ်..."
"သေစမ်း... ပေ့ရွှမ် ဘော့စ် ရောက်လာပြီဟေ့... ပေ့ရွှမ် ဘော့စ် ငါ့ကို ခေါ်သွားပါလား..."
"ကျိုးဟန်က ဘာကောင်မို့လို့လဲ... ပေ့ရွှမ် ဘော့စ်ကသာ တကယ့် အစွမ်းထက်တဲ့သူပါကွာ..."
"မှန်တယ်... ကျိုးဟန်က ကံကောင်းသွားလို့ပါ... တကယ့် စွမ်းအားကို ယှဉ်ရင်တော့ ပေ့ရွှမ် ဘော့စ်ကို ဘယ်မီပါ့မလဲ..."
စနစ်ကြေညာချက်တွင် နှစ်ကြိမ်တိုင်တိုင် ပါဝင်သွားသော ကျိုးဟန်အပေါ် ချန်ပေ့ရွှမ်၏ စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေမိသည်။
သူကသာ B အဆင့် ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဤနယ်မြေတစ်ခုလုံးတွင် ထိပ်ဆုံးမှ ဦးဆောင်နေရမည့် ကောင်းကင်ဘုံက ရွေးချယ်ထားသောသူ ဖြစ်သည်။ သို့သော် ကျိုးဟန်က အမြဲတမ်း ပထမနေရာကို လုယူသွားပြီး သူကတော့ ဘာမှ မရလိုက်ပေ။
သူ မကျေနပ်ပေ။ ထို့ကြောင့်လည်း စကားပြောချန်နယ်ထဲတွင် ဝင်ရောက်၍ အထင်သေးစကားများ ပြောဆိုနေခြင်း ဖြစ်သည်။ ဘေးမှ ဝင်၍ မြှောက်ပင့်ပေးနေသူများမှာလည်း သူ၏ အသင်းဖော်များပင် ဖြစ်ကြသည်။
ကျိုးဟန်ကို နှိမ့်ချပြီး ချန်ပေ့ရွှမ်ကို မြှင့်တင်ပေးနေကြခြင်း ဖြစ်သည်။
'ကျိုးဟန်... ငါနဲ့တော့ ပတ်သက်မိအောင် မလုပ်နဲ့... မဟုတ်ရင် မင်းတော့ အသေပဲ...'
ချန်ပေ့ရွှမ်၏ စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ ကျိုးဟန်က ကံကောင်း၍သာ ဤသို့ ဖြစ်ရခြင်းဖြစ်ပြီး တကယ့် အစွမ်းအစမှာ သိပ်မရှိဘဲ သူ့ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ဟု တွေးထင်နေမိသည်။