အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) အလကားနေရင်း အဆင့်တက်ခြင်း
"အန်ကယ်... နောက်ထပ် ပေးစရာ တာဝန်တွေ ရှိသေးလား... အားနာစရာ မလိုဘူး... အကုန်လုံးကိုသာ ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ..."
တာဝန်ပြီးဆုံးသွားပြီး အတွေ့အကြုံမှတ် အမြောက်အမြား ရရှိလိုက်ပြီးနောက် ကျိုးဟန်တစ်ယောက် အရသာတွေ့သွားသည်။ ထို့ကြောင့် နောက်ထပ် တာဝန်များ ထပ်ရနိုင်မလားဆိုသည့် ရည်ရွယ်ချက်ဖြင့် လင်းအန်နှင့် ဆက်လက် စကားပြောလိုက်သည်။
"အင်း... မင်းက တကယ်ကို တော်ပါတယ်... ဒါပေမဲ့ နောက်ပိုင်းတာဝန်တွေက အရမ်းခက်ခဲလွန်းတယ်... မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ကတော့ မလုံလောက်သေးဘူး..."
လင်းအန်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သဖြင့် ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားရသည်။
'ဘာသဘောလဲ... ငါ့စွမ်းအားက မလုံလောက်သေးဘူး ဟုတ်လား... ဒါဆို ဘယ်လောက်တောင် အစွမ်းထက်ဖို့ လိုနေတာလဲ...'
'ဒါမှမဟုတ် လင်းအန်က ငါ့အဆင့် နိမ့်နေတာကို ကြည့်ပြီး ငါ့စွမ်းအားက သာမန်လောက်ပဲလို့ ထင်နေတာများလား...'
'ငါ့အစွမ်းကို နည်းနည်းလောက် ထုတ်ပြလိုက်ရမလား...'
ဤသို့ တွေးမိသည်နှင့် ကျိုးဟန်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
"အန်ကယ်... အလောတကြီး မငြင်းပါနဲ့ဦး... ကျွန်တော့်ရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ အရင် ကြည့်ပါဦး..."
ကျိုးဟန်က သံဓားကို မြှောက်ကာ ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ ခုတ်ချလိုက်ပြီး လေခွင်းဓား စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
"ဘုန်း..."
ပြင်းထန်လှသော ဓားစွမ်းအင် သုံးခု ပေါက်ကွဲထွက်ပေါ်လာပြီး သစ်ပင်ကြီးမှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားကာ သစ်ရွက်များ လေထဲတွင် လွင့်စင်သွားသည်။
ဓားစွမ်းအင်၏ အရှိန်အဝါက လျော့မသွားဘဲ မြေပြင်ပေါ်သို့ ဖြတ်သန်းသွားကာ ၁၀ မီတာအထိ ရှည်လျားပြီး တစ်မီတာကျော် နက်သော မြောင်းကြီးတစ်ခုကိုပါ ဖြစ်ပေါ်သွားစေသည်။
'ဟင်... ဓားစွမ်းအင် သုံးခု... မဆိုးဘူးပဲ... ဒီစွမ်းအားက သာမန်မှ မဟုတ်တာ...'
လင်းအန်က မျက်မှောက်ရှိ မြင်ကွင်းကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားကာ ကျိုးဟန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေမိသည်။ မကြာမီ ဓားစွမ်းအင်များ ပျောက်ကွယ်သွားချိန်တွင် ကျိုးဟန်က ဓားကို ပြန်ရုပ်လိုက်ပြီး လင်းအန်ကို ကြည့်ကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"ဘယ်လိုလဲ... ကျွန်တော် တာဝန်ကို ပြီးမြောက်နိုင်လောက်ပြီလား..."
"ကောင်းလိုက်တဲ့ ကောင်လေး... မင်းက တကယ့်ကို ပါရမီရှင်ပဲ... ငါတောင် မျက်စိမှားသွားမလို့..."
"ဒါဆို တာဝန်ကိစ္စကရော..."
ကျိုးဟန်က တစ်ဖက်လူ၏ ချီးကျူးစကားများကို ဂရုမစိုက်ပေ။ သူ့အတွက် တာဝန် လက်ခံရရှိရန်ကသာ အရေးကြီးသည်။
"သေချာပေါက် မင်းကို တာဝန်ပေးမှာပေါ့... မင်းရဲ့ ဒီစွမ်းအားက ချန်းလဲ့မြို့မှာဆိုရင်တောင် လူငယ်မျိုးဆက်တွေထဲမှာ ထိပ်တန်းစာရင်းဝင်ပဲ..."
လင်းအန်က မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ကျိုးဟန်ကို စိတ်အားထက်သန်သော အကြည့်များဖြင့် ကြည့်လိုက်ရာ တစ်မူထူးခြားသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ကျိုးဟန်မှာ ချက်ချင်း သတိဝင်သွားသည်။ သူက ယောကျ်ားစစ်စစ် တစ်ယောက် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စနစ်သတိပေးချက်က အချိန်မီ ထွက်ပေါ်လာသဖြင့် ကျိုးဟန် စိတ်သက်သာရာ ရသွားတော့သည်။
"စနစ် သတိပေးချက်... တာဝန်အသစ်ကို တွေ့ရှိပါသည်... ပစ္စည်းစုဆောင်းခြင်း ၂ ကို လက်ခံမည်လား..."
ကျိုးဟန် လက်ခံရန် နှိပ်လိုက်ပြီးနောက် အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာသည်။
ပစ္စည်းစုဆောင်းခြင်း ၂
ဖော်ပြချက် - ရေခဲဝံပုလွေ အရေခွံ ၁၀၀ ကျားစွယ် ၅၀ နှင့် မီးသလင်းကျောက် ၁၀ ခုကို စုဆောင်း၍ လင်းအန် ထံသို့ ပေးအပ်ပါ
တိုးတက်မှု - ရေခဲဝံပုလွေ အရေခွံ (၀/၁၀၀) ကျားစွယ် (၀/၅၀) မီးသလင်းကျောက် (၀/၁၀)
တည်နေရာ - မြူခိုးတောအုပ် ရေခဲပြင်ဂူ
ရေခဲဝံပုလွေ အရေခွံ - ရေခဲဝံပုလွေများကို သတ်ဖြတ်ပါက ကျလာနိုင်ချေ အလွန်များပါသည်
ကျားစွယ် - အစွယ်ရှည်ကျားများကို သတ်ဖြတ်ပါက ကျလာနိုင်ချေ များပါသည်
မီးသလင်းကျောက် - မီးစွမ်းအင်များ ပါဝင်သော သလင်းကျောက်ဖြစ်ပြီး တောရိုင်းထဲတွင် တူးဖော်နိုင်သည် သို့မဟုတ် မီးပုတ်သင်များကို သတ်ဖြတ်ပါက အလွန်နည်းပါးသော ဖြစ်နိုင်ချေဖြင့် ကျလာနိုင်ပါသည်
ဖတ်ရှုပြီးနောက် ကျိုးဟန်သည် မြေပုံကို စစ်ဆေးကာ သားရဲသုံးမျိုး၏ တည်နေရာများကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ရေခဲဝံပုလွေများက အနီးဆုံးတွင် ရှိနေသဖြင့် ဤတာဝန်အတွက် ရေခဲဝံပုလွေများဆီမှ အရင် စတင်ရန် ဆုံးဖြတ်လိုက်သည်။ လမ်းလျှောက်လာရင်းဖြင့် သူ၏ ကျောပိုးအိတ်ထဲတွင် ငွေသေတ္တာ တစ်လုံး ဖွင့်ရန် ကျန်နေသေးသည်ကို ကျိုးဟန် ရုတ်တရက် သတိရသွားသည်။
"ငွေသေတ္တာကို ဖွင့်မယ်..."
'ရွှေအဆင့် ပစ္စည်းများ ထွက်လာနိုင်မလား...'
ကျိုးဟန်၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်နေမိသည်။
"စနစ် သတိပေးချက်... သင်သည် ငွေသေတ္တာကို ဖွင့်လိုက်ပါသည်..."
"စနစ် သတိပေးချက်... သင်သည် အခြေခံ အတွေ့အကြုံကတ် ၁ ခုကို ရရှိပါသည်..."
'ဟင်... အတွေ့အကြုံကတ် ဟုတ်လား... ပစ္စည်းကောင်း ဖြစ်လောက်တယ်...'
ကျိုးဟန်က အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
အခြေခံ အတွေ့အကြုံကတ်
အမျိုးအစား - ကြေးအဆင့်
အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် ၂ နာရီအတွင်း အတွေ့အကြုံမှတ် ၁.၂ ဆ ပိုမို ရရှိမည် ဖြစ်ပါသည်
ရှင်းလင်းချက် - တစ်ခါသုံး ပစ္စည်းဖြစ်ပြီး အသုံးပြုပြီးပါက ပျောက်ကွယ်သွားမည်ဖြစ်ကာ တစ်ဦးတည်းသာ အသုံးပြုနိုင်ပါသည်
ကြေးအဆင့် ဆိုသည်ကို မြင်လိုက်ရချိန်တွင် ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း အကျိုးသက်ရောက်မှုကို မြင်လိုက်ရပြီးနောက်တော့ မဆိုးလှဘူးဟု ခံစားလိုက်ရသည်။ အဆိုပါကတ်ကို ၃ ကြိမ်အထိ အဆင့်မြှင့်တင်နိုင်သည်။ သို့သော် ယခု ကျိုးဟန်တွင် အဆင့်မြှင့်ပွိုင့် တစ်ရာကျော်သာ ရှိသဖြင့် အနည်းငယ် မလုံလောက်သေးပေ။
ကတ်ကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် သူတို့ သုံးယောက်မှာ ရေခဲပြင်ဂူသို့ မကြာမီ ရောက်ရှိသွားကြသည်။ ဤနေရာတွင် ရာသီဥတုက အနည်းငယ် အေးစိမ့်နေပြီး ရေခဲဝံပုလွေ အမြောက်အမြား စုဝေးနေကြသည်။ မလှုပ်ရှားမီ ကျိုးဟန်က အကျင့်တစ်ခုလိုပင် အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။
ရေခဲဝံပုလွေ
အမျိုးအစား - ကြေးအဆင့်
အဆင့် - ၉
သွေးပမာဏ - ၆၆၀
တိုက်ခိုက်မှု - ၂၁၀
အကာအကွယ် - ၇၆
စွမ်းရည် - ရေခဲဆူးချွန် (ရေခဲစွမ်းအင်များကို ရေခဲဆူးချွန်အဖြစ် ပုံဖော်၍ ပစ်မှတ်တစ်ခုတည်းကို ၂.၁ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်ဖြစ်ကာ ပစ်မှတ်ကို ရေခဲရိုက်စေရန် ၅ ရာခိုင်နှုန်း အခွင့်အရေး ရှိပါသည်)
ဖော်ပြချက် - အုပ်စုလိုက် နေထိုင်တတ်သော သားရဲများဖြစ်ပြီး ရေခဲစွမ်းအင်ဖြင့် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ပါသည်
သူ့ရှေ့ရှိ အကောင်များအားလုံးမှာ ကြေးအဆင့်ရှိသော သားရဲများ ဖြစ်နေလိမ့်မည်ဟု ကျိုးဟန် မထင်ထားခဲ့ပေ။ တာဝန် မယူမီက လင်းအန် တစ်ယောက် သူ၏ စွမ်းအားကို မလုံလောက်သေးဟု ထင်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
သာမန် အဆင့် ၅ ကစားသမားများဆိုလျှင် ရေခဲဝံပုလွေ တစ်ကောင်ကိုပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ယခု သူ၏ ရှေ့တွင် အကောင်ရေ ၂၀၀ အထက် ရှိနေသော အုပ်စုကြီးတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ တကယ်ကို တာဝန်က အလွန် ခက်ခဲလှသည်။ သေချာပေါက် ဤအရာက အခြားကစားသမားများအတွက်သာ ဖြစ်ပြီး ကျိုးဟန်အတွက်ကတော့ ဘာမှမဟုတ်ပေ။
တစ်ခုတည်းသော စိတ်ပူစရာမှာ တစ်ဖက်လူ၏ ရေခဲရိုက်သည့် အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ ကျိုးဟန်က သံဓားကို ထုတ်ယူကာ ရှေ့သို့ တိုက်ရိုက် တက်သွားပြီး လေခွင်းဓား စွမ်းရည်ကို အသုံးပြု၍ ခုတ်ချလိုက်သည်။
‘-၂၇၁၀’
‘-၂၆၉၉’
‘-၂၆၇၄’
ပြင်းထန်လှသော ဓားစွမ်းအင်များက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။ ရှေ့ ၁၀ မီတာ ပတ်လည်အတွင်းရှိ ရေခဲဝံပုလွေ အကောင် နှစ်ဆယ်ခန့်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။
'သေစမ်း... အပြင်းအထန် တိုက်ခိုက်မှု ထွက်သွားတာလား...'
အဆင့်မြှင့်ထားသော လေခွင်းဓား ၏ ထိခိုက်မှု မြင့်မားမှန်း ကျိုးဟန် သိသော်လည်း ၂၆၀၀ ကျော်အထိတော့ ပုံမှန် ထွက်နိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ၆ ရာခိုင်နှုန်းရှိသော အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း အလုပ်လုပ်သွားခြင်းပင်။ သတ်ဖြတ်ပြီးနောက် အဆင့်မြှင့်ပွိုင့်များလည်း လုံလောက်သွားပြီ ဖြစ်သည်။
"အခြေခံ အတွေ့အကြုံကတ်ကို သုံးကြိမ် အဆင့်မြှင့်မယ်..."
"စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပါသည်... အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... အချက်အလက်များကို စစ်ဆေးပါ..."
အခြေခံ အတွေ့အကြုံကတ် (၃ ကြိမ်မြှင့်)
အမျိုးအစား - ကြေးအဆင့်
အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် ၄ နာရီအတွင်း အတွေ့အကြုံမှတ် ၄ ဆ ပိုမို ရရှိမည် ဖြစ်ပါသည်
ရှင်းလင်းချက် - တစ်ခါသုံး ပစ္စည်းဖြစ်ပြီး အသုံးပြုပြီးပါက ပျောက်ကွယ်သွားမည်ဖြစ်ကာ အသင်းဖွဲ့ထားပါက အသင်းဖော်များပါ အတွေ့အကြုံမှတ် တိုးပွားခြင်း အကျိုးသက်ရောက်မှုကို မျှဝေခံစားနိုင်ပါသည်
အဆင့်မြှင့်တင်ပြီးနောက် အကျိုးသက်ရောက်မှုများက အံ့မခန်း တိုးတက်လာခဲ့သည်။ ပထမဆုံးအနေဖြင့် အချိန်က ၄ နာရီအထိ တိုးလာပြီး အဆကလည်း ၄ ဆအထိ ရောက်ရှိသွားသည်။ အရေးအကြီးဆုံးမှာ အသင်းထဲရှိ အသင်းဖော်များပါ အတွေ့အကြုံမှတ် တိုးပွားခြင်းကို မျှဝေခံစားနိုင်ခြင်းပင်။ ဤတစ်ကြိမ်တော့ ညီအစ်မနှစ်ယောက်လုံး ဘာမှလုပ်စရာမလိုဘဲ အလကားနေရင်း သက်သောင့်သက်သာဖြင့် အဆင့်တက်နိုင်တော့မည် ဖြစ်သည်။
"အာဝူး..."
ရေခဲဝံပုလွေများက ၎င်းတို့၏ နယ်မြေထဲသို့ ဖိတ်ခေါ်မထားသော ဧည့်သည်များ ရောက်လာပြီး သူတို့၏ ညီအစ်ကိုများကို သတ်ဖြတ်သွားသည်ကို မြင်သောအခါ သွားဖြဲကာ ဟိန်းဟောက်ပြီး ကျိုးဟန်ဆီသို့ ခုန်အုပ်လာကြသည်။ ကျိုးဟန်ကလည်း နောက်ဆုတ်မသွားဘဲ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
"ဖောင်း... ဖောင်း... ဖောင်း..."
လေထုထဲတွင် ရေခဲဆူးချွန် အမြောက်အမြား စုစည်းသွားပြီး လေအေးများနှင့်အတူ မျက်နှာဆီသို့ တည့်တည့် ဝင်ရောက်လာသည်။ ကြည့်ရသည်မှာ ရေခဲဝံပုလွေများက ရေခဲဆူးချွန် စွမ်းရည်ကို ထုတ်လွှတ်လိုက်ခြင်းပင်။ ကျိုးဟန်က မြင်သည်နှင့် စိတ်ထဲတွင် ဝမ်းသာသွားသည်။ သူက စောစောကတည်းက အသင့်ပြင်ထားပြီးသားဖြစ်ရာ အမြန်နှုန်း အားသာချက်ကို အသုံးပြု၍ ပေါ့ပေါ့ပါးပါးပင် ရှောင်တိမ်းလိုက်သည်။
တစ်ဖက်လူ၏ စွမ်းရည်များကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သဖြင့် သူ၏ စိတ်ထဲတွင် အလွန် ကျေနပ်သွားသည်။ ၅ ရာခိုင်နှုန်းသာ ရေခဲရိုက်နိုင်ချေ ရှိသည်ဆိုသော်လည်း ရေခဲဝံပုလွေ အရေအတွက်က များလွန်းနေသည် မဟုတ်ပါလား။ သေချာပေါက် တစ်ကောင်မဟုတ် တစ်ကောင်ကတော့ အလုပ်လုပ်သွားမည် ဖြစ်ရာ ကျိုးဟန်၏ စိတ်ထဲတွင် အတော်လေး စိုးရိမ်နေမိသည်။
ထို့ကြောင့် သူက နည်းဗျူဟာ တစ်ခုကို ချမှတ်လိုက်သည်။ သူတို့၏ စွမ်းရည်များကို အရင်ဆုံး လှည့်စားပြီး စောင့်ဆိုင်းချိန် ရောက်သွားမှသာ ဝင်ရောက် ရှင်းလင်းမည် ဖြစ်သည်။
"အခြေခံ အတွေ့အကြုံကတ်ကို အသုံးပြုမယ်..."
"စနစ် သတိပေးချက်... အသုံးပြုမှု အောင်မြင်ပါသည်... လက်ရှိ အတွေ့အကြုံမှတ် တိုးပွားခြင်း အချိန် ၃ နာရီ ၅၉ မိနစ် ၅၉ စက္ကန့် ကျန်ရှိပါသည်..."
စနစ်ဖန်သားပြင်ပေါ်တွင် အတွေ့အကြုံမှတ် တိုးပွားခြင်း ရှင်းလင်းချက်နှင့် အချိန်မှတ်နာရီတစ်ခု ပေါ်လာသည်။ ထို့နောက် လေခွင်းဓား ၏ စောင့်ဆိုင်းချိန် ပြည့်သွားပြီး ဓားစွမ်းအင် သုံးခု ထပ်မံ ထွက်ပေါ်လာကာ ရေခဲဝံပုလွေ အကောင်ပေါင်းများစွာကို ချက်ချင်း သတ်ပစ်လိုက်သည်။
ဤကဲ့သို့ အကြိမ်အနည်းငယ်မျှ သွားလိုက်ပြန်လိုက် လုပ်ပြီးနောက် ဤနေရာရှိ ရေခဲဝံပုလွေများ အားလုံး ရှင်းလင်းသွားတော့သည်။ ကျိုးဟန်လည်း အဆင့် ၆ သို့ အောင်မြင်စွာ ရောက်ရှိသွားပြီး အတွေ့အကြုံမှတ် ၇၆ ရာခိုင်နှုန်းအထိ ရောက်နေကာ အဆင့် ၇ နှင့်လည်း သိပ်မဝေးတော့ပေ။
အတွေ့အကြုံ ၄ ဆ ဆိုသည်မှာ တကယ်ကို အံ့မခန်းဖြစ်ပြီး အဆင့်တက်သည်မှာ အလွန် မြန်ဆန်လှသည်။ မိမိထက် အဆင့်မြင့်သည့် သားရဲများကို သတ်ဖြတ်ခြင်းက ရရှိသည့် အတွေ့အကြုံမှတ်များနှင့်ပါ ပေါင်းလိုက်သောအခါ ရလဒ်များက ကြောက်စရာကောင်းလောက်အောင်ပင်။
"ဟင်... ငါ အဆင့် ၅ ကို ရောက်သွားပြီလား..."
"ငါလည်းပဲ... ဘာအခြေအနေကြီးလဲ..."
ညီအစ်မနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးများထဲတွင် ဝမ်းသာမှုနှင့် အံ့သြမှုများ ပြည့်နှက်နေသည်။ အလကားနေရင်း အဆင့်တက်သည်ဆိုသည်မှာ သူမတို့က ကျွမ်းကျင်သူများပင်။ အဖွဲ့လိုက် တိုက်ပွဲတွင် ပါဝင်မှု အချိုးအစား နည်းပါက ရရှိမည့် အတွေ့အကြုံမှတ်မှာလည်း နည်းပါးမည်ဖြစ်ကြောင်း သူမတို့ ယခင်က ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်မှာတော့ မတူညီဘဲ ချက်ချင်းပင် အတွေ့အကြုံမှတ် အမြောက်အမြားကို ရရှိသွားခဲ့ကြသည်။