အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) အဆင့်သတ်မှတ်ချက် စာရင်းနှင့် ထိပ်ဆုံးနေရာကို ယူလိုက်သော ညီအစ်မနှစ်ယောက်
"မင်းတို့ အလှပဂေးနှစ်ယောက် ငေးမနေကြနဲ့လေ... ရေခဲဝံပုလွေ အရေခွံတွေကို မြန်မြန် လာကောက်ကြ..."
ကျိုးဟန်က အတွေ့အကြုံမှတ် တိုးပွားခြင်း အချိန်များကို အလဟဿ မဖြစ်စေချင်သဖြင့် အလျင်စလို တိုက်တွန်းလိုက်သည်။
ညီအစ်မနှစ်ယောက်လည်း ကြားသည်နှင့် အလျင်အမြန် စတင် လှုပ်ရှားကြတော့သည်။
"ဒေသတွင်း ကြေညာချက်... ကစားသမား ဟန်ရှန်နင်သည် အဆင့် ၅ သို့ အောင်မြင်စွာ တက်ရောက်သွားပါပြီ... ဒုတိယမြောက် အဆင့် ၅ သို့ ရောက်ရှိသူ ဖြစ်သောကြောင့် ဆုကြေးအနေဖြင့် ရွှေဒင်္ဂါး ၈ ပြား နှင့် ကြေးသေတ္တာ ၁ လုံး ရရှိပါသည်..."
"ဒေသတွင်း ကြေညာချက်... ကစားသမား ဟန်ချင်ရွှဲ့သည် အဆင့် ၅ သို့ အောင်မြင်စွာ တက်ရောက်သွားပါပြီ... တတိယမြောက် အဆင့် ၅ သို့ ရောက်ရှိသူ ဖြစ်သောကြောင့် ဆုကြေးအနေဖြင့် ရွှေဒင်္ဂါး ၅ ပြား နှင့် ကြေးသေတ္တာ ၁ လုံး ရရှိပါသည်..."
စနစ်၏ ကြေညာချက်ကို ကြားလိုက်ရပြီးနောက်တွင်တော့ သူတို့နှစ်ယောက် ဘာကြောင့် ငေးကြောင်နေခဲ့ကြသလဲ ဆိုသည်ကို ကျိုးဟန် နားလည်သွားတော့သည်။
မည်သို့ပင်ဆိုစေ အလကားနေရင်း ဆုကြေးများ ရရှိကာ ကြေးသေတ္တာ နှစ်လုံးတောင် ရလိုက်သည်ဆိုတော့ တကယ်ကို ဝမ်းသာစရာပင်။
ရုတ်တရက် အဆင့် ၅ သို့ ရောက်ရှိသွားသူ နှစ်ယောက် ထွက်ပေါ်လာသဖြင့် စကားပြောချန်နယ်ထဲတွင်လည်း ပြန်လည် ဆူညံသွားတော့သည်။
"သေစမ်း... ဒီနှစ်ယောက်က ဘာအခြေအနေကြီးလဲ... အရမ်း ကြမ်းလွန်းတယ်... တစ်ချိန်တည်းလိုလို အဆင့် ၅ ကို ရောက်သွားကြတာပဲ..."
"နာမည်တွေ ကြည့်ရတာ မိန်းကလေးတွေနဲ့ တူတယ်... ငါက အခုမှ အဆင့် ၂ ပဲ ရှိသေးတာ... ဘုရားရေ... ငါက မိန်းကလေး တစ်ယောက်ကိုတောင် မမီဘူးလား..."
"ယောကျ်ားတွေ အကုန် သေကုန်ကြပြီလား... မိန်းကလေး နှစ်ယောက်ကို ထိပ်ဆုံး သုံးနေရာထဲ အဝင်ခံလိုက်ရတာ တကယ်ကို ရှက်စရာကောင်းတာပဲ..."
"နံပါတ်တစ် နေရာက ကျိုးဟန်ကို မင်း မေ့နေတာလား..."
"အော် ဟုတ်သားပဲ... ငါတို့ ယောကျ်ားတွေရဲ့ မျက်နှာကို ကျိုးဟန်ကပဲ ကယ်တင်ပေးထားနိုင်တော့တယ်..."
"ကျိုးဟန် ဘော့စ်... သေချာပေါက် တောင့်ခံထားပါဦး... ဒီမိန်းကလေး နှစ်ယောက်ရဲ့ ကျော်တက်တာကိုတော့ အခံရလို့ မဖြစ်ဘူးနော်..."
သို့သော် ကျိုးဟန်ကတော့ စကားပြောချန်နယ်ထဲမှ အခြေအနေများကို မကြည့်မိပေ။ သူက အချိန်လု၍ ရေခဲဝံပုလွေ အရေခွံများကိုသာ ကောက်ယူနေသည်။
မဟုတ်ပါက ဤအကြောင်းအရာများကို မြင်တွေ့ရလျှင် သေချာပေါက် ရယ်မောနေမိမည် ဖြစ်သည်။
"ဒေသတွင်း ကြေညာချက်... လက်ရှိတွင် ဤနယ်မြေအတွင်း၌ အဆင့် ၅ သို့ ရောက်ရှိသော ကစားသမား ၃ ဦး ရှိနေပြီဖြစ်သဖြင့် အဆင့်သတ်မှတ်ချက် စာရင်းကို စတင် ဖွင့်လှစ်လိုက်ပါပြီ... အဆင့် ၁၀၀ အတွင်း ဝင်သူများသည် အဖိုးတန် ဆုကြေးများကို ရရှိမည်ဖြစ်ပြီး စာရင်းကို အပတ်စဉ် တစ်ကြိမ် တွက်ချက် ပေးအပ်မည် ဖြစ်ပါသည်..."
"သတိပေးချက်... အဆင့် ၁၀ သို့ ပထမဆုံး ရောက်ရှိသော ကစားသမားသည် လျှို့ဝှက် အလုပ်အကိုင် ပုံစံကို ရရှိမည် ဖြစ်ပါသည်..."
ဤသတင်း ထွက်ပေါ်လာသည်နှင့် စကားပြောချန်နယ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားတော့သည်။
"သေစမ်း... လျှို့ဝှက် အလုပ်အကိုင် ဟုတ်လား... အဲဒါက သာမန် အလုပ်အကိုင်တွေထက် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်တာနော်..."
"ကြိုးစားပြီး အဆင့်တင်ကြဟေ့... ဒီ လျှို့ဝှက် အလုပ်အကိုင်ကို ငါ ယူမယ်..."
"လျှို့ဝှက် အလုပ်အကိုင်ကိုတော့ ငါ မမှန်းရဲပါဘူး... အဆင့် ၁၀၀ ထဲ ဝင်ရင်ကို ကျေနပ်ပါပြီ..."
"ကြည့်ရတာ ဒီအရာတွေက ငါတို့လို အဆင့်နိမ့် ပင်ကိုစွမ်းရည်ရှင်တွေနဲ့တော့ မသက်ဆိုင်ဘူး ထင်ပါတယ်... ငါတို့ကတော့ အလကားကောင်တွေ အဖြစ်နဲ့ပဲ နေရတော့မှာပေါ့..."
"ဒီလိုလည်း ပြောလို့မရပါဘူး... ဒီကမ္ဘာကြီးမှာ အခွင့်အရေးတွေ အများကြီး ရှိတယ်လေ... ဘယ်နေ့မှာ မင်း ကံကောင်းပြီး တွေ့မလဲဆိုတာ ဘယ်သူ သိမှာလဲ..."
"ဟုတ်တယ်... မင်း အဲဒီလို ပြောလိုက်တော့ ငါ ချက်ချင်း ယုံကြည်ချက်တွေ အပြည့် ဖြစ်သွားပြီ... ငါ့နားမှာ ချောက်ကမ်းပါး တစ်ခု ရှိတယ်... ခဏနေရင် ငါ ခုန်ချပြီး သွားရှာကြည့်လိုက်ဦးမယ်..."
"အပေါ်က ဘရားသား ဘာမှမဖြစ်ဖို့ မျှော်လင့်ပါတယ်... စကားမစပ် B အဆင့် ပင်ကိုစွမ်းရည်ရှိတဲ့ အစွမ်းထက် အသင်းဖော် တစ်ယောက်လောက် လိုချင်တယ်... အတူတူ အဆင့်တင်ရအောင်... အခု ငါ့အသင်းဖော်တွေက အရမ်း အသုံးမကျလွန်းလို့..."
"အစွမ်းထက် အသင်းဖော် ရှာနေပါတယ်... ငါက B အဆင့် မီးတောက် စွမ်းအားမြှင့်တင်ခြင်း ပင်ကိုစွမ်းရည် ပါ..."
"B အဆင့် ပင်ကိုစွမ်းရည်ရှင် ဘရားသားတွေ... အတူတူ အသင်းဖွဲ့ပြီး ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်အောင် ကြိုးစားကြရအောင်..."
မကြာမီ စကားပြောချန်နယ်ထဲတွင် အသင်းဖော် ခေါ်ယူသည့် သတင်းများဖြင့် ပြည့်နှက်သွားတော့သည်။ အားလုံးက အစွမ်းထက်သော သူများကို ရှာဖွေ၍ အမြန်ဆုံး အဆင့်တင်လိုကြသည်။
ဤသို့ဖြင့် အစွမ်းထက်သော သူများက အချင်းချင်း ပူးပေါင်းသွားကြပြီး ပို၍ အစွမ်းထက်လာကြသည်။
အားနည်းသော သူများကတော့ တိုးတက်မှု နောက်ကျကျန်ရစ်ကာ ပို၍သာ အားနည်းလာမည်ဖြစ်ပြီး ကွာဟချက်က ပို၍ ကြီးမားလာတော့မည် ဖြစ်သည်။
"လျှို့ဝှက် အလုပ်အကိုင်က ငါ့အတွက်ပဲ... အခု ငါက နံပါတ်လေး နေရာမှာ ရှိနေတယ်ဆိုပေမဲ့ ဒါက ယာယီ နောက်ကျနေတာပါ... ကျိုးဟန်... မင်း စောင့်နေလိုက်..."
ချန်ပေ့ရွှမ်က လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထိပ်ဆုံးနေရာကို သူ သေချာပေါက် ရယူမည်ဟု ဆုံးဖြတ်ထားသည်။
ဤသည်မှာ အစွမ်းထက်သူများ ပိုင်ဆိုင်သော ယုံကြည်ချက်ပင် ဖြစ်သည်။
ထို့နောက် သူက အဆင့်သတ်မှတ်ချက် စာရင်းကို ဖွင့်ကြည့်လိုက်သည်။
အဆင့်သတ်မှတ်ချက် စာရင်း
၁ ကျိုးဟန် အဆင့် ၆ (၇၆ ရာခိုင်နှုန်း)
၂ ဟန်ရှန်နင် အဆင့် ၅ (၁၀ ရာခိုင်နှုန်း)
၃ ဟန်ချင်ရွှဲ့ အဆင့် ၅ (၃.၅ ရာခိုင်နှုန်း)
၄ မေအောက်ရွှယ် အဆင့် ၃ (၃၈ ရာခိုင်နှုန်း)
၅ ချန်ပေ့ရွှမ် အဆင့် ၃ (၀.၉ ရာခိုင်နှုန်း)
"ဘာ... ငါက နံပါတ်ငါး နေရာမှာ ဟုတ်လား..."
ချန်ပေ့ရွှမ်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။ မူလက နံပါတ်လေး နေရာဟု ထင်ထားခဲ့သော်လည်း ယခုတော့ ဤကဲ့သို့ အခြေအနေ ဖြစ်နေသည်။
သူ၏ မာနကြီးမှုများမှာ အလွန် ရယ်စရာကောင်းနေသဖြင့် သူ့အတွက် လက်ခံရန် အလွန် ခက်ခဲသွားစေသည်။
မျက်နှာအမူအရာများ ဆက်တိုက် ပြောင်းလဲသွားပြီးနောက် မိနစ်အနည်းငယ်မျှ တိတ်ဆိတ်သွားကာ သူက ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သည့်အလား အသင်းဖော်များကို ပြောလိုက်သည်။
"သွားကြစို့... ဟိုဂူဆီကို ထွက်သွားမယ်..."
"အဲဒီနေရာက အန္တရာယ်များတယ်ဆိုတာ မင်းလည်း သိသားပဲ... မင်း တကယ်ပဲ အဲဒီလို အန္တရာယ်မျိုးကို ရင်ဆိုင်တော့မလို့လား..."
အသင်းဖော်တစ်ယောက်က အနည်းငယ် စိုးရိမ်တကြီးဖြင့် အလျင်အမြန် တားဆီးလိုက်သည်။
"အန္တရာယ်နဲ့ အခွင့်အရေးဆိုတာ ဒွန်တွဲနေတာပဲ... ဘာမှ ဆက်မပြောနဲ့တော့... ငါ ဆုံးဖြတ်ပြီးသွားပြီ..."
ချန်ပေ့ရွှမ်က ထိပ်ဆုံးမှ ဦးဆောင်၍ ထွက်သွားတော့သည်။
ယောကျ်ားလေးနှင့် မိန်းကလေး တွဲဖက် လုပ်ဆောင်ရသည်မှာ မပင်ပန်းလှပေ။
မကြာမီ ရေခဲဝံပုလွေ အရေခွံ ၁၀၀ ပြည့်သွားသဖြင့် ဤတာဝန်မှာ ပြီးမြောက်သွားပြီဟု ဆိုနိုင်သည်။
သူတို့ သုံးယောက်မှာ မနားတမ်း နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်သည့် အစွယ်ရှည်ကျားများ၏ နယ်မြေဆီသို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
"မင်းတို့ နှစ်ယောက်မှာ သေတ္တာတစ်လုံးစီ ရထားတယ် မဟုတ်လား... ဖွင့်ကြည့်လိုက်လေ... နတ်လက်နက်တွေများ ထွက်လာမလားလို့..."
လမ်းလျှောက်လာရင်း ကျိုးဟန်က ရယ်မောကာ ပြောလိုက်သည်။
"အော် ဟုတ်သားပဲ... ဘာပစ္စည်းကောင်းတွေ ထွက်လာမလဲ မသိဘူး... အစ်မ အရင် ဖွင့်ကြည့်လိုက်ပါဦး..."
ဟန်ချင်ရွှဲ့က ခေါင်းညိတ်လိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် သေတ္တာကို ဖွင့်လိုက်သည်။
အလင်းရောင်တစ်ချက် လက်သွားပြီးနောက် သူမ၏ လက်ထဲတွင် အသုံးအဆောင်ပစ္စည်း တစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လိုလဲ... ဘယ်အရည်အသွေးလဲ..."
ကျိုးဟန်က အလျင်အမြန် မေးလိုက်သည်။ အလှပဂေးလေး၏ ကံတရားက မည်သို့ရှိမည်ကို သိချင်သဖြင့် သူ၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်နေမိသည်။
"ကြေးအဆင့် လက်ပတ်လေး တစ်ခုပါ..."
ကြားလိုက်ရသည့်အခါ ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားမိသည်။ ကြေးသေတ္တာမှ ကြေးအဆင့် ပစ္စည်း ထွက်လာခြင်းက ပုံမှန်သာ ဖြစ်ပြီး အနည်းဆုံးတော့ သာမန်အဆင့် မထွက်လာ၍ တော်သေးသည်။
ဟန်ချင်ရွှဲ့ကတော့ အတော်လေး ပျော်ရွှင်နေသည်။ မူလကတည်းက ကြေးသေတ္တာကို အလကားနေရင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ကြေးအဆင့် ပစ္စည်း ထွက်လာခြင်းက အလကားရလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
"အစ်မရဲ့ ကံက သိပ်မကောင်းဘူးပဲ... ငါ့ကို ကြည့်ထား..."
ဟန်ရှန်နင်က ရယ်မောကာ ပြောလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ကိန်းအောင်းနေတဲ့ ရတနာသေတ္တာ... ငါ့ရှေ့မှာ မင်းရဲ့ တကယ့် စွမ်းအားတွေကို ပြသလိုက်စမ်း... ရွှေအဆင့် ပစ္စည်း... ငါ့ရဲ့ ခေါ်ဆောင်မှုအတိုင်း ထွက်ပေါ်လာခဲ့စမ်း..."
ဟန်ရှန်နင်က လက်နှစ်ဖက်ကို ပိုက်ကာ မှော်မိန်းကလေး တစ်ယောက်လိုမျိုး အထာဖမ်း၍ ရေရွတ်လိုက်သည်။ ချစ်စရာကောင်းလွန်းလှသဖြင့် လူကို အတင်း နမ်းပစ်ချင်စရာပင်။
မကြာမီ အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ဟန်ရှန်နင်မှာ အသံတိတ်သွားကာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေတော့သည်။
'ဒါမှမဟုတ် အကောင်းစား ပစ္စည်းများ ထွက်လာတာလား...'
ကျိုးဟန်က စကားမပြောဘဲ ကြာမြင့်စွာ ရပ်နေသော ဟန်ရှန်နင်ကို ကြည့်ကာ တွေးလိုက်မိသည်။
'သူမ အံ့သြသွားတာများလား...'
သူ၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းမှုများ ဖြစ်ပေါ်လာသည်။
"ဟင့်ဟင့်... သာမန်အဆင့် ပစ္စည်းကြီး..."
ဟန်ရှန်နင်၏ မျက်နှာလေးမှာ ပြောင်းလဲသွားပြီး သနားစရာ ပုံစံလေး ဖြစ်သွားသည်။
"ဟားဟားဟား..."
ကျိုးဟန်နှင့် ဟန်ချင်ရွှဲ့တို့ နှစ်ယောက်လုံး တစ်ပြိုင်နက် ရယ်မောလိုက်ကြသည်။ ထိုမျှ အထာဖမ်းပြီးမှ ဤကဲ့သို့ အရာမျိုး ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဟန်ရှန်နင်၏ ဖြူဖွေးနုဖတ်နေသော မျက်နှာလေးကို ကြည့်ရသည်မှာ ကံဆိုးမည့် ပုံစံမရှိပေ။ ကြည့်ရသည်မှာ ကံတရားနှင့် မျက်နှာဖြူခြင်း မည်းခြင်းတို့က သိပ်ပြီး ဆက်စပ်မှု မရှိလှပေ။
"ကဲပါ... တော်ပါတော့... ကျိုးဟန်... ဒီလက်ပတ်ကို နင် ယူလိုက်..."
သူတို့ သုံးယောက် ရယ်မောပြီးနောက် ဟန်ချင်ရွှဲ့က အသုံးအဆောင်ပစ္စည်းကို ကျိုးဟန်၏ ရှေ့သို့ ကမ်းပေးလိုက်သည်။
"ရော့... ငါ့ရဲ့ ဒီသာမန်အဆင့် ပစ္စည်းကို အသုံးဝင်မလား ကြည့်ကြည့်ဦး..."
ညီအစ်မနှစ်ယောက်လုံး ကျိုးဟန်ကသာ သူတို့၏ အားထားရာမှန်း သိကြသည်။ အဖွဲ့၏ အဓိက တိုက်ခိုက်သူ ဖြစ်သဖြင့် ပစ္စည်းကောင်းများကို သူ့ကိုသာ အရင် ဝတ်ဆင်ခိုင်းရမည် ဖြစ်သည်။
ကျိုးဟန်ကလည်း အားနာမနေတော့ပေ။ အားလုံးက လူရင်းတွေဖြစ်သဖြင့် တိုက်ရိုက်ပင် လှမ်းယူလိုက်သည်။ စစ်ဆေးကြည့်လိုက်ရာ ခါးပတ်တစ်ခု ဖြစ်နေသည်။
သာမန်အဆင့် ဖြစ်သော်လည်း ယခုအချိန်တွင် သူက ထိုနေရာအတွက် ပစ္စည်း လိုအပ်နေသည်။ အသုံးအဆောင်ပစ္စည်း နေရာများကို ဦးထုပ် အင်္ကျီ လက်ပတ် ခါးပတ် ဘောင်းဘီ နှင့် ဖိနပ် ဟူ၍ ခွဲခြားထားသည်။ စုစုပေါင်း ၆ နေရာ ရှိသည်။
အခြား အလှဆင် ပစ္စည်းများဖြစ်သည့် နားကပ် ဆွဲကြိုး လက်စွပ် လက်ကောက် မှော်ကျောက်တုံး တံဆိပ် ဆုတံဆိပ် အစရှိသည်တို့အပြင် အခြား ထူးခြားသော ပစ္စည်းများလည်း ရှိသေးသည်။
"မင်းက ငါ့ကို ခါးပတ် ပေးတယ်ဆိုတော့... ငါ့ကို ကြိုးတုပ်ချင်လို့လား..."
ကျိုးဟန်က မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။ မိန်းကလေးတစ်ယောက်က ယောကျ်ားလေးတစ်ယောက်ကို ခါးပတ်ပေးခြင်းမှာ ထူးခြားသော အဓိပ္ပာယ် ရှိသည် မဟုတ်ပါလား။
"အာ... နင် တကယ် မုန်းဖို့ကောင်းတာပဲ... အရင်ဆုံး ဝတ်လိုက်စမ်းပါ..."
ဟန်ရှန်နင်က မျက်နှာလေး နီရဲသွားကာ အလျင်အမြန် စကားလွှဲလိုက်သည်။
ကျိုးဟန်က ပြုံးလိုက်ပြီးနောက် အသုံးအဆောင်ပစ္စည်း၏ အချက်အလက်များကို စတင် စစ်ဆေးကြည့်လိုက်သည်။