← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆) အထူးစွမ်းရည်အသစ် မြေပြင်အနေအထားအား လျစ်လျူရှုခြင်း

ကျိုးဟန်က အသေးစိတ် ကြည့်မနေတော့ပေ။ မည်သို့ပင်ဖြစ်စေ အချက်အလက်များက သိပ်ကောင်းမည်မဟုတ်သည်မှာ သေချာသည်။

တိုက်ရိုက်ပင် အဆင့်မြှင့်တင်လိုက်သည်။ ကြေးအဆင့်ကို ၃ ကြိမ် အဆင့်မြှင့်နိုင်ပြီး သာမန်အဆင့်ကိုတော့ ၂ ကြိမ်သာ အဆင့်မြှင့်နိုင်သည်။

အကြမ်းစား ခါးပတ်

အဆင့် - သာမန်အဆင့်

အခြေခံဂုဏ်သတ္တိများ - သွေးပမာဏ +၃၀၀

အထူးစွမ်းရည် ၁ - တိုက်ခိုက်ရေး အခြေအနေသို့ ရောက်ရှိပါက သွေးပမာဏ ကန့်သတ်ချက် ၃၀ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး တိုက်ခိုက်မှုမှ ၅ စက္ကန့် ကင်းကွာသွားပါက ချက်ချင်း ပျောက်ကွယ်သွားမည်

အထူးစွမ်းရည် ၂ - တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်မှုစွမ်းအား ၁၀ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ထပ်မံ ပေါင်းထပ်၍ မရပါ... ၁၀ စက္ကန့်အတွင်း နောက်ထပ် တိုက်ခိုက်မှု မခံရပါက စွမ်းအားမြှင့်တင်ခြင်း အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားမည်

ဖော်ပြချက် - အလွန် သာမန်ဖြစ်သော အသုံးအဆောင်ပစ္စည်း ဖြစ်သော်လည်း တိုက်ခိုက်သည့်အခါတွင်တော့ အသုံးဝင်မှု အနည်းငယ် ရှိပါ

ဖတ်ရှုပြီးနောက် ဤအသုံးအဆောင်ပစ္စည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ကျိုးဟန် ခံစားလိုက်ရသည်။ အထူးစွမ်းရည် နှစ်ခုစလုံးက တိုက်ခိုက်ရေး အခြေအနေနှင့် သက်ဆိုင်နေသည်။ နှစ်ကြိမ် အဆင့်မြှင့်ထားသော အသုံးအဆောင်ပစ္စည်းတွင် ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရှိနေခြင်းက အတော်လေး အဆင်ပြေလှသည်။

ကျိုးဟန်က ခါးပတ်ကို ချက်ချင်း ပတ်လိုက်သည်။ အဆင့်မြှင့်ထားသော လက်ပတ်မှာ အစိမ်းရောင် အလင်းဖျော့ဖျော့လေး တောက်ပနေသည်။ အချက်အလက်များလည်း ထွက်ပေါ်လာသည်။

သံစိမ်း လက်ပတ်

အဆင့် - ကြေးအဆင့်

အခြေခံဂုဏ်သတ္တိများ - အကာအကွယ် +၅၀ သွေးပမာဏ +၄၀၀

အထူးစွမ်းရည် ၁ - သွေးပမာဏ ၁၀၀ ရာခိုင်နှုန်းအောက် လျော့နည်းသွားပါက တစ်စက္ကန့်လျှင် သွေး ၄၀၀ ပြန်လည် ပြည့်ဝမည်

အထူးစွမ်းရည် ၂ - ခံရသော ထိခိုက်မှု ၂၀ ရာခိုင်နှုန်း လျော့နည်းမည်

ဖော်ပြချက် - ကြံ့ခိုင်မှု ကောင်းမွန်သော သံစိမ်းဖြင့် ပုံသွင်းထားပြီး အကာအကွယ် စွမ်းရည် အလွန် ကောင်းမွန်ပါ

ဤတစ်ကြိမ်တွင် ကျိုးဟန် အလွန် ကျေနပ်သွားသည်။ သွေးပမာဏနှင့် အကာအကွယ်တို့မှာ အမြောက်အမြား တိုးတက်လာခဲ့သည်။ အထူးစွမ်းရည်များက သွေးပြန်တက်ခြင်းနှင့် ထိခိုက်မှု လျှော့ချခြင်းတို့ ဖြစ်ပြီး မပြောင်းလဲသော်လည်း အကျိုးသက်ရောက်မှုကတော့ တိုးလာခဲ့သည်။

ဝတ်ဆင်ပြီးနောက် ကျိုးဟန်က အချက်အလက် ဖန်သားပြင်ကို ဖွင့်ကာ သူ၏ လက်ရှိ အချက်အလက် အပြည့်အစုံကို ကြည့်ရှုလိုက်သည်။

ကျိုးဟန်

အဆင့် - ၆ (၇၆ ရာခိုင်နှုန်း)

အလုပ်အကိုင် - မရှိသေးပါ (အဆင့် ၁၀ သို့ ရောက်ရှိလျှင် ပြောင်းလဲနိုင်သည်)

သွေးပမာဏ - ၁၈၅၀ + ၁၃၀၀

တိုက်ခိုက်မှု - ၆၀ + ၃၀၀

အကာအကွယ် - ၁၂ + ၁၃၀

ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်း

လက်နက် - သံမဏိဓား (မီးလောင်ကျွမ်းခြင်း ချက်ချင်းသတ်ဖြတ်ခြင်း)

အလှဆင်ပစ္စည်း - ရွက်သုံးမွှာ လည်ဆွဲ (ထိခိုက်မှု ၂၀၀၀ စုပ်ယူနိုင်ခြင်း အဆိပ်ဒဏ်ခံနိုင်ရည် ၅၀ ရာခိုင်နှုန်း)

ဦးထုပ် - မရှိပါ

အင်္ကျီ - အလင်းနက် ဝတ်ရုံရှည် (တစ်စက္ကန့်လျှင် သွေး ၅၀၀ ပြန်တက်ခြင်း ရှောင်တိမ်းနိုင်စွမ်း ၄၀ ရာခိုင်နှုန်း)

လက်ပတ် - သံစိမ်း လက်ပတ် (တစ်စက္ကန့်လျှင် သွေး ၄၀၀ ပြန်တက်ခြင်း ထိခိုက်မှု ၂၀ ရာခိုင်နှုန်း လျှော့ချခြင်း)

ခါးပတ် - အကြမ်းစား ခါးပတ် (တိုက်ခိုက်ရေး အခြေအနေတွင် သွေးပမာဏ ၃၀ ရာခိုင်နှုန်း တိုးခြင်း တိုက်ခိုက်မှု ၁၀ ရာခိုင်နှုန်း တိုးခြင်း)

ဘောင်းဘီ - မရှိပါ

ဖိနပ် - မြွေရေခွံ စစ်ဖိနပ် (အနှေးဒဏ်ခံနိုင်ရည် ၁၀ ရာခိုင်နှုန်း တိုက်ခိုက်ရေး အခြေအနေတွင် သွားလာမှု အမြန်နှုန်း ၅၀ ရာခိုင်နှုန်း တိုးခြင်း)

လက်ရှိ စုစုပေါင်း သွေးပမာဏမှာ ၃၀၀၀ ကျော်သွားပြီး ထိခိုက်မှု ၂၀၀၀ ကိုလည်း စုပ်ယူပေးနိုင်သေးသည်။ ထို့အပြင် တိုက်ခိုက်ရေး အခြေအနေတွင် သွေးပမာဏ ၃၀ ရာခိုင်နှုန်း တိုးလာခြင်းနှင့်ပါ ပေါင်းလိုက်လျှင် သွေးပမာဏ ၆၀၀၀ နီးပါး ရှိသည်ဟု ဆိုနိုင်သည်။

သွေးပြန်တက်သည့် အကျိုးသက်ရောက်မှုများကလည်း ပေါင်းစပ်၍ ရပြီး တစ်စက္ကန့်လျှင် သွေး ၉၀၀ ပြန်တက်စေသည်။ ထိခိုက်မှု လျှော့ချခြင်းနှင့် ရှောင်တိမ်းခြင်း ကဲ့သို့သော အထူးစွမ်းရည်များလည်း ရှိသေးရာ ကျိုးဟန်တစ်ယောက် သူ ကောင်းကင်သို့ ပျံတက်တော့မည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

"ဒီလက်ပတ်ကို မင်း အရင် ဝတ်ထားလိုက်..."

ကျိုးဟန်က သူ ချွတ်လိုက်သော အကြမ်းစား လက်ပတ်ကို ဟန်ချင်ရွှဲ့ထံသို့ ကမ်းပေးလိုက်သည်။

သူမက ဝတ်ဆင်ပြီး အချက်အလက်များကို မြင်လိုက်ရသည့်အခါ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ သာမန် အသုံးအဆောင်ပစ္စည်း တစ်ခုတွင် ဤမျှ ကြောက်စရာကောင်းသော အထူးစွမ်းရည်များ ပါဝင်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ဤသည်မှာ ကျိုးဟန်၏ ပင်ကိုစွမ်းရည်နှင့် သက်ဆိုင်နေမည်ဟု သူမ၏ စိတ်ထဲတွင် ခန့်မှန်းမိသည်။ ကျိုးဟန်၏ ပင်ကိုစွမ်းရည်မှာ A အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်မည်မှာ သေချာသည်။ သို့သော် သူမက ဉာဏ်ကောင်းသူပီပီ အများကြီး မမေးတော့ပေ။

မည်သို့ပင်ဖြစ်စေ အသင်းထဲတွင် ဤမျှ အစွမ်းထက်သော အသင်းဖော် ရှိနေသည်ဖြစ်ရာ အားကိုးရုံဖြင့် လုံလောက်ပြီဖြစ်ပြီး အခြားကိစ္စများကို သူမ ဂရုစိုက်နေစရာ မလိုပေ။

"ဂါး..."

ကြီးမားသော ဟိန်းဟောက်သံကို ကြားလိုက်ရချိန်တွင် သူတို့ သုံးယောက်မှာ အစွယ်ရှည်ကျားများ၏ လှုပ်ရှားရာ နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အစွယ်ရှည်ကျားများ၏ အရွယ်အစားမှာ သာမန် ကျားများထက် ၃ ဆခန့် ပိုကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော အစွယ်ရှည်ကြီးများက ပါးစပ်အပြင်သို့ ထွက်နေကာ ဓားများကဲ့သို့ အေးစက်သော အလင်းရောင်များ တောက်ပနေသည်။

အရှိန်အဝါက အလွန် ကြီးမားပြီး ခန့်ညားလှကာ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ တောက်ပနေပြီး ချဉ်းကပ်လာသော သူတို့ သုံးယောက်ကို ကြည့်နေသည်။

အစွယ်ရှည်ကျား

အဆင့် - ကြေးအဆင့်

လယ်ဗယ် - အဆင့် ၁၀

သွေးပမာဏ - ၇၆၀

တိုက်ခိုက်မှု - ၂၅၀

အကာအကွယ် - ၈၆

စွမ်းရည် - ကျားခုန် (တောင့်တင်းသော ခန္ဓာကိုယ်ကို အားပြု၍ ပစ်မှတ်ဆီသို့ ခုန်ဝင်ကာ ၂.၅ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်ဖြစ်ပြီး စောင့်ဆိုင်းချိန် ၂၈ စက္ကန့် ကြာမြင့်မည်)

ဖော်ပြချက် - အုပ်စုလိုက် နေထိုင်ခြင်းကို မကြိုက်နှစ်သက်ဘဲ ခွန်အား အလွန်ကြီးမားကာ မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင် အလွန် အစွမ်းထက်ပါ

ကျိုးဟန် ထင်ထားသည့်အတိုင်းပင် ဤအစွယ်ရှည်ကျားမှာလည်း ကြေးအဆင့် ဖြစ်သည်။ အချက်အလက်များက ရေခဲဝံပုလွေထက် အနည်းငယ် ပို၍ အစွမ်းထက်ပြီး အဆင့်ကလည်း အဆင့် ၁၀ သို့ ရောက်ရှိနေသည်။

ဖော်ပြချက်ကို ဖတ်ပြီးနောက် ကျိုးဟန် မျက်မှောင်ကြုတ်သွားသည်။

'အုပ်စုလိုက် နေထိုင်ခြင်းကို မကြိုက်နှစ်သက်ဘူး ဟုတ်လား...'

ထင်သည့်အတိုင်းပင် အစွယ်ရှည်ကျားများ၏ နေရာယူထားမှုက အလွန် ပြန့်ကျဲနေသည်ကို သူ တွေ့လိုက်ရသည်။ ဤအချက်က သူ့အတွက် ကောင်းသော အရာမဟုတ်ပေ။

တစ်ကောင်ချင်းစီ လိုက်သတ်နေရလျှင် အချိန် အရမ်းကုန်မည် ဖြစ်သည်။ အတွေ့အကြုံမှတ် တိုးပွားခြင်း အချိန်များကို ဤကဲ့သို့ အလဟဿ မကုန်ဆုံးစေချင်ပေ။ တခြားနည်းလမ်း မရှိတော့ဘဲ သားရဲများကို လိုက်လံ မျှားခေါ်ရတော့မည် ဖြစ်သည်။

နာရီဝက်ခန့် အချိန်ယူပြီးနောက် ကျိုးဟန်သည် အစွယ်ရှည်ကျား အကောင်တစ်ရာနီးပါးကို မျှားခေါ်နိုင်ခဲ့သည်။

အာရုံစိုက်မှုကို ရရှိသွားပြီးနောက် ၎င်းတို့က ကျိုးဟန်ကို အလယ်တွင် ဝိုင်းရံထားကြပြီး တစ်ကောင်ချင်းစီက ရက်စက်သော ဟိန်းဟောက်သံများ ထုတ်လွှင့်ကာ ကျိုးဟန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေကြသည်။

ကျိုးဟန်က အနည်းငယ်မျှ မကြောက်ရွံ့ဘဲ လေခွင်းဓား တစ်ချက်တည်းဖြင့် အားလုံးကို တစ်ပြိုင်နက် သတ်ပစ်လိုက်သည်။

စနစ်၏ သတိပေးချက် ထွက်ပေါ်လာပြီးနောက် အဆင့် ၇ သို့ တက်ရောက်သွားကာ အဆင့် ၁၀ နှင့် ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။

'ဟီးဟီး... ကံကောင်းတာပဲ... အသုံးအဆောင်ပစ္စည်း တစ်ခု ကျလာတယ်...'

မြေပြင်ပေါ်မှ အသုံးအဆောင်ပစ္စည်း တစ်ခုကို ကောက်ယူလိုက်ရာ ကြေးအဆင့် ဘောင်းဘီ တစ်ထည် ဖြစ်နေသည်ကို ကျိုးဟန် တွေ့လိုက်ရသည်။

တိုက်ရိုက် အဆင့်မြှင့်တင်လိုက်ပြီးနောက် ဝတ်ဆင်ကာ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။

ကျားရေ ဘောင်းဘီ

အဆင့် - ကြေးအဆင့်

အခြေခံဂုဏ်သတ္တိများ - သွားလာမှုအမြန်နှုန်း +၃၅ အကာအကွယ် +၂၀

အထူးစွမ်းရည် ၁ - မြေပြင်အနေအထားကြောင့် အမြန်နှုန်း ကျဆင်းသွားမည် မဟုတ်ပါ (မြေပြင်အနေအထားက အမြန်နှုန်းအတွက် အကျိုးရှိနေပါက အမြန်နှုန်း ထပ်တိုးမည် ဖြစ်သည်)

အထူးစွမ်းရည် ၂ - တိုက်ခိုက်ခံရပါက ပစ်မှတ်၏ တိုက်ခိုက်မှု အမြန်နှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းသွားမည်

ဖော်ပြချက် - ကျားရေဖြင့် ချုပ်လုပ်ထားပြီး လက်ရာသေသပ်သော်လည်း အကာအကွယ်မှာ သာမန်မျှသာ ရှိပါ

ကျိုးဟန် ကြည့်လိုက်ပြီးနောက် မျက်လုံးများ ဝင်းလက်သွားသည်။ သွားလာမှု အမြန်နှုန်း ၃၅ တောင် တိုးသွားသည်။ ဤတစ်ကြိမ်တော့ တကယ်ကို သက်သောင့်သက်သာ ဖြစ်သွားပြီဖြစ်ပြီး ပျံသန်းနိုင်တော့မည် ဖြစ်သည်။

ထို့အပြင် အထူးစွမ်းရည် ၁ ကလည်း အလွန် အစွမ်းထက်ပြီး မြေပြင်အနေအထား၏ သက်ရောက်မှုကို လုံးဝ လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် တောင်တက်လမ်း သို့မဟုတ် ရွှံ့နွံများရှိသော နေရာများတွင် လမ်းလျှောက်ပါက အမြန်နှုန်း သေချာပေါက် ကျဆင်းသွားမည် ဖြစ်သည်။ သို့သော် ဤအထူးစွမ်းရည် ရှိနေပါက ထိုကဲ့သို့သော နေရာများတွင် လမ်းလျှောက်လျှင်လည်း ညီညာသော မြေပြင်တွင် လျှောက်သကဲ့သို့ လုံးဝ အနှောင့်အယှက် မရှိတော့ပေ။

ထို့အပြင် လေတိုက်နှုန်း ပြင်းထန်သော နေရာများတွင် လေညာဘက်သို့ သွားပါက အမြန်နှုန်း ပိုမို မြင့်တက်လာနိုင်သေးသည်။ ဤအထူးစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းလှသည်။

အထူးစွမ်းရည် ၂ ကတော့ ရန်သူအတွက် ရည်ရွယ်ပြီး ရန်သူ၏ တိုက်ခိုက်မှု အမြန်နှုန်းကို လျှော့ချပေးကာ ရန်သူကို ကောင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"ကျိုးဟန်... ကျားစွယ် ၅၀ ငါတို့ အကုန်လုံး စုဆောင်းပြီးပြီ..."

ဟန်ချင်ရွှဲ့က ရှည်လျားသော ကျားစွယ်တစ်ပုံကို ထုပ်ပိုးပြီး ကျိုးဟန်ထံသို့ ကမ်းပေးလိုက်သည်။ ကျိုးဟန်က ခေါင်းညိတ်လိုက်ပြီး ၎င်းတို့ကို နေရာလွတ် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

"သွားကြစို့... အချိန်လုရမယ်... မီးသလင်းကျောက် ၁၀ ခု ကျန်သေးတယ်..."

သားရဲများကို မျှားခေါ်ရာတွင် အချိန်အတော်ကုန်သွားသဖြင့် ကျိုးဟန်တို့အဖွဲ့သည် နောက်ပစ်မှတ်ဆီသို့ တိုက်ရိုက် ထွက်ခွာလာခဲ့ကြသည်။

မြေပုံကို ဖွင့်ကြည့်ပြီးနောက် လမ်းကြောင်းအတိုင်း မီးတောင်တစ်ခုအနီးသို့ ရောက်ရှိလာကြသည်။ အရှေ့တွင် မီးပုတ်သင် အုပ်စုတစ်စု ရှိနေပြီး အချက်အလက်များမှာ အစွယ်ရှည်ကျားနှင့် မတိမ်းမယိမ်း ဖြစ်ကာ ကြေးအဆင့် သားရဲများ ဖြစ်ကြသည်။

သို့သော် ၎င်းတို့က စုဝေးနေကြသဖြင့် ရှင်းလင်းရ အလွန် လွယ်ကူသည်။ ကျိုးဟန်က စွမ်းရည် သုံးကြိမ် အသုံးပြုလိုက်ရုံဖြင့် အားလုံး ပြီးဆုံးသွားသည်။

"ဘယ်လိုလဲ... စစ်ဆေးပြီးပြီလား... မီးသလင်းကျောက် ဘယ်နှစ်ခု ရလဲ..."

စုဆောင်းပြီးသွားသော ညီအစ်မနှစ်ယောက်ကို မြင်သည့်အခါ ကျိုးဟန်က အသံထွက်၍ မေးလိုက်သည်။

"၈ ခုပဲ ရတယ်... တာဝန် ပြီးဖို့ မလုံလောက်သေးဘူး..."

ဟန်ချင်ရွှဲ့က မျက်နှာမကောင်းစွာဖြင့် ပြောလိုက်သည်။

"သေချာပြီလား... ကျန်ခဲ့တဲ့ နေရာတွေရော မရှိဘူးလား..."

ကျိုးဟန်က လက်မခံနိုင်သေးသလို မေးလိုက်သည်။ မီးပုတ်သင် အကောင် ၆၀ ကျော်ဆီမှ မီးသလင်းကျောက် ၈ ခုသာ ကျလာခြင်း ဖြစ်သည်။

'မီးသလင်းကျောက် ကျလာနိုင်ချေ အလွန်နည်းမှန်း သိသော်လည်း ဤမျှလောက်အထိ နည်းပါးလိမ့်မည်ဟု ငါမထင်ထားခဲ့ဘူး...'

"ငါတို့ သုံးခေါက်တောင် ရှာပြီးပြီ... တကယ်ပဲ အဲဒီလောက်ပဲ ရှိတာ..."

ဟန်ရှန်နင်ကလည်း အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

All Chapters