← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) မေအောက်ရွှယ်ကို အမည်မည်းစာရင်းသွင်းခြင်း

မြူခိုးတောအုပ်အတွင်းရှိ အခြားနေရာများတွင်လည်း မီးပုတ်သင်များ ရှိသော်လည်း အလွန် အလှမ်းဝေးလှသည်။ ယခု သွားမည်ဆိုလျှင်တောင် အချိန်မီတော့မည် မဟုတ်ပေ။

မီးသလင်းကျောက်များကို ဂူထဲတွင်လည်း တူးဖော်၍ ရသော်လည်း ကံတရားအပေါ် မူတည်နေသည်။ ယခု ညီအစ်မနှစ်ယောက်ကို မီးသလင်းကျောက် သွားရှာခိုင်းခြင်းက သမုဒ္ဒရာထဲ အပ်ကျသလို ရှာရခက်ခဲမည် ဖြစ်သည်။

ဤသို့ အချိန်ဆွဲနေမည်ဆိုပါက အတွေ့အကြုံမှတ် တိုးပွားခြင်း အချိန်များ ကုန်ဆုံးသွားပေလိမ့်မည်။ တာဝန် ပြီးမြောက်သွားလျှင်တောင်မှ ၄ ဆ အကျိုးသက်ရောက်မှုကို ခံစားရတော့မည် မဟုတ်ပေ။

"အော်... ဟုတ်သားပဲ... အရောင်းအဝယ်ဇုန် ရှိသေးတယ်လေ... နင် အဲဒီမှာ ဝယ်ဖို့ စာတင်လိုက်ပါလား... တခြားလူတွေဆီမှာ မီးသလင်းကျောက် ရှိနေနိုင်တယ်လေ..."

ဟန်ချင်ရွှဲ့က ရုတ်တရက် အကြံပေးလိုက်သည်။

"အင်း... ငါ စမ်းကြည့်လိုက်မယ်..."

ကျိုးဟန်က ခေါင်းညိတ်လိုက်ပြီး ထိုအကြံမှာ ဖြစ်နိုင်ချေရှိသည်ဟု တွေးလိုက်သည်။

သူက အရောင်းအဝယ်ဇုန် ကို ဖွင့်ကာ မီးသလင်းကျောက် ဝယ်ယူလိုကြောင်း စာတင်လိုက်သည်။ ခဏစောင့်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ထို့ကြောင့် ကျိုးဟန်က စကားပြောချန်နယ် ကို ဖွင့်ကာ စာတစ်ကြောင်း ရေး၍ ပို့လိုက်သည်။

"မီးသလင်းကျောက် ရှိတဲ့သူတွေ ကျွန်တော့်ကို သီးသန့် လာပြောလို့ရပါတယ်... ဈေးကို ညှိနှိုင်းပေးပါမယ်..."

စာပို့ပြီးသည်နှင့် ကျိုးဟန် အနည်းငယ် နောင်တရသွားမိသည်။ စာကို ပြန်ဖျက်၍မရတော့ပေ။

'ငါ အရမ်းလောသွားပြီ...'

'ဒီလိုပြောလိုက်တာက တခြားလူတွေကို ငါ့ဆီကနေ ဈေးတင်တောင်းဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်မသွားဘူးလား...'

သို့သော် ပြန်တွေးကြည့်ပြီးနောက် ၄ ဆသော အတွေ့အကြုံမှတ် တာဝန်အတွက် ပစ္စည်းအချို့ ပိုပေးလိုက်ရသည်က ကိစ္စမရှိလှဟု ယူဆလိုက်သည်။

ကျိုးဟန်၏ စာကို မြင်ပြီးနောက် စကားပြောချန်နယ်ထဲတွင် ချက်ချင်း ဆူညံသွားတော့သည်။

"ဝိုး... ကျိုးဟန် ဘော့စ် ထွက်လာပြီဟေ့... ဘော့စ်... ကျွန်မ အစ်ကို့ကလေးလေး မွေးပေးချင်တယ်..."

"အပေါ်က မျက်နှာပြောင်တိုက်နေတဲ့ မိန်းမ... ဟိုဘက် သွားနေစမ်း... ကျိုးဟန်က ငါ့လူပဲ..."

"သောက်ရူးတွေ အများကြီးပဲ... ဒါနဲ့ မီးသလင်းကျောက် ဆိုတာ ဘာကြီးလဲ..."

"အရင်က တစ်ခါမှ မကြားဖူးဘူး... ဘော့စ်တွေရဲ့ အဆင့်က ငါတို့နဲ့ တကယ် မတူဘူးပဲ... ဒီပစ္စည်းက ကြည့်ရတာ ရိုးရှင်းမယ့်ပုံ မပေါ်ဘူး..."

"နှမြောစရာပဲ... ငါ့ဆီမှာ မီးသလင်းကျောက် မရှိလို့ ဘော့စ်နဲ့ အဆက်အသွယ် လုပ်ဖို့ အခွင့်အရေး လွတ်သွားပြီ..."

"ဟုတ်တယ်... ငါ အခုသွားရှာမယ်... အချိန်မီသေးလား မသိဘူး..."

ကျိုးဟန်က ခဏလောက် ဖတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။ အားလုံးက ပေါက်ကရတွေသာ ပြောနေကြပြီး မည်သူမှ ထိုပစ္စည်းကို မမြင်ဖူးကြပေ။

'ဟင်... သီးသန့် စာဝင်လာတာလား...'

ကျိုးဟန်က လက်လျှော့ပြီး အခြားနည်းလမ်းတစ်ခု စဉ်းစားရန် စနစ်ဖန်သားပြင်ကို ပိတ်တော့မည့်အချိန်တွင် ဖန်သားပြင်ပေါ်၌ သီးသန့်စာတစ်စောင် ဝင်လာသည်ကို တွေ့လိုက်ရသည်။

ကျိုးဟန် သေချာကြည့်လိုက်ရာ တစ်ဖက်လူ၏ နာမည်မှာ မေအောက်ရွှယ် ဖြစ်ပြီး မိန်းကလေးတစ်ယောက် ဖြစ်ပုံရသည်။

'လူတွေကို လိုက်နှောင့်ယှက်နေတဲ့ မိန်းမတစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်...'

အရင်ကလည်း ကျိုးဟန်ကို အနှောင့်အယှက်ပေးသည့် မိန်းကလေးများစွာ ရှိခဲ့ပြီး အားလုံးကို သူက အမည်မည်းစာရင်းထဲ ထည့်ထားခဲ့သည်။

အနည်းငယ် တွေဝေသွားပြီးနောက် ကျိုးဟန်က စာကို ဖွင့်ကြည့်လိုက်သည်။

"ငါ့ဆီမှာ မီးသလင်းကျောက် ရှိတယ်..."

ကျိုးဟန် ဖွင့်ကြည့်လိုက်သောအခါ စာလေးတစ်ကြောင်းနှင့်အတူ ပုံတစ်ပုံ တွဲပို့ထားသည်ကို တွေ့လိုက်ရသည်။ ပုံကို နှိပ်ကြည့်လိုက်ရာ ၎င်း၏ ဖော်ပြချက်ပါ ပေါ်လာသည်။

မီးသလင်းကျောက်

ဖော်ပြချက် - ကြွယ်ဝသော မီးစွမ်းအင်များ ပါဝင်ပြီး အလွန်အသုံးဝင်ကာ မီးစွမ်းအင် စွမ်းရည်များ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ပါသည်

ဖတ်ရှုပြီးနောက် ကျိုးဟန်၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။ တကယ်ပင် မီးသလင်းကျောက် ဖြစ်နေသည်။ ချက်ချင်းပင် သူက စာပြန်ပို့လိုက်သည်။

"ငါ မီးသလင်းကျောက် နှစ်ခု လိုချင်တယ်... မင်းဆီမှာ အဲဒီလောက် ရှိလား..."

ဂူတစ်ခုထဲတွင် အလွန် လှပသော ပုံရိပ်လေးတစ်ခုက သူမရှေ့ရှိ သလင်းနီ အဆိပ်ကင်းမြီးကောက် အားလုံးကို သတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။

သူမက ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ ချထားကာ ရှေးဟောင်းအလှပဂေးတစ်ဦး၏ အငွေ့အသက်များ ပါဝင်နေပြီး ပန်းချီကားထဲမှ လူတစ်ယောက်ကဲ့သို့ ပြီးပြည့်စုံကာ အပြစ်အနာအဆာ ကင်းလွန်းလှသည်။ သို့သော် သူမ၏ တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး လှပသော မျက်နှာလေးမှာလည်း အေးစက်ကာ မာနကြီးနေပုံရသည်။

သူမ၏ နာမည်က မေအောက်ရွှယ် ဖြစ်ပြီး နာမည်နှင့် လိုက်ဖက်လှသည်။ နှင်းမုန်တိုင်းထဲမှ မက်မွန်ပန်းလေးကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် မိမိ၏ အလှတရားကို ဖော်ထုတ်ပြသနေသည့်အလားပင်။

ကျိုးဟန်၏ စာကို လက်ခံရရှိပြီးနောက် သူမက ဖန်သားပြင်ကို ဖြည်းညှင်းစွာ ဖွင့်ကာ စတင် စကားပြောလိုက်သည်။

"ရှိတယ်... နှစ်ခုက ပြဿနာ မရှိဘူး..."

လက်ရှိ သူမ၏ စွမ်းအားဖြင့် ကြေးအဆင့် မီးပုတ်သင်များကို လုံးဝ အနိုင်မယူနိုင်ပေ။ သို့သော် သူမ ကံကောင်းစွာဖြင့် သားရဲများ သတ်ဖြတ်နေစဉ် မီးသလင်းကျောက် အနည်းငယ်ကို တူးဖော်ရရှိခဲ့သည်။ ကျိုးဟန် ဝယ်ယူလိုကြောင်း တွေ့လိုက်ရသဖြင့် သူမကိုယ်တိုင် စတင် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

"မင်း ဘာပြန်လိုချင်လဲ..."

"မင်း ဘာပေးနိုင်မလဲ ဆိုတာကို ကြည့်ရမှာပေါ့... ကြိုပြောထားမယ်နော် ငါ ရွှေဒင်္ဂါးတွေ မလိုအပ်ဘူး..."

မေအောက်ရွှယ်က မျက်နှာသေဖြင့် ဆက်လက် ရိုက်ပို့လိုက်သည်။ ကျိုးဟန်တွင် အရေးကြီးကိစ္စ တစ်ခုခု ရှိနေမည်ကို သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။ မဟုတ်ပါက အရောင်းအဝယ်ဇုန် တွင် စာတင်ပြီးနောက် စကားပြောချန်နယ် ထဲတွင် ထပ်မံ အော်ဟစ်နေမည် မဟုတ်ပေ။

တစ်ဖက်လူက အဆင့်တစ် နေရာမှလူ ဖြစ်ပြီး ယခု သူမကို အကူအညီ တောင်းနေပြီဖြစ်ရာ အခွင့်အရေးကို အမိအရ အသုံးချ၍ ဈေးကို ကောင်းကောင်း တောင်းရမည် ဖြစ်သည်။

မေအောက်ရွှယ်၏ စာကို မြင်လိုက်ရသည့်အခါ ကျိုးဟန် မျက်မှောင်ကြုတ်သွားသည်။

'ထင်တဲ့အတိုင်းပဲ ဒီမိန်းမက ပစ္စည်းရှားတာကို အခွင့်ကောင်းယူပြီး ဈေးကို မြှင့်နေတာပဲ...'

ထို့အပြင် တစ်ဖက်လူ၏ သဘောထားမှာ အလွန် ရှင်းလင်းနေပြီး ရွှေဒင်္ဂါးများကို မလိုချင်ပေ။ ရှားပါးသော ပစ္စည်းကောင်း တစ်ခုခု ပေးရမည်ဖြစ်ပြီး မပေးနိုင်ပါက အရောင်းအဝယ် လုပ်မည်မဟုတ်ပေ။

ကျိုးဟန်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း ၄ ဆသော အတွေ့အကြုံမှတ်အတွက် သည်းခံလိုက်ရသည်။

"ဒါကို ဘယ်လိုမြင်လဲ... နှလုံးသားကာကွယ်ရေး ကြာပန်း..."

လက်ရှိ ကျိုးဟန်တွင် တန်ဖိုးရှိသည့်အရာဆို၍ အသုံးအဆောင်ပစ္စည်းများနှင့် ဝိညာဉ်သစ်သီးများသာ ရှိတော့သည်။ အသုံးအဆောင်ပစ္စည်းများကို သေချာပေါက် ရောင်းချမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ နှလုံးသားကာကွယ်ရေး ကြာပန်း က ၄ ခု ကျန်နေသေးပြီး သူ့အတွက်လည်း အသုံးမဝင်တော့ပေ။

ထို့ကြောင့် နှလုံးသားကာကွယ်ရေး ကြာပန်း ၏ အချက်အလက်များကို တိုက်ရိုက် ပို့ပေးလိုက်သည်။

"ဒါဆိုရင်တော့ မရဘူး... သွေးပမာဏ ၁၀၀ ပဲ တိုးတာကို... ငါ့ရဲ့ မီးသလင်းကျောက် နှစ်ခုနဲ့ လဲရတာ ငါ အရမ်း ရှုံးတာပေါ့..."

တကယ်တော့ မေအောက်ရွှယ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသော်လည်း ကျိုးဟန်၏ နောက်ဆုံး အခြေအနေကို စမ်းသပ်လိုသေးသည်။ အဆင့်တစ် နေရာမှ ကျိုးဟန်တွင် ဤထက် ပိုမိုကောင်းမွန်သော ပစ္စည်းများ ရှိနေမည်ကို သူမ ယုံကြည်သည်။

ဤသည်မှာ နှစ်ဖက်စလုံး၏ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုပင် ဖြစ်သည်။

'ဟင်... သဘောမကျဘူး ဟုတ်လား... ဒီမိန်းမ လောဘ အရမ်းကြီးတာပဲ...'

'ငါ့ကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်ချင်နေတာပဲ...'

ပုံမှန် ဈေးနှုန်းအရဆိုလျှင် နှလုံးသားကာကွယ်ရေး ကြာပန်း တစ်ခုသည် မီးသလင်းကျောက် ၅ ခုနှင့် လဲလှယ်ရန် လုံလောက်သည်။ မီးသလင်းကျောက်များ ကျလာနိုင်ချေ နည်းပါးသော်လည်း သားရဲများ သတ်ဖြတ်ခြင်းဖြင့် ရရှိနိုင်သည်။

သို့သော် နှလုံးသားကာကွယ်ရေး ကြာပန်း မှာ ဝိညာဉ်သစ်သီး အဆင့်ဖြစ်ပြီး အမြဲတမ်း တွေ့နိုင်သည့်အရာ မဟုတ်ပေ။ လိုချင်တိုင်းလည်း ရနိုင်မည် မဟုတ်ပေ။

သို့သော် တစ်ဖက်လူက ယခု သဘောမကျဘဲ ပို၍ ကောင်းမွန်သော အရာကို လိုချင်နေသည်။ ကျိုးဟန်က အဆင့်မြှင့်ပွိုင့် ၂ ခု အသုံးပြု၍ တစ်ကြိမ် အဆင့်မြှင့်ထားသော နှလုံးသားကာကွယ်ရေး ကြာပန်း ကို ပို့ပေးလိုက်သည်။

"ဒါက ငါ့ဆီမှာ ရှိတဲ့ အကောင်းဆုံး အရာပဲ... မင်း သဘောမကျဘူးဆိုရင်လည်း ထားလိုက်တော့..."

'ဘာ... သွေးပမာဏ ၈၀၀ တောင် တိုးတာလား...'

မေအောက်ရွှယ်၏ လှပသော မျက်လုံးများထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားသည်။ သွေးပမာဏ ၈၀၀ တိုးလာပါက သူမ အဆင့်တက်ရသည်မှာ ပို၍ လွယ်ကူသွားမည် ဖြစ်သည်။

အဆင့်တစ် နေရာမှ ကျိုးဟန်ပီပီ တကယ်ပင် ဤမျှ အစွမ်းထက်သော ဝိညာဉ်သစ်သီးမျိုး ရှိနေသည်။ သွေးပမာဏ ၈၀၀ တောင် ရှိသည် မဟုတ်ပါလား။ အကယ်၍ သွေးပမာဏ ၁၅၀၀ အထိ တိုးပေးနိုင်သည့် အရာရှိမှန်း သူမသာ သိသွားပါက မည်သို့ ခံစားရမည်ကို မတွေးတတ်တော့ပေ။

"ရတယ်... အခုပဲ အရောင်းအဝယ် လုပ်ကြရအောင်..."

မေအောက်ရွှယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ရေခဲများ အရည်ပျော်သွားပြီး နေရောင်ခြည် ဖြာကျလာသကဲ့သို့ အလွန် လှပလွန်းလှသည်။ သူမက မျက်ခုံးလေး ပင့်လိုက်ပြီး...

'အဆင့်တစ် ဆိုလည်း ဘာဖြစ်လဲ... ငါက သူ့ကို ကောင်းကောင်းလေး အနိုင်ယူပြလိုက်ပြီ...'

မကြာမီ ကျိုးဟန်က အရောင်းအဝယ် လုပ်ရန် တောင်းဆိုလိုက်ပြီး အဆင်ပြေပြေပင် ပြီးဆုံးသွားခဲ့သည်။

နှလုံးသားကာကွယ်ရေး ကြာပန်း ကို ရရှိပြီးနောက် မေအောက်ရွှယ်မှာ အလွန် စိတ်လှုပ်ရှားသွားပြီး စာတစ်စောင် ပို့လိုက်သည်။

"ကျိုးဟန်... အရောင်းအဝယ်လုပ်ရတာ အဆင်ပြေပါတယ်... နောက်ထပ် အခွင့်အရေးရှိရင် ထပ်ပြီး ပူးပေါင်းကြသေးတာပေါ့..."

"စနစ် သတိပေးချက်... စာပို့၍ မရပါ... သင့်အား တစ်ဖက်လူမှ အမည်မည်းစာရင်းထဲသို့ ထည့်သွင်းလိုက်ပါသည်..."

'ဘာ...'

'ငါ့ကို အမည်မည်းစာရင်းထဲ ထည့်လိုက်တာလား...'

မေအောက်ရွှယ် တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားရသည်။ ယောကျ်ားများစွာက သူမနှင့် ရင်းနှီးရန် အသည်းအသန် ကြိုးစားနေကြသည်။ သို့သော် ဤ ကျိုးဟန်ကတော့ သူမကို တိုက်ရိုက် အမည်မည်းစာရင်းသွင်း သွားခဲ့သည်။

'သူ ငါ့ရုပ်ကို မမြင်ဖူးလို့ ဖြစ်ရမယ်...'

မေအောက်ရွှယ်က သူမ၏ ဆွဲဆောင်မှုကို ကောင်းကောင်း သိထားပြီး ယောကျ်ားအနည်းငယ်သာ သူမကို တွန်းလှန်နိုင်စွမ်း ရှိသည်။

'ကောင်းပြီလေ... တစ်နေ့ကျရင် ငါတို့ တွေ့ကြမှာပါ... အဲဒီအချိန်ကျမှ အဟက်...'

မေအောက်ရွှယ် တစ်ယောက် ကျိုးဟန်နှင့် တွေ့ဆုံမည့် အချိန်ကို အနည်းငယ် မျှော်လင့်လာမိသည်။

မီးသလင်းကျောက် ရရှိသွားသော ကျိုးဟန်ကတော့ လင်းအန် ရှိရာသို့ အမြန် ပြန်လာခဲ့သည်။ ယခု အတွေ့အကြုံမှတ် တိုးပွားခြင်း အချိန်က နာရီဝက်သာ ကျန်တော့သဖြင့် အချိန်လုရမည် ဖြစ်သည်။

မေအောက်ရွှယ်ကို ဘာကြောင့် အမည်မည်းစာရင်းထဲ ထည့်ရသလဲဆိုလျှင်တော့ အဓိကအားဖြင့် ထိုမိန်းမမှာ အလွန် ကောက်ကျစ်လွန်းသောကြောင့် ဖြစ်သည်။ သူ မီးသလင်းကျောက် အရေးတကြီး လိုအပ်နေသည်ကို သိသိနှင့် ဈေးတင်တောင်းခဲ့သည်။

ကောင်းကောင်းကြီး ညာစားသွားသဖြင့် သူ၏ စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေမိသည်။

All Chapters