အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ခေါင်းဆောင် ဝမ်ထန်နှင့် ကောင်းကင်ဘုရင် ခုနစ်ပါး
လူမိုက်များ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း မကြာမီ ဒေါသမီးများဖြင့် ပြည့်နှက်သွားသည်။
သူတို့ရှေ့ရှိ ဤလူက တကယ်ကို ကိုယ့်အခြေအနေကို ကိုယ်မသိဘဲ တစ်ယောက်တည်း ပြဿနာလာရှာရဲသည်။ သူ့ကို မည်သူက ဤမျှ သတ္တိတွေ ပေးထားသနည်း။
ဝမ်ထန်၏ စွမ်းအားကို ထားလိုက်ပါဦး သူ၏ လက်အောက်ရှိ ထိပ်တန်း သိုင်းပညာရှင်များကပင် သူတို့ရှေ့ရှိ ဤကောင်လေးကို အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိသည်။
ထိုလူမိုက်များမှာ ယုံကြည်မှု အပြည့်ရှိနေကြပြီး ဝမ်ထန်သာ ရောက်လာပါက ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ထင်နေကြသည်။
"ကောင်းပြီ... ငါ ဒီမှာပဲ စောင့်နေမယ်... ဒီ ဝမ်ထန်က ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ကျိုးဟန်က အနည်းငယ်မျှ ဂရုမစိုက်သော မျက်နှာထားဖြင့် သစ်ပင်တစ်ပင်ကို မှီကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟေ့ကောင်... မင်း အခု ဘယ်လောက်ပဲ မာနကြီးနေပါစေ... ခဏနေရင် ဘယ်လောက်တောင် နောင်တရသွားမလဲဆိုတာ မင်း သိရလိမ့်မယ်... အစ်ကိုထန်ကို ရန်စမိလို့ မင်း သေဖို့သာ ပြင်ထားတော့..."
နောက်ထပ် လူမိုက်တစ်ယောက်က ထပ်မံ၍ အော်ဟစ်လိုက်သည်။
"အင်း... မင်းပြောတာလည်း အကြောင်းပြချက် ရှိသားပဲ... မင်းကို အရင်ဆုံး ဓားတစ်ချက်လောက် ဆုချလိုက်မယ်..."
ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက် အော်ဟစ်နေသော ထိုလူမိုက်မှာ အမှုန့်ဖြစ်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ ယင်ကောင်တစ်ကောင်ကဲ့သို့ အမြဲတမ်း ပွစိပွစိ လုပ်နေသဖြင့် ကျိုးဟန်အတွက် အလွန် အနှောင့်အယှက် ဖြစ်စေသည်။
ထင်သည့်အတိုင်းပင် ကျိုးဟန် လှုပ်ရှားလိုက်ပြီးနောက် ထိုနေရာရှိ လူမိုက်များအားလုံး ဆောင်းတွင်းမှ ပိုးကောင်များကဲ့သို့ ငြိမ်သက်သွားကြပြီး အလွန် ကြောက်ရွံ့သွားကြသည်။ သို့သော် သူတို့၏ မျက်လုံးများထဲရှိ ဒေါသမီးများကတော့ ပိုမို တောက်လောင်လာခဲ့သည်။
ဤနေရာရှိ ဆူညံသံများက အလွန် ကြီးမားသဖြင့် လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။
သူတို့က ဝမ်ထန်ကို မရန်စရဲသော်လည်း ပွဲကြည့်ချင်သော သဘာဝစရိုက်ကိုတော့ မထိန်းချုပ်နိုင်ကြသဖြင့် မကြာမီ စတင် ဆွေးနွေးလာကြတော့သည်။
"ဒီလူငယ်က ဘယ်သူလဲ... သတ္တိကတော့ တကယ်ကို ကြီးတာပဲ... ဝမ်ထန်ကိုတောင် ပြဿနာ သွားရှာရဲတယ်... အသက်မရှင်ချင်တော့လို့လား..."
"ဝမ်ထန်က မကြာသေးခင်ကပဲ B အဆင့် ပင်ကိုစွမ်းရည်ရှင် နှစ်ယောက်ကို ချက်ချင်း သတ်ပစ်ခဲ့တာနော်... တကယ်ကို ကြမ်းတာ... သူ့ရဲ့ ပင်ကိုစွမ်းရည်က A အဆင့်ထက်တောင် ပိုမြင့်နိုင်တယ်လို့ ငါ ထင်တယ်..."
"သောက်ကျိုးနည်း... ဒါက အရမ်း ကြောက်စရာကောင်းလွန်းတယ်... သူ့ရှေ့က ကောင်လေးတော့ ဒုက္ခရောက်ပြီ... မရန်စသင့်တဲ့ လူကို သွားရန်စမိတာကိုး..."
"လူငယ်တွေဆိုတာ ဒီလိုပါပဲ... ကိုယ့်အခြေအနေကို ကိုယ်မသိဘူးလေ... လူ့အဖွဲ့အစည်းရဲ့ ရိုက်နှက်ဆုံးမမှုကို မခံရသေးတော့ လုပ်ရပ်တွေက အရမ်း စိတ်လိုက်မာပါ ဖြစ်နေတာပေါ့..."
"အခုတော့ အသက်နဲ့ ရင်းရတော့မယ်... နှမြောစရာပဲ..."
"ရှူး... တိုးတိုးလုပ်ကြ... ဝမ်ထန် လာနေပြီ... ငါတို့ ပြောနေတာတွေကို သူ့ကို မကြားစေနဲ့... မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်..."
နောက်ဆုံးလူ၏ စကားသံ အဆုံးတွင် အားလုံး တိတ်ဆိတ်သွားကြသည်။
ကျိုးဟန်ကို ကြည့်သော သူတို့၏ အကြည့်များတွင် အဆုံးအစမဲ့သော သနားကြင်နာမှုများ ပါဝင်နေပြီး မကြာမီ ဤလူမှာ ဝမ်ထန်၏ ဓားချက်အောက်တွင် သေဆုံးရတော့မည် မဟုတ်ပါလား။
ထိုအချိန်တွင် ရုပ်ရည်သန့်ပြန့်ပြီး ခန့်ညားလှသော လူငယ်တစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများရှိပြီး အလွန် ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဧကရာဇ် တစ်ပါးဖြစ်လာမည့် အရည်အချင်းရှိသည်ဟု သူ အမြဲတမ်း ကြွားလုံးထုတ်နေသည်မှာ အံ့သြစရာ မရှိပေ။ သူ၏ ရုပ်ရည်သွင်ပြင်ကပင် သာမန် မဟုတ်ကြောင်း သိသာလှသည်။
ဝမ်ထန်က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြည်းညှင်းစွာ လျှောက်လာကာ အလွန် ကြော့ရှင်းလှသည်။
သူ၏ နောက်တွင် လူခုနစ်ယောက် ပါလာပြီး သူတို့အားလုံးမှာ အဆင့်မြင့် ပင်ကိုစွမ်းရည် ပိုင်ရှင်များ ဖြစ်ကြကာ ကောင်းကင်ဘုရင် ခုနစ်ပါး ဟု ခေါ်ဆိုကြသည်။
ဝမ်ထန်က ပထမဆုံး သတိထားမိသည်မှာ ကျိုးဟန် မဟုတ်ဘဲ ကျိုးဟန်၏ ဘေးရှိ မိန်းကလေး နှစ်ယောက်ကို ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မိန်းကလေး နှစ်ယောက်၏ အလှတရားက တကယ်ကို လွန်ကဲလွန်းပြီး တောက်ပလွန်းသောကြောင့် ဖြစ်သည်။
သူ ချက်ချင်း ကြောင်အမ်းသွားပြီး အနည်းငယ် မနာလို ဖြစ်သွားမိသည်။ ဤကောင်က တကယ်ကို ကံကောင်းလွန်းလှသည်။
ဤကဲ့သို့ ပြိုင်ဘက်ကင်း အလှပဂေးများက သူ့ဘေးတွင် ရှိနေသည် ထို့အပြင် နှစ်ယောက်တောင် ဖြစ်နေသည်။
ဝမ်ထန်၏ စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွားသည်။ သူ၏ ဘေးရှိ မိန်းမများနှင့် ဤမိန်းကလေး နှစ်ယောက်ကို ယှဉ်ကြည့်လိုက်ပါက တကယ်ကို အဆင့်အတန်း ကွာခြားလွန်းလှသည်။
ချက်ချင်းပင် သူက မျက်နှာသုန်မှုန်စွာဖြင့် ပြောလိုက်သည်။
"ဟေ့ကောင်... မင်းက တော်တော်ကို မာနကြီးတာပဲ... ငါ့နယ်မြေထဲမှာ ပြဿနာ လာရှာရဲတယ်ပေါ့..."
"ငါက တော်တော် မာနကြီးတာပါ... မင်း သိသွားလိမ့်မယ်လို့ မထင်ထားဘူး..."
ကျိုးဟန်က နားကို ကလော်ရင်း အလေးမထားစွာဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ မင်းက အရည်အချင်း ရှိတဲ့ လူတစ်ယောက်ပဲ... မင်းသာ ဒူးထောက်ပြီး သုံးခါ ဦးချမယ်ဆိုရင်... ပြီးတော့ ငါ့ရဲ့ တပည့် လုပ်မယ်ဆိုရင်... ဒီနေ့တော့ မင်းကို လွှတ်ပေးလိုက်မယ်..."
မိမိ၏ တပည့်ကို ကျိုးဟန် သတ်ဖြတ်လိုက်ကြောင်း ဝမ်ထန် သိထားသဖြင့် တစ်ဖက်လူ၏ စွမ်းအားမှာ မဆိုးလှကြောင်း ပြသနေသည်။ ထို့ကြောင့် မိမိ၏ လက်အောက်ခံအဖြစ် အသုံးချနိုင်ပါက ဆိုးရွားသော ကိစ္စတော့ မဟုတ်ပေ။
"အင်း... မင်းရဲ့ အကြံပြုချက်က မဆိုးပါဘူး... ဒါပေမဲ့ မင်းကိုယ်တိုင် လက်တစ်ဖက် ဖြတ်လိုက်မယ်ဆိုရင် ဒီနေ့ ကိစ္စကို ဒီမှာတင် ကျေအေးပေးမယ်..."
ကျိုးဟန်က ပြုံး၍ ပြောလိုက်သည်။
"ဟားဟားဟား... ကောင်းတယ်... အရမ်း ကောင်းတယ်... ငါ့ကို ဒီလို စကားမျိုး လာပြောရဲတာ မင်းက ပထမဆုံးပဲ..."
"မင်းက ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်... မင်းတို့ အကုန်လုံး ဝင်ကြစမ်း... သူ့ရဲ့ တစ်ကိုယ်လုံးက အရိုးတွေကို ချိုးပစ်လိုက်..."
ဝမ်ထန်က သွားကြိတ်ကာ ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။
အမိန့်ကို ကြားပြီးနောက် ဝမ်ထန်၏ နောက်ရှိ ကောင်းကင်ဘုရင် ခုနစ်ပါးက ချက်ချင်းပင် တိုက်ခိုက်မှု စတင်လိုက်ကြသည်။
တစ်ယောက်ချင်းစီက အလွန် လျင်မြန်သော ကိုယ်နေဟန်ထားနှင့် တောင့်တင်းသော ခန္ဓာကိုယ် အချိုးအစား ရှိကြပြီး ကျားရိုင်းများကဲ့သို့ ကျိုးဟန်ဆီသို့ ခုန်ဝင်လာကြသည်။
ကျိုးဟန်ဘက်သို့ ပြန်ကြည့်လိုက်ရာ မူလက အရပ် ၁.၈ မီတာ ရှိသော်လည်း သူတို့နှင့် ယှဉ်လိုက်ပါက အနည်းငယ် သေးငယ်သွားပုံရသည်။
ခုနစ်ယောက်လုံးမှာ အလွန် ရက်စက်သော ရုပ်သွင်များ ရှိပြီး မျက်နှာပေါ်တွင်လည်း ရက်စက်သော အပြုံးများ ထွက်ပေါ်နေကြသည်။
"ကောင်းကင်ဘုရင် ခုနစ်ပါးက တစ်ပြိုင်နက်တည်း ဝင်တိုက်ပြီဆိုတော့ ဒီကောင် သေချာပေါက် သေပြီပေါ့..."
"ဒီလူငယ်က အထာဖမ်းလွန်းသွားပြီ... အခုတော့ တကယ့် အစွမ်းထက်တဲ့သူတွေနဲ့ လာတွေ့နေပြီ..."
"ဝမ်ထန်ကို ဆန့်ကျင်ရဲတဲ့သူ ဘယ်သူမှ အဆုံးသတ် မလှဘူးဆိုတာ ငါ မြင်ဖူးတယ်..."
"ငါသာဆိုရင်တော့ ဝမ်ထန်ကို ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်မှာပဲ... အသက်နဲ့ ယှဉ်လိုက်ရင် ဂုဏ်သိက္ခာက ဘာအရေးကြီးလို့လဲ..."
"မင်းက တကယ်ကို ပညာရှိပဲ... သူရဲကောင်းချင်း အမြင်တူတယ် ဆိုတာ ဒါမျိုးပေါ့..."
ပွဲကြည့်ပရိသတ်များမှာ အနည်းငယ် ပျင်းရိလာကြသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုရင် ခုနစ်ပါး တစ်ပြိုင်နက်တည်း တိုက်ခိုက်ပါက အသက်ရှင်ရန် အခွင့်အရေး လုံးဝ မရှိတော့ဘဲ မကြည့်ဘဲနှင့်ပင် ရလဒ်ကို သိနေသောကြောင့် ဖြစ်သည်။
ထိုနေရာရှိ လူအားလုံးက ကောင်းကင်ဘုရင် ခုနစ်ပါး၏ စွမ်းအားကို အလွန် ကောင်းစွာ သိထားကြသည်။
"သေလိုက်စမ်း ဟေ့ကောင်... နောက်ဘဝကျရင် မျက်စိရှင်ရှင်ထား... တချို့လူတွေက မင်း ရန်စလို့ မရဘူးဆိုတာ မှတ်ထား..."
ခုနစ်ယောက်လုံးက ချက်ချင်းပင် ကျိုးဟန်ကို ဝိုင်းရံလိုက်ပြီး သူတို့၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ တောက်ပကာ မျက်နှာထားများလည်း အေးစက်နေကြသည်။
"မင်းတို့လို အကောင်ပလောင်တွေနဲ့များ..."
ကျိုးဟန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးများ ထွက်ပေါ်လာသည်။
"ဟင်... သေခါနီးတာတောင် ကိုယ့်အခြေအနေကိုယ် မသိသေးဘူး... အား..."
ထိုခုနစ်ယောက်က ပြင်းထန်သော စကားအချို့ ပြောရန် ပြင်လိုက်သော်လည်း ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုများကို ချက်ချင်း ခံစားလိုက်ရသည်။
စူးစူးဝါးဝါး အော်ဟစ်သံ အနည်းငယ် ထွက်ပေါ်လာပြီးနောက် အသိစိတ်များ ထာဝရ လွတ်ကင်းသွားတော့သည်။
ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်တောက်ကာ လေထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အသက်ရှူသံများ လုံးဝ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
"ဘာ... မင်း... မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..."
လူခုနစ်ယောက် ချက်ချင်း အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ဝမ်ထန်၏ စိတ်ထဲတွင် လှိုင်းထန်သွားရသည်။
သူ၏ စွမ်းအားဖြင့်ဆိုလျှင်တောင် ထိုခုနစ်ယောက် ပေါင်းတိုက်သည်ကို အနိုင်ယူရန် အလွန် ခက်ခဲလှသည်။
ဒါပေမဲ့ တစ်ဖက်လူက ချက်ချင်း သတ်လိုက်တာလား။
ဤစွမ်းအား ကွာဟချက်က အလွန် ရှင်းလင်းနေသည်။
မိမိအနေဖြင့် တကယ့်ကို ရန်စလို့မရတဲ့လူကို သွားရန်စမိပြီဆိုတာ သေချာသွားပြီ ဖြစ်သည်။
"ငါ့ကို သတ်ချင်နေတာလား... မင်း အရည်အချင်း မမီသေးပါဘူး..."
ကျိုးဟန်က အရေးမပါသော ကိစ္စသေးသေးလေး တစ်ခုကို ဖြေရှင်းလိုက်ရသကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျိုး... မင်း... မင်းက ကျိုးဟန်လား..."
ဝမ်ထန်က လူတစ်ထောင်ကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သော လူသတ်နတ်ဆိုး ကျိုးဟန်ကို ချက်ချင်း သတိရသွားသည်။
ကျိုး ဆိုသော မျိုးရိုးနာမည် ရှိပြီး ဤမျှ အစွမ်းထက်သော စွမ်းအားမျိုး ရှိသူမှာ ကျိုးဟန်မှလွဲ၍ မည်သူ ရှိနိုင်မည်နည်း။
ဘယ်သူက ဤကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်း အလှပဂေး နှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်မည်နည်း။
ဝမ်ထန်က ချက်ချင်း ခန့်မှန်းမိသွားပြီး လုံးဝ ပြာယာခတ်သွားတော့သည်။ သူ မည်မျှ ကံဆိုးလွန်းသဖြင့် ကျိုးဟန်နှင့် လာတွေ့နေရသနည်း။
"မင်းမှာလည်း အကဲခတ်နိုင်စွမ်း နည်းနည်းပါးပါး ရှိသားပဲ... ဒါပေမဲ့ မင်းက အခု ချက်ချင်း အလောင်း တစ်လောင်း ဖြစ်တော့မယ်..."
ကျိုးဟန်က ဝမ်းနည်းခြင်း ဝမ်းသာခြင်း ကင်းမဲ့သော အသံဖြင့် တည်ငြိမ်စွာ ဝန်ခံလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ပွဲကြည့်ပရိသတ်များကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားတော့သည်။
ဤလူငယ်က ကျိုးဟန် ဖြစ်နေမည်ကို သူတို့ မည်သို့ သိနိုင်မည်နည်း။
ကမ္ဘာ့ဘော့စ်ကို သတ်ဖြတ်ချိန်တွင် ဤလူများက ထိုနေရာတွင် မရှိခဲ့သဖြင့် ကျိုးဟန်၏ ရုပ်သွင်ကို မသိကြသည်မှာ သေချာလှသည်။
သို့သော် စကားပြောချန်နယ် ထဲတွင် ကျိုးဟန်၏ သူရဲကောင်းဆန်သော အဖြစ်အပျက်များကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ထန်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲသော ယုံကြည်မှုမျိုး သူ့ထံတွင် ရှိနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကျိုးဟန် တစ်ယောက်သာလျှင် ဤကဲ့သို့သော သတ္တိနှင့် စွမ်းအားမျိုး ရှိနိုင်သည်။
"ဟင့်အင်း... မလုပ်ပါနဲ့... ကျွန်တော် မျက်စိကန်းပြီး အစ်ကို့ကို လာရန်စမိတာပါ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."
ဝမ်ထန်က အလွန် ထိတ်လန့်တကြားဖြင့် အဆက်မပြတ် တောင်းပန်နေပြီး ယခင်က ရှိခဲ့သော မာနများနှင့် ကြော့ရှင်းမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မြက်ပင်ကို ရှင်းရင် အမြစ်ကစပြီး ရှင်းရမယ်... မဟုတ်ရင် နွေဦးလေ တိုက်တာနဲ့ ပြန်ရှင်လာလိမ့်မယ်... ဒါကြောင့် မင်း သေကို သေရမယ်..."
ကျိုးဟန်က အေးစက်စွာဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။