အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ထန်ယွီရို၏ နားလည်မှုလွဲမှားခြင်း
ကျိုးဟန်က လူကို ကယ်တင်ရန် စိတ်အားထက်သန်နေသဖြင့် အသေးစိတ် အချက်အလက်များကိုပင် သေချာ မစစ်ဆေးတော့ပေ။
လေးကြိမ် တိုက်ရိုက် အဆင့်မြှင့်လိုက်သည်။
သွေးပြန်ဖြည့်ဆေး (၄ ကြိမ်မြှင့်)
အရည်အသွေး - ငွေအဆင့်
အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် သွေးပမာဏ ကန့်သတ်ချက်ကို ၁၀၀ ရာခိုင်နှုန်း ထာဝရ တိုးစေမည်ဖြစ်ပြီး ၁၀ မိနစ်အတွင်း တစ်စက္ကန့်လျှင် ၂၀ ရာခိုင်နှုန်းသော သွေးပမာဏ ပြန်လည် ပြည့်ဝစေမည်
ဖော်ပြချက် - တစ်ခါသုံး ပစ္စည်းဖြစ်ပြီး တစ်ပြိုင်နက်တည်း အသုံးပြုပါက သွေးပြန်တက်သည့် အကျိုးသက်ရောက်မှုကို ထပ်မံ ပေါင်းထပ်၍ မရပါ
အဆင့်မြှင့်ပြီးနောက် ဆေးလုံး၏ အကျိုးသက်ရောက်မှုက အလွန် ကောင်းမွန်သွားသော်လည်း အဆိပ်ဖြေသည့် အစွမ်းတော့ မပါဝင်ပေ။
ထို့အပြင် ၁၀ မိနစ်သာ ခံမည် ဖြစ်သည်။
သူမကို တိုက်လိုက်ပြီးနောက် မျက်နှာအရောင် အနည်းငယ် ပြန်ကောင်းလာပြီး ဖြည်းညှင်းစွာ သတိရလာသော်လည်း အဆိပ်ကတော့ မပြေသေးပေ။
မျက်လုံးများက လေးလံနေသဖြင့် ဖွင့်ရန် ခက်ခဲနေပြီး ပါးစပ်မှလည်း အားနည်းစွာဖြင့် ညည်းတွားနေရှာသည်။
"ရှောင်ရို သတိရပြီလား... စိတ်မပူနဲ့နော်... အခု ငါ သွားပြီး အဆိပ်ဖြေဆေး ရှာပေးမယ်... ခဏလောက် သည်းခံထားဦး..."
ကျိုးဟန်က အလွန် ညင်သာသော လေသံဖြင့် ဂရုတစိုက် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ရို၏ အသက်အန္တရာယ်က သူ၏ တာဝန်နှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
"ကျွန်မက မဟုတ်ဘူး..."
မိမိရှေ့မှ အမျိုးသားက ဘာကြောင့် သူမကို ရှောင်ရို ဟု ခေါ်နေမှန်း ချင်မုန့်ယောင် နားမလည်နိုင်ပေ။
သူမက ယခု အလွန် အားနည်းနေပြီး ရှင်းပြချင်သော်လည်း ကျိုးဟန်က ဖြတ်ပြောလိုက်သည်။
"မင်းက အခု အဆိပ်မိနေတာ... စကားဆက်မပြောနဲ့တော့... လာ... ငါ့ကျောပေါ် တက်..."
အထဲတွင် သားရဲများ အလွန် များပြားသဖြင့် သူမကို ဘေးနားတွင် ခေါ်ထားမှ ရမည် ဖြစ်သည်။
မဟုတ်ပါက သူမ၏ လက်ရှိ အခြေအနေမျိုးဖြင့် သားရဲများနှင့် တွေ့ပါက အလွန် ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်မှာ သေချာလှသည်။
ချင်မုန့်ယောင် မှာ သိသိသာသာ ရှက်ရွံ့သွားပြီး အနည်းငယ် တုံ့ဆိုင်းနေသော်လည်း စကားနားထောင်စွာဖြင့် ကျိုးဟန်၏ ကျောပေါ်သို့ တက်လိုက်သည်။
ယခု အချိန်က အလွန် ကပ်သီးကပ်သတ် ဖြစ်နေပြီး ဆယ်မိနစ်အတွင်း အဆိပ်ဖြေဆေး ရအောင် ရှာရမည် ဖြစ်သည်။
ထို့ကြောင့် ကျိုးဟန်က အရူးတစ်ယောက်လို မရဏ အဆိပ်ကင်းမြီးကောက် များကို နေရာအနှံ့ လိုက်လံ ရှာဖွေတော့သည်။
တွေ့သမျှ အကောင်တိုင်းကို ဓားတစ်ချက်တည်းဖြင့် ချက်ချင်း သတ်ပစ်လိုက်ရာ ထိုကောင်များမှာ အကြောက်လွန်၍ တုန်ယင်နေကြသည်။
အကယ်၍ မရဏ အဆိပ်ကင်းမြီးကောက် များသာ စကားပြောတတ်ပါက ကျိန်းသေပေါက် ကျိန်ဆဲကြမည် ဖြစ်သည်။
'သောက်ကျိုးနည်း... ငါတို့က မင်းနဲ့ ဘာရန်ညှိုးတွေများ ရှိနေလို့လဲ...'
'ငါတို့ဘာသာ မရဏ စိမ့်မြေတော ထဲမှာ အေးအေးဆေးဆေး နေနေတာကို မင်းကို ဘယ်တုန်းကများ သွားရန်စဖူးလို့ ဒီလောက်တောင် မျိုးဖြုတ်ချင်နေရတာလဲ...'
အကောင် နှစ်ဆယ်ကျော် သတ်ပြီးသွားသော်လည်း အဆိပ်ဖြေဆေး ကျမလာသေးသဖြင့် ကျိုးဟန် အနည်းငယ် စိုးရိမ်လာသည်။
'ငါ့ကံက တကယ်ကို ဆိုးလွန်းနေတာပဲ...'
ကျိုးဟန် အနေဖြင့် ယနေ့ တစ်နေ့လုံး ပစ္စည်းကောင်းများ မရလျှင်တောင် နေပါစေ အဆိပ်ဖြေဆေး တစ်လုံးရရန်သာ ဆန္ဒရှိနေသည်။
သို့သော် ကံဆိုးစွာဖြင့် မရသေးပေ။
မကြာမီ မရဏ အဆိပ်ကင်းမြီးကောက် များလည်း ပါးနပ်သွားကြသည်။
ကျိုးဟန်ကို မြင်သည်နှင့် အကြောက်လွန်ကာ အဝေးကပင် ထွက်ပြေးကြတော့သည်။
ထို့ကြောင့် ကျိုးဟန်အတွက် သတ်ဖြတ်ရန် ပိုမို ခက်ခဲလာသည်။
ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားချိန်တွင် အရှေ့မလှမ်းမကမ်း၌ ရွှေရောင် မရဏ အဆိပ်ကင်းမြီးကောက် တစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရသည်။
'ဟင်... ဒါက ရွှေအဆင့်လား...'
သာမန် ငွေအဆင့် မရဏ အဆိပ်ကင်းမြီးကောက် ထက် အရည်အသွေး ပိုမြင့်သည်။
အရည်အသွေး ပိုမြင့်လေ ပစ္စည်းကျနိုင်ချေ ပိုများလေ ဖြစ်ရမည်။
မရဏ အဆိပ်ကင်းမြီးကောက်
အရည်အသွေး - ရွှေအဆင့်
အဆင့် - ၁၈
သွေးပမာဏ - ၂၆၀၀
တိုက်ခိုက်မှု - ၅၉၀
အကာအကွယ် - ၂၃၉
စွမ်းရည် ၁ - အဆိပ်ဆူး (အဆိပ်ဆူးများကို ထုတ်လွှတ်ကာ တစ်ဦးတည်းသော ရန်သူအား ၂.၅ ဆသော တိုက်ခိုက်မှု ထိခိုက်စေမည်)
စွမ်းရည် ၂ - မာကျောသောခန္ဓာ (ခံရသော ထိခိုက်မှု ၂၀ ရာခိုင်နှုန်း လျော့ကျသွားမည်)
ဖော်ပြချက် - မရဏ စိမ့်မြေတော အတွင်းရှိ သီးသန့် သတ္တဝါများ ဖြစ်ပြီး အလွန် ကြမ်းတမ်းသော စရိုက်ရှိပါသည် အားနည်းချက်မှာ မိုးကြိုးစွမ်းအင် ဖြစ်ပါသည်
ထိုသို့သော အခြေအနေကို မြင်တွေ့ရသည့်အခါ ကျိုးဟန်က သေချာပေါက် အလွတ်ပေးမည် မဟုတ်ဘဲ သူ၏ မျက်လုံးများထဲတွင် လောဘရမ္မက်များ ပြည့်နှက်နေသည်။
ရွှေအဆင့် မရဏ အဆိပ်ကင်းမြီးကောက် မှာလည်း တစ်ခုခုကို ခံစားသိရှိသွားပုံရသည်။
ကျိုးဟန်၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော လူသတ်ငွေ့များကြောင့် ၎င်း၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး အမြီးကို ရမ်းကာ အရှေ့သို့ ထွက်ပြေးတော့သည်။
'ထွက်ပြေးချင်တာလား...'
'အိပ်မက် မက်နေလိုက်...'
ကျိုးဟန်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဓားရှည်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ ထက်မြက်လှသော ဓားစွမ်းအင်တစ်ခုက လေထုကို ခွဲထုတ်သွားပြီး ထွက်ပြေးနေသော ရွှေအဆင့် အဆိပ်ကင်းမြီးကောက် ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကြီးမားလှသော အရှိန်အဟုန်ကြောင့် ကင်းမြီးကောက်ကြီးမှာ ဟန်ချက်ပျက်ကာ ယိုင်ထိုးသွားတော့သည်။
ထိုအခိုက်အတန့်ကို အမိအရဖမ်းယူကာ ကျိုးဟန်က သူ၏ အမြန်နှုန်း အားသာချက်ကို အသုံးပြု၍ လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားသည်။ ၎င်း၏ အနီးသို့ ရောက်သည်နှင့် တပြိုင်နက် ပြင်းထန်လှသော စွမ်းရည်တစ်ခုကို တိုက်ရိုက် ထုတ်လွှတ်ကာ ကင်းမြီးကောက်ကြီး၏ အသက်ကို ရက်စက်စွာ နုတ်ယူလိုက်တော့သည်။
"သင်သည် ရွှေအဆင့် မရဏ အဆိပ်ကင်းမြီးကောက် ကို သတ်ဖြတ်လိုက်ပါသည်..."
"သင်သည် အဆိပ်ဖြေဆေး ၁၀ လုံး ကို ရရှိပါသည်..."
စနစ်၏ အသံကို ကြားပြီးနောက် ကျိုးဟန် ဝမ်းသာသွားသလို အနည်းငယ် ဆွံ့အသွားရသည်။
အရင်က တစ်လုံးမှ မရခဲ့သော်လည်း ယခု တစ်ခါတည်းနှင့် ၁၀ လုံးတောင် ရသွားသည်။
တကယ်ကို လူကို ကစားလွန်းရာကျသော်လည်း အချိန်တော့ ကွက်တိပင်။
ကျိုးဟန်က တစ်လုံးကို ထုတ်ယူကာ လေးကြိမ် တိုက်ရိုက် အဆင့်မြှင့်လိုက်သည်။
အဆိပ်ဖြေဆေး (၄ ကြိမ်မြှင့်)
အရည်အသွေး - ငွေအဆင့်
အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် အဆိပ်နှင့် သက်ဆိုင်သော မကောင်းသည့် အခြေအနေ အားလုံးကို ဖယ်ရှားပေးမည်ဖြစ်ပြီး မိနစ် ၆၀ အတွင်း ရရှိသော အဆိပ် ထိခိုက်မှု အားလုံးကို သွေးပမာဏ အဖြစ် ပြောင်းလဲပေးမည်
ဖော်ပြချက် - တစ်ခါသုံး ပစ္စည်းဖြစ်ပြီး အဆိပ်ပေါင်းစုံကို ဖြေနိုင်ပါသည်
"ရှောင်ရို... ဒီအဆိပ်ဖြေဆေးကို မြန်မြန် စားလိုက်..."
ကျိုးဟန်က သူမကို အလျင်အမြန် ချပေးလိုက်ပြီး သစ်ပင်ကြီး တစ်ပင်တွင် မှီထားစေသည်။
သို့သော် ဆေးလုံးကို သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ချိန်တွင် သူမက မျိုမချနိုင်ပေ။
အရင် သွေးပြန်ဖြည့်ဆေး လိုမျိုး တစ်ခါတည်း မျိုချနိုင်ခြင်း မရှိတော့ပေ။
အဆိပ်မိထားသည့် အချိန် ကြာမြင့်လွန်းသဖြင့် အသိစိတ်များ ပိုမို ဝေဝါးလာခြင်း ဖြစ်နိုင်သည်။
'အများကြီး ဂရုစိုက်မနေနိုင်တော့ဘူး... ဘာပဲဖြစ်ဖြစ် သူက NPC ပဲ... ပြီးတော့ အလှလေးဆိုတော့ ငါလည်း မနစ်နာပါဘူး...'
ကျိုးဟန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး အဆိပ်ဖြေဆေးကို မိမိ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် တစ်ချက် နမ်းရှိုက်ကာ အားကုန်သုံးပြီးနောက်မှသာ ရှောင်ရိုက နောက်ဆုံးတွင် မျိုချသွားနိုင်တော့သည်။
နူးညံ့သော အထိအတွေ့က ကျိုးဟန်ကို အလွန် အရသာတွေ့သွားစေပြီး မခွာချင်အောင် ဖြစ်သွားစေသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ ပထမဆုံး အနမ်း မဟုတ်ပါလား။
ဤသို့ အဆုံးရှုံးခံလိုက်ရသဖြင့် အနည်းငယ် ဝမ်းနည်းစရာတော့ ကောင်းသည်။
"ဒီက လူယုတ်မာ... အဲဒီ မိန်းကလေးကို လွှတ်လိုက်စမ်း... နေ့ခင်းကြောင်တောင်ကြီး ဒီလို ကိစ္စမျိုး လုပ်ရဲတယ်ပေါ့..."
ရုတ်တရက် အဝေးမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ရောက်လာသူမှာလည်း ရုပ်ရည် လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။
ယခုအချိန်တွင် သူမ၏ မျက်နှာမှာ မျက်မှောင်ကြုတ်ထားပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။
ထန်ယွီရို မှာ တိုက်ပွဲ အသံများကို ကြားသဖြင့် လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ကျိုးဟန်က အတင်းအဓမ္မ နမ်းနေသည့် မြင်ကွင်းကို တွေ့လိုက်ရခြင်းပင်။
ချက်ချင်းပင် သူမ၏ စိတ်ထဲတွင် အဆုံးမဲ့ ဒေါသမီးများ တောက်လောင်သွားခဲ့သည်။
သူရဲကောင်း မလေး တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားသော သူမအတွက် ဤကဲ့သို့ လုပ်ရပ်မျိုးကို အလိုအလျောက် ဝင်ရောက် တားဆီးကာ ကူညီချင်စိတ် ပေါ်လာတော့သည်။
ဝမ်းနည်းနေသော ကျိုးဟန် တစ်ယောက် ချက်ချင်း လန့်ဖြန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"မင်း နားလည်မှု မလွဲပါနဲ့... ငါက လူကယ်နေတာပါ... မင်း မြင်တာတွေက အတုတွေချည်းပဲ..."
မိမိကိုယ်တိုင်က တရားမျှတမှုများဖြင့် ပြည့်နှက်နေသူဖြစ်ရာ ဤကဲ့သို့ အခြေအနေဆိုးကို အခွင့်ကောင်းယူသည့် ကိစ္စမျိုး မည်သို့ လုပ်နိုင်မည်နည်း။
"လူကယ်နေတာ ဟုတ်လား... နင် နောက်ထပ် ပိုကောင်းတဲ့ အကြောင်းပြချက် မရှာနိုင်တော့ဘူးလား... လူကယ်ဖို့က ပါးစပ်ချင်း တေ့နေစရာ လိုလို့လား..."
မိန်းကလေးက ကျိုးဟန်ကို သတိထားကာ ကြည့်ရင်း သူမ၏ လက်ထဲတွင် ဓားကို ကိုင်ထားကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
"ဒီလိုပါ... ဒီမိန်းကလေး နာမည်က ရှောင်ရို လို့ ခေါ်တယ်... ငါက သူမရဲ့ အဘိုး တောင်းဆိုချက်အရ သူမကို ကယ်တင်ပြီး ပြန်ခေါ်သွားဖို့ လာတာပါ..."
ကျိုးဟန်က တစ်ဖက်လူကို အပြစ်မတင်ပေ။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ အခြေအနေမျိုးက နားလည်မှုလွဲရန် အလွန် လွယ်ကူလှသည်။
ထို့ကြောင့် ကျိုးဟန်က အစအဆုံး အကြောင်းစုံကို တိုက်ရိုက် ပြောပြလိုက်သည်။
"ပြောစမ်း... နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ... နင်က ငါ့အဘိုးနဲ့ပါ တွေ့ဖူးတယ်ပေါ့..."
ထန်ယွီရို ချက်ချင်း သတိထားသွားပြီး အော်ဟစ် မေးမြန်းလိုက်သည်။
ရှောင်ရို ဆိုသည်မှာ ထန်ယွီရို ကိုယ်တိုင်ပင် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင် သူမ တကယ် ဒေါသထွက်သွားပြီဖြစ်ကာ ဓားကို ဆွဲထုတ်၍ ကျိုးဟန်ကို ချိန်ရွယ်လိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ချက်ချင်း အေးစက်သွားတော့သည်။
"ဘာပြောလိုက်တာလဲ... မင်းအဘိုး... ဒါဆို မင်းကမှ ရှောင်ရို လား..."
တစ်ဖက်လူ၏ စကားကို ကြားပြီးနောက် ကျိုးဟန် အနည်းငယ် ကြောင်အမ်းသွားသည်။
တကယ်တော့ မိမိကိုယ်တိုင် မှားယွင်းသွားပြီး ပြဿနာ ဖြစ်သွားခြင်းပင်။
ရှေ့တွင် ရပ်နေသူက အစစ်အမှန် ရှောင်ရို ဖြစ်ပြီး မြေပြင်ပေါ်တွင် ထိုင်နေသူက ဘယ်သူနည်း။
"ဟန်ဆောင်နေ... နင် ဆက်ပြီး ဟန်ဆောင်နေလိုက်စမ်း..."
ထန်ယွီရို၏ မျက်နှာက ပိုမို တင်းမာလာပြီး ဓားကွက် တစ်ခုဖြင့် ကျိုးဟန်ကို ထိုးရန် ပြင်လိုက်ချိန်တွင် အဆိပ်မိနေသော မိန်းကလေး၏ အသံကို ကြားလိုက်ရသည်။
"ခဏလေး... ဒါက နားလည်မှု လွဲတာပါ... ဒီသခင်လေးက တကယ်ကို ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပါ..."
ချင်မုန့်ယောင် တကယ်တော့ စောစောကတည်းက သတိရနေခဲ့သော်လည်း ရှက်ရွံ့နေသဖြင့် ထိုနေရာတွင် မှီကာ သတိမလည်သေးဟန် ဆောင်နေခြင်း ဖြစ်သည်။
ကျိုးဟန်၏ ခုနက အနမ်းကို သူမ ခံစားသိရှိနိုင်ခဲ့သည်။
၁၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ယောကျ်ားလေး တစ်ယောက်နှင့် ဤမျှ ရင်းနှီးသော ကိစ္စမျိုး လုပ်ခဲ့ရသဖြင့် တွေးကြည့်ရုံဖြင့်ပင် အလွန် ရှက်စရာ ကောင်းလှသည်။
သို့သော် ယခု ကျိုးဟန်နှင့် ထန်ယွီရို တို့ ဓားချင်းယှဉ်တော့မည့် အခြေအနေကို မြင်လိုက်ရသည်။
ထပ်မံ၍ ထွက်မရှင်းပြပါက သေချာပေါက် ပဋိပက္ခ ဖြစ်ပွားတော့မည်ဖြစ်ရာ ရှက်ရွံ့နေရန် အချိန်မရှိတော့ပေ။