အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ချင်မုန့်ယောင် လည်း ကစားသမားတစ်ယောက်လား
"ဘာ... တကယ့် အမှန်တရားလား... ဒါမှမဟုတ် သူက နင့်ကို ဒီလိုပြောဖို့ အတင်းအကျပ် ခိုင်းထားတာလား..."
ထန်ယွီရို၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေပြီး လုံးဝ မယုံကြည်သည့်ပုံ ပေါက်နေသည်။
"တကယ် အမှန်ပါ... ရှင်တို့တွေ ဒီကိစ္စကြောင့် နားလည်မှု မလွဲကြပါနဲ့..."
ချင်မုန့်ယောင်က မျက်နှာလေး နီရဲကာ ကျိုးဟန်ကို တစ်ချက်ကြည့်ရင်း အလျင်အမြန် ပြောလိုက်သည်။
"ကြားတယ်မှတ်လား... ဓားကို မသိမ်းသေးဘူးလား... မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ ဒီလောက်တောင် ကြမ်းတမ်းနေရလား..."
ကျိုးဟန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဟွန့်... ဒါဆိုလည်း သွားလိုက်ပါဦးမယ်..."
ထန်ယွီရို၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ဤသည်မှာ နားလည်မှုလွဲခြင်းသာ ဖြစ်သဖြင့် သူမ ဆက်လက် ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက် မရှိတော့ပေ။
ဓားကို သိမ်းလိုက်ပြီး အဝေးသို့ ထွက်ခွာရန် ပြင်လိုက်သည်။
"မင်းက ဘယ်သွားမလို့လဲ... မင်းအဘိုးက မင်းကို အရမ်းစိတ်ပူနေတာ... အခု ငါနဲ့လိုက်ခဲ့..."
ကျိုးဟန်က သူမကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။ သူ၏ တာဝန်က မပြီးသေးပေ။
'မင်းက ဘယ်တွေကို လျှောက်သွားနေတာလဲ...'
"ငါ အခု လုပ်စရာ ကိစ္စရှိသေးတယ်... လောလောဆယ် ပြန်ဖို့ အချိန်မရှိသေးဘူး..."
ထန်ယွီရိုက ကျိုးဟန်ကို အေးတိအေးစက်ဖြင့် ချက်ချင်း ပြန်ပြောလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
"ရပ်လိုက်စမ်း... ဒီနေ့ မင်း လိုက်ခဲ့ရမယ်... မလိုက်ချင်လည်း လိုက်ခဲ့ရမယ်..."
စကားနှင့်ပြော၍မရမှတော့ အင်အားသုံးရုံသာ ရှိတော့သည်။
ကျိုးဟန်က သူမ၏ နောက်မှနေ၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး သူ၏ လေသံတွင် ငြင်းပယ်၍မရသော ဩဇာအာဏာများ အပြည့်အဝ ပါဝင်နေသည်။
ဤတာဝန်ကို ပြီးမြောက်ရန်အတွက် သူ အချိန်နှင့် ခွန်အား အများအပြား ရင်းနှီးခဲ့ရပြီးဖြစ်ရာ အဆုံးအဖြတ်ပေးမည့် အချိန်ရောက်မှတော့ သေချာပေါက် လက်လျှော့မည် မဟုတ်ပေ။
တစ်ဖက်လူက စကားနားမထောင်မှတော့ စွမ်းအားကို အသုံးပြု၍ အနိုင်ယူရုံသာ ရှိတော့သည်။
"ဟွန့်... နင်က စကားကြီးစကားကျယ်တွေ တော်တော် ပြောတတ်တာပဲ... ငါ့ကို ဘယ်လို တားမလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
ထန်ယွီရိုက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမ၏ အရပ်အမောင်းက သေးငယ်သော်လည်း သူမ၏ စွမ်းအားအပေါ်တွင်တော့ အလွန် ယုံကြည်မှု ရှိသည်။
မဟုတ်ပါက မရဏ စိမ့်မြေတော ထဲသို့ တစ်ယောက်တည်း လာရဲမည် မဟုတ်ပေ။
သူမ၏ ရှေ့တွင် ရပ်နေသော ကျိုးဟန်ကိုတော့ သူမ၏ ပြိုင်ဘက်ဟု လုံးဝ မထင်ထားပေ။
မည်သို့ပင်ဖြစ်စေ သူမ၏ စွမ်းအားနှင့် ရုပ်ရည်က ချန်းလဲ့မြို့တော် တွင် နာမည်အတော်လေး ကြီးသည်။ ချန်းလဲ့မြို့တော် အတွင်းရှိ အရည်အချင်းရှိသော လူငယ်များကို သူမ အားလုံး သိသည်။
သို့သော် သူမ၏ ရှေ့ရှိ ကျိုးဟန်ကိုတော့ သူမ လုံးဝ မမှတ်မိပေ။ ထို့ကြောင့် နာမည်မသိ အကောင်ပလောင် တစ်ယောက်သာ ဖြစ်မည်ဟု သူမ အသေအချာ ကောက်ချက်ချလိုက်သည်။
ထိုကဲ့သို့သော လူမျိုးကို ရင်ဆိုင်ရသည်မှာ အလွန် လွယ်ကူလှသည်။
"ကောင်းပြီလေ... မင်းလို ကောင်မလေးက တော်တော် မာနကြီးနေတာပဲ... မင်းကို ဘယ်လို ပညာပေးရမလဲ ဆိုတာ ကြည့်နေလိုက်..."
ကျိုးဟန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ထွက်ပေါ်လာပြီး မျက်လုံးများထဲတွင်တော့ မရိုးသားသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
တာဝန်တစ်ခု လုပ်ရသည်မှာ ဤမျှ ရှုပ်ထွေးသွားမည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် ကိုယ်ပိုင်ဟန်ရှိသော အလှပဂေး NPC တစ်ယောက်နှင့် လာတွေ့နေသည်။
"ဘာ... ကောင်မလေး ဟုတ်လား... နင်..."
"ဒီက လူယုတ်မာ... နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်..."
ကျိုးဟန်၏ ခေါ်ဝေါ်ပုံကို ကြားပြီးနောက် ထန်ယွီရို ချက်ချင်း ဒေါသထွက်သွားကာ စကားပင် မပြောနိုင်တော့ပေ။
တကယ်တော့ ကျိုးဟန်၏ မရိုးသားသော အကြည့်များက သူမ၏ ဒေါသကို အထွတ်အထိပ်သို့ ရောက်သွားစေခြင်း ဖြစ်သည်။
သူမက တစ်ဖက်လူကို သေချာပေါက် နက်နက်ရှိုင်းရှိုင်း မှတ်လောက်သားလောက်အောင် ပညာပေးရမည် ဖြစ်သည်။
"ရှင်တို့ နှစ်ယောက် မတိုက်ခိုက်ဘဲ နေလို့ မရဘူးလား... အားလုံး အေးအေးဆေးဆေး ထိုင်ပြီး စကားပြောကြရအောင်လေ..."
နှစ်ယောက်သား အခြေအနေ တင်းမာနေပြီး တိုက်ပွဲတစ်ခု အချိန်မရွေး ဖြစ်ပွားနိုင်သည်ကို မြင်လိုက်ရသည့်အခါ ချင်မုန့်ယောင် က မတ်တပ်ရပ်ကာ အားနည်းသော လေသံဖြင့် ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
"မတတ်နိုင်ဘူး... ငါ လုပ်စရာ တာဝန် ရှိသေးတယ်... သူက ပူးပေါင်းပါဝင်မှ ရမယ်... အခု အချိန်က အရမ်း ကပ်သီးကပ်သတ် ဖြစ်နေပြီ... မဟုတ်ရင် ငါ ကြိုးစားခဲ့သမျှတွေ အားလုံး အလကား ဖြစ်သွားလိမ့်မယ်..."
ကျိုးဟန်က ချင်မုန့်ယောင် ကို မတတ်နိုင်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
တာဝန်အတွက် ဤတိုက်ပွဲက မဖြစ်မနေ တိုက်ရမည် ဖြစ်သည်။
"တာဝန် ဟုတ်လား... ရှင်လည်း ကစားသမား တစ်ယောက်လား..."
ကျိုးဟန်၏ စကားကို ကြားပြီးနောက် ချင်မုန့်ယောင် ၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် မေးလိုက်သည်။
'လည်း' ဟူသော စကားလုံးက သူမကိုယ်တိုင်၏ သရုပ်မှန်ကိုပါ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။
ကျိုးဟန်က အလွန် ပါးနပ်စွာဖြင့် သတိထားမိသွားပြီး ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
"အရမ်းကောင်းတာပဲ..."
ထိုစကားကြောင့် ကျိုးဟန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ ဤသည်မှာ ဘာကောင်းစရာ ရှိသနည်း။
ချင်မုန့်ယောင် ၏ စိတ်ထဲမှ စိုးရိမ်မှုများနှင့် ရှုပ်ထွေးမှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
ယခင်က သူမ အနမ်းခံလိုက်ရချိန်တွင် ကျိုးဟန်က NPC တစ်ယောက် ဖြစ်မည်ဟု ထင်ခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
တစ်ဖက်လူက အလွန် ခန့်ညားသော်လည်း NPC တစ်ယောက်၏ အနမ်းခံရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။
ယခု ကျိုးဟန်က တကယ့် ကစားသမား တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားသည်။ သို့သော် ရင်ဘတ်ထဲတွင်တော့ တဒိတ်ဒိတ် ခုန်နေဆဲပင်။
'ဒါက ရင်ခုန်တယ် ဆိုတဲ့ ခံစားချက်လား...'
ချင်မုန့်ယောင် လည်း ကစားသမား တစ်ယောက် ဖြစ်နေမည်ဟု ကျိုးဟန် မထင်ထားခဲ့ပေ။ အဓိက အကြောင်းရင်းမှာ NPC များက အလွန် သဘာဝကျလွန်းနေပြီး တစ်ခါတစ်ရံ သူတို့၏ အချက်အလက်များကို ဖုံးကွယ်ထားတတ်သဖြင့် ခွဲခြားရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။
ထိုအခါမှ ကျိုးဟန် ရုတ်တရက် သတိရသွားသည်။ ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး မြေပုံက ဇုန်ကျော်၍ ဝင်ရောက်နိုင်ကြောင်း သူ သိထားသည်။ ထို့ကြောင့် ချင်မုန့်ယောင် က အခြားဇုန်မှ ရောက်လာခြင်း ဖြစ်ရမည်။
သို့သော် သူမ၏ အဆင့်က ဘာကြောင့် ဤမျှ မြန်ဆန်နေသနည်း။
'သူမမှာလည်း အလွန် မြင့်မားတဲ့ ပင်ကိုစွမ်းရည် ရှိနေလို့လား...'
သို့သော် သူမ၏ စွမ်းအားက သိပ်မကြီးမားလှပေ။ မဟုတ်ပါက မရဏ စိမ့်မြေတော ထဲတွင် လဲကျနေပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
သို့သော် ပင်ကိုစွမ်းရည် ကဲ့သို့သော လျှို့ဝှက်ချက်များကိုတော့ ကျိုးဟန် သေချာပေါက် သွားမေးမည် မဟုတ်ပေ။ ဤသို့ မေးခြင်းက အလွန် ရိုင်းပျရာ ကျသည်။
"ကျွန်မက မြေအိုး ဖွင့်ရင်းနဲ့ အဆင့်မြှင့်ကတ် တစ်ကတ် ရလိုက်တာ... တစ်ခါတည်း ၅ ဆင့် တက်သွားလို့ ဒီလောက် မြန်မြန် အဆင့် ၁၀ ကို ရောက်လာတာ... မဟုတ်ရင် ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး မြေပုံထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး..."
ကျိုးဟန်၏ မျက်လုံးများထဲရှိ သံသယကို မြင်လိုက်ရသကဲ့သို့ ချင်မုန့်ယောင် က အကြောင်းစုံကို ကိုယ်တိုင် ရှင်းပြလိုက်သည်။
အဆင့် ၁၀ သို့ ရောက်ရှိပြီးနောက် သူမက ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး သို့ လာခဲ့သည်။ သို့သော် ဤနေရာက ဤမျှ အန္တရာယ်များနေမည်ဟု သူမ မထင်ထားခဲ့ပေ။
ကျိုးဟန်သာ အချိန်မီ လာမကယ်ပါက သူမ ဤနေရာတွင် ထာဝရ နေရစ်ခဲ့ရမည် ဖြစ်သည်။ ယခု ပြန်တွေးကြည့်လျှင်ပင် ကြောက်လန့်နေမိဆဲ ဖြစ်သည်။ သူမက စွမ်းအားမရှိဘဲ နေရာအနှံ့ လျှောက်သွားရသည်ကို သဘောကျခဲ့ခြင်း ဖြစ်သည်။
"ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး... မင်းနာမည်ကို ချင်အိုယောင် လို့ ပြောင်းလိုက်ရင် ပိုကောင်းမယ်..."
ကျိုးဟန်က အားကျလေးစားသည့် အမူအရာဖြင့် လက်မထောင်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ တွေးမိလိုက်သည်။ အချို့လူများက ပင်ကိုစွမ်းရည် မကောင်းသော်လည်း ကံတရား ကောင်းမွန်ပါက အောင်မြင်မှုများ ရရှိနိုင်သည် မဟုတ်ပါလား။ နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ က တကယ်ကို အံ့ဩစရာကောင်းသော နေရာတစ်ခုပင်။
ချင်မုန့်ယောင် က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း ကျိုးဟန်က ခေါင်းလှည့်သွားပြီး ထန်ယွီရို ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
"ကျိုးဟန်... သတိထားနော်..."
ချင်မုန့်ယောင် က လက်သီးကို ဆုပ်ထားပြီး စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ထန်ယွီရို က ဓားကို ဆွဲထုတ်လိုက်ပြီ ဖြစ်သည်။ ကျောက်စိမ်းကဲ့သို့ စိမ်းမြနေသော ဓားရှည်တစ်လက် ဖြစ်ပြီး ဓားသွားက အလွန် ထက်မြက်ကာ အေးစက်သော အလင်းရောင်များ တောက်ပနေသည်။ ဓားမျက်နှာပြင်ပေါ်တွင် ရေလှိုင်းအရေးအကြောင်းများ လှုပ်ခတ်နေသည်ကို တွေ့ရသဖြင့် အရည်အသွေးက သေချာပေါက် မဆိုးနိုင်ပေ။ အနည်းဆုံး ရွှေအဆင့် အထက်တွင် ရှိရမည်။
ကျိုးဟန်လည်း အခွင့်ကောင်းယူ၍ ထန်ယွီရို ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ဓားထိန်းချုပ်သူ ထန်ယွီရို
အဆင့် - ၃၀
သွေးပမာဏ - ၃၆၀၀
တိုက်ခိုက်မှု - ၈၀၀
အကာအကွယ် - ၄၃၀
လက်နက် - မြစိမ်းရောင် ရေလှိုင်း ဓား
အသုံးအဆောင် - ဓားသမား ဝတ်စုံ
အဆင်တန်ဆာ - သက်တံ နားကပ်
သိုင်းကျမ်း - အေးစက်ခြင်း ဓားသိုင်း
အဆင့် ၃၀ အထိ ရောက်နေသည်က ကျိုးဟန် ထင်မထားခဲ့သော အရာဖြစ်သည်။ ဤကောင်မလေးတွင် အရည်အချင်း အတော်လေး ရှိသည်ဟု ဆိုရမည်။ စွမ်းရည်များကလည်း ရေဒြပ်စင် အမျိုးအစားများ ဖြစ်သည်။ သို့သော် ထိုမျှသာ ဖြစ်သည်။
ကျိုးဟန်က သူမကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု အပြည့်အဝ ယုံကြည်နေသည်။
"ငါ့အကွက်ကို ခံကြည့်လိုက်စမ်း... ဒီသခင်မလေးရဲ့ အစွမ်းကို မြည်းစမ်းကြည့်လိုက်..."
"ရေနဂါး ဓားချက်..."
ထန်ယွီရို ၏ အော်ဟစ်သံနှင့်အတူ လေထဲမှ ရေဒြပ်စင်များက လျင်မြန်စွာ စုစည်းသွားပြီး တစ်ပိုင်း ဖောက်ထွင်းမြင်ရသော နဂါးခေါင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ပါးစပ်ကြီးကို ဟကာ ကျိုးဟန်ဆီသို့ တိုက်ရိုက် ကိုက်ချလာသည်။ လေးလံလှသော ရေ၏ စွမ်းအားကြောင့် လေထုမှာပင် ဖိအားများ ရှိလာပြီး အသက်ရှူရ အနည်းငယ် ကျပ်လာသည်။
"ဒီလောက် စွမ်းအားလေးနဲ့များ... မင်းက ငါ့ကို ရေနစ်သေအောင် လုပ်ချင်နေတာလား..."
ကျိုးဟန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။
ထို့နောက် လေခွင်းဓား ကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ ထက်မြက်လှသော ဓားစွမ်းအင် ၅ ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး နဂါးခေါင်းကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။
"ဘုန်း..."
အသံကျယ်ကြီး ထွက်ပေါ်လာပြီးနောက် နဂါးခေါင်းမှာ ချက်ချင်း ပျက်စီးသွားတော့သည်။ ရေဒြပ်စင်များလည်း ပေါက်ကွဲသွားပြီး ရေကြည်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
'ဟင်... ဒီလူယုတ်မာရဲ့ စွမ်းအားက ဒီလောက်တောင် အစွမ်းထက်နေတာလား... ကြည့်ရတာ ငါ သေချာ အာရုံစိုက်မှ ရတော့မယ်...'
ထန်ယွီရို ၏ မျက်နှာ ပျက်သွားပြီး စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။ သူမ၏ တိုက်ကွက်ကို ကျိုးဟန်က အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ နာမည်မသိ အကောင်ပလောင် တစ်ယောက်က ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယနေ့ သူမ တကယ်ကို အကဲခတ် မှားယွင်းသွားပြီး အစပိုင်းတွင် အနည်းငယ် အထင်သေးမိခဲ့သည်။
"နင့်စွမ်းအားက မဆိုးဘူးလို့ ပြောလို့ရတယ်... ဒါပေမဲ့ နင်က ငါ့ပြိုင်ဘက် မဟုတ်သေးဘူး..."
ထန်ယွီရို က အနည်းငယ် မကျေမနပ်ဖြင့် ပြန်ပြောလိုက်ပြီး သူမ၏ မျက်နှာထားက အနည်းငယ် လေးနက်လာသည်။
ထို့ကြောင့် ဆက်လက်၍ သူမ၏ အစစ်အမှန် စွမ်းအားကို ထုတ်သုံးရတော့မည် ဖြစ်သည်။
"ရေခဲတွေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်... ရေခဲ ဓားသိုင်း..."
ယခုတစ်ကြိမ်တွင် ရေဒြပ်စင်များ စုစည်းသွားပြီး မရေမတွက်နိုင်သော ရေခဲပွင့်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ နှစ်မီတာ သုံးမီတာခန့် ရှည်လျားသော ရေခဲ ဓားကြီး တစ်လက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော ဓားစွမ်းအင်နှင့် အေးစက်မှုများ ထွက်ပေါ်လာပြီး စွမ်းအားကို လုံးဝ အထင်သေး၍ မရပေ။
အပူချိန် အတော်လေး ကျဆင်းသွားပြီး အေးစက်သော လေပြင်းများ တိုက်ခတ်လာကာ ကျိုးဟန်ပင်လျှင် ထိုအေးစက်မှုကို ခံစားလိုက်ရသည်။
"ဟက်... ဒါက တကယ့် အစွမ်းကို ထုတ်သုံးလိုက်တာလား..."
ရေခဲ ဓားကြီး တိုက်ရိုက် ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ အကယ်၍သာ အေးခဲခံလိုက်ရပါက သေချာပေါက် ပြီးဆုံးသွားမည် ဖြစ်သည်။
ကျိုးဟန်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကြက်ခြေခတ် ဓားချက် ကို ထုတ်လွှတ်ကာ တိုက်ရိုက် ပြန်လည် တိုက်ခိုက်လိုက်သည်။
'ဟင်... မကွဲသွားဘူးလား...'
ကြက်ခြေခတ် ဓားချက် က တိုက်ခိုက်မှုစွမ်းအား ၁၀ ဆ တိုးမြှင့်ပေးနိုင်သော်လည်း ရေခဲ ဓားကြီး ကို လုံးဝ မဖျက်ဆီးနိုင်သည်မှာ ကျိုးဟန် လုံးဝ ထင်မထားခဲ့သော အရာဖြစ်သည်။
နောက်ဆုံး အသက်ကယ် တိုက်ကွက် ဆိုသည့်အတိုင်း တကယ်ကို အစွမ်းထက်လှပေသည်။
"ဟီးဟီး... ဘယ်လိုလဲ... ဒီသခင်မလေးရဲ့ စွမ်းအားကို မြင်ပြီလား... ဟေ့ကောင်... နင်က လိုပါသေးတယ်..."
ရေခဲ ဓားကြီး မှာ လုံးဝ ပျက်စီးသွားခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ထန်ယွီရို ချက်ချင်း ပြုံးသွားပြီး အနည်းငယ် မာနတက်စွာဖြင့် ပြောလိုက်သည်။ သူမသာ အစွမ်းကုန် တိုက်ခိုက်လိုက်ပါက အနိုင်ရရှိရန် အလွန် လွယ်ကူလှသည်။