← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) ရှေးဦးရှေးဟောင်းကျမ်းနှင့် နတ်ဘုရားအဆင့် သိုင်းကျမ်း

ကျိုးဟန်က အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုပြီး ထိုလူ၏ အချက်အလက်များကို တစ်ချက် ကြည့်လိုက်သည်။

သေချာ မြင်လိုက်ရသည့် အခါတွင်တော့ ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားရသည်။

အလုပ်သင် ဓားသမား တူဖေး

အဆင့် - ၁၁

သွေးပမာဏ - ၁၅၀၀

တိုက်ခိုက်မှု - ၂၀၀

အကာအကွယ် - ၆၀

လက်နက် - ဓားရှည်ကြီး

အသုံးအဆောင် - မရှိပါ

အဆင်တန်ဆာ - မရှိပါ

သိုင်းကျမ်း - အခြေခံ ဓားသိုင်း

'ဒီအချက်အလက်တွေက လုံးဝကို အသုံးမကျတဲ့ အမှိုက်တွေပဲ... သူ့ကိုများ လျှို့ဝှက် ဘော့စ်ကြီး တစ်ယောက်လို့ ငါ ထင်နေမိတာ... ကြည့်ရတာ ဒီကောင်က ငါ့ကို လာပြီး လိမ်စားဖို့ ကြိုးစားနေတာပဲ...'

ကျိုးဟန် ချက်ချင်းပင် စိတ်ကုန်သွားပြီး ထိုလူကို ဆက်၍ အဖတ်မလုပ်ချင်တော့ပေ။

"ဘယ်လိုလဲ ညီအစ်ကို... ငါ ပြောတာ မှန်နေတယ် မဟုတ်လား... စွမ်းအား နည်းနေတာက ပြဿနာ မဟုတ်ပါဘူး... ငါ့ဆီမှာ အချိန်တိုအတွင်း တတ်မြောက်နိုင်တဲ့ သိုင်းကျမ်း တစ်အုပ် ရှိတယ်... မင်းသာ ဒါကို ကျင့်လိုက်ရင် ရွေးချယ်ပွဲမှာ လူတိုင်းကို အံ့သြသွားစေပြီး နံပါတ်တစ် နေရာကို အလွယ်လေး ရမှာ သေချာတယ်..."

တူဖေးက သူ၏ အကြံအစည်များ ပေါ်လွင်နေမှန်း မသိဘဲ စကားများကို ရေပက်မဝင်အောင် ဖောင်ဖွဲ့နေတော့သည်။

ပြောပြီးနောက် သူက စာအုပ်အမြောက်အမြားကို ထုတ်ပြလိုက်ရာ သိုင်းကျမ်း အမျိုးမျိုး ပါဝင်နေသည်။ ရှေးဦးရှေးဟောင်းကျမ်း... စကြဝဠာ နတ်ဘုရားသတ် ဓားသိုင်း... အကန့်အသတ်မဲ့ ကြယ်တာရာ တားမြစ်ကျမ်း စသဖြင့် နာမည်များမှာ တကယ့်ကို ထိတ်ထိတ်ကြဲများ ဖြစ်နေသည်။

'နာမည်တွေကတော့ တကယ်ကို ကြောက်စရာကြီးပဲ... မင်း ဒီထက်ပိုပြီးများ ကြွားနိုင်ဦးမလား...'

"ဒီလောက်တောင် အစွမ်းထက်နေရင် မင်းကိုယ်တိုင် ဘာလို့ မကျင့်တာလဲ..."

ကျိုးဟန်က ရယ်ချင်စိတ်ကို ထိန်းပြီး ပြန်မေးလိုက်သည်။

"ငါက စွမ်းအားတွေကို စိတ်မဝင်စားလို့ပါ... ကျင့်ကြံရတာက အရမ်း ပင်ပန်းလွန်းတယ်... ငါနဲ့ မကိုက်ညီပါဘူး... ငါက သာမန်အတိုင်းပဲ အေးအေးဆေးဆေး နေချင်တာ..."

တူဖေးက မျက်နှာမပျက်ဘဲ ဆက်လက် ကြွားလုံးထုတ်နေသည်။

"ရော့... ဒီစာအုပ်ကို ကြည့်လိုက်... မင်း သေချာပေါက် သဘောကျစေရမယ်..."

တူဖေးက စာအုပ်တစ်အုပ်ကို ကျိုးဟန်၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်ရာ အတင်းအဓမ္မ ရောင်းချမည့် ပုံပေါ်နေသည်။

သူက ချန်းလဲ့မြို့ထဲတွင် အမြဲလိုလို ကျင်လည်နေသူ ဖြစ်သဖြင့် ကျိုးဟန်မှာ မျက်နှာသစ် တစ်ယောက် ဖြစ်မှန်း သိသာနေသောကြောင့် အပိုင်ကိုင်၍ ငွေညှစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

"စနစ် သတိပေးချက်... ရှေးဦးရှေးဟောင်းကျမ်း အကြွင်းအကျန်ကို ထောက်လှမ်းတွေ့ရှိပါသည်... စစ်ဆေးကြည့်ရှုလိုပါသလား..."

'ဟင်...'

စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသည့် အခါတွင်တော့ ကျိုးဟန် အံ့သြသွားပြီးနောက် အလွန် ဝမ်းသာသွားသည်။

'တောက်... ဒါက အစစ်ကြီးလား... တကယ်ကို မမျှော်လင့်ထားတဲ့ အရာပဲ...'

ကျိုးဟန် အလျင်အမြန်ပင် စစ်ဆေးကြည့်လိုက်သည်။

ရှေးဦးရှေးဟောင်းကျမ်း အကြွင်းအကျန်

အရည်အသွေး - နတ်ဘုရားအဆင့်

စွမ်းရည် ၁ - သိုင်းကျမ်းပေါင်းစပ်ခြင်း (ဆင်တူသော သိုင်းကျမ်း နှစ်မျိုးကို ပေါင်းစပ်ပြီး ပိုမို အစွမ်းထက်သော သိုင်းကျမ်းအသစ်ကို ဖန်တီးပေးမည် ဖြစ်ကာ အရည်အသွေး အဆင့် မြင့်တက်သွားစေရန် အလွန် နည်းပါးသော ဖြစ်နိုင်ချေ ရှိပါသည်)

စွမ်းရည် ၂ - မရှိပါ

'သောက်ကျိုးနည်း... နတ်ဘုရားအဆင့်ကြီးလား...'

နတ်ဘုရားအဆင့် ဆိုသည်မှာ မည်မျှအထိ ကြီးမားသော ဖြစ်နိုင်ချေ ရှိသနည်း ဆိုသည်ကို ကျိုးဟန် မသိပေ။ စနစ်က ဖော်ပြထားဖူးသည့် အဆင့်များထဲတွင် ဧကရာဇ်အဆင့် မှာ အမြင့်ဆုံးပင် ဖြစ်သည်။

ယခု ထွက်ပေါ်လာသည့် နတ်ဘုရားအဆင့် မှာ ဧကရာဇ်အဆင့် ထက် သေချာပေါက် ပိုမြင့်မည်မှာ သေချာသည်။ မည်မျှအထိ မြင့်မည်ကို မသိရသော်လည်း တကယ့်ကို ပြိုင်ဘက်ကင်းသည့် အရာဖြစ်ရမည်။

စွမ်းရည်က တစ်ခုတည်းသာ ရှိပြီး ဒုတိယ စွမ်းရည်မှာ မရှိဟု ပြနေခြင်းက ဤသည်မှာ အကြွင်းအကျန်သာ ဖြစ်ကြောင်း သက်သေပြနေသည်။ သို့သော် အကြွင်းအကျန် ဖြစ်နေလျှင်တောင် ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် ရတနာကြီးပင် ဖြစ်သည်။ သိုင်းကျမ်းပေါင်းစပ်ခြင်း ၏ အကျိုးသက်ရောက်မှုက မည်သို့ရှိမည်ကို ချက်ချင်း စမ်းသပ်၍ မရသေးသော်လည်း နတ်ဘုရားအဆင့် သိုင်းကျမ်း ဖြစ်သဖြင့် သေချာပေါက် ညံ့မည် မဟုတ်ပေ။

ကျိုးဟန်က တူဖေး၏ လက်ထဲတွင် ကျန်ရှိနေသော အခြား စာအုပ်များကိုလည်း တစ်ချက် ကြည့်လိုက်သည်။

'ကျန်တဲ့ အရာတွေပါ အစစ်ဖြစ်နေမလား... အားလုံးသာ အစစ်ဖြစ်နေရင် ငါ တကယ်ကို ပြိုင်ဘက်ကင်းသွားပြီပေါ့...'

"ကျန်တဲ့ စာအုပ်တွေပေးစမ်း... ငါ တစ်ချက်လောက် ကြည့်ရအောင်..."

ကျိုးဟန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မျက်နှာမပျက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

ကျိုးဟန် ငြိလာပြီကို မြင်သောအခါ တူဖေး တစ်ယောက် အလွန် ဝမ်းသာသွားပြီး ယနေ့ ကံကောင်းသဖြင့် စျေးဦးပေါက်ရန် မျှော်လင့်ချက် ရှိနေပြီဟု တွေးလိုက်သည်။

သို့သော် ကြည့်ရှုပြီးနောက် ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားရသည်။ ကျန်သည့် စာအုပ်များမှာ လုံးဝကို အတုများ ဖြစ်နေပြီး သူ့ကို ခဏမျှ အလကား ရင်ခုန်သွားစေခဲ့သည်။ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ့ကိုယ်သူလည်း လောဘကြီးမိသည်ဟု ကျိတ်၍ ဆဲလိုက်မိသည်။ နတ်ဘုရားအဆင့် သိုင်းကျမ်း တစ်အုပ် ရသည်ကိုပင် မကျေနပ်နိုင် ဖြစ်နေသည် မဟုတ်ပါလား။

"ကောင်းပြီလေ... ဒီနှစ်အုပ်က မဆိုးဘူး... ငါ ယူမယ်..."

တစ်ဖက်လူ သံသယ မဝင်စေရန်အတွက် ကျိုးဟန်က စာအုပ်နှစ်အုပ်ကို တိုက်ရိုက် ဝယ်ယူရန် ရွေးလိုက်သည်။

"စာအုပ်တစ်အုပ်ကို ရွှေဒင်္ဂါး ၁၀၀... စုစုပေါင်း ၂၀၀ ပေါ့... ဒီနေ့သာ ကျင့်လိုက်ရင် မနက်ဖြန် မင်းက ထိပ်ဆုံးမှာပဲ... ပြီးတော့..."

"စကားတွေ အများကြီး ပြောမနေနဲ့တော့... ရွှေဒင်္ဂါး ၂၀... ဒါထက်တော့ ပိုမပေးနိုင်ဘူး..."

ကျိုးဟန်က တူဖေး၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ၏ ဈေးနှုန်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူက ရွှေဒင်္ဂါး ၂၀၀ ကို နှမြော၍ မဟုတ်ဘဲ တစ်ဖက်လူက တမင် အကဲစမ်းပြီး ရှေးဦးရှေးဟောင်းကျမ်း ၏ လျှို့ဝှက်ချက်ကို သိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤဈေးနှုန်းကို သေချာပေါက် နှိမ်ရမည်ဖြစ်ပြီး ခပ်ကြမ်းကြမ်း နှိမ်ရမည် ဖြစ်သည်။

"မလုပ်ပါနဲ့ ညီအစ်ကိုရာ... ရွှေဒင်္ဂါး ၂၀ ဆိုရင်တော့ ငါ့မှာ ဝတ်စရာ ဘောင်းဘီတောင် ကျန်မှာ မဟုတ်တော့ဘူး..."

"မရဘူးလား... ဒါဆိုလည်း ငါ မယူတော့ဘူး..."

ကျိုးဟန်က ခေါင်းလှည့်ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

'သုံး... နှစ်... တစ်...'

သူ၏ စိတ်ထဲမှ ရေတွက်နေပြီး တစ်ဖက်လူက သူ့ကို သေချာပေါက် ပြန်ခေါ်မည်ကို သူ သိနေသည်။

"ဟေး... ခဏနေပါဦး... ကောင်းပြီလေ... ၂၀ ဆိုလည်း ၂၀ ပေါ့... ငါ အကြီးအကျယ် ရှုံးတာပဲ..."

တူဖေးက အလွန် ဝမ်းနည်းပူဆွေးနေသည့် ပုံစံဖမ်းနေသော်လည်း စိတ်ထဲတွင်တော့ အလွန် ပျော်ရွှင်နေသည်။ ရှေးဦးရှေးဟောင်းကျမ်း ဆိုသည်မှာ သူ ကောက်ရထားခြင်း ဖြစ်ပြီး ကျန်သည့် အရာများမှာ သူကိုယ်တိုင် ရိုက်နှိပ်ထားသည့် အမှိုက်များသာ ဖြစ်သည်။ အရင်းက ကြေးဒင်္ဂါး ၂ ပြားပင် မပြည့်သော်လည်း ယခု တစ်ခါတည်း အဆပေါင်း ၁၀၀၀ ခန့် မြတ်သွားသဖြင့် တကယ်ကို အမြတ်ကြီး စားလိုက်ခြင်းပင်။

"ကြည့်စမ်း... တူဖေးက မျက်နှာသစ် တစ်ယောက်ကို ထပ်ပြီး လိမ်နေပြန်ပြီ..."

"ဒီခွေးကောင်... အရင်တုန်းက ငါလည်း သူ့အလိမ်ခံခဲ့ရတာ... ငါက တကယ်ကို အ မိုက်ခဲ့တာပဲ..."

"ဒီကောင်က တကယ့် သိုးဖြူလေးပဲ... ရွှေဒင်္ဂါး ၂၀ တောင် တိုက်ရိုက် ထုတ်ပေးတယ်ဆိုတော့ တကယ်ကို အူကြောင်ကြောင် နိုင်လွန်းတယ်..."

"ဒီလူက အခုမှ လောကထဲ ရောက်လာတာ ဖြစ်မယ်... လောကရဲ့ ရက်စက်မှုကို မကြုံဖူးသေးတဲ့ပုံပဲ..."

"လာကြ... ငါတို့လည်း သွားပြီး စမ်းကြည့်ရအောင်... အရက်ဖိုး နည်းနည်းပါးပါး ရမလားလို့..."

ချန်းလဲ့မြို့ရှိ လမ်းသွားလမ်းလာများက အချင်းချင်း ဆွေးနွေးနေကြပြီး ကျိုးဟန် တစ်ယောက် ရွှေဒင်္ဂါး ၂၀ ကို အသုံးပြု၍ အမှိုက်များကို ဝယ်ယူလိုက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ကျိုးဟန်မှာ သူတို့၏ မျက်လုံးထဲတွင် အူကြောင်ကြောင် သိုးဖြူလေး တစ်ကောင် ဖြစ်သွားခဲ့ပြီ။ အားလုံးက ကျိုးဟန်ဆီမှ အကျိုးအမြတ် ရရန် စိတ်ထဲမှ ကြံစည် တွက်ချက်နေကြသည်။

"ညီအစ်ကို... သိုင်းကျမ်း ကျင့်ပြီးရင် ငါ့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့ဦးနော်..."

ရွှေဒင်္ဂါးများ ရရှိသွားပြီးနောက် တူဖေးက ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားတော့သည်။ တစ်နှစ်လုံး စျေးဦးမပေါက်သော်လည်း တစ်ခါ စျေးဦးပေါက်လျှင် တစ်နှစ်စာ စား၍ရသွားပြီ ဖြစ်သည်။

သိုင်းကျမ်း ရရှိပြီးနောက် ကျိုးဟန်ကတော့ ထိုလူကို ဂရုမစိုက်တော့ပေ။ သူက လူသူကင်းမဲ့သည့် နေရာကို ရှာဖွေ၍ ရှေးဦးရှေးဟောင်းကျမ်း ကို သင်ယူရန် ပြင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ လူအများအပြား ရှိနေသည့် နေရာတွင် စွမ်းရည် သင်ယူလိုက်ပါက ထူးဆန်းသည့် အဖြစ်အပျက်များ ထွက်ပေါ်လာမည်ကို သူ စိုးရိမ်နေမိသည်။

မဟုတ်ပါက စောစောက သူ ငွေပေးစရာမလိုဘဲ အလကား ယူလိုက်၍ ရသည်။ ထို့အပြင် ဤသည်က နတ်ဘုရားအဆင့် သိုင်းကျမ်း ဖြစ်သဖြင့် သင်ယူပြီးနောက် မည်ကဲ့သို့သော အရှိန်အဝါများ ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

သူ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လူအုပ်ကြီးက သူ့ကို ရုတ်တရက် ဝိုင်းထားလိုက်ကြသည်။ ကျိုးဟန် မျက်မှောင်ကြုတ်သွားသော်လည်း ထိုလူများက ရန်ဖြစ်မည့် ပုံစံမရှိဘဲ အပြုံးများဖြင့် ကြည့်နေကြသည်။

"ညီအစ်ကို... ငါ့ဆီမှာ အသုံးအဆောင် တစ်ခု ရှိတယ်... ရွှေဒင်္ဂါး ၁ ပြားတည်းနဲ့ ဈေးပေါပေါ ရောင်းမယ်..."

ထိုအထဲမှ တစ်ယောက်က မျက်စိလျင်စွာဖြင့် ရှေ့ဆုံးမှ ပြေးထွက်လာပြီး သူ၏ ပစ္စည်းကို ကြော်ငြာတော့သည်။

'သောက်ကျိုးနည်း...'

'ဒါက ဘာ အသုံးအဆောင်မှ မဟုတ်ဘဲ အမျိုးသမီး အတွင်းခံ တစ်ထည်ပဲဟာကို... ဒီကောင် ဒါကို ဘယ်ကနေ ရလာမှန်းတောင် မသိဘူး...'

ကျိုးဟန် ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

'ငါက အဲဒီလောက်အထိ အကျင့်မကောင်းတဲ့ လူမျိုး မဟုတ်ဘူးလေ...'

"ညီအစ်ကို... ငါ့ဆီမှာလည်း ကာမကျမ်း တစ်အုပ် ရှိတယ်... တကယ်ကို အားရစရာ ကောင်းတာနော်..."

"ညီအစ်ကို..."

လူများက ပို၍ များလာပြီး တစ်ယောက်နှင့်တစ်ယောက် အလုအယက် သူတို့၏ ပစ္စည်းများကို လာရောက် ရောင်းချနေကြသည်။

ထိုအခါမှ ကျိုးဟန် ချက်ချင်း သဘောပေါက်သွားသည်။ သူတို့က သူ့ကို တကယ်ပဲ အူကြောင်ကြောင် သိုးဖြူလေးဟု ထင်နေကြခြင်း ဖြစ်သည်။ ခုနက တူဖေးနှင့် အရောင်းအဝယ် လုပ်လိုက်ခြင်းက သူတို့ကို လုံးဝ အထင်လွဲသွားစေခဲ့သည်။

"တောက်... အကုန်လုံး ငါ့ရှေ့ကနေ လစ်ကြစမ်း..."

ကျိုးဟန်၏ စိတ်ထဲတွင် ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ တစ်ဖက်လူတွေက သူ့ကို အူကြောင်ကြောင် သိုးဖြူလေးဟု ထင်နေမှတော့ သူက ဘာလို့ ယဉ်ကျေးနေရဦးမည်နည်း။ ဒေါသတကြီးဖြင့် အော်ဟစ်ကာ လူအုပ်ကြီးကို ဖယ်ခိုင်းလိုက်သည်။

"ဟေ့ကောင်... မင်းက တော်တော် သတ္တိရှိတာပဲ... ရွေးချယ်ပွဲကျမှ မင်းကို တွေ့မယ်... အဲဒီအချိန်ကျရင်တော့ မင်း သေဖို့သာ ပြင်ထားတော့..."

"ဒီသိုးဖြူလေးက ဒေါသတော့ တော်တော် ကြီးသားပဲ... သူ့ကို ပညာလေး နည်းနည်း ပေးပြီး လောကရဲ့ ရက်စက်မှုကို ပြပေးရမယ်..."

"အချိန်ကုန်လိုက်တာကွာ... ဒီကောင်က အခုကျတော့ ပါးနပ်သွားပြန်ပြီ... လုံးဝ အလိမ်မခံတော့ဘူး..."

"သွားကြစို့... စာရင်းသွားပေးရဦးမယ်..."

All Chapters