အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) လှံချက်က နဂါးတစ်ကောင်လိုပဲတဲ့လား... ဒါလေးပဲလား
"မင်းကို နာကျင်စရာကောင်းတဲ့ သင်ခန်းစာတစ်ခု ပေးရမယ်... နောက်ခံနဲ့ ဝင်လာတဲ့သူတွေရဲ့ နိဂုံးက ဘယ်လိုလဲဆိုတာ မင်းသိစေရမယ်..."
ဟန်လီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အပြုံးများ ပြည့်နှက်နေသည်။
ကျိုးဟန် တစ်ယောက် သူ၏ ရှေ့တွင် ဒူးထောက် တောင်းပန်နေမည့် မြင်ကွင်းကို ကြိုမြင်နေသည့်အလား ပုံပေါက်နေသည်။
'နောက်ခံနဲ့ ဝင်လာတာလား...'
ကျိုးဟန် အစပိုင်းတွင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
သို့သော် မနေ့က သူ အဆင့်မြှင့်ထားသည့် ပြိုင်ပွဲဝင် နံပါတ်ပြား ကြောင့် ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်ကို ချက်ချင်း သတိရသွားသည်။
ထို့ကြောင့် ဤလူများက သူ့ကို နောက်ခံအင်အားဖြင့် နေရာယူထားသူဟု ထင်နေကြခြင်း ဖြစ်သည်။
ဤလူများက သူ့ကို ကြည့်သည့် အကြည့်များထဲတွင် မလိုမုန်းထားမှုများ ပြည့်နှက်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ အားလုံးက စင်ပေါ်တက်၍ ကျိုးဟန်ကို ဝိုင်းရိုက်ချင်နေကြသည့် ပုံပေါက်နေသည်။
'ဒီလိုကိုး... သူတို့ ဒီလို ထင်တာလည်း မမှားပါဘူးလေ...'
"တော်တော့... ချမယ်ဆိုလည်း ချလေ... မင်းက ဘာလို့ ဒီလောက် စကားများနေတာလဲ..."
ကျိုးဟန်က ဆက်ပြီး အချိန်ဆွဲမနေချင်တော့ပေ။ စကားမပြောချင်သူနှင့် စကားပြောရသည်မှာ အချိန်ကုန်လှသဖြင့် အချိန်မဖြုန်းလိုတော့ပေ။
"ကောင်းပြီလေ... မင်းကများ ဒေါသထွက်ပြနေသေးတယ်ပေါ့..."
ဟန်လီ၏ မျက်လုံးများထဲမှ အေးစက်မှုများက ရေခဲအလား အေးခဲသွားတော့သည်။
စကားသံ အဆုံးတွင် သူ၏ ကျောဘက်မှ ခုနစ်ပေရှည်လျားသော လှံရှည်ကြီးကို ဆွဲထုတ်လိုက်ရာ လှံထိပ်ဖျားမှ အေးစက်စက် အလင်းတန်းများ တောက်ပနေပြီး ရူးသွပ်ကြမ်းတမ်းသော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
အဝေးမှနေ၍ပင် ၎င်းတို့ဆီသို့ တိုက်ခတ်လာသော ပြင်းထန်သည့် လေတိုက်နှုန်းကို ခံစားလိုက်ကြရသည်။ ဤသည်မှာ သူတို့လို သာမန်လူများ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရာ မဟုတ်ပေ။
"တကယ်ကို အားရစရာ ကောင်းတာပဲ... ကျိုးဟန်ရဲ့ ပထမဆုံး ပြိုင်ဘက်က ဟန်လီ ဖြစ်နေတာကိုး... ဟန်လီ ဆိုတာ တကယ့် လူကြမ်းကြီးပဲ... ဟိုကောင်တော့ သေချာပေါက် အပြတ်အသတ် အရိုက်ခံရတော့မှာ..."
"မင်း အဲဒီလို ပြောလိုက်မှ ငါတောင် နည်းနည်း စိတ်လှုပ်ရှားလာပြီ... မြန်မြန် ချကြပါတော့... တကယ်ကို စောင့်ကြည့်ချင်နေပြီ..."
"ဟန်လီက ဆင်းရဲသားတွေထဲက နံပါတ်တစ် ဆိုတဲ့ နာမည်နဲ့ တကယ်ကို တန်ပါတယ်... ဒီလှံသိုင်းက ပိုပြီးတောင် နက်နဲလာသေးတယ်... ကြည့်ရတာ ဒီရွေးချယ်ပွဲမှာ သူ့ရဲ့ အဆင့်က သေချာပေါက် နိမ့်မှာ မဟုတ်ဘူး..."
"ကျိုးဟန်... ဒါက မင်း နောက်ခံနဲ့ ဝင်လာတဲ့ နိဂုံးပဲ... စွမ်းအားမရှိဘဲနဲ့များ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်လာရဲတယ်ပေါ့... အပြစ်ပေးခံရဖို့သာ ပြင်ထားတော့..."
"အသေသာ သတ်လိုက်... ဒီ မျက်နှာပြောင်တိုက်တဲ့ကောင်... စည်းကမ်းတွေကို ဒီလိုကောင်တွေကပဲ ဖျက်ဆီးနေကြတာ..."
ကြည့်ရှုနေသူများ အားလုံးက ဒေါသတကြီး အော်ဟစ်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အပြုံးများ ထွက်ပေါ်နေသည်။
'ဟင်... လှံသိုင်းကို ကျင့်ကြံတာလား... လှံသူရဲကောင်း အလုပ်အကိုင်နဲ့ နည်းနည်းတော့ တူသားပဲ...'
စစ်ဆေးကြည့်ပြီးနောက် တစ်ဖက်လူ၏ အချက်အလက်များ ထွက်ပေါ်လာသည်။
အေးစက်သော လှံ ဟန်လီ
အဆင့် ၃၃
သွေးပမာဏ ၃၉၀၀
တိုက်ခိုက်မှု ၁၀၀၀
အကာအကွယ် ၄၉၉
လက်နက် နှင်းပြာ လှံရှည်
အသုံးအဆောင် လှံသူရဲကောင်း ဝတ်စုံ
အဆင်တန်ဆာ သံမဏိနက် လက်ကောက်
သိုင်းကျမ်း နဂါးအသွင် သိုင်းကျမ်း
အဆင့် ၃၃ သာ ရှိသေးပြီး ဝတ်ဆင်ထားသည့် ပစ္စည်းများကလည်း အလွန် သာမန်ဆန်လှသည်။
ဆင်းရဲသားဟု အခေါ်ခံရသည်မှာ အံ့သြစရာ မဟုတ်ပေ။ အလွန် ဆင်းရဲမွဲတေလွန်းလှသည်။ ရွှေအဆင့် ပစ္စည်း တစ်ခုမျှပင် မရှိပေ။
ကျိုးဟန် ကြည့်ရှုပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။ ဟန်လီကို ကြည့်သည့် အကြည့်များထဲတွင် သနားဂရုဏာသက်မှုများ ပြည့်နှက်သွားသည်။
ဤကလေး ဤအခြေအနေအထိ ရောက်လာရန် တကယ်ကို မလွယ်ကူခဲ့ပုံရသည်။
"မင်း... မင်း... ငါ မင်းကို သတ်မယ်..."
ကျိုးဟန်၏ အကြည့်များက ဟန်လီ၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးနှက်သွားသည်။
သူက ဆင်းရဲသား ဘဝမှ ဆင်းသက်လာသူ ဖြစ်ပြီး ဤအရာက မည်သို့မျှ ရုန်းထွက်၍မရသော အဆင့်အတန်း တစ်ခု ဖြစ်သည်။
ယခု ကျိုးဟန်က သူ၏ ဒဏ်ရာဟောင်းကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
ထို့ကြောင့် သူ ချက်ချင်းပင် ဒေါသထွက်သွားပြီး မျက်နှာပူကာ အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။
'သောက်ကျိုးနည်း... ဒီကောင်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်သွားရတာလဲ...'
ကျိုးဟန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသော်လည်း ထိုအချိန်တွင် ဟန်လီ၏ တိုက်ခိုက်မှုက ရောက်ရှိလာပြီ ဖြစ်သည်။
"အေးစက်တဲ့ အလင်းတန်းက အရင်ရောက်လာမယ်... ပြီးရင် လှံချက်က နဂါးတစ်ကောင်လိုပဲ... ဆက်တိုက် လှံချက်... ပျက်စီးစမ်း..."
သူ၏ လှံရှည်မှ အေးစက်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကျိုးဟန်ဆီသို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်လိုက်ရသည်။
ရေခဲကဲ့သို့ အေးစက်သော အငွေ့အသက်များ ပါဝင်လာပြီး လေထု၏ အပူချိန် ရုတ်တရက် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။
အစွမ်းအာနိသင်က လုံးဝ သာမန်မဟုတ်ပေ။ ဟန်လီက သူ၏ တိုက်ခိုက်မှုကို အလွန် ကျေနပ်နေသည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာပြီး သူ ထင်ထားသည့်အတိုင်းသာဆိုပါက နောက်တစ်စက္ကန့်တွင် ကျိုးဟန် လဲကျသွားမည် ဖြစ်ပြီး သူက အနားသို့သွားကာ ရက်ရက်စက်စက် လှောင်ပြောင် ရှုတ်ချတော့မည် ဖြစ်သည်။
ရှုတ်ချရမည့် စကားများကိုပင် သူ ကြိုတင် တွေးထားပြီး ဖြစ်သည်။
'ဟင်... ဘာလဲ... မဖြစ်နိုင်ဘူး...'
ဟန်လီ၏ အပြုံးများ တဖြည်းဖြည်း တောင့်တင်းသွားပြီး မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ချားမှုများ ထွက်ပေါ်လာသည်။
"လွဲချော်သည်..."
"လွဲချော်သည်..."
ကျိုးဟန်က လက်ဖြင့် ခပ်ဖွဖွလေး ကာလိုက်ရုံသာ ရှိသေးသော်လည်း ရှောင်တိမ်းခြင်း အကျိုးသက်ရောက်မှု ထွက်ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် နှစ်ကြိမ် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဤသည်ကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ဒါလေးပဲလား... လှံချက်က နဂါးတစ်ကောင်လိုပဲ ဆို..."
ကျိုးဟန်က ဟန်လီကို ပြုံးစစဖြင့် ကြည့်လိုက်ပြီး မျက်တောင်များ ပုတ်ခတ်ကာ သံသယဝင်နေသည့်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။
"မင်း... မင်း အဲဒီလို ဖြစ်အောင် ဘယ်လို လုပ်လိုက်တာလဲ..."
ဟန်လီ၏ မျက်နှာက မှောင်မည်းသွားပြီး စိတ်ထဲတွင်တော့ သံသယများ ပြည့်နှက်နေသည်။
'တစ်ဖက်လူရဲ့ စွမ်းအားက တကယ်ပဲ အစွမ်းထက်နေတာလား...'
မကြာမီ သူက ဤကောက်ချက်ကို ငြင်းပယ်လိုက်သည်။
'သူ့ကိုယ်ပေါ်မှာ စွမ်းရည်ရဲ့ ထိခိုက်မှုတွေကို ခုခံနိုင်တဲ့ ရတနာ တစ်ခုခု သေချာပေါက် ရှိနေတာ ဖြစ်မယ်... ဒါ သေချာတယ်... ငါသာ ဆက်တိုက် တိုက်ခိုက်လိုက်မယ်ဆိုရင် ဟိုကောင် သေချာပေါက် ခုခံနိုင်တော့မှာ မဟုတ်ဘူး...'
ဤသို့ တွေးမိသည်နှင့် ဟန်လီက ယုံကြည်မှု အပြည့်ရှိသော အပြုံးကို ပြန်လည် ဖမ်းယူလိုက်သည်။
ပထမဆုံးပွဲ၏ အောင်ပွဲက သူ၏ အရာသာ သေချာပေါက် ဖြစ်ရမည်။
"အေးစက်တဲ့ လှံပျံ နှင်းပွင့်..."
သူက လှံရှည်ကြီးကို လှည့်ပတ်လိုက်ရာ ရေခဲကဲ့သို့ အေးစက်သော အငွေ့အသက်များ အလျင်အမြန် စုစည်းလာပြီး မရေမတွက်နိုင်သော ရေခဲဆူးများ အသွင် ပြောင်းလဲသွားသည်။
သူ၏ အမြန်နှုန်းက ပိုပို မြန်လာသည်နှင့်အမျှ ရေခဲဆူးများကလည်း ကျိုးဟန်ဆီသို့ အဆက်မပြတ် ဝင်ရောက်လာကြသည်။
"ဒီတစ်ခါတော့ မင်း ဘယ်လို ကာကွယ်မလဲ ကြည့်ရသေးတာပေါ့..."
ဟန်လီက မျက်လုံးများကို မှိတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ သူ၏ အပြင်းထန်ဆုံး အကွက်ဖြစ်ပြီး ချန်းလဲ့မြို့မှ မရေမတွက်နိုင်သော ပါရမီရှင်များကို အထိနာစေခဲ့သည့် အကွက်လည်း ဖြစ်သည်။
"ကာကွယ်မယ်... ငါက ကာကွယ်မယ်လို့ ဘယ်သူပြောလဲ... မင်းက အရမ်း အားနည်းလွန်းတယ်... အဆုံးသတ်လိုက်တော့..."
ဟန်လီ၏ စွမ်းအားများက ကျိုးဟန်ကို စိတ်ဝင်စားမှု လုံးဝ မဖြစ်စေတော့ပေ။
အစက သူသည် ချန်းလဲ့မြို့မှ လူငယ်ပါရမီရှင်များ၏ အဆင့်က မည်မျှရှိသနည်းဟု သိချင်ခဲ့သည်။
ထို့ကြောင့် သူက အလျင်စလို လက်မပါခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟန်လီ၏ တိုက်ခိုက်မှုကို မြင်ပြီးနောက် ကျိုးဟန် စိတ်ပျက်သွားခဲ့သည်။
ဤမျှ ထိခိုက်မှုလေးက သူ့အတွက် မိုးဖွဲလေးများအလား ဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမျှ မဖြစ်စေနိုင်ပေ။
ဤသို့ဆိုမှတော့ အမြန်ဆုံး အဆုံးသတ်လိုက်သည်ကသာ အကောင်းဆုံး ဖြစ်သည်။
ကျိုးဟန် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ဝါးပေါ်တွင် အနက်ရောင် စွမ်းအင် အစုအဝေး တစ်ခု စုစည်းလာသည်။
ဤသည်မှာ ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းရည်ဖြစ်သည့် အရိပ်ဝိညာဉ် ဆူး ၏ ကနဦး လှုပ်ရှားမှုပင် ဖြစ်သည်။
အနက်ရောင် စွမ်းအင်များက ဘတ်စကက်ဘောလုံး အရွယ်အစားခန့် စုစည်းမိသွားချိန်တွင် ကျိုးဟန်က အားကုန်သုံး၍ ပစ်လွှတ်လိုက်သည်။
အနက်ရောင် ဘောလုံးက ချက်ချင်းပင် ချွန်ထက်သော ဆူးများအသွင် ပြောင်းလဲသွားပြီး ဟန်လီဆီသို့ ပြေးဝင်သွားသည်။
"ဟွန့်... မိစ္ဆာ လမ်းစဉ်တွေက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ် ထင်နေလား..."
ချွန်ထက်သော ဆူးများကို မြင်သောအခါ ဟန်လီက တိုက်ရိုက်ပင် စွမ်းရည်ကို အသုံးပြု၍ ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် ဝိညာဉ်ဆူး များက သူ၏ စွမ်းရည်များကို ဖောက်ထွင်းကာ သူ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဝင်ရောက်လာမည်ဟု မည်သူ ထင်မည်နည်း။
"ဒါ... ဒါက ဘာလဲ... အား... အရမ်း နာတာပဲ..."
ဟန်လီ၏ ယုံကြည်မှု အပြည့်ရှိသော မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။
ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ ပြင်းထန်သော နာကျင်မှု တစ်ရပ် ထွက်ပေါ်လာသည်။
နာကျင်မှုကြောင့် သူ အကျယ်ကြီး အော်ဟစ်လိုက်ပြီးနောက် မကြာမီ သတိလစ်သွားတော့သည်။
"ဟီးဟီး... မင်းက တကယ်ကို လေလုံးထွားနိုင်တာပဲ... မင်းကို မထိခိုက်နိုင်ဘူး ဆို..."
ဝိညာဉ်ဆူး က သူ့ကို ထိခိုက်စေရုံသာမက သေလုနီးပါးအထိ ဖြစ်သွားစေခဲ့ကြောင်း အမှန်တရားက သက်သေပြနေသည်။
တိုက်ပွဲ တစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့သည်။
အမြန်နှုန်းက အလွန် မြန်ဆန်လွန်းလှသဖြင့် လူတိုင်း၏ မျက်လုံးများက လုံးဝ မမြင်လိုက်ရပေ။
ဟန်လီ တစ်ယောက် မြေပြင်ပေါ်တွင် ခွေးသေ တစ်ကောင်လို လဲကျနေသည်ကိုသာ သူတို့ တွေ့လိုက်ရသည်။
ကျိုးဟန် အတော်ကြာကြာ စောင့်နေသော်လည်း ဒိုင်လူကြီး၏ ကြေညာသံကို မကြားရပေ။
ထို့ကြောင့် လှမ်းကြည့်လိုက်ရာ တစ်ဖက်လူမှာ တုန်လှုပ်ချောက်ချားမှု အတွင်း နစ်မြုပ်နေဆဲ ဖြစ်ပြီး ပြိုင်ပွဲရလဒ် ကြေညာရမည် ဆိုသည်ကို လုံးဝ မေ့လျော့နေကြောင်း တွေ့လိုက်ရသည်။
"အဟမ်း... အဟမ်း..."
ကျိုးဟန်က ချောင်းဟန့်ကာ သတိပေးလိုက်ရသည်။ သူက ဒီနေရာမှာ အချိန်ဖြုန်းနေရန် အချိန်မရှိပေ။
"ပထမပွဲစဉ်... ကျိုးဟန် အနိုင်ရပါတယ်..."
ဒိုင်လူကြီးလည်း သတိပြန်ဝင်လာပြီး ရလဒ်ကို ကြေညာလိုက်သည်။
သူက ကျိုးဟန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှု တစ်ရပ် ပါဝင်နေသည်။
သူက မျက်စိလျင်မှု လုံးဝ မရှိသော ဘေးမှ ကြည့်ရှုနေသူများ ကဲ့သို့ မဟုတ်ပေ။
ကျိုးဟန် စွမ်းရည် ထုတ်လွှတ်လိုက်ချိန်တွင် သူက အနီးကပ်ဆုံး နေရာတွင် ရှိနေသဖြင့် ကြက်သီးထဖွယ် ကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားလိုက်ရသည်။
'ကြည့်ရတာ ငါ အထင်မှားသွားတာပဲ... အရင်က သူက နောက်ခံနဲ့ ဝင်လာတယ် ထင်နေတာ... သူက တကယ့်ကို အစွမ်းအစတွေကို ဖုံးကွယ်ထားတာပဲ...'
စင်မြင့်ထက်တွင် ရပ်နေသော ဗိုလ်မှူး ဝေ့ချောင်း ကလည်း ဤတိုက်ပွဲကို အကဲခတ်နေသည်။
'ချန်းလဲ့မြို့မှာ ဘယ်အချိန်ကတည်းက ဒီလို အစွမ်းထက်တဲ့ လူငယ်မျိုး ပေါ်လာတာလဲ... စိတ်ဝင်စားစရာပဲ...'
ကျိုးဟန်၏ နောက်ထပ် စွမ်းဆောင်ရည်များကို သူ စတင် မျှော်လင့်လာခဲ့သည်။