အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) ဝိညာဉ်ခေါ်ယူခြင်း... မိစ္ဆာနှိမ်နင်းရေး အမိန့်ပြား
မိနစ်အနည်းငယ်ကြာပြီးနောက် အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် အဆုံးသတ်သွားခဲ့သည်။
ကျိုးဟန်က လက်သီးကို ဆုပ်လိုက်ရာ အရိုးများ တကျွတ်ကျွတ် မြည်သွားသည်။
ယခုအခါ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ပိုမို သန်မာလာပြီး သွေးသားခွန်အားများ ပိုမို အားကောင်းလာကာ တစ်ကိုယ်လုံး၏ အရှိန်အဝါများက ပိုမို ထက်မြက်လာသည်။
အကယ်၍ ယခု ရွှေအဆင့် သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုပါက သူက တစ်ချက်တည်းနှင့် အပြတ်အသတ် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု အပြည့် ရှိနေသည်။
"စနစ် သတိပေးချက်... သင်သည် လူရည်ချွန် ရွေးချယ်ပွဲ တာဝန်တွင် ပထမနေရာကို ရရှိပါသည်..."
"စနစ် သတိပေးချက်... သင်သည် များပြားလှသော အတွေ့အကြုံမှတ်များကို ရရှိပါသည်..."
ထိုအချိန်တွင် တာဝန် ပြီးမြောက်ကြောင်း သတိပေးချက်များ ထွက်ပေါ်လာသည်။
သို့သော် အတွေ့အကြုံမှတ် တိုးမြှင့်ပေးသည့် ကတ်မရှိသဖြင့် များပြားလှသော အတွေ့အကြုံမှတ်များ ဆိုသော်လည်း ထင်သလောက် မများပေ။
ကျိုးဟန် ကြည့်လိုက်ရာ ယခု သူ၏ အဆင့်မှာ ၂၂ သို့ ရောက်ရှိသွားပြီး ၅၈.၇ ရာခိုင်နှုန်း တိုးတက်မှု ရှိကြောင်း တွေ့လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သားရဲများ သတ်ရသည်ထက်တော့ အကျိုးအမြတ် ပိုများပေသည်။
"ကျိုးဟန်... ဒီကို ခဏလာခဲ့ပါ... မြို့စားမင်းက မင်းကို တွေ့ချင်လို့တဲ့..."
ကျိုးဟန် ဆေးလုံး စားသုံးပြီးသည်ကို မြင်သောအခါ သက်တော်စောင့်က ထပ်မံ ပြောလိုက်သည်။
'မြို့စားမင်း တွေ့ချင်တယ်ဆိုတော့ မိစ္ဆာနှိမ်နင်းရေး ဌာနနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်ရမယ်...'
ကျိုးဟန် ခေါင်းညိတ်လိုက်ပြီး သက်တော်စောင့်၏ နောက်သို့ လိုက်သွားခဲ့သည်။
"ကောင်းတယ်... မင်းက ကျိုးဟန် ပေါ့... တကယ်ကို ထူးချွန်တဲ့ လူငယ်လေးပဲ..."
ကျိုးဟန် ရောက်လာသည်ကို မြင်သောအခါ ပိုင်ဝူဟိန်က မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သဘောကျ နှစ်သက်မှုများ ပြည့်နှက်နေသည်။
"မြို့စားမင်းကို ဂါရဝပြုပါတယ်..."
ကျိုးဟန်က ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။
သူ၏ စိတ်ထဲတွင်လည်း သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူက မြို့စားမင်း၏ သမီးတော်ကို ကောင်းကောင်း ပညာပေးခဲ့သည်ဖြစ်ရာ စိတ်ပူနေခဲ့မိခြင်း ဖြစ်သည်။
အလာတုန်းက တစ်ဖက်လူက သူ့ကို အခက်တွေ့အောင် လုပ်မည်ကို စိုးရိမ်ခဲ့ပြီး တုံ့ပြန်ရန် နည်းလမ်းများကို တွေးတောခဲ့သေးသည်။
ကြည့်ရသည်မှာ သူ အလွန်အမင်း စိုးရိမ်လွန်သွားခြင်းသာ ဖြစ်သည်။ ဝတ္ထုများထဲမှ အဖြစ်အပျက်မျိုး မဖြစ်လာခဲ့ပေ။
ဝတ္ထုများထဲတွင် ဇာတ်လိုက်က တစ်လောကလုံးနှင့် ရန်သူဖြစ်ပြီး မြင်မြင်သမျှ အကုန်သတ်လေ့ ရှိသည်။
တစ်ဖက်လူက မြို့စား တစ်ယောက် ဖြစ်နေမှတော့ ဤမျှလောက် သဘောထား မကြီးပါက မည်သို့လုပ် မြို့စား ရာထူးကို ကြာရှည်စွာ ထိုင်နိုင်မည်နည်းဟူ၍ တွေးလိုက်မိသည်။
"ဒါက မိစ္ဆာနှိမ်နင်းရေး ဌာန ရဲ့ အမိန့်ပြားပဲ... မင်း မနက်ဖြန်ကျရင် သွားပြီး သတင်းပို့လိုက်တော့..."
ပိုင်ဝူဟိန်၏ မျက်နှာပေါ်မှ နားလည်ရခက်သော အပြုံးကို မြင်သောအခါ ကျိုးဟန်က ကျေးဇူးတင်စကား ပြောလိုက်ပြီး အမိန့်ပြားကို သံသယဖြင့် ယူလိုက်သည်။
အမိန့်ပြားကို ရွှေဖြင့် ပြုလုပ်ထားပြီး ကျောဘက်တွင် ကျိုးဟန်၏ နာမည်ကို ထွင်းထုထားကာ အရှေ့ဘက်တွင် မိစ္ဆာနှိမ်နင်းရေး ဟူသော စာလုံးနှစ်လုံး ရေးသားထားသည်။
ကြီးကျယ်ခမ်းနားပြီး ရှေးဟောင်းဆန်ကာ ထက်မြက်သည့် အရှိန်အဝါ အနည်းငယ်လည်း ပါဝင်နေသည်။
'အမိန့်ပြား တစ်ခုကတောင် ဒီလောက် အရှိန်အဝါ ရှိနေမှတော့ မြို့စားမင်းရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ တွေးကြည့်လို့ ရတယ်...'
"ဒါ... ဒါက..."
ကျိုးဟန် အမိန့်ပြားကို ကြည့်နေစဉ် ရူးသွပ်ကြမ်းတမ်းသော ဓားစွမ်းအင် တစ်ခုက သူ့ဆီသို့ ရုတ်တရက် တည့်တည့် ဝင်ရောက်လာသည်။
သူ၏ တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ အားလုံး ထောင်ထသွားတော့သည်။
ပြင်းထန်သော အန္တရာယ် အရိပ်အယောင်ကို ချက်ချင်း ခံစားလိုက်ရသည်။
အမြန်နှုန်းက အလွန် မြန်ဆန်လွန်းပြီး အကွာအဝေးကလည်း နီးကပ်လွန်းလှသဖြင့် သူ လုံးဝ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
"ဝိညာဉ်ခေါ်ယူခြင်း..."
အန္တရာယ်ကြုံလာချိန်တွင် ကျိုးဟန် ချက်ချင်းပင် ဝိညာဉ်ကို ခေါ်ယူလိုက်သည်။
ဤသည်မှာ ဝိညာဉ် လက်စွပ် ၏ အထူးစွမ်းရည် ၂ ဖြစ်သည်။
တိုက်ခိုက်မှု ၁ သိန်း ပြည့်တိုင်း ဝိညာဉ် တစ်ခါ ခေါ်ယူနိုင်စွမ်း ရှိသည်။ (၁ သိန်း ၉ သောင်း / ၁ သိန်း)
ယခု သူ၏ တိုက်ခိုက်မှုက ၁ သိန်း ၉ သောင်း အထိ ရှိနေပြီဖြစ်ရာ ဝိညာဉ် တစ်ခါ ခေါ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
ငွေရောင် ဝံပုလွေ ဝိညာဉ် တစ်ကောင်က လက်စွပ်ထဲမှ ခုန်ထွက်လာပြီး ဓားစွမ်းအင်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
"ဝုန်း..."
ကြီးမားသော စွမ်းအင်နှစ်ခု ရိုက်ခတ်သွားကြသည်။
မကြာမီ ဂယက်ရိုက်ခတ်မှုများက လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျိုးဟန် ခြေလှမ်း အတော်များများ နောက်ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွားနိုင်ခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အန္တရာယ်ကင်းသွားပြီး မည်သည့် ဒဏ်ရာမျှ မရခဲ့ပေ။
ကျိုးဟန်က ဤမျှ လွယ်ကူစွာ ဖြေရှင်းလိုက်နိုင်သည်ကို မြင်သောအခါ ပိုင်ဝူဟိန် အံ့အားသင့်သွားပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။
"မြို့စားမင်း... ဒါက ဘာသဘောလဲ..."
ယခုအချိန်တွင် ကျိုးဟန်၏ မျက်နှာက အလွန် ဆိုးရွားနေပြီး အေးစက်သော အကြည့်ဖြင့် မေးလိုက်သည်။
"ကျိုးဟန်... စိတ်မတိုပါနဲ့ဦး... ဒါက မိစ္ဆာနှိမ်နင်းရေး ဌာန ကို ဝင်ဖို့ လိုအပ်တဲ့ စစ်ဆေးမှု အဆင့်ပါ... ပထမအချက်က စွမ်းအားကို စစ်ဆေးတာ ဖြစ်ပြီး ဒုတိယအချက်က မိစ္ဆာမျိုးနွယ်တွေ ရောနှော မဝင်လာအောင် တားဆီးတာပါ... မင်းလည်း အရင်က မိစ္ဆာမျိုးနွယ်တွေနဲ့ တွေ့ဖူးတာပဲ... သူတို့ရဲ့ ပုန်းကွယ်နိုင်စွမ်းက အရမ်း အဆင့်မြင့်တယ်လေ..."
ဘေးမှ ဗိုလ်မှူး ဝေ့ချောင်းက အလျင်အမြန် ဝင်ရောက် ရှင်းပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤလုပ်ရပ်က သေချာပေါက် နားလည်မှု လွဲမှားစေနိုင်သည် မဟုတ်ပေလားဟု တွေးမိသောကြောင့် ဖြစ်သည်။
"ဗိုလ်မှူး ဝေ့ချောင်း ပြောတာ မှန်တယ်... မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ပိုင်ဝူဟိန်ကလည်း ဝင်ပြောလိုက်သည်။
လုပ်ထုံးလုပ်နည်းက အမြဲတမ်း ဤအတိုင်းပင် ဖြစ်သော်လည်း သူက ကိုယ်ကျိုးအတွက် အနည်းငယ် ဖုံးကွယ်ထားခဲ့သည်။
အမိန့်ပြားထဲတွင် သိမ်းဆည်းထားသော ဓားစွမ်းအင်ကို သူက အများကြီး တိုးမြှင့်ထားခဲ့သည်။ မူလက သူ၏ သမီးတော်အတွက် လက်စားချေပေးရန် ကျိုးဟန်ကို အခက်တွေ့အောင် လုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သေချာပေါက် ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြ၍တော့ မရပေ။
သို့သော် ကျိုးဟန်က ဓားစွမ်းအင်ကို တားဆီးနိုင်ရုံသာမက ဘာဒဏ်ရာမှ မရဘဲ သာမန်အတိုင်း ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။
ကြည့်ရသည်မှာ သူက ဤလူငယ်ကို အထင်သေးမိသွားပုံ ရသည်။
"..."
ဤစကားကို ကြားပြီးနောက် ကျိုးဟန် အနည်းငယ် ဆွံ့အသွားသည်။
ဤသည်က စည်းကမ်းချက် ဖြစ်နေသော်လည်း သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
'စောင့်နေလိုက်... အချိန်ကျရင် ခင်ဗျားသမီးကို ကျွန်တော် သေချာပေါက် အပိုင်ကြံပြမယ်...'
ကျိုးဟန် စိတ်ထဲတွင် ရက်စက်စွာ တွေးလိုက်သည်။
ပိုင်ဝူဟိန်၏ တိုက်ခိုက်ရေးစွမ်းအားက အလွန် အစွမ်းထက်လွန်းနေသဖြင့် လက်ရှိအချိန်တွင် သူက ပြိုင်ဘက် လုံးဝ မဟုတ်သေးပေ။
"မြို့စားမင်း ကိုယ်တိုင် ရှင်းပြနေမှတော့... ဘာမှ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး..."
ကိစ္စ ပြီးသွားပြီဖြစ်ရာ ကျိုးဟန် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့သဖြင့် နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။
"ဒီ မိစ္ဆာနှိမ်နင်းရေး အမိန့်ပြား က အရမ်း အရေးကြီးတယ်နော်... သေချာ သိမ်းထားပါ..."
မထွက်ခွာမီ ဝေ့ချောင်းက သတိပေးစကား ဆိုလိုက်သည်။
လမ်းတွင် ကျိုးဟန်က မိစ္ဆာနှိမ်နင်းရေး အမိန့်ပြား ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
မိစ္ဆာနှိမ်နင်းရေး အမိန့်ပြား
အရည်အသွေး - ပလက်တီနမ်အဆင့်
ဖော်ပြချက် - မိစ္ဆာနှိမ်နင်းရေး ဌာန ၏ အမှတ်အသား ဖြစ်ပြီး ပလက်တီနမ်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှု တစ်ကြိမ်ကို ကာကွယ်နိုင်စွမ်း ရှိသည်
ရှင်းလင်းချက် - ကောင်းကင်ပြင်ပမှ သတ္တုဖြင့် ပြုလုပ်ထားပြီး နက်နဲဆန်းကြယ်သော စွမ်းအင်များ ပါဝင်သည်
ဤအမိန့်ပြား၏ သတ္တုက ဤမျှ အစွမ်းထက်ပြီး ပလက်တီနမ်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဝေ့ချောင်းက သေချာ သိမ်းထားရန် အထူးတလည် မှာကြားခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤသတ္တုမှာ အလွန် ရှားပါးလှသည်။
ကျိုးဟန်က ပလက်တီနမ်အဆင့် ကျွမ်းကျင်သူများကို မကြောက်သော်လည်း အမိန့်ပြားကို အဆင့်မြှင့်၍ ရသည် မဟုတ်ပါလားဟူ၍ တွေးမိသည်။
အကျိုးသက်ရောက်မှု မည်သို့ ရှိမည်ကိုတော့ မသိသေးပေ။
"၆ ကြိမ် အဆင့်မြှင့်မယ်..."
"စနစ် သတိပေးချက်... အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... အချက်အလက်အသစ် ထွက်ပေါ်လာပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."
မိစ္ဆာနှိမ်နင်းရေး အမိန့်ပြား
အရည်အသွေး - ပလက်တီနမ်အဆင့်
ဖော်ပြချက် - မိစ္ဆာနှိမ်နင်းရေး ဌာန ၏ အမှတ်အသား ဖြစ်ပြီး ဘုရင်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှု တစ်ကြိမ်ကို ကာကွယ်နိုင်စွမ်း ရှိသည်။
အထူးစွမ်းရည် ၁ - မိစ္ဆာမျိုးနွယ်များကို သတ်ဖြတ်ပြီးနောက် စွမ်းအင် ပြန်လည် ဖြည့်တင်းနိုင်သည် အရည်အသွေး တိုးတက်လာနိုင်ချေ အနည်းငယ် ရှိသည်။
ရှင်းလင်းချက် - ကောင်းကင်ပြင်ပမှ သတ္တုဖြင့် ပြုလုပ်ထားပြီး နက်နဲဆန်းကြယ်သော စွမ်းအင်များ ပါဝင်သည်။
မဆိုးဘူး... မဆိုးဘူး... ဘုရင်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း ရှိသည်။
ဤအရာက အသက်ရှင်နိုင်စွမ်းကို အလွန် ကြီးမားစွာ တိုးတက်စေသည်။
ခုနက မကျေမနပ် ဖြစ်နေသော စိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ပျော်ရွှင်လာတော့သည်။
မနက်ခင်း ကုန်လွန်သွားပြီဖြစ်ရာ ကျိုးဟန်က အစားအနည်းငယ် စားပြီးနောက် ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး သို့ သွား၍ သားရဲများ သတ်ရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့် ၂၅ သို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် အလုပ်အကိုင် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပြီ ဖြစ်ရာ သူ၏ စိတ်ထဲတွင် အလွန် မျှော်လင့်နေမိသည်။
"စနစ် သတိပေးချက်... သူငယ်ချင်းဆီမှ စာတိုအသစ် ရရှိပါသည်... စစ်ဆေးကြည့်ရှုလိုပါသလား..."
'ဟင်...'
'ဟန်ရှန်နင် တို့ ငါ့ကို ဘာကိစ္စ ရှိလို့လဲ မသိဘူး... အန္တရာယ် တစ်ခုခုနဲ့ ကြုံနေရလို့များလား...'
ကျိုးဟန် သူငယ်ချင်း စာရင်းကို ဖွင့်လိုက်ရာ စာတိုများ ထွက်ပေါ်လာသည်။
ဟန်ရှန်နင်က စာပို့ထားသည်။
"ကျိုးဟန်... မြန်မြန် လာခဲ့ပါဦး... ငါတို့ ထူးဆန်းတဲ့ နေရာတစ်ခုကို တွေ့ထားတယ်..."
ဟန်ချင်ရွှဲ့ကလည်း စာပို့လာသည်။
"ကျိုးဟန်... ဒီမှာ ဝိညာဉ် သစ်သီး တစ်ပင် ရှိတယ်... ဒါပေမဲ့ အစွမ်းထက်တဲ့ သားရဲ တစ်ကောင်က စောင့်နေလို့ ငါတို့ လုံးဝ မနိုင်ဘူး ဖြစ်နေတယ်..."
တစ်ချက် ကြည့်လိုက်ပြီးနောက် ကျိုးဟန် သက်ပြင်းချလိုက်မိသည်။ အန္တရာယ် ကြုံနေရခြင်း မဟုတ်ဘဲ အခွင့်အရေး ရနေခြင်းသာ ဖြစ်သည်။
"မင်းတို့ရဲ့ တည်နေရာကို ငါ့ဆီ ပို့လိုက်..."
ဝိညာဉ် သစ်သီး ဆိုသည်ကို မြင်သောအခါ ကျိုးဟန် အနည်းငယ် စိတ်ဝင်စားသွားပြီး အလျင်အမြန် စာပြန်လိုက်သည်။
"မီးတိမ် တောင်တန်း တည်နေရာ XXX..." ဟု ဟန်ရှန်နင်က ပြန်ပို့သည်။
"မင်းတို့ အရင်ဆုံး ငြိမ်ငြိမ်လေး နေထား... အန္တရာယ်ကင်းအောင် ဂရုစိုက်... ငါ အခု လိုက်လာခဲ့မယ်..." ဟု ကျိုးဟန်က ပြန်ပို့လိုက်သည်။
သူငယ်ချင်း စာရင်းကို ပိတ်လိုက်ပြီးနောက် ကျိုးဟန်က အထောက်အကူပြု စနစ်မှတစ်ဆင့် မီးတိမ် တောင်တန်း နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေကြည့်လိုက်သည်။
ထိုနေရာသည် ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
အပူချိန် အလွန် မြင့်မားသော မီးတောင်တန်းများ အဆက်မပြတ် တည်ရှိနေသော နေရာ ဖြစ်သည်။
ထိုနေရာတွင် အဓိက နေထိုင်ကြသော သားရဲများမှာ ရွှေအဆင့် မီးတိမ်ငှက် များနှင့် ပလက်တီနမ်အဆင့် မီးတိမ် ချီလင်ငှက် များ ဖြစ်ကြသည်။