အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) ရှေ့ထပ်တိုးလာရင်... ငါ တကယ် ချတော့မှာနော်
ယခုအချိန်တွင် ထို ၇ ယောက်က မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။
ကျိုးဟန် အနေဖြင့် ညီအစ်မ နှစ်ယောက်ကို နောက်ပြောင်စနောက်နေရန် အချိန်မရှိတော့ပေ။
ချက်ချင်းပင် တစ်ဖက်သို့ လှည့်လိုက်သည်။
'ဟွန့်...'
'ငါ ပထမဆုံးအကြိမ် မြင်ဖူးတာမှ မဟုတ်တာ...'
'ဘာတွေ ဒီလောက်တောင် လန့်နေကြတာလဲ...'
ကျိုးဟန် က စိတ်ထဲတွင် ဂရုမစိုက်သလို တွေးလိုက်သည်။
သေချာပေါက် ပါးစပ်မှတော့ ထိုသို့ ပြောမည်မဟုတ်ပေ။ လိုအပ်သည့် ဆင်ခြေအချို့ကိုတော့ ပေးရမည် ဖြစ်သည်။
"မင်းတို့ စိတ်ချပါ... ငါလည်း အခုလေးတင် ရောက်လာတာပါ... ပြီးတော့ ကျောင်းတုန်းကတည်းက မျက်မှန်သမားဆိုတော့ ဘာမှ သေချာ မမြင်ရပါဘူး..."
ကျိုးဟန် က မျက်နှာမပျက်ဘဲ ပြုံးကာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် နောက်သို့ လှည့်လိုက်သည်။
သူ၏ မျက်နှာက အနည်းငယ် မှိုင်းညို့သွားသည်။
ထို ၇ ယောက် လာနေသည့် အရပ်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုသူများ မည်သူဖြစ်ကြောင်း သူ မသိပေ။
သူတို့ မည်သူဖြစ်စေ သူ ဂရုမစိုက်ပေ။
သူ့ကို လာစော်ကားဲပါက သူက ရက်စက်ကြမ်းကြုတ်မည်ဆိုသည်ကိုတော့ အပြစ်မတင်နှင့်။
မကြာမီ
"တကယ်ကြီးလား... သူ မျက်မှန်သမား ဆိုတာ..."
ဟန်ချင်ရွှဲ့ က အနည်းငယ် သံသယဖြင့် မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဟန်ရှန်နင် နှင့် ကျိုးဟန် က ကျောင်းတစ်ကျောင်းတည်းမှ ဖြစ်သည် မဟုတ်ပါလား။
"အင်း... ဟုတ်လောက်ပါတယ်... ငါလည်း သေချာ မသိဘူး..."
ဟန်ရှန်နင် ကလည်း ဤကဲ့သို့သာ ဖြေသိမ့်လိုက်ရသည်။
မဟုတ်ပါက သူက မျက်မှန်သမား မဟုတ်ကြောင်း ပြောလိုက်လျှင် သူမတို့ အဝတ်အစားမပါဘဲ ရေချိုးနေသည်ကို ကျိုးဟန် မြင်သွားသည်မှာ သေချာသွားပြီ ဖြစ်သည်။
"နင် သေချာရဲ့လား..."
"ကဲပါ... အများကြီး တွေးမနေပါနဲ့တော့... အင်္ကျီ အရင် ဝတ်လိုက်..."
ကျိုးဟန် မြင်သွားလျှင်လည်း ထားလိုက်တော့။
အကယ်၍ အခြားသူများ မြင်သွားပါက ပို၍ ဆိုးရွားမည် ဖြစ်သည်။
မကြာမီ
၇ ယောက်ထဲတွင် လော်ပါးတောက် က ရှေ့ဆုံးမှ လျှောက်လာခဲ့သည်။
သို့သော် သူ၏ မျက်နှာပေါ်တွင် စဉ်းစားခန်း ဝင်နေသည့် အမူအရာများ ရှိနေသည်။
သူ စိုးရိမ်နေသည်မှာ ကျိုးဟန် ၏ ဘက်တွင် အကူအညီများလွန်းနေမည်ကို ဖြစ်သည်။
'အကယ်၍ ခဏနေ တစ်ဖက်မှာ လူအင်အား များနေရင်... ငါ ထွက်ပြေးဖို့ အခွင့်အရေး ရှာရမယ်...'
လော်ပါးတောက် ၏ စိတ်ထဲတွင် အဆက်မပြတ် တွက်ချက်နေသည်။
သေချာပေါက် ယုံကြည်မှု မရှိပါက သူ လွယ်လွယ်ဖြင့် ဝင်တိုက်မည် မဟုတ်ပေ။
"မင်း လာခဲ့... ဒီနေရာရှာဖွေရေး ကတ် ကို ယူသွားပြီး ကျိုးဟန် ဘက်မှာ လူဘယ်နှစ်ယောက် ရှိလဲ... ဘာ ထူးခြားတဲ့ အခြေအနေ ရှိလဲ ဆိုတာ သွားကြည့်ခဲ့... တွေ့တာနဲ့ ငါတို့ကို ချက်ချင်း လာပြော..."
လော်ပါးတောက် က သူ၏ တပည့် တစ်ယောက်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုတပည့်မှာ ယနေ့မှ အဆင့် ၁၀ သို့ ရောက်ရှိလာသူ ဖြစ်သည်။
၇ ယောက်ထဲတွင် စွမ်းအား အနည်းဆုံး ဖြစ်ပြီး အနိုင်ကျင့်ရ အလွယ်ဆုံးသူ ဖြစ်သည်။
ကျန် ၅ ယောက်ကလည်း ဤအကြံကို အလွန် သဘောတူကြသည်။
သဘောမတူလျှင်ကော ဘာလုပ်ရမည်နည်း။ ကိုယ်တိုင် သွားရမည်လား။
အကယ်၍ တစ်ဖက်တွင် လူအင်အားများပြီး အသိခံလိုက်ရပါက အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
အားလုံးက လူမိုက်များ မဟုတ်ကြပေ။
ကောမေ့ နှင့် လော်တာ တို့အတွက် ကလဲ့စားချေပေးမည်၊ နယ်မြေ ၁၂၃ ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူပေးမည် ဆိုသည်များမှာ အကြောင်းပြချက်များသာ ဖြစ်သည်။
တကယ့် ရည်ရွယ်ချက်မှာ ကျိုးဟန် ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများနှင့် အသုံးအဆောင်များ အတွက်သာ ဖြစ်သည်။
အကယ်၍ အကျိုးအမြတ် မရှိပါက မည်သူက အသက်အန္တရာယ်ခံပြီး ကလဲ့စားချေပေးမည်နည်း။
"အစ်ကိုပါးတောက်... ကျွန်တော် နေရာအတိအကျကို ရောက်တော့ လူ ၃ ယောက်ပဲ တွေ့တယ်... ယောကျ်ား တစ်ယောက်နဲ့ မိန်းမ နှစ်ယောက်... အဲဒီ ယောကျ်ား က ကျိုးဟန် ဖြစ်ဖို့ များတယ်..."
မကြာမီ သတင်းသွားစုံစမ်းသော တပည့်က ပြန်ရောက်လာပြီး အခြေအနေကို အစီရင်ခံလိုက်သည်။
"၃ ယောက်တည်းလား... မင်း သေချာ ကြည့်ခဲ့ရဲ့လား..."
"သေချာ ကြည့်ခဲ့ပါတယ်... လုံးဝ မမှားပါဘူး..."
"ဒါဆိုရင်တော့ တကယ် ကောင်းသွားပြီ... ကြည့်ရတာ သူတို့က ၃ ယောက် ၂ ယောက် အင်အား အသာစီးနဲ့ လော်တာ နဲ့ ကောမေ့ ကို သတ်သွားတာ ဖြစ်ရမယ်..."
ထိုအထဲမှ တစ်ယောက်က သူ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။
"အစ်ကိုပါးတောက်... ဘာတွေ စောင့်နေဦးမလဲ... ငါတို့ တိုက်ရိုက် သွားချရအောင်... ၇ ယောက် ၃ ယောက် ဆိုတော့ ငါတို့က အပြတ်အသတ် အသာစီး ရနေပြီပဲ..."
နောက်ထပ် တစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်နေသည်။
၃ ယောက်လုံးကို သတ်ဖြတ်နိုင်ပါက ရရှိမည့် အကျိုးအမြတ်က ပိုမို များပြားလာမည် ဖြစ်သည်။
"ငါတို့ အခု အမြန် သွားပြီး အပြတ်ရှင်းရမယ်... မဟုတ်ရင် နယ်မြေ ၆၆၆ က တခြားလူတွေ ရောက်လာိမ့်မယ်..."
လော်ပါးတောက် က အနည်းငယ် တွေဝေသွားပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
သူ အစိုးရိမ်ဆုံးမှာ ကျိုးဟန် ၏ အကူအညီများ များပြားနေမည်ကို ဖြစ်သည်။
ယခု ၃ ယောက်သာ ရှိသည်ဟု ကြားလိုက်ရချိန်တွင် သူ၏ စိတ်ထဲရှိ နောက်ဆုံး စိုးရိမ်မှုများလည်း ပျောက်ကွယ်သွားတော့သည်။
မကြာမီ ၇ ယောက်သား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကျိုးဟန် ၏ အနီးသို့ ရောက်ရှိလာကြသည်။
"မင်းက ကျိုးဟန် လား..."
လော်ပါးတောက် က မျက်လုံးများ မှေးလိုက်ပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... မင်းတို့ ငါ့ကို လာရှာတာ အရေးကြီး ကိစ္စရှိလို့လား... ငါ မင်းတို့ကို မစော်ကားခဲ့ပါဘူးနော်..."
ကျိုးဟန် က ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ကြောက်ရွံ့နေသည့်ဟန် ဆောင်ကာ မျက်လုံးများ လှုပ်ရှားနေရင်း ပြန်ဖြေလိုက်သည်။
"မင်းကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စကို မင်း မမှတ်မိတော့ဘူးလား... ငါတို့ နယ်မြေ ၁၂၃ က လူတွေကို သတ်ပြီးရင် အကျိုးဆက်ကို မင်း တွေးမထားဘူးလား..."
"ငါတို့ နယ်မြေ ၁၂၃ က လူတွေကို လာစော်ကားရဲတယ် ဆိုတော့ တကယ်ကို အသက်မရှင်ချင်တော့ဘူးပဲ..."
"ဒီနေ့တော့ မင်းကို သေချင်ရင်တောင် သေလို့မရ ရှင်ချင်ရင်တောင် ရှင်လို့မရ ဖြစ်အောင် လုပ်ပေးမယ်..."
"နာကျင်မှုတွေကို ခံစားပြီး ရုန်းကန်လိုက်စမ်း... ပြီးရင်တော့ သေလိုက်တော့..."
ကျိုးဟန် အလျှော့ပေးသည့်ဟန် ဆောင်နေသည်ကို မြင်သောအခါ ထိုသူများ၏ အရှိန်အဝါက ပိုမို ကြီးမားလာတော့သည်။
သူတို့၏ လေသံက ပိုမို ပြင်းထန်လာပြီး မျက်နှာပေါ်တွင်လည်း ရက်စက်သော အပြုံးများ အပြည့်အဝ ထွက်ပေါ်နေသည်။
"မင်း... မင်းတို့ ဘာလုပ်ချင်လို့လဲ... ရှေ့ထပ်မတိုးလာနဲ့နော်... နောက်ထပ် ရှေ့တိုးလာရင် ငါ တကယ် ချတော့မှာနော်..."
ကျိုးဟန် က ကြောက်ရွံ့တုန်လှုပ်နေသည့်ဟန် ဆောင်ကာ ထပ်မံ ပြောလိုက်သည်။
အခြားသူများ မြင်ပါက သေချာပေါက် စိတ်ဓာတ်ကျနေသည်ဟု ထင်ရမည် ဖြစ်သည်။
"ကျိုးဟန်... ဘာတွေ ဖြစ်နေတာလဲ..."
"သူတို့က ငါတို့ကို လာတိုက်ခိုက်ကြတာလား..."
ညီအစ်မ နှစ်ယောက်က အလျင်အမြန် မေးလိုက်ကြသည်။
သူတို့လည်း ကျိုးဟန် ၏ သရုပ်ဆောင်မှုအောက်တွင် လှည့်စားခံလိုက်ရသည်။
တစ်ဖက်တွင် လူ ၇ ယောက်တောင် ရှိနေသည် မဟုတ်ပါလား။
ထို့အပြင် အားလုံးက အဆင့် ၁၀ အထက်များ ဖြစ်ကြရာ သူတို့၏ စိတ်ထဲတွင်လည်း အနည်းငယ် ကြောက်ရွံ့နေကြသည်။
အကယ်၍ ကျိုးဟန် ပင် မရင်ဆိုင်နိုင်ပါက သူတို့မှာလည်း လုံးဝ နည်းလမ်း မရှိတော့ပေ။
"ရပါတယ်... မင်းတို့ အရင် နောက်ဆုတ်နေကြ... ငါ ရှင်းလိုက်မယ်..."
ကျိုးဟန် က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ဟေး... မင်းက တကယ်ကို ကံကောင်းတာပဲ... ဒီလောက် လှတဲ့ အလှလေး နှစ်ယောက်တောင် အနားမှာ ရှိနေတာကိုး..."
"သောက်ကျိုးနည်း... သူ့ကို သတ်ရမယ်... အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ... တစ်ယောက်တည်းက အလှလေး နှစ်ယောက်တောင် ပိုင်ဆိုင်ထားတယ်..."
"သူ့ကို သတ်လိုက်ရင် ပစ္စည်းတွေ ရရုံသာမက အလှလေးတွေကိုပါ ရဦးမှာပဲ..."
"ချကြ... ဟို အသက်ငယ်ငယ်လေးနဲ့ အလှလေး ကို ငါ ယူမယ်..."
လော်ပါးတောက် နှင့် အဖွဲ့က ဟန်ချင်ရွှဲ့ ညီအစ်မ နှစ်ယောက်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။
သူတို့က ရေချိုးပြီးခါစဖြစ်၍ ပန်းလေးများကဲ့သို့ လတ်ဆတ်လှပနေသည်။
ထိုသူများ၏ မျက်လုံးများထဲတွင် မကောင်းသော ရည်ရွယ်ချက်များ အပြည့်အဝ ပါဝင်နေပြီး ဟန်ရှန်နင် တို့ကို ရိုင်းစိုင်းစွာ စိုက်ကြည့်နေကြသည်။
ကျိုးဟန် ကို သတ်ဖြတ်ပြီးနောက် ညီအစ်မ နှစ်ယောက်ကိုပါ ပိုင်ဆိုင်ရမည်ဟု တွေးလိုက်မိချိန်တွင် လော်ပါးတောက် လည်း အကဲစမ်းမနေတော့ဘဲ ကျိုးဟန် ၏ သေဒဏ်ကို တိုက်ရိုက် ကြေညာလိုက်တော့သည်။
"ကျိုးဟန်... ဒီနေ့က မင်းရဲ့ သေနေ့ပဲ... သေဖို့သာ ပြင်ထားတော့..."
"မင်း... မင်းတို့ ရှေ့ထပ်မတိုးလာနဲ့နော်... ထပ်တိုးလာရင် ငါ တကယ် ချတော့မှာနော်..."
"ဟီးဟီး... မင်း ချချင်လည်း ချကြည့်လေ... ဒီနေ့တော့ မင်း ပြေးလို့ လွတ်မှာ မဟုတ်ဘူး..."
လော်ပါးတောက် နှင့် အဖွဲ့က သွေးဆာနေသော အေးစက်စက် အပြုံးများဖြင့် ကျိုးဟန် ကို ကြည့်နေကြသည်။
၇ ယောက်လုံးက တိုက်ရိုက်ပင် စွမ်းရည်များကို အသုံးပြုလိုက်ကြသည်။
"မီးတောက် ဓား..."
"ရေလှိုင်း..."
"မီးတောက် လက်သီး..."
အဝေးမှ တိုက်ခိုက်သူများရော အနီးကပ် တိုက်ခိုက်သူများပါ အားလုံး ပါဝင်နေသည်။
အားလုံးက ကျိုးဟန် ဆီသို့ တပြိုင်နက်တည်း ဝင်ရောက်လာပြီး ကျိုးဟန် ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ရည်ရွယ်ထားကြသည်။
"ဓားနတ်ဘုရား၏ အမည်နာမဖြင့် လောကရှိ ဓားတစ်သောင်းကို အမိန့်ပေးမည်... ဓားတစ်သောင်း မူလဆီသို့..."
ကျိုးဟန် က သူတို့၏ စွမ်းရည်များကို လုံးဝ ဂရုမစိုက်ပေ။
တိုက်ရိုက်ပင် အပြင်းထန်ဆုံး အထူးစွမ်းရည် ကို အသုံးပြုလိုက်သည်။
ဤသည်မှာ သူ ပထမဆုံး အကြိမ် အသုံးပြုခြင်း ဖြစ်သည်။
စွမ်းအားက မည်မျှ ကြီးမားမည်ကို သူ သိချင်နေသည်။
ကျိုးဟန် ၏ အော်ဟစ်သံနှင့်အတူ...
ကောင်းကင်သို့ ထိုးတက်သွားသော ဓားစွမ်းအင် တစ်ရပ်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သူ၏ အနောက်ဘက်တွင် လွင့်မျောနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင် တစ်ခုမှ နှစ်ခု... နှစ်ခုမှ လေးခု အစရှိသဖြင့် အဆက်မပြတ် ပွားများလာတော့သည်။
ဓားအရိပ် အရေအတွက် မည်မျှရှိသည်ကို ရေတွက်၍ပင် မရနိုင်တော့ဘဲ ပိုပို၍ များပြားလာကာ ကြီးမားသော စက်ဝိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အတွင်းပိုင်း တစ်ခုလုံး ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်တွင် ကျိုးဟန် ၏ ဆံပင်များက လေမတိုက်ဘဲ လွင့်ခါနေပြီး သူ၏ ဝတ်ရုံကလည်း တဖျပ်ဖျပ် လွင့်နေသည်။
ဓားနတ်ဘုရား တစ်ပါး ဆင်းသက်လာသည့်အလား ထက်မြက်လှသော ဓားစွမ်းအင်များကြောင့် မည်သူမျှ တည့်တည့် မကြည့်ရဲကြပေ။
"ပိုင်းဖြတ်လိုက်စမ်း..."
ဤစကားကို ညင်သာစွာ ရေရွတ်လိုက်ပြီးနောက်...
ဓားအရိပ်များက အမိန့်ရသည်နှင့် ရှေ့သို့ အဆက်မပြတ် ပျံသန်းသွားကြတော့သည်။
မီးတောက် ဓား... ရေလှိုင်း... အစရှိသည့် စွမ်းရည် အားလုံးက အထွတ်အထိပ် ဓားစွမ်းအင် ရှေ့တွင်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကျပျက်စီးသွားပြီး လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။
"ဘာ... ဒါ... ဘယ်လို ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးလဲ..."
"သောက်ကျိုးနည်း... ဒါက ဘာစွမ်းရည်လဲ... ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားမျိုး ရှိနေရတာလဲ..."
"မဖြစ်နိုင်တာ... ကျိုးဟန် က ခုနက သေမတတ် လန့်နေတာ မဟုတ်ဘူးလား..."
"သူက တကယ်ပဲ ကစားသမား တစ်ယောက် ဟုတ်ရဲ့လား... ဆယ်စုနှစ်ချီပြီး ကျင့်ကြံလာတဲ့ သိုင်းသမားအိုကြီး တစ်ယောက်များလား လို့တောင် ငါ သံသယ ဝင်လာပြီ..."
လူတိုင်း၏ စိတ်ထဲတွင် အလွန် ထိတ်လန့်တုန်လှုပ် သွားကြသည်။
ကောင်းကင် တစ်ခုလုံး ပြည့်နှက်နေသော ဓားစွမ်းအင်များက သူတို့ဆီသို့ ဝင်ရောက်လာသည်။
ထိုအရှိန်အဝါက ရူးသွပ်ကြမ်းတမ်းပြီး ထက်မြက်လှသည်။
လုံးဝ တားဆီး၍မရနိုင်သော စွမ်းအားမျိုးပင် ဖြစ်သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့်...
သူတို့၏ ဦးရေပြားများပင် ထုံကျဉ်သွားတော့သည်။
ဝိညာဉ် သုံးခုတွင် နှစ်ခု လွင့်ထွက်သွားသည့်အလား ကြောက်ရွံ့နေကြသည်။
အားလုံးက ထိုနေရာတွင် ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ရပ်နေကြတော့သည်။