အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) ကြယ်ရောင်အဆင့် သိုင်းကျမ်း... သိမြင်ခြင်း အမိန့်ပြား (၁၀ ကြိမ်မြှင့်)
တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် ပေါ်တွင် ထူးဆန်းသော စာသားများနှင့် နက်နဲသော ပုံများ ရေးထိုးထားသည်။ ထို့အပြင် ကျိုးဟန် နာမည်မခေါ်တတ်သော အခြားအရာများလည်း ရှိနေသေးရာ အရာခပ်သိမ်း ပါဝင်နေသည့်အလား ထင်မှတ်ရသည်။
'နီးလေလေ နားလည် သဘောပေါက်နိုင်စွမ်း ပိုကောင်းလေလေပဲ...'
ထိုဝိညာဉ်ပုံရိပ် ၏ သတိပေးချက်ကို ကျိုးဟန် မှတ်မိနေသည်။
သို့သော် လက်ရှိ ပြဿနာမှာ မည်သို့ ပိုမို နီးကပ်အောင် သွားရမည်နည်း။
ပထမဆုံးအနေဖြင့် လေထဲတွင် ပြည့်နှက်နေသော ဓားစွမ်းအင်များက အဆက်မပြတ် တိုက်ခိုက်နေသည်။ ဒုတိယအချက်မှာ ဤနေရာရှိ ဆွဲငင်အားက အပြင်ဘက်ထက် အများကြီး ပိုများနေပုံရသည်။
တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် နှင့် နီးကပ်လေလေ ဖိအားက ပိုမို ပြင်းထန်လေလေ ဖြစ်သည်။ ထို့ကြောင့် အနီးသို့ ကပ်ရန်မှာ မလွယ်ကူသော ကိစ္စရပ် တစ်ခု ဖြစ်သည်။
'ဒါကြောင့် နျဲ့ထျန်ချန် ပြောတာကိုး... လူသစ်တွေက ပထမအကြိမ်နဲ့ ဖြတ်ကျော်နိုင်တာ အရမ်း ရှားတယ်ဆိုတာ...'
ဤဆွဲငင်အား တစ်ခုတည်းကပင် လူကို အသားကျရန် ခက်ခဲစေသည်။
သို့သော် တစ်ခါ အသားကျသွားပါက ဒုတိယအကြိမ် ဝင်ရောက်လာချိန်တွင် အများကြီး ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
ဆွဲငင်အားနှင့် အသားကျပြီးနောက် သင်၏ ဉာဏ်ရည်ဉာဏ်သွေး ကို စစ်ဆေးရမည် ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေး အလွန် ညံ့ဖျင်းပြီး ရွှေအဆင့်နှင့် အထက် စွမ်းရည်များကို နားလည် သဘောပေါက်ခြင်း မရှိပါကလည်း အချည်းနှီးပင်။
ထိုသို့ဆိုလျှင် နိုးထခြင်း နှင့် ရေစက် မပါဟုသာ မှတ်ယူရတော့မည်။
'ဟင်... ဒီအမိန့်ပြားက တုံ့ပြန်မှု ရှိလာတာလား...'
လက်ထဲရှိ အမိန့်ပြားက ရွှေရောင် အလင်းတန်း ဖျော့ဖျော့လေး တောက်ပလာပြီး အသက်ဝင်လာပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
နျဲ့ထျန်ချန် က ကျိုးဟန် ထံသို့ အမိန့်ပြား ပေးလိုက်ချိန်မှစ၍ သိမြင်ခြင်း ကျောင်းတော် အတွင်းသို့ ဝင်ရောက်လာချိန်အထိ...
အမိန့်ပြားက အသက်မဝင်သေးသော အခြေအနေတွင်သာ ရှိနေခဲ့ရာ...
ကျိုးဟန် က စစ်ဆေးကြည့်ချင်လျှင်တောင် မဖြစ်နိုင်ခဲ့ပေ။ ယခု သူက ချက်ချင်းပင် စစ်ဆေးကြည့်လိုက်သည်။
သိမြင်ခြင်း အမိန့်ပြား
ဖော်ပြချက် - သိမြင်ခြင်း ကျောင်းတော် သို့ ဝင်ရောက်ရန် သော့တံ ဖြစ်သည် အသက်ဝင်ပြီးနောက် သိမြင်ခြင်း ကျောင်းတော် အတွင်း ကိုင်ဆောင်သူအား အနည်းငယ်မျှသော နားလည်နိုင်စွမ်းကို ပံ့ပိုးပေးနိုင်ပါသည်
'ဒါကြောင့် ခုနက ရွှေရောင် အလင်းတန်း တောက်ပလာတာကိုး... နတ်ဘုရားကျောက်တိုင် ကို နားလည် သဘောပေါက်ဖို့ ငါ့ကို နားလည်နိုင်စွမ်းတွေ ပံ့ပိုးပေးနေတာ ဖြစ်ရမယ်...'
ဒါက တကယ်ကို ပစ္စည်းကောင်း တစ်ခုပါလား။ ကျိုးဟန် ၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။ ဤအရာကိုလည်း သေချာပေါက် အဆင့်မြှင့်၍ ရနိုင်သည်။
ထင်သည့်အတိုင်းပင် ကျိုးဟန် က စိတ်ထဲမှ တစ်ကြိမ် အဆင့်မြှင့်မည်ဟု ရေရွတ်လိုက်ပြီးနောက် အဖြူရောင် အလင်းတန်း တစ်ချက် တောက်ပသွားပြီး အဆင့်မြှင့်တင်မှု အောင်မြင်ကြောင်း ပြသလိုက်သည်။
ကျိုးဟန် ဆက်လက်၍ အဆင့်မြှင့်လိုက်ရာ ၁၀ ကြိမ်မြှင့် ပြီးမှသာ ရပ်တန့်လိုက်သည်။
၎င်း၏ အချက်အလက်များကလည်း ကျိုးဟန် ၏ စနစ်ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာသည်။
သိမြင်ခြင်း အမိန့်ပြား (၁၀ ကြိမ်မြှင့်)
ဖော်ပြချက် - ဓားနတ်ဘုရား ကျောင်းတော် ၏ နေရာတိုင်းသို့ လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်နိုင်ပါသည် သိမြင်ခြင်း ကျောင်းတော် အတွင်း၌ ကိုင်ဆောင်သူအား အဆုံးမရှိသော နားလည်နိုင်စွမ်းကို ပံ့ပိုးပေးနိုင်ပါသည်
'၁၀ ကြိမ် အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှုက တကယ်ကို အစွမ်းထက်တာပဲ...'
ဖော်ပြချက်ကို မြင်လိုက်ရပြီးနောက် ကျိုးဟန် ၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားသွားသည်။ ၁၀ ကြိမ် အဆင့်မြှင့်နိုင်သော ပစ္စည်းတစ်ခုက ၎င်း၏ ထူးခြားမှုကို အရင်ဆုံး သက်သေပြနေပြီ ဖြစ်သည်။
အကျိုးသက်ရောက်မှုကလည်း ကျိုးဟန် ကို စိတ်ပျက်မသွားစေခဲ့ပေ။
ပထမဆုံးအနေဖြင့် ဓားနတ်ဘုရား ကျောင်းတော် ၏ နေရာတိုင်းသို့ လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်နိုင်ခြင်း တစ်ခုတည်းကပင် အကျိုးကျေးဇူး အများအပြား ရှိနေသည်။
ဓားနတ်ဘုရား ကျောင်းတော် အတွင်းရှိ နေရာအများစုမှာ ဝင်ရောက်ခွင့် အာဏာ လိုအပ်ကြောင်း သိထားရမည် ဖြစ်သည်။
ယခု ကျိုးဟန် က ဤအမိန့်ပြားကို ကိုင်ဆောင်ထားသဖြင့် အတားအဆီးမရှိ သွားလာနိုင်သည်။
ဥပမာအားဖြင့် အခြားမြို့များ၏ နယ်မြေများသို့ ဝင်ရောက်နိုင်ခြင်းက လွယ်ကူစွာဖြင့် Server ကျော်လွှားနိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့အပြင် သီးသန့် လျှို့ဝှက်နယ်မြေ အချို့လည်း ရှိသေးရာ သာမန် အလယ်အလတ်အဆင့် ဝန်ထမ်းများပင် ဝင်ရောက်ခွင့် မရှိကြပေ။
လက်ရှိတွင် ကျိုးဟန် က ဓားနတ်ဘုရား ကျောင်းတော် အကြောင်း သေချာ မသိသေးသဖြင့် မသိရှိသေးသော နေရာများစွာ ရှိနေသေးရာ သူ၏ အဆင့်ဖြင့် သိရှိရန် မဖြစ်နိုင်သေးပေ။
'ဒါတွေကို အရင် မတွေးသေးဘူး... အခု တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် ကို နားလည်အောင် လုပ်ဖို့က အရေးကြီးဆုံးပဲ...'
ကျိုးဟန် က စိတ်လှုပ်ရှားမှုကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
ယခု အဆုံးမရှိသော နားလည်နိုင်စွမ်း တိုးမြှင့်မှု ရှိနေပြီ ဖြစ်ရာ စာသားအဓိပ္ပာယ်အရ ကြည့်လျှင်ပင် အလွန် ကြီးမားပြီး အစွမ်းထက်လှသည်။
သို့သော် အတိအကျ မည်မျှ အစွမ်းထက်သည်ကို အချက်အလက်များ မရှိဘဲ ကျိုးဟန် လည်း သေချာ မသိနိုင်ပေ။
'ဒါဆို အခု အတိအကျ ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတာ အရင် စမ်းကြည့်ရမယ်...'
သူက နေရာတွင် ရပ်၍ တိုက်ရိုက် နားလည် သဘောပေါက်ရန် မကြိုးစားဘဲ တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် နှင့် တတ်နိုင်သမျှ အနီးကပ်ဆုံး ရောက်အောင် သွားရန် ကြိုးစားလိုက်သည်။
ထိုသို့လုပ်မှသာ ရာနှုန်းပြည့် သေချာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူက တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းကာ ခက်ခက်ခဲခဲ ရှေ့သို့ ရွေ့လျားလိုက်သည်။
ထင်သည့်အတိုင်းပင် အနီးသို့ ရောက်လေလေ ဖိအားက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။
မိနစ် နှစ်ဆယ် အကြာတွင်...
'ဟူး... ဒါက အမြင့်ဆုံး အကန့်အသတ် ရောက်နေပြီ ထင်တယ်... ထပ်ပြီး ရှေ့တိုးဖို့က ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ အရမ်း ခက်ခဲလွန်းတယ်...'
ကျိုးဟန် က ညစ်ညမ်းသော လေများကို ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ နဖူးတွင်လည်း ချွေးများ ပြည့်နှက်နေပြီ ဖြစ်သည်။
ယခု တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် နှင့် ၁၀ မီတာကျော်သာ ကွာဝေးတော့သည်။ ထို ၁၀ မီတာ အကွာအဝေးကို အထင်သေး၍ မရပေ။
ထိုတိုတောင်းလှသော အကွာအဝေးက ယခု ကျိုးဟန် ၏ ရှေ့တွင် ဖြတ်သန်းရန် မဖြစ်နိုင်သော ချောက်ကမ်းပါးကြီး တစ်ခုလို ဖြစ်နေသည်။ ရှေ့သို့ တစ်စင်တီမီတာ တိုးတိုင်း ခံစားရသော ဖိအားက အဆပေါင်းများစွာ တိုးလာသည်။
ယခု ကျိုးဟန် က ခန္ဓာကိုယ်၏ အမြင့်ဆုံး အကန့်အသတ်ကို ခံစားနေရပြီ ဖြစ်သည်။ အကယ်၍ အတင်းအကျပ် ရှေ့ဆက်တိုးပါက ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး...
ပြာအဖြစ် ပြောင်းလဲသွားနိုင်ချေပင် ရှိသည်။
'အခု ဒီ အဆုံးမရှိတဲ့ နားလည်နိုင်စွမ်း က ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလဲဆိုတာ ကြည့်ကြရအောင်...'
မိနစ်အနည်းငယ် အနားယူပြီးနောက် ကျိုးဟန် က အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး...
တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် ကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
ကျိုးဟန် က ကမ္ဘာတစ်ခုကို မြင်လိုက်ရသည့်အလား... ထိုအထဲတွင် ကြယ်တာရာ သမုဒ္ဒရာကြီး ရှိနေသည်။ ဆံပင်အဖြူရောင်နှင့် အမျိုးသား တစ်ဦးက ရေတံခွန်အောက်တွင် ရပ်နေသည်။
ကြမ်းတမ်းလှသော ရေစီးကြောင်းများက ပေတစ်ထောင် အမြင့်မှ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။ သို့သော် ထိုအမျိုးသား၏ မျက်နှာထားက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ မယိမ်းမယိုင် ရပ်နေသည်။
"အား..."
ရုတ်တရက် ထိုအမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရူးသွပ်ကြမ်းတမ်းသော အရှိန်အဝါ တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ပေတစ်ထောင် ရေတံခွန် ၏ ရေစီးကြောင်းများပင် နောက်ပြန်စီးဆင်းသွားအောင် ခြိမ်းခြောက်နိုင်ခဲ့သည်။
'သောက်ကျိုးနည်း... တကယ် အစွမ်းထက်တာပဲ... ဒီလို သန့်စင်တဲ့ ခန္ဓာကိုယ် စွမ်းအားမျိုးက အရမ်း ကြောက်စရာ ကောင်းတယ်...'
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျိုးဟန် လည်း အံ့အားသင့်သွားသည်။ ယခင်က သူ အနည်းငယ် စွမ်းအားရှိရုံဖြင့် ဂုဏ်ယူဝင့်ကြွားနေခဲ့သော်လည်း...
ယခုတော့ လုံးဝ သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ ဤကမ္ဘာရှိ တကယ့် ကျွမ်းကျင်သူများကို သူ တကယ့်တကယ် မထိတွေ့ရသေးပေ။
ပုံရိပ်များ တဖြည်းဖြည်း ဝေဝါးသွားသည်နှင့်အမျှ စနစ်၏ သတိပေးသံက ကျိုးဟန် ၏ ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
"စနစ် သတိပေးချက်... သင်သည် ကြယ်ရောင်အဆင့် သိုင်းကျမ်း အပြစ်ကင်းစင် ဓားခန္ဓာကိုယ် ကို နားလည် သဘောပေါက်သွားပါပြီ... သင်ယူမည်လား..."
'ဟင်...'
'ငါ သိုင်းကျမ်း ကို နားလည် သဘောပေါက် သွားတာလား...'
'ခုနက ဆံပင်အဖြူရောင်နဲ့ လူကြီး သိုင်းကျင့်နေတာက နားလည် သဘောပေါက်ဖို့ ပုံရိပ်တွေပဲ ဖြစ်ရမယ်...'
စနစ်၏ သတိပေးချက်ကို ကြားလိုက်ရချိန်တွင် ကျိုးဟန် အနည်းငယ် မှင်တက်သွားသည်။ ၅ မိနစ်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာ နားလည် သဘောပေါက်သွားခြင်း ဖြစ်သည်။
အပြစ်ကင်းစင် ဓားခန္ဓာကိုယ် လား။ ဤ သိုင်းကျမ်း ကို ကျိုးဟန် ကြားဖူးသည်။ တစ်နာရီခန့်ကပင် သူ ထိပ်တိုက် တွေ့ခဲ့သေးသည်။ ဓားစောင့်ရဲမက် နှစ်ယောက် အသုံးပြုခဲ့သော သိုင်းကျမ်း ပင် ဖြစ်သည်။
ကြယ်ရောင်အဆင့် သိုင်းကျမ်း ဖြစ်နေလိမ့်မည်ဟု ကျိုးဟန် လုံးဝ မထင်ထားခဲ့ပေ။
'ဒါကြောင့် ဓားလေဆင်နှာမောင်း နဲ့တောင် ဖောက်လို့ မရတာကိုး... ကြယ်ရောင်အဆင့် သိုင်းကျမ်း ဖြစ်နေတာကိုး...'
ကျိုးဟန် က ထိုအချိန်တုန်းက အနည်းငယ် သံသယဖြစ်ခဲ့သော်လည်း ယခုတော့ အကြောင်းရင်းကို သိသွားပြီ ဖြစ်သည်။
ဤသည်မှာ ဓားနတ်ဘုရား ဖန်တီးခဲ့သော သိုင်းကျမ်း ဖြစ်ပြီး အကာအကွယ် အမျိုးအစား သိုင်းကျမ်း တစ်ခု ဖြစ်သည်။ ထို ဓားစောင့်ရဲမက် များက တကယ့် အနှစ်သာရကို မသင်ယူနိုင်ခဲ့ကြပေ။
အကယ်၍ ဆံပင်အဖြူရောင်နှင့် အမျိုးသား ၏ အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့မည်ဆိုလျှင်...
ကျိုးဟန် မှာ ထို ဓားစောင့်ရဲမက် နှစ်ယောက်၏ လက်ချက်ဖြင့် ချက်ချင်း အသတ်ခံရမည်မှာ သေချာလှသည်။
'ဒါ အဆုံးမရှိတဲ့ နားလည်နိုင်စွမ်း ရဲ့ အကျိုးသက်ရောက်မှု များလား... ချက်ချင်းကို ကြယ်ရောင်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက် သွားတာပဲ...'
ကျိုးဟန် ၏ စိတ်ထဲတွင် အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားသည်။ နိုးထခြင်း တာဝန် ၏ ဒုတိယ အဆင့် ပြီးမြောက်သွားပြီဟု ဆိုနိုင်သည်။
ယခင်က အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ယခုတော့ စိတ်အေးသွားပြီ ဖြစ်သည်။
ကျိုးဟန် က သင်ယူမည် ဟု ဖြေကြားရန် ပြင်လိုက်ချိန်တွင်...
သိမြင်ခြင်း အမိန့်ပြား (၁၀ ကြိမ်မြှင့်) မှ ရွှေရောင် အလင်းတန်းများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကျိုးဟန် ကို ဖုံးလွှမ်းသွားသည်။
စက္ကန့်အနည်းငယ် အကြာတွင် သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပေါင်းစပ်သွားတော့သည်။
ထို့နောက် စနစ်၏ သတိပေးသံ ထပ်မံ ထွက်ပေါ်လာသည်။
"စနစ် သတိပေးချက်... အဆုံးမရှိသော နားလည်နိုင်စွမ်းကို ထောက်လှမ်းသိရှိရပါသဖြင့်... စွမ်းရည်များကို ပြန်လည် နားလည် သဘောပေါက်နေပါသည်... ကျေးဇူးပြု၍ ခေတ္တ စောင့်ဆိုင်းပါ..."
'ဘာတွေလဲ...'
'အတိအကျ ဘာတွေ ဖြစ်နေတာလဲ...'
ကျိုးဟန် လည်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
'ဒါဆို ခုနက ငါ နားလည် သဘောပေါက်ခဲ့တာ အဆုံးမရှိတဲ့ နားလည်နိုင်စွမ်း ရဲ့ အကူအညီ မပါဘဲ ငါ့ကိုယ်ပိုင် စွမ်းရည်နဲ့ သက်သက် နားလည် သဘောပေါက်ခဲ့တာလား...'
စဉ်းစားကြည့်လျှင် ဤသို့ ဖြစ်နိုင်ချေ သာ ရှိသည်။ စနစ်၏ သတိပေးသံက ဤအရာအားလုံးကို ရှင်းလင်းစွာ ဖော်ပြနေသည် မဟုတ်ပါလား။
'ငါက တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ... မလိမ်မညာဘဲနဲ့တောင် ကြယ်ရောင်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက်နိုင်တယ်... ဒီလို အရည်အချင်းမျိုးက ဂုဏ်ယူစရာ ကောင်းလောက်အောင်ပါပဲ...'
ကျိုးဟန် ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာပြီး စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
နိုးထခြင်း ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူများက အများအားဖြင့် ရွှေအဆင့် သို့မဟုတ် ပလက်တီနမ်အဆင့် သိုင်းကျမ်း များကိုသာ နားလည် သဘောပေါက်နိုင်ကြောင်း နျဲ့ထျန်ချန် ပြောသည်ကို သူ ကြားခဲ့ဖူးသည်။
စိန်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက်နိုင်သူ ဆိုသည်မှာ လက်ချိုးရေ၍ ရလောက်အောင် ရှားပါးလှသည်။
ကြယ်ရောင်အဆင့် ဆိုသည်ကတော့ တစ်ခါမှပင် မကြားဖူးခဲ့ပေ။