အခန်း ၇၀
Vol. 7 Ch. 70
အခန်း (၇၀) မိန်းမဆိုး ဝမ်ယွိဟယ်
မျက်စိရှေ့ရှိ မိန်းကလေးမှာ အလွန် လှပသော်လည်း သူမ၏ တစ်ကိုယ်လုံးမှ ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
မောက်မာပြီး အထက်စီးဆန်သော အငွေ့အသက်များက သူမ၏ နောက်ခံမှာ သေချာပေါက် သာမန် မဟုတ်ကြောင်း ပြသနေသည်။
"ပွဲကောင်း ကြည့်ရတော့မယ်... မိန်းမဆိုး က လမ်းပိတ်ထားပြီ ဆိုတော့ ဒီကောင်လေးတော့ ဒုက္ခရောက်ပြီ..."
"ဟင်... ဘာရန်ငြိုးတွေ ရှိလို့ လမ်းပိတ်ထားရတာလဲ..."
"သူမရဲ့ မျက်နှာထားကို ကြည့်လိုက်... တော်တော် ဆိုးနေတာ... တစ်ယောက်ယောက်က သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တာ သေချာတယ်..."
"ဓားနတ်ဘုရား ကျောင်းတော် မှာ သူမ ကို ဒေါသထွက်အောင် လုပ်ရဲတဲ့သူ ရှိတယ်လား... အခုမှ ရောက်လာတဲ့ လူသစ်လေး ဖြစ်ရမယ်..."
ရောက်လာသူမှာ ဓားဧကရာဇ် ၏ သမီးဖြစ်သော ဝမ်ယွိဟယ် ပင် ဖြစ်သည်။ သူမ၏ နောက်ခံက အလွန် ကြီးမြင့်လှပြီး အလှအပနှင့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် သူမက အလွန် ဆိုးသွမ်းပြီး ဒေါသကြီးကာ စကားအချေအတင် ဖြစ်သည်နှင့် တစ်ဖက်လူကို တိုက်ခိုက်လေ့ ရှိသည်။
ဓားနတ်ဘုရား ကျောင်းတော် မှ လူအများစုမှာ သူမ၏ ပညာပေးခြင်းကို ခံခဲ့ရဖူးသည်။
မရေမတွက်နိုင်သော အမျိုးသားများက သူမကို ချစ်လည်းချစ် မုန်းလည်း မုန်းကြသည်။
သူမက နတ်သမီးလေး တစ်ပါးလို လှပသော်လည်း အားလုံးက ကွယ်ရာတွင်တော့ သူမကို မိန်းမဆိုး ဟု ခေါ်ကြသည်။
လမ်းကြုံ၍ ဖြတ်သွားသူ အချို့က ထိုအရှိန်အဝါကြောင့် လန့်သွားကြပြီး ဆက်မသွားရဲတော့ဘဲ တစ်ဖက်တွင် ပုန်းကာ ဆွေးနွေးနေကြသည်။
"ဟိုကောင်လေးကို မြင်လား... သူက ကျိုးဟန် လေ..."
"ကျိုးဟန်... သိပ်မကြားဖူးပါဘူး... သူ့မှာ ဘာထူးခြားချက် ရှိလို့လဲ..."
"ဟုတ်တယ်လေ... ရုပ်လေး နည်းနည်း ချောတာကလွဲရင် ဘာမှ ထူးခြားပုံ မပေါ်ပါဘူး..."
ကျိုးဟန် ၏ ယနေ့ စမ်းသပ်မှု ကိစ္စက သတင်းမပျံ့သေးကြောင်း သိသာလှသည်။ မည်သို့ပင်ဖြစ်စေ ကိစ္စ ဖြစ်သွားသည်မှာ တစ်နာရီပင် မပြည့်သေးရာ လူတိုင်း ဘယ်လိုလုပ် သိနိုင်မည်နည်း။
ဓားနတ်ဘုရား ကျောင်းတော် တွင် လူအများအပြား ရှိရာ လူအများစုက ကျိုးဟန် ၏ နာမည်ကြီးမှုကို မသိကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။
"မင်းတို့ သတင်းတွေ တော်တော် နောက်ကျနေတာပဲ..."
"သူက ခုနကတင် နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ် ကို ရသွားတာလေ..."
"ဒီလိုလူမျိုးက မအစွမ်းထက်ဘဲ နေမလား..."
"ဘာ... နံပါတ်တစ် ပါရမီရှင် ဟုတ်လား... သောက်ကျိုးနည်း... အရမ်း ကြမ်းတာပဲ..."
"တကယ်ကို မိုက်လွန်းတယ်... ရုပ်ကလည်း ချောသေးတယ်... ပါရမီကလည်း ဒီလောက် ကောင်းနေသေးတယ် ဆိုတော့... လောကကြီးက တကယ်ကို မတရားဘူး..."
တစ်ယောက်ယောက်က ကျိုးဟန် ၏ နောက်ခံကို ပြောပြလိုက်ချိန်တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ ကြားတွင် ဆူညံသွားပြီး အားလုံးက အားကျမှုများ အံ့သြမှုများနှင့် ပြည့်နှက်သွားကြသည်။
"ဒါကြောင့်မို့ သူမ က ကျိုးဟန် ကို ပြဿနာ လာရှာတာကိုး... ငါ နားလည်ပြီ..."
"ဘာအကြောင်းကြောင့်လဲ... ကျိုးဟန် ရုပ်ချောလို့လား..."
"မဟုတ်ဘူးလေ... ဝမ်ယွိဟယ် က အရင်တုန်းက ဓားနတ်ဘုရား ကျောင်းတော် မှာ ပါရမီ အကောင်းဆုံးသူ ဖြစ်ခဲ့တာလေ... အခု နံပါတ်တစ် ပါရမီရှင် ပေါ်လာပြီး သူ့ကို ကျော်တက်သွားတော့ မင်းသာဆို ဘယ်လို နေမလဲ..."
"ငါဆိုရင် အရမ်း ပျော်မှာပေါ့... ကျိုးဟန် က ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတာကို..."
"ဟာသ မလုပ်နဲ့... မာနကြီးတဲ့ သူမက သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး... ဒါက ကျိုးဟန် ကို ပညာပေးပြီး သူ့မျက်နှာ ပြန်ဆယ်ဖို့ လာတာ သေချာတယ်..."
"ဒီတစ်ခါတော့ ပွဲကောင်း ကြည့်ရတော့မယ်... ပါရမီရှင် တွေကြားက တိုက်ပွဲဆိုတော့ သေချာပေါက် အရမ်း ကြည့်ကောင်းမှာပဲ..."
လူအများ၏ ပြောဆိုနေမှုများကို ကျိုးဟန် အနည်းငယ် ကြားလိုက်ရသည်။
မနီးမဝေးတွင် ရပ်နေသော မိန်းကလေးကို ကြည့်လိုက်ရာ သူမ၏ ခေါင်းပေါ်တွင် ခရမ်းရောင် ကျောက်စိမ်း ဓားမယ် ဝမ်ယွိဟယ် ဟူသော နာမည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာထားက မောက်မာနေပြီး မျက်လုံးများထဲတွင်လည်း ထက်မြက်သော အလင်းတန်းများ ပါဝင်နေသည်။
'ငါက နံပါတ်တစ် ပါရမီရှင် ဖြစ်သွားလို့ ဒီမိန်းမက မနာလိုဖြစ်ပြီး ပြဿနာ လာရှာတာ ဖြစ်ရမယ်...'
မိန်းမဆိုး ဟူသော နာမည်ပြောင်က တကယ်ကို လိုက်ဖက်သည်ဟု ကျိုးဟန် စိတ်ထဲတွင် ရယ်မောလိုက်သည်။
သူမကို တစ်ချက် ကြည့်ပြီးနောက် ကျိုးဟန် က ဂရုမစိုက်တော့ဘဲ တံခါးပေါက်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
တာဝန် လည်း မရသလို ဆုကြေးလည်း ဘာမှ မရမည့် ကိစ္စအတွက် သူ အချိန်မကုန်ချင်ပေ။
"ကျိုးဟန်... ရပ်လိုက်စမ်း..."
"ဘာလဲ... ကြောက်နေတာလား... ဒါက နင့်ရဲ့ နံပါတ်တစ် ပါရမီရှင် အရှိန်အဝါလား..."
"ဒီလောက်ပဲ ရှိတာလား..."
မွှေးကြိုင်သော ရနံ့တစ်ခု လွင့်ပျံလာပြီး ဝမ်ယွိဟယ် က အနီးသို့ ရောက်လာကာ ရန်စသော လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်လေ... မင်း သိသွားပြီလား... မင်း တော်တော် ဉာဏ်ကောင်းတာပဲ..."
ပြောပြီးနောက် ကျိုးဟန် ၏ ခြေလှမ်းများက မရပ်တန့်ခဲ့ပေ။
"ဘာ... နင်... နင်..."
ဝမ်ယွိဟယ် မှာ ကျိုးဟန် ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် မှင်တက်သွားသည်။
သူမက လှောင်ပြောင်ရန် စကားလုံး အများအပြား ပြင်ဆင်လာခဲ့သော်လည်း တစ်ဖက်လူက ဤကဲ့သို့ လွယ်ကူစွာ ဖြေရှင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိုးဟန် က နံပါတ်တစ် ပါရမီရှင် တစ်ယောက် အနေဖြင့် မိမိကိုယ်ကိုယ် ဂုဏ်ယူမှု ရှိမည်ဟု သူမ ထင်ထားခဲ့သည်။ သူမ၏ ဤကဲ့သို့ သွေးထိုးစကားကြောင့် ကျိုးဟန် က သူမနှင့် တိုက်ခိုက်လိမ့်မည်ဟု တွေးထားခဲ့သည်။
ထိုအချိန်ကျမှ သူ့ကို ကောင်းကောင်း ပညာပေးပြီး နံပါတ်တစ် ပါရမီရှင် ကို အနိုင်ယူနိုင်ပါက...
ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်မလဲ။
သို့သော် ကျိုးဟန် ၏ တုံ့ပြန်မှုက ဤမျှ ပေါ့ပေါ့ပါးပါး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"နင် သွားလို့ မရဘူး..."
ကျိုးဟန် ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ဝမ်ယွိဟယ် က အလျင်အမြန် အော်ဟစ်လိုက်သည်။
"ငါ ပြောနေတယ်လေ... နင် သွားလို့ မရဘူးလို့... မကြားဘူးလား..."
ကျိုးဟန် ၏ ခြေလှမ်းများက ရပ်တန့်မည့်ပုံ မပေါ်သည်ကို မြင်လိုက်ရသဖြင့် ဝမ်ယွိဟယ် ၏ အထက်တန်းလွှာ အကျင့်များ ထွက်ပေါ်လာတော့သည်။ ယခင်က မည်သည့် အမျိုးသားကမှ သူမ၏ အမိန့်ကို ဤကဲ့သို့ မဆန့်ကျင်ရဲခဲ့ပေ။
ဓားရှည်ကို ဆွဲထုတ်ကာ ကျိုးဟန် ကို ချိန်ရွယ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေသည်။
"ဟေ့... မိန်းမဆိုး... မင်းက ငါ ထွက်သွားမှာကို အဲဒီလောက်တောင် နှမြောနေတာလား..."
"ညကြီးမိုးချုပ် အိပ်မနေဘဲ ယောကျ်ား လိုချင်နေတာလား..."
တိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်တော့မှန်း သိလိုက်သဖြင့် ကျိုးဟန် လည်း သူမကို ယဉ်ကျေးစွာ ဆက်ဆံမနေတော့ဘဲ မျက်နှာပေါ်တွင် နောက်ပြောင်သည့် အပြုံးတစ်ခုဖြင့် လှောင်ပြောင်လိုက်သည်။
"မိန်းမ... မိန်းမဆိုး လား... နင် ဘယ်လိုများ ခေါ်ရဲတာလဲ... ပါးစပ်သရမ်းတဲ့ ကောင်... ဒီနေ့ နင့်ကို သေချာပေါက် နာကျင်အောင် လုပ်ပြမယ်..."
သူမကို မိန်းမဆိုး ဟု ခေါ်ရုံသာမက နောက်ပြောင်နေသေးသည် မဟုတ်ပါလား။
မာနကြီးသော သူမက မည်သို့ သည်းခံနိုင်မည်နည်း။
ယခု ဝမ်ယွိဟယ် ၏ မျက်နှာ နှစ်ဖက်လုံး နီမြန်းနေပြီး ရင်ဘတ်ကလည်း အသက်ရှူနှုန်းနှင့်အတူ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"ကောင်းပြီလေ... မိန်းမဆိုး... မင်း ဘယ်လောက်တောင် ဆိုးလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်... ဟားဟား..."
ကျိုးဟန် က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"တောက်... ဒီနေ့ နင့်ရဲ့ ပါးစပ်ကို ဖြဲပစ်မယ်..."
ကျိုးဟန် က သူမကို ထိုအမည်ဖြင့် အဆက်မပြတ် ခေါ်နေသည်ကို ကြားလိုက်ရသဖြင့် နောက်ဆုံးတွင် လုံးဝ သည်းမခံနိုင်တော့ပေ။
"ခရမ်းရောင် ကျောက်စိမ်း ဓားသိုင်း... ခရမ်းရောင် နဂါး ဝိညာဉ်ဖြတ် ဓားချက်..."
"ကောင်လေး... ဒါက နင် ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ တန်ဖိုးပဲ... နင် ငိုချင်သွားအောင် လုပ်ပြမယ်..."
ဝမ်ယွိဟယ် ၏ စကားသံ အဆုံးတွင် သူမ၏ လက်ထဲရှိ ဓားရှည်မှ ပြင်းထန်သော ခရမ်းရောင် အလင်းတန်းများ တောက်ပလာသည်။
ခရမ်းရောင် အလင်းတန်းများ လျင်မြန်စွာ စုစည်းသွားပြီး နဂါးခေါင်း ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားကာ လေကို ခွဲ၍ လျင်မြန်သော အရှိန်ဖြင့် ကျိုးဟန် ထံသို့ ကိုက်ခဲရန် တိုးဝင်လာသည်။
ဓားနတ်ဘုရား ကျောင်းတော် တွင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများကို တားမြစ်ထားသော်လည်း ယခု သူမက အလွန် ဒေါသထွက်နေသဖြင့် ဤအချက်ကို ဂရုမစိုက်တော့ပေ။ သူမက သတ်ပစ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ကျိုးဟန် ကို ပညာပေးရန် သက်သက်သာ ဖြစ်သည်။
"သောက်ကျိုးနည်း... ဒါ ဝမ်ယွိဟယ် ရဲ့ နာမည်ကြီး တိုက်ကွက်ပဲ... စွမ်းအားက ပိုပြီး ကြောက်စရာ ကောင်းလာတယ်... သူ တကယ်ကို ဒေါသထွက်သွားပြီ..."
"သူမ အခု ဖြစ်နေတဲ့ ပုံစံကိုလည်း ကြည့်ဦးလေ... ဒေါသထွက်လွန်းလို့ တုန်တောင် တုန်နေပြီ... မိန်းမဆိုး ဆိုတဲ့ နာမည်ကို ငါတို့ ကွယ်ရာမှာပဲ ခေါ်ရဲတာလေ... ဘယ်သူက သူ့မျက်နှာကို ကြည့်ပြီး တိုက်ရိုက် ခေါ်ရဲမှာလဲ..."
"ကျိုးဟန် ကိုတော့ တကယ် လေးစားတယ်... တကယ် သတ္တိရှိတာပဲ... သူမ ကိုတောင် နောက်ပြောင်ရဲတယ်..."
"ဒါက ငါတို့ ယောကျ်ားတွေ လုပ်ချင်ပေမဲ့ မလုပ်ရဲတဲ့ ကိစ္စကို သူက လုပ်ပြသွားတာပဲ..."
"အခုတော့ ဝမ်ယွိဟယ် ရဲ့ ဒေါသကို ခံရတော့မယ်... ကျိုးဟန် တောင့်ခံနိုင်ပါ့မလား မသိဘူး..."
ပတ်ဝန်းကျင်မှ လူများက ကျိုးဟန် ၏ လုပ်ရပ်ကို လေးစားနေကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည့် နဂါးခေါင်း ကို မြင်လိုက်ရချိန်တွင် ကျိုးဟန် အတွက် စိုးရိမ်သွားကြသည်။
ခရမ်းရောင် ကျောက်စိမ်း ဓားမယ် ဝမ်ယွိဟယ်
အဆင့် - ၆၂
သွေးပမာဏ - ၂၁၅၈၀
တိုက်ခိုက်မှု - ၄၆၃၀
အကာအကွယ် - ၂၄၂၃
လက်နက် - ခရမ်းရောင် မီးတောက် ဘုရင် ဓား
အသုံးအဆောင် - ရှေးဟောင်း ဝတ်စုံ
အဆင်တန်ဆာ - ဓားနတ်ဘုရား တံဆိပ်
သိုင်းကျမ်း - ခရမ်းရောင် ကျောက်စိမ်း ဓားသိုင်း
ကျိုးဟန် အာရုံစူးစိုက်၍ ကြည့်လိုက်ရာ ဝမ်ယွိဟယ် ၏ အချက်အလက်များ အားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
အချက်အလက်များက တကယ်ကို အစွမ်းထက်ပြီး လက်နက်နှင့် အသုံးအဆောင်များကလည်း သာမန် မဟုတ်ပေ။
ထို့အပြင် ဘုရင်အဆင့် ရှေးဟောင်း ဝတ်စုံ ကိုပါ ဝတ်ဆင်ထားသေးသည်။
ဧကရာဇ်အဆင့် အဆင်တန်ဆာ ဖြစ်သော ဓားနတ်ဘုရား တံဆိပ် လည်း ပါဝင်သေးသည်။
ဓားဧကရာဇ် ၏ သမီး ဖြစ်သည့်အတိုင်း သူမ၏ ပစ္စည်းများက တကယ်ကို ခမ်းနားလှသည်။
ကျိုးဟန် ပင် အနည်းငယ် မနာလို ဖြစ်သွားမိသည်။
သို့သော် ယခုအချိန်က အခြားအရာများကို တွေးတောနေရမည့် အချိန် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ခရမ်းရောင် နဂါးခေါင်း က ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျိုးဟန် ထံသို့ ဖုံးလွှမ်းလာပြီ ဖြစ်သောကြောင့်တည်း။