အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) ဓားဝိညာဉ်ကို ခေါ်ယူခြင်း... ရွှေမြွေဓား
"ဟုတ်တယ်လေ... ဒီထဲက သားရဲတွေက သာမန်ထက် အများကြီး ပိုအစွမ်းထက်တယ်... ငါတို့ဆီမှာ လူရှစ်ယောက် ရှိတာတောင် အစစအရာရာ သတိထားနေရတာ..."
"မင်းက ဝိညာဉ်တောင်ကြားမှာပဲ သွားပြီး လေ့ကျင့်သင့်တယ်... ဒီလိုနေရာမျိုးက မင်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."
"ကိုဖန့် ပြောတာ နားထောင်စမ်းပါ... အခု အချိန်ရှိတုန်း ပြန်လှည့်တာ အကောင်းဆုံးပဲ... သားရဲတွေ တွေ့သွားရင်တော့ မင်း သွားပြီပဲ..."
...
ဖန့်ဟူ၏ ဘေးရှိ အဖွဲ့ဝင်များကလည်း ဝိုင်း၍ ပြောဆိုကြသည်။ သူတို့က စွန့်စားသူအဖွဲ့၏ ဝါရင့် အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် မိုးကြိုး အပျက်အစီး၏ အန္တရာယ်ကို အခြားသူများထက် ပိုမို သိရှိထားကြသည်။
"ကောင်းပြီ... ပြောလို့ ပြီးကြပြီလား..."
"သတိပေးတာ ကျေးဇူးတင်ပါတယ်... ဒါဆို ငါ သွားတော့မယ်..."
တစ်ဖက်လူများက စေတနာဖြင့် သတိပေးနေခြင်း ဖြစ်သဖြင့် ကျိုးဟန်က ပြုံး၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် သူတို့ကို ဂရုမစိုက်တော့ဘဲ မှောင်မိုက်နေသော မြူခိုးများ အတွင်းသို့ တိုက်ရိုက် လျှောက်ဝင်သွားတော့သည်။
NPC များစွာနှင့် တွေ့ရသဖြင့် တာဝန် တစ်ခုခု ရလာနိုင်သည်ဟု သူ အစပိုင်းတွင် ထင်ထားခဲ့သည်။
ထို့ကြောင့်ပင် သူတို့၏ အပိုစကားများကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း စိတ်ပျက်စရာ ကောင်းသည်မှာ မည်သည့် တာဝန်မှ ထွက်ပေါ်မလာခဲ့ပေ။
မည်သည့် အကျိုးကျေးဇူးမှ မရနိုင်တော့မှန်း သိလိုက်ချိန်တွင် ကျိုးဟန်က သူတို့နှင့် ဆက်လက် စကားပြောနေရန် အကြောင်းမရှိတော့ပေ။
"ဟေ့... မင်း ဘာလို့ စကားနားမထောင်တာလဲ..."
ကျိုးဟန်က ထွက်ပေါက်ဘက်သို့ မသွားဘဲ မြူခိုးများထဲသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ဖန့်ဟူက အော်ဟစ်လိုက်သည်။
"ဒီလိုလုပ်ပါလား... မင်း ငါတို့ အနောက်ကနေ လိုက်ခဲ့လေ... ဒါဆိုရင် တစ်ယောက်တည်းထက်စာရင် အများကြီး ပိုလုံခြုံတာပေါ့..."
သို့သော် ကျိုးဟန်က ဘာမှ မကြားသည့်အလား ခြေလှမ်းများကို ရပ်တန့်ခြင်း မရှိပေ။ ကျိုးဟန် အနေဖြင့် သူတို့နှင့် အချိန်ဖြုန်းနေရန် အားမရှိပေ။
ကျိုးဟန် တစ်ချက် အကဲခတ်လိုက်ရုံဖြင့် ဤလူများထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ဖန့်ဟူ ပင်လျှင် ပလက်တီနမ် အရည်အသွေး ထိပ်ဆုံး အဆင့်လောက်သာ ရှိကြောင်း သိရှိလိုက်သည်။
"ကိုဖန့်... ထားလိုက်ပါတော့... ဒီကောင်လေးက စေတနာကို စော်ကားနေတာ... ပြောလို့လည်း ရမှာ မဟုတ်ဘူး..."
"သူ့သဘောအတိုင်း လွှတ်ထားလိုက်ပါ... ဒီလိုလူမျိုးက ဒုက္ခ မရောက်ဖူးသေးလို့လေ..."
"ကိုဖန့်က စိတ်ထားကောင်းလွန်းလို့ပါ... တခြားသူဆိုရင် ဒီလောက်အထိ အပိုစကားတွေ ပြောနေမှာ မဟုတ်ဘူး..."
"ငါတို့လည်း လှုပ်ရှားကြရအောင်... သွေးရိပ် ဝက်ဝံကြီးကို အရင် သွားသတ်ကြမယ်..."
"သွားကြစို့... တာဝန် မြန်မြန် ပြီးအောင် လုပ်ကြတာပေါ့... ဒီလို ကြောက်စရာကောင်းတဲ့ နေရာမှာ ကြာကြာနေလေ အန္တရာယ် များလေပဲ..."
သူတို့ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း သူတို့၏ အစီအစဉ်များကို လျင်မြန်စွာ ချမှတ်လိုက်ကြသည်။
...
ကျိုးဟန်က မြေပုံကို ဖွင့်ကာ တစ္ဆေ ဓားသမား၏ တည်နေရာကို ရှာဖွေလိုက်သည်။
တစ်ဖက်လူက မိုးကြိုး အပျက်အစီး၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
မြေပုံတွင် ပြသထားသော လမ်းကြောင်းအရ သူ့ကို သတ်နိုင်ရန်အတွက် သားရဲ စခန်းငါးခု ခြောက်ခုခန့်ကို အရင် ရှင်းလင်းရမည် ဖြစ်သည်။
"ဒီကောင်ကတော့ ပုန်းနေတတ်တာပဲ..."
ကျိုးဟန်က ပြုံး၍ ရေရွတ်လိုက်ပြီး အပြာရောင်တိမ်တိုက် ဓားကို ဆွဲထုတ်ကာ ပထမဆုံး သားရဲ စခန်း ဖြစ်သော မြွေကြီးမြစ် သို့ ဦးတည်လိုက်သည်။
မကြာမီ ကြည်လင်နေသော မြစ်တစ်စင်း အနားသို့ ရောက်ရှိလာသည်။
မြစ်၏ အကျယ်မှာ ၁၀ မီတာကျော် ခန့် ရှိပြီး တစ္ဆေ ဓားသမားကို ရှာရန်အတွက် ဤမြစ်ကို မဖြစ်မနေ ဖြတ်ကျော်ရမည် ဖြစ်သည်။
ရေပြင်က တည်ငြိမ်နေပြီး အလွန် ကြည်လင်နေသည်။ သေချာ ဂရုမစိုက်ပါက ရေအောက်တွင် သားရဲ အများအပြား ပုန်းအောင်းနေသည်ကို လုံးဝ သိရှိနိုင်မည် မဟုတ်ပေ။
သို့သော် ကျိုးဟန်တွင် အဆင့်မြှင့်တင်ထားသော အကဲဖြတ်ခြင်း စွမ်းရည် ရှိနေသဖြင့် ဤမြွေကြီးများ မည်မျှပင် ပုန်းအောင်းနေပါစေ အချည်းနှီးသာ ဖြစ်သည်။
ကျောက်သားအစင်းရှိ မြွေကြီး
အရည်အသွေး - ပလက်တီနမ်
အဆင့် - ၅၁
သွေးပမာဏ - ၆၀၀၀
တိုက်ခိုက်မှု - ၂၁၀၀
အကာအကွယ် - ၉၈၀
စွမ်းရည် ၁ - ရေလှိုင်းတိုက်ကွက် (ရေဓာတ်ကို ထိန်းချုပ်ကာ ရေလှိုင်းသုံးခုဖြင့် တိုက်ခိုက်သည်... ၁၀ မီတာ အတွင်းရှိ ရန်သူအားလုံးကို တိုက်ခိုက်မှု ၃.၈ ဆ ထိခိုက်စေသည်)
စွမ်းရည် ၂ - သေမင်းတမန် ရစ်ပတ်ခြင်း (ခန္ဓာကိုယ်၏ ကြီးမားသော စွမ်းအားကို အသုံးပြု၍ ရစ်ပတ်ကာ ပစ်မှတ် တစ်ခုတည်းကို တိုက်ခိုက်မှု ၄.၂ ဆ ထိခိုက်စေသည်)
ဖော်ပြချက် - ခန္ဓာကိုယ်ပေါ်ရှိ အစင်းများကို အသုံးပြု၍ ပုန်းအောင်းတတ်ပြီး ချောင်းမြောင်း တိုက်ခိုက်တတ်သည်... အားနည်းချက် - ရေခဲဓာတ်... လေဓာတ်...
အကဲဖြတ်ပြီးနောက် အချက်အလက်များ ထွက်ပေါ်လာသည်။
၎င်းက ရေဓာတ်ကို အသုံးပြုနိုင်သော သားရဲ တစ်မျိုး ဖြစ်ပြီး သွေးပမာဏမှာ ၆၀၀၀ သာ ရှိသဖြင့် ကျိုးဟန်၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
တိုက်ခိုက်မှုနှင့် စွမ်းရည်များကလည်း ကျိုးဟန်အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။
"ဝိညာဉ်ရိပ် ထိုးနှက်ချက်..."
ကျိုးဟန်က တုံ့ဆိုင်းမနေဘဲ စွမ်းရည် တစ်ခုကို လွှတ်ထုတ်လိုက်သည်။
-၈၄၀၀၀
-၈၅၀၀၀
-၈၇၀၀၀
ဝိညာဉ်ရိပ်သုံးခု ထွက်ပေါ်သွားပြီး ပြင်းထန်သော ထိခိုက်မှု ကိန်းဂဏန်းများ ထွက်ပေါ်လာကာ မြွေကြီးသုံးကောင်မှာ ချက်ချင်းပင် အသတ်ခံလိုက်ရသည်။
"ရှူး..."
"ရှူး..."
ဤသည်က ယမ်းအိုးကို မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားပြီး မြစ်အတွင်းရှိ မြွေကြီးများမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လာကြသည်။
သူတို့၏ ပုန်းအောင်းမှုများမှာ တစ်ဖက်လူ၏ ရှေ့တွင် အသုံးမဝင်ကြောင်း သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
မြစ်အောက်ခြေမှ တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက်လာကြရာ ရေလှိုင်းများမှာ ကောင်းကင်အထိ မြင့်တက်သွားပြီး သူတို့၏ မျက်လုံးများထဲတွင် သွေးဆာနေသော အအေးဓာတ်များ ပြည့်နှက်နေသည်။
သူတို့က ကြီးမားလှသော လျှာများကို ထုတ်ကာ တစ်ခဏအတွင်းမှာပင် သူတို့ ထိန်းချုပ်ထားသော ရေဓာတ်များ စုစည်းသွားပြီး ကောင်းကင်ပေါ်မှ မြစ်ရေများ ပြောင်းပြန် စီးဆင်းလာသကဲ့သို့ ဖြစ်သွားသည်။
ကြီးမားလှသော ရေလှိုင်းကြီးများက ကျိုးဟန်ထံသို့ ဖိနှိပ်လာကြသည်။
အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး တောင်ကြီး တစ်လုံးအလား လေးလံလှသည်။ အကယ်၍ ဖိမိသွားပါက ကျိုးဟန်၏ ခန္ဓာကိုယ်သည်ပင် တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
"လာတာ အတော်ပဲ... ဓားလေဆင်နှာမောင်း... အားလုံးကို လွင့်စင်သွားအောင် လုပ်ပေးမယ်..."
ကျိုးဟန်က မထိတ်လန့်ဘဲ အနည်းငယ်ပင် ပျော်ရွှင်သွားသည်။
အကယ်၍ ဤမြွေကြီးများက ရေထဲတွင်သာ ပုန်းအောင်းနေပါက သူ၏ စွမ်းရည်များမှာ ရေ၏ ခုခံမှုကြောင့် စွမ်းအား လျော့နည်းသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် ရှင်းလင်းရန် အချိန်အတော်ကြာပေလိမ့်မည်။ သို့သော် ယခု သူတို့အားလုံး ရေပြင်ပေါ်သို့ ခုန်ထွက်လာကြပြီ ဖြစ်ရာ ကျိုးဟန်အတွက် အခွင့်ကောင်း ဖြစ်သွားသည်။
သူက ချက်ချင်းပင် ဓားလေဆင်နှာမောင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။
လေဆင်နှာမောင်း အချို့ ကောင်းကင်သို့ မြင့်တက်သွားပြီး ကြီးမားသော ရေလှိုင်းများကို လွယ်ကူစွာပင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်သည်။
လေပြင်းများက ရပ်တန့်မသွားဘဲ ထိုမြွေကြီးများဆီသို့ တိုးဝင်သွားတော့သည်။
ကျိုးဟန်လည်း သူ၏ အမြန်ဆုံး မြန်နှုန်းကို အသုံးပြုကာ မြွေအုပ်ထဲသို့ တိုးဝင်သွားပြီး စတင် သုတ်သင်တော့သည်။
ဓားလေဆင်နှာမောင်း တွင် မြန်နှုန်း ၉၀ ရာခိုင်နှုန်း လျှော့ချပေးသော အကျိုးသက်ရောက်မှု ရှိနေသည်ကို သတိရရမည်။
ယခု မြွေကြီးများမှာ လှုပ်ရှားမှု နှေးကွေးနေပြီး ကျိုးဟန်၏ အသားစင်းတုံးပေါ်ရှိ အသားများကဲ့သို့ စိတ်ကြိုက် လှီးဖြတ်ခြင်းကို ခံနေရသည်။
-၄၈၀၀၀
-၄၅၀၀၀
-၄၈၀၀၀
ဓားချီများက လွတ်လပ်စွာ ဖြတ်သန်းနေပြီး ရေလှိုင်းများ တောက်ပနေသည်။ ခုနစ်မိနစ် ရှစ်မိနစ်ခန့် အကြာတွင် မျက်စိရှေ့ရှိ မြွေကြီး ၁၀၀ ကျော်မှာ အကုန်လုံး အသတ်ခံလိုက်ရသည်။
ထွက်လာသော ပစ္စည်းသုံးခုကို ကောက်ယူလိုက်ပြီး ကျိုးဟန် တစ်ခုချင်းစီ စစ်ဆေးကြည့်လိုက်သည်။
မြွေပုံစံ နားကပ်
အရည်အသွေး - ပလက်တီနမ်
အချက်အလက် - သွေးပမာဏ ၆၀၀ နှင့် အကာအကွယ် ၆၀ တိုးမည်
အကျိုးသက်ရောက်မှု - အဆိပ်ဒဏ် ခံနိုင်ရည် ၃၀ ရာခိုင်နှုန်း တိုးလာမည်
ဖော်ပြချက် - အကာအကွယ် ကောင်းမွန်ပြီး အဆိပ်ဒဏ် ခံနိုင်ရည် မြင့်မားသည်
အကာအကွယ်က တကယ်ကို ကောင်းမွန်သော်လည်း ကျိုးဟန်တွင် လရောင် နားကပ် ရှိနေပြီးသား ဖြစ်ရာ ဤအရာအတွက် အဆင့်မြှင့်တင်ခြင်း အမှတ်များကို မဖြုန်းတီးချင်တော့ပေ။
ထို့ကြောင့် ၎င်းကို ကျောပိုးအိတ်ထဲသို့ အရင် ထည့်လိုက်သည်။
ဆက်လက်၍ ဒုတိယမြောက် ပစ္စည်းကို စစ်ဆေးလိုက်ရာ ဓားမြှောင် တစ်လက် ဖြစ်နေသည်။
သွေးအဆိပ် ဓားမြှောင်
အရည်အသွေး - ပလက်တီနမ်
အချက်အလက် - တိုက်ခိုက်မှု ၅၀၀ နှင့် မြန်နှုန်း ၂၀ တိုးမည်
အကျိုးသက်ရောက်မှု - ပစ်မှတ်ကို ထိခိုက်စေပါက တစ်စက္ကန့်လျှင် သွေး ၃၀၀ လျော့ကျသွားမည်ဖြစ်ပြီး ၁၀ စက္ကန့် ကြာမြင့်မည်
ဖော်ပြချက် - သွေးအဆိပ်ကျောက်ဖြင့် ဖော်စပ်ထားသဖြင့် ပြင်းထန်သော အဆိပ်ဓာတ်များ ပါဝင်နေသည်
အကျိုးသက်ရောက်မှုက အတော်လေး ကောင်းမွန်ပြီး အဆင့်မြှင့်လိုက်ပါက အဆိပ်က ပိုပြင်းလာမည်မှာ သေချာသည်။ သို့သော် ဤသည်မှာ လူသတ်သမားများအတွက် သီးသန့် လက်နက် ဖြစ်သဖြင့် ဓားဝိညာဉ် တစ်ဦး ဖြစ်သော ကျိုးဟန်က အသုံးမပြုနိုင်ပေ။
၎င်းကို သိမ်းဆည်းလိုက်ပြီးနောက် နောက်ဆုံး ပစ္စည်းကို ကြည့်လိုက်သည်။
၎င်းကလည်း လက်နက် တစ်ခု ဖြစ်ပြီး ဓားရှည် တစ်လက် ဖြစ်သည်။ အသွင်အပြင်မှာ အလွန် ထူးဆန်းပြီး ၎င်းပေါ်တွင် ရွှေရောင် မြွေလေး တစ်ကောင်ကို ထွင်းထုထားသည်။ ကြည့်ရသည်မှာ သက်ရှိ တစ်ကောင်အလား အလွန် ထူးခြားလှသည်။
ရွှေမြွေဓား
အရည်အသွေး - စိန်
အချက်အလက် - တိုက်ခိုက်မှု ၆၀၀ နှင့် သေချာပေါက် ထိခိုက်မှု ၁၅ ရာခိုင်နှုန်း တိုးမည်
အကျိုးသက်ရောက်မှု - ဓားဝိညာဉ် ရွှေမြွေကို နိုးထစေနိုင်ပြီး ဓားသခင်ကို ကူညီ တိုက်ခိုက်ပေးမည်... ဓားအတွင်းမှ ထွက်၍ ငါးမိနစ်ခန့် တည်ရှိနိုင်သည်
ဖော်ပြချက် - ဓားဝိညာဉ်ကို ပိတ်လှောင်ထားသော ဓားတစ်လက် ဖြစ်ပြီး ကြီးထွားနိုင်စွမ်း အလွန် မြင့်မားသည်
'ဟင်...'
'စိန်အရည်အသွေး လက်နက် တစ်လက် ပါလား...'
ဤသည်မှာ ကျိုးဟန် မထင်ထားခဲ့သော အချက် ဖြစ်သည်။
"မြွေခေါင်းဆောင် ဆီကနေ ထွက်လာတာ ဖြစ်ရမယ်..."
မြွေကြီးများထဲတွင် အခြား အကောင်များထက် သိသိသာသာ ကြီးမားသော မြွေခေါင်းဆောင် တစ်ကောင် ပါဝင်နေသည်ကို ကျိုးဟန် သတိရလိုက်သည်။
ထိုအချိန်က သူက သတ်ဖြတ်ရခြင်းကို အာရုံရောက်နေသဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။ ယခု စိန်အရည်အသွေး လက်နက် ထွက်လာသည်ကို မြင်မှ သတိရလာခြင်း ဖြစ်သည်။
သေချာပေါက် ပလက်တီနမ် အရည်အသွေး သားရဲများထံမှ စိန်အရည်အသွေး ပစ္စည်းများ ထွက်လာနိုင်သော်လည်း ထိုအခွင့်အရေးမှာ အလွန် နည်းပါးလှသည်။ မြေအိုးမှ အကောင်းဆုံး ပစ္စည်းများ ထွက်လာနိုင်ခြေနှင့် အတူတူပင် ဖြစ်သည်။