အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) ရူးသွပ်သော ယန်မို လက်သည်း... ဒါလေးပဲလား
'သူ့ရဲ့ ဂုဏ်ပုဒ်ကို ကြည့်ရတာ စစ်သည် အလုပ်အကိုင် ဖြစ်ပြီး အနီးကပ် တိုက်ပွဲမှာ အရမ်း ကြမ်းတမ်းမယ့် ပုံပဲ... အဆင့်ကလည်း ၆၈ ကို ရောက်နေပြီ... အချက်အလက် သက်သက်ကိုပဲ ကြည့်မယ်ဆိုရင် ဝမ်ယွိဟယ် ထက်တောင် နည်းနည်း ပိုသာနေသေးတယ်...'
'ဒါပေမဲ့ တကယ့် တိုက်ပွဲမှာ အချက်အလက် တန်ဖိုးတွေက ရည်ညွှန်းချက် တစ်ခု အနေနဲ့ပဲ အသုံးဝင်တာ... သူမက ဓားဧကရာဇ် ရဲ့ သမီး ဆိုတော့ အရင်းအမြစ် မျိုးစုံက သေချာပေါက် ညံ့မှာ မဟုတ်ဘူးလေ... ဒီ ယန်ချင်းလုံ က မောက်မာဝင့်ကြွားနေတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ...'
ကျိုးဟန် က စိတ်ထဲတွင် တွေးလိုက်သည်။
အဆင်တန်ဆာ ဖြစ်သော ဘေးကင်းခြင်း အဆောင် ၏ ဖော်ပြချက်ကို ကျိုးဟန် မြင်တွေ့လိုက်ရချိန်တွင်... သူ အဘယ်ကြောင့် မြန်နှုန်း လျှော့ချခံရခြင်းမှ ကင်းလွတ်နေသနည်း ဆိုသည်ကို သိရှိသွားခဲ့သည်။ ဤအဆောင်က ပလက်တီနမ် အရည်အသွေး သာ ရှိသော်လည်း... ဆိုးရွားသော အခြေအနေများကို ခုခံနိုင်စွမ်း ၈၀ ရာခိုင်နှုန်း ရှိနေသည်။
ယန်ချင်းလုံ က စောစောက ထိုအကျိုးသက်ရောက်မှု အလုပ်လုပ်သွား၍သာ... ကျိုးဟန် ကို ထွက်၍ ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက လေပြင်းများထဲတွင် ပိတ်မိပြီး လှုပ်ရှားနိုင်မည်ပင် မဟုတ်ချေ။
'ဒီအဆောင်က မဆိုးဘူးပဲ... ခဏနေရင် ထွက်လာခဲ့ရင် ကောင်းမှာပဲ...'
တိုက်ပွဲ ပြီးဆုံးလျှင် ရရှိလာမည့် အရာများကိုပင် ကျိုးဟန် တွေးတောနေပြီ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ယန်ချင်းလုံ က သူ၏ ရှေ့သို့ ပြေးဝင်လာပြီ ဖြစ်သည်။
"ငါနဲ့ အနီးကပ် တိုက်ချင်တာလား... ကောင်းပြီလေ... မင်းကို သေချာ ခံစားခိုင်းရတာပေါ့..."
ကျိုးဟန် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ တကယ်တမ်း ပြောရလျှင် ကျိုးဟန် က အနီးကပ် ဖြစ်စေ၊ အဝေးက ဖြစ်စေ အားနည်းချက် လုံးဝ မရှိဘဲ ဘက်စုံ အပြည့်အဝ အစွမ်းထက်နေပြီ ဖြစ်သည်။
"ယန်ပါ... ဆုတ်ဖြဲ လက်သည်း..."
"ငါ့ရဲ့ လက်သည်း တွေက ဘာမဆို ဖျက်ဆီးနိုင်တယ်... မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..."
ကျိုးဟန် ၏ မျက်လုံးထဲမှ အထင်သေးမှုများကို မြင်လိုက်ရသဖြင့် ယန်ချင်းလုံ မှာ အစူးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ သူက ချန်းလဲ့မြို့ တွင် မျက်နှာပွင့်ပြီး အာဏာရှိသူ တစ်ယောက် ဖြစ်ရာ ယခု လူငယ်လေး တစ်ယောက်၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
ဤအရာက မည်သို့လျှင် ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။
သူ၏ ဟိန်းဟောက်သံနှင့် အတူ လက်ထဲရှိ ရူးသွပ်သော ယန်မို လက်သည်း က အလွန် ကြီးမားလာပြီး... ရူးသွပ်သော သွေးစွမ်းအင်များ ပွက်ပွက်ဆူလာကာ ကျိုးဟန် ထံသို့ ဆွဲဖြဲရန် ပြေးဝင်လာသည်။
ချောက်နက် သွေးနတ်ဆိုး ၏ လက်သည်းများအလား ကြောက်မက်ဖွယ် အရှိန်အဝါများက မျက်နှာဆီသို့ ရိုက်ခတ်လာသည်။ လေထုကပင် တစီစီ မြည်နေပြီး ဤကဲ့သို့သော အရှိန်အဝါကို မခံနိုင်သည့်အလား ဖြစ်နေသည်။
"အစ်ကိုနဂါး ရဲ့ တိုက်ကွက်က ပိုပြီး ကြမ်းတမ်းလာပြန်ပြီ... အရင်က စိန် အရည်အသွေး ရှိတဲ့ ရန်လင် မြေနဂါး ကို အရှင်လတ်လတ် ဆွဲဖြဲခဲ့တာ ငါ မှတ်မိသေးတယ်..."
"ကောင်းတယ်... အရမ်း ကောင်းတယ်... ဒီကောင့်ကို သေချာပေါက် ဆွဲဖြဲပစ်ရမယ်... သောက်ကျိုးနည်း... ခုနက ငါ တော်တော်လေး ခံလိုက်ရတာ... လျှပ်စီးပစ်လို့ သေတော့မလို့..."
"ဒီကောင်လေးရဲ့ စွမ်းအားက မဆိုးပေမဲ့ အစ်ကိုနဂါး ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု အောက်မှာတော့ အသက်ရှင်ဖို့ လမ်းမရှိတော့ပါဘူး..."
"ဒါက ငါတို့ အပြာရောင်နဂါး စွန့်စားသူအဖွဲ့ ကို ရန်စတဲ့ အကျိုးဆက်ပဲ... ခေါင်းဆောင် ရဲ့ အနီးကပ် တိုက်ပွဲက ပြိုင်ဘက်ကင်းတယ်... သူ့ရဲ့ လက်သည်း တစ်ချက်ကို ဘယ်သူမှ မခံနိုင်ဘူး..."
"ခုနက ငါ ဒီကောင်လေးရဲ့ ရိုက်ထုတ်တာ ခံလိုက်ရတာ... ခဏနေရင် သူ့အရေခွံကို ကိုယ်တိုင် ဆုတ်ပစ်မယ်..."
...
ယန်ချင်းလုံ ဝင်ပါလာသည်ကို မြင်လိုက်ရပြီးနောက်... အဖွဲ့ဝင်များ အားလုံး ယခင် ထိတ်လန့်မှုများမှ ပြန်လည် သက်သာလာကြသည်။
သူတို့၏ ခေါင်းဆောင် က မလှုပ်ရှားလျှင်သာ ရှိမည်၊ လှုပ်ရှားလိုက်လျှင် သေချာပေါက် အနိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ အားလုံး ယုံကြည်မှုများ ပြည့်နှက်နေကြသည်။
"ဟေ့ကောင်... သေလိုက်တော့... ငါ့ရဲ့ နာမည်ကျော် သိုင်းကွက် အောက်မှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ..."
ယခု လက်သည်း နှစ်ခုက မီတာ ဝက်ခန့် ရှည်လျားနေပြီး... ၎င်းပေါ်ရှိ သွေးစွမ်းအင်များက ပိုမို ထူထပ်လာသည်။
"ဝိညာဉ်ရိပ် ထိုးနှက်ချက်..."
ကျိုးဟန် က လက်ဖဝါး တစ်ချက် လှန်လိုက်ရာ မည်းနက်နေသော ဝိညာဉ်ဆူး သုံးချောင်း က လက်ဖဝါးပေါ်တွင် ဝဲပျံနေပြီး... လုံးဝ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
အဘယ်ကြောင့် ဝိညာဉ်ရိပ် ထိုးနှက်ချက် ကို သုံးရသနည်း ဆိုလျှင်... ပထမအချက် အနေဖြင့် အသုံးဝင်သောကြောင့် ဖြစ်သည်။ အနီးကပ် တိုက်ပွဲတွင် အကွာအဝေး တိုတောင်းသဖြင့် ဤကဲ့သို့ ထူးဆန်းသော တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အလွန် ခက်ခဲသည်။
ဒုတိယ အချက်မှာ ကျွမ်းကျင်မှုကို မြှင့်တင်ပြီး ဝိညာဉ်စုပ် လှိုင်း စွမ်းရည်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ဖြစ်သည်။
"ဟွန့်... ကိုယ့်အင်အားကိုယ် မသိတဲ့ကောင်... ငါ့ရဲ့ ရူးသွပ်သော ယန်မို လက်သည်း ရဲ့ ထက်မြက်မှုကို မင်းက တားဆီးရဲတယ်ပေါ့လေ..."
ယန်ချင်းလုံ ၏ မျက်နှာပေါ်တွင် အထင်သေးမှုများ ထွက်ပေါ်လာသည်။ ဝိညာဉ်ဆူး များက ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်သဖြင့် ၎င်းအပေါ်တွင် စွမ်းအင် အတက်အကျများကို မခံစားရဘဲ သာမန် သံတုံးများကဲ့သို့ ထင်ရသည်။
သူ၏ အစွမ်းထက်လှသော သွေးစွမ်းအင် များရှေ့တွင် ဤအရာများ ချက်ချင်း ဖျက်ဆီးခံရမည်ဟု သူ ယုံကြည်နေသည်။
"ဒုက္ခပဲ... ယန်ချင်းလုံ က အနားရောက်လာပြီ... ဒါက အရမ်း အန္တရာယ် များတဲ့ အကွာအဝေးပဲ..."
"ငါတော့ မကြည့်ရဲတော့ဘူး... သေချာပေါက် အရမ်း စုတ်ပြတ်သတ်သွားတော့မှာ..."
"မည်သို့ပင်ဖြစ်စေ ယန်ချင်းလုံ က နာမည်ကြီးနေတာ ကြာပြီလေ... သူ့ဆီကနေ ဘယ်သူမှ အမြတ်မထွက်ဖူးဘူး..."
ဖန့်ဟူ တို့ အဖွဲ့မှာလည်း မျက်နှာများ တင်းမာနေကြသည်။ ကျိုးဟန် ၏ ခုနက လှုပ်ရှားမှုများက သူတို့ကို ကြီးမားသော အံ့သြမှုများ ပေးစွမ်းခဲ့သဖြင့် သူတို့လည်း ကျိုးဟန် က ယန်ချင်းလုံ ကို သတ်ဖြတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် ထိုအရာက မဖြစ်နိုင်သလောက် ပင်။ ယန်ချင်းလုံ ၏ ရူးသွပ် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို မြင်လိုက်ရသဖြင့် ကျိုးဟန် အတွက် ချွေးအေးများ ပျံသွားမိကြသည်။
"ဘုန်း..."
ပြောရလျှင် ကြာသော်လည်း တကယ့် လက်တွေ့တွင်... စက္ကန့် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ကြီးမားလှသော အသံကြီး ထွက်ပေါ်လာပြီး သွေးစွမ်းအင်များက ကျိုးဟန် နှင့် တစ်ပေခန့် အကွာတွင် ပြင်းထန်စွာ တိုက်မိသွားသည်။
နောက်တစ်စက္ကန့်တွင် အားလုံး အံ့အားသင့်သွားကြသည်။
ယန်ချင်းလုံ ၏ ရူးသွပ်သော ယန်မို လက်သည်း များမှာ စက္ကူများအလား တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရသည်။
လူတိုင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် အနေဖြင့်... ကျိုးဟန် က အခြားတစ်ဖက်တွင် အနည်းငယ်မျှ ဒဏ်ရာ မရဘဲ တည်ငြိမ်စွာ ရပ်နေပြီး အစွမ်းကုန် ထုတ်သုံးထားသည့် ပုံပင် မပေါ်ပေ။
"ဘာ... မင်း... မင်း... ဒါ ဘာပစ္စည်းလဲ..."
"ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..."
ဝိညာဉ်ဆူး သုံးချောင်းလုံး ယန်ချင်းလုံ ၏ ခန္ဓာကိုယ်ပေါ်သို့ စိုက်ဝင်သွားပြီး... သွေးများက သူ၏ ခန္ဓာကိုယ်မှ တစ်ဆင့် စီးကျလာကာ... နဖူးတွင်လည်း ချွေးများ အလုံးလိုက် ကျလာသည်။
နာကျင်၍လော သို့မဟုတ် လန့်သွား၍လော မသိရချေ။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သူ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း ယန်ချင်းလုံ သိရှိလိုက်သည်။
"ဒါက ရူးသွပ်သော ယန်မို လက်သည်း ဆိုတာလား... မင်း လေလုံးထွားနေတာ ကြည့်ပြီး ဘယ်လောက်တောင် ကြမ်းမလဲ လို့ ငါ ထင်နေခဲ့တာ..."
အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီ ဖြစ်သော ရူးသွပ်သော ယန်မို လက်သည်း ကို ကြည့်ရင်း ကျိုးဟန် ၏ မျက်လုံးထဲမှ လှောင်ပြောင်မှုများကို ဖုံးကွယ်မထားတော့ပေ။
"ဘာ... ဒါ... ဒါ မဖြစ်နိုင်ဘူး... အစ်ကိုနဂါး က ဘယ်လိုလုပ် ရှုံးရတာလဲ..."
"ရှုံးသွားပြီ... အရှုံးကြီး ရှုံးသွားတာ... တစ်ကွက်တောင် မတောင့်ခံနိုင်ဘူး..."
"ဘုရားရေ... ဒီ လူငယ်လေး က အရမ်း ကြောက်စရာ ကောင်းလွန်းတယ်... ယန်ချင်းလုံ က သူ့ထက် အသက် နှစ်ဆလောက် ကြီးတာတောင် လုံးဝ ပြိုင်ဘက် မဟုတ်ဘူးပဲ..."
"ငါတို့ အပြာရောင်နဂါး စွန့်စားသူအဖွဲ့ က ဘယ်လို တည်ရှိမှုမျိုးကို ရန်စမိလိုက်တာလဲ... အစ်ကိုနဂါး တောင် ပြိုင်ဘက် မဟုတ်ဘူး ဆိုတော့ ငါတို့ကော..."
"ယန်ချင်းလုံ က တကယ်ကို အသုံးမကျတဲ့ ကောင်ပဲ... အသက် ၄၀ ကျော်နေပြီ လူငယ်လေး တစ်ယောက်ကိုတောင် မနိုင်ဘူး... အပြာရောင်နဂါး စွန့်စားသူအဖွဲ့ ထဲ ဝင်ခဲ့မိတာ တကယ် နောင်တရတယ်..."
"သောက်ကျိုးနည်း... အခုတော့ ထွက်ပြေးလို့လည်း မရတော့ဘူး... ငါ မသေချင်သေးဘူး..."
...
အဖွဲ့ဝင်ငယ်လေးများက ယန်ချင်းလုံ တစ်ကိုယ်လုံး သွေးများ ရွှဲနေသည့် စုတ်ပြတ်သတ်နေသော ပုံစံကို မြင်လိုက်ရချိန်တွင်... မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး... မကြာမီ မျှော်လင့်ချက်မဲ့သော လေထုက ပြန့်နှံ့သွားတော့သည်။
ယနေ့တွင် သူတို့ ဘေးကင်းနိုင်တော့မည် မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့်... အချို့သော အဖွဲ့ဝင်များက စိတ်လွတ်သွားပြီး တိုက်ရိုက်ပင် ဆဲဆိုကြတော့သည်။
"ညီလေး... ခဏနေပါဦး... ပြောစရာ ရှိတာ ကောင်းကောင်း ပြောလို့ ရပါတယ်..."
ကျိုးဟန် က ဆက်လက် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသဖြင့် ယန်ချင်းလုံ ၏ မျက်လုံးများ တုန်ယင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
"အရင်က ငါ လူကဲခတ် မှားသွားတာပါ... ငါ မှားပါတယ်... ဒီနေရာကနေ ငါ တောင်းပန်ပါတယ်... မနက်ဖြန် ကျရင် မင်း ကျေနပ်လောက်မယ့် လက်ဆောင်ကြီး တစ်ခု သေချာပေါက် ပို့ပေးပါ့မယ်... ငါတို့ မိတ်ဆွေဖွဲ့ကြရင် ဘယ်လိုလဲ..."
သိသာထင်ရှားစွာပင် အလျှော့ပေးလိုက်သော လေသံဖြစ်ပြီး မျက်လုံးထဲတွင် အသက်ရှင်သန်လိုစိတ်များ အပြည့်အဝ ရှိနေသည်။ ထို့အပြင် ကျိုးဟန် ကို စိတ်ပြောင်းသွားစေရန် မျှော်လင့်ချက်ဖြင့် လက်ဆောင်ကြီး ပေးမည်ဟု ကတိပေးလိုက်သေးသည်။ အခြေအနေကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ရှိကောင်း ရှိနိုင်သေးသည်။
"ဟက်... မိတ်ဆွေ... မင်းက အရည်အချင်း ပြည့်မီလို့လား... အခုမှ ကြောက်တတ်နေပြီလား..."
"မင်းရဲ့ ခေါင်းက ငါ့အတွက် အကျေနပ်ဆုံး လက်ဆောင်ပဲ..."
ကျိုးဟန် ၏ မျက်လုံးထဲတွင် ခံစားချက် တစ်စက်လေးမျှ မရှိဘဲ အေးစက်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ နောက်ပိုင်းတွင် တစ်ဖက်လူက သူ့ကို ပြန်လည် လက်စားချေမည်လား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ ထို့ကြောင့် ကျိုးဟန် အနေဖြင့် မည်သည့် ခြိမ်းခြောက်မှုကိုမဆို အမြစ်ဖြတ် ရှင်းလင်းပစ်ရမည် ဖြစ်သည်။
တစ်ခါ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်နှင့် သေချာပေါက် အပြတ်ရှင်းရမည် ဖြစ်သည်။
"တကယ်ပဲ ညှိနှိုင်းလို့ မရတော့ဘူးလား... လူတွေကို အဆုံးစွန်ထိ တွန်းမပို့ပါနဲ့..."
ငြင်းပယ်ခံလိုက်ရသဖြင့် ယန်ချင်းလုံ ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဟန်လုပ်ကာ ရဲတင်းစွာ ပြောလိုက်သည်။ နောက်ဆုံး ကြိုးစားကြည့်ချင်သေးခြင်း ဖြစ်သည်။
"မင်းရဲ့ အပိုစကားတွေ များလွန်းတယ်... သေလိုက်တော့..."
ကျိုးဟန် က လုံးဝ ဂရုစိုက်မနေဘဲ ရွှေရောင် ဓားချီများ ထုတ်လွှတ်လိုက်သည်။
"ငါက မင်းကို ကြောက်တယ်လို့ တကယ် ထင်နေတာလား..."
"မင်း ငါ့ကို အတင်း ဖိအားပေးတာနော်..."
တစ်ဖက်လူက သူ့ကို အလွတ်မပေးတော့ကြောင်း သိလိုက်ရသဖြင့် ယန်ချင်းလုံ ၏ လေသံက အေးစက်သွားပြီး မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်သန်းသွားသည်။
သူက ကျောပိုးအိတ်ထဲမှ ဆေးလုံး တစ်လုံးကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ ဆေးလုံးပေါ်တွင် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး ထူးဆန်းသော မှော်စာလုံးများ ထွင်းထုထားသည်။