အခန်း ၂၂
Vol. 2 Ch. 22
အခန်း (၂၂) လဲ့ချွမ်းမြို့သို့ ပြန်လည်ရောက်ရှိခြင်း
နောက်တစ်နေ့၊ နံနက်စောစောတွင်။
ကုန်သည်ယာဉ်တန်းသည် ခရီးကို ပြန်လည် စတင်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်ရှိသော ခရီးစဉ်တွင် မိုးမရွာခဲ့ပေ။ သို့သော်လည်း လူဆိုးများနှင့် နှစ်ကြိမ်တိတိ ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။ သို့တိုင်အောင် ဝေ့ရှင်း ပို့ဆောင်ရေးဌာန၏ ဂုဏ်သတင်းကြောင့် နှစ်ကြိမ်လုံး အခက်အခဲမရှိ ဖြတ်ကျော်နိုင်ခဲ့သည်။
နည်းနည်းပါးပါး ညှိနှိုင်းစီမံလိုက်ရုံဖြင့် အရာအားလုံး ချောမွေ့သွားခဲ့၏။
မည်သို့ဆိုစေ ကုန်သည်ယာဉ်တန်းတွင် အဆင့်(၇) ကျွမ်းကျင်သူ အတော်များများ ပါဝင်နေသည်။ လူဆိုးများမှာ ငွေကြေးအတွက်သာ လာရောက်ကြခြင်းဖြစ်သဖြင့် အချိန်ကုန်ခံပြီး အလကား အလုပ်မရှုပ်ချင်ကြပေ။
ပို၍ ပြောရမည်ဆိုလျှင် ပိုင်ယွင်အိမ်တော်ဘက်မှ ထူးခြားသော လှုပ်ရှားမှု မရှိတော့ခြင်းက သူ့ကို စိတ်ပျက်မိစေသည်။
လမ်းတစ်လျှောက်တွင် ကျင့်ကြံမှုအမှတ်များ ရယူနိုင်မည့် နေရာမျိုး မရှိတော့ချေ။
"အစ်ကိုရှန်လန်၊ ရှေ့နားရောက်ရင် လဲ့ချွမ်းမြို့ပဲ"
"တာဝန်ခံ ချန်က လဲ့ချွမ်းမြို့မှာ ကုန်ပစ္စည်းအပ်ဖို့ တစ်ရက်လောက် ကြန့်ကြာဦးမယ်။ ဒီညတော့ ကျွန်တော် ခင်ဗျားကို ပျော်စရာကောင်းတဲ့နေရာ ခေါ်သွားမယ်"
လျှိုတာလီက ရှောင်ပီလီကို မျက်စိတစ်ချက်မှိတ်ပြလိုက်ပြီး အမျိုးသားချင်းသာ နားလည်နိုင်သော အရိပ်အယောင်မျိုး ပြလိုက်သည်။
"အေးလေ"
ရှောင်ပီလီ ခေါင်းညိတ်လိုက်သည်။
မူလပိုင်ရှင်သည် ရှောင်မိသားစုတွင် ရှိစဉ်က အလွန်ပင် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ လစဉ် လစာကောင်းကောင်း ရရှိသော်လည်း ပြည့်တန်ဆာအိမ်များတွင် သုံးစွဲရန် မလောက်ငှပေ။
ထို့ပြင် ထိုစဉ်က သူသည် အလွန် တင်းကျပ်စွာ ထိန်းချုပ်ခြင်း ခံခဲ့ရသည်။ ပြည့်တန်ဆာအိမ်သို့ သွားရဲပါက ခြေထောက် ကျိုးသွားမည်မှာ အသေအချာပင်။
"ဟူး"
ဤအရာကို တွေးမိတိုင်း ရှောင်ပီလီ သက်ပြင်းချမိသည်။
မူလပိုင်ရှင်၏ အမှတ်တရများအရ မူလပိုင်ရှင်၏ ဖခင်သည် သူ့ကို အလွန်ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြောင်း သိသာသည်။
စန်းယွမ်ဓားဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် မူလပိုင်ရှင်သည် သူ၏ ဦးလေးကို ပို၍ပင် မုန်းတီးပေလိမ့်မည်။
"ကျွန်မလည်း ဒီည သွားချင်တယ်" ချန်မင်က အလျင်အမြန် ပြောလိုက်သည်။
လျှိုတာလီ ပြုံး၍ ပြောသည်။
"အဲဒီလိုနေရာမျိုးက မိန်းကလေးငယ်တွေ သွားရမယ့်နေရာ မဟုတ်ဘူး"
"မင်းကိုသာ ခေါ်သွားရင် မင်းဖခင်က ငါ့ကို အသေသတ်လိမ့်မယ်"
ချန်မင်သည် လျှိုတာလီ ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။ သူမ၏ မျက်နှာမှာ ရဲတက်သွားပြီး ချိုသာစွာ ပြောလိုက်သည်။
"ဦးလေးလျှို၊ ဦးလေး ကိုယ်တိုင် အဲဒီလိုနေရာမျိုး သွားတာ တစ်ပိုင်းပေါ့၊ အခုတော့ သခင်လေး ရှန်လန်ကိုပါ ဖျက်ဆီးတော့မလို့လား"
"ဟားဟား"
လျှိုတာလီသည် ရှောင်ပီလီကို ကြည့်ကာ ပြုံးရယ်လိုက်သည်။
"ဒါကတော့ သခင်လေး ရှန်လန် သွားချင်လား မသွားချင်လား ဆိုတာပေါ် မူတည်တာပေါ့"
ရှောင်ပီလီလည်း ပြုံးလျက် ပြန်ပြောသည်။
"သွားရမှာပေါ့"
တာဝန်ခံ ချန်က အလျင်အမြန် ဝင်ပြောသည်။
"ဒီခရီးစဉ်အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ အထူးသဖြင့် သခင်လေး ရှန်လန်ကိုပေါ့"
"ဒီနေ့တော့ ကျွန်တော် လောင်ချန်ကပဲ တာဝန်ယူပါရစေ။ ပို့ဆောင်ရေးဌာန ခေါင်းဆောင်လျှို၊ ကျွန်တော့်ကို မလုပါနဲ့တော့။ သူရဲကောင်း ရှန်လန်က ကျွန်တော့်ရဲ့ ကျေးဇူးတင်လက်ဆောင်ကို မယူလို့ စိတ်မကောင်းဖြစ်နေတာ၊ ဒီနေ့တော့ ကျွန်တော့်ကို အကုန်ကျခံခွင့် မပေးရင် ကျွန်တော် ဒေါသထွက်မိတော့မှာ"
လျှိုတာလီက"ကောင်းပြီ၊ ကောင်းပါပြီ။ ဒါဆိုလည်း တာဝန်ခံ ချန်ပဲ အကုန်အကျခံလိုက်ပါ"
တာဝန်ခံ ချန် ပြုံး၍ ပြောသည်။
"တုန်းကျန်းမြို့မှာ ရှိတဲ့ ကျွန်တော့်ဇနီးက အလွန် တင်းကျပ်သူဆိုတော့ အဲဒီလို ပြည့်တန်ဆာအိမ်မျိုး ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး။ ဒါပေမဲ့ ဒီမှာတော့... လဲ့ချွမ်းမြို့ကို နှစ်ခေါက်ရောက်ဖူးတယ်၊ အဲဒီက ပြည့်တန်ဆာအိမ်တွေက... တကယ့်ကို ကောင်းတာပဲ"
"ဒီညတော့ ကွေ့ဟုန်းကွတ်ယွမ်ကို သွားကြမယ်"
"ဟွတ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ချန်မင် အေးစက်စက် နှာမှုတ်လိုက်ပြီး အဖွဲ့၏ နောက်သို့ လျှောက်သွား၏။ သူမ၏ မျက်ဝန်းများမှာ ရှောင်ပီလီထံတွင် ကျန်ရစ်နေဆဲဖြစ်ပြီး သူ ငြင်းဆန်သည့်စကားကို ကြားလိုသော်လည်း စိတ်ပျက်သွားရသည်။
ရှောင်ပီလီမှာ မည်သို့မျှ မငြင်းဆန်ပေ။ ကွေ့ဟုန်းကွတ်ယွမ်သည် ရှောင်မိသားစု နေထိုင်သည့် လမ်းနှင့် မဝေးလှပေ။ လမ်းတစ်လမ်းသာ ခြားသဖြင့် သူ အလုပ်ကိစ္စ လုပ်ဆောင်ရန် အလွန် အဆင်ပြေသည်။
...
ညဉ့်အချိန်။
ကွေ့ဟုန်းကွတ်ယွမ် အတွင်းတွင်။
မီးရောင်များ ထိန်လင်းနေပြီး စားပွဲပေါ်တွင် အရသာရှိသော အစားအစာများ ပြည့်နှက်နေသည်။ ရှောင်ပီလီ၊ တာဝန်ခံ ချန်၊ လျှိုတာလီ နှင့် အခြားသူများသည် ပုဂ္ဂလိက အခန်းတစ်ခုတွင် သောက်စား ပြောဆိုနေကြသည်။ သူတို့နှင့် မဝေးလှသော နေရာတွင် အဆိုတော်များ အက ကပြနေကြသည်။
ပုဂ္ဂလိက အခန်းအတွင်းတွင် တာဝန်ခံ ချန် နှင့် အဆင့်(၇) ကျွမ်းကျင်သူ အချို့သာ ရှိသည်။
အခြားသူများမှာမူ တည်းခိုခန်းတွင် ကုန်ပစ္စည်းများကို စောင့်ရှောက်ရန် တာဝန်ယူထားကြပြီး အချို့မှာ ကွေ့ဟုန်းကွတ်ယွမ်၏ ပင်မခန်းမတွင် သောက်စားနေကြသည်။
ကွေ့ဟုန်းကွတ်ယွမ်မှာ ဈေးပေါသည့် နေရာမဟုတ်ပေ။ တာဝန်ခံ ချန်မှာ ငွေကြေးအနည်းငယ် ရှိသော်လည်း အားလုံးကို တပြေးညီ မပြုလုပ်ပေးနိုင်ပေ။
မူလပိုင်ရှင်မှာ ကွေ့ဟုန်းကွတ်ယွမ်သို့ တစ်ခါမျှ မရောက်ဖူးသေးသလို၊ ရှောင်ပီလီလည်း တာဝန်ခံ ချန်က ဤမျှထိ ခေတ်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခင်ဘဝက သူသည် ကာရာအိုကေ ဘားများသို့ မကြာခဏ သွားလေ့ရှိသည်။ ထိုနေရာတွင် သူသည် ပျော်ရွှင်စွာ သီချင်းဆိုလေ့ ရှိသော်လည်း ဤနေရာကဲ့သို့သော အရာမျိုးကိုမူ စိတ်မဝင်စားပေ။
သို့သော်လည်း အတွေ့အကြုံရှိသူတစ်ယောက်၏ အမြင်အရ ဤအဆိုတော်များသည် ကွေ့ဟုန်းကွတ်ယွမ်မှ ဂရုတစိုက် လေ့ကျင့်ပေးထားကြောင်း ထင်ရှားသည်။ ယခင်ဘဝကအတိုင်းဆိုလျှင် အလှအပဆိုင်ရာ ကတာများနှင့်ဆိုပါက တိုက်ရိုက်ထုတ်လွှင့်သည့် နတ်သမီးလေးများ ဖြစ်လာမည်မှာ အသေအချာပင်။
ရှောင်ပီလီ စိတ်မပါသည်ကို မြင်သဖြင့် တာဝန်ခံ ချန်က ပြုံး၍ ပြောသည်။
"စိတ်မပူပါနဲ့ အစ်ကိုရှန်လန်၊ ဒါက အမြည်းသက်သက်ပါ။ ဒီညတော့ အစ်ကို ကွေ့ဟုန်းကွတ်ယွမ်မှာပဲ တည်းခိုရမယ်။ ကျွန်တော် အားလုံး စီစဉ်ပြီးသွားပြီ"
"ဟေ့၊ တာဝန်ခံ ချန် ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဗဟုသုတ တိုးပွားအောင် လာတာပါ" ရှောင်ပီလီက တည်ကြည်စွာ ပြောလိုက်သည်။
သူသည် သာမန်လူတစ်ယောက် ဖြစ်သော်လည်း ဤလောကမှာ ယခင်ဘဝကကဲ့သို့ ဆေးဝါးကုသမှု အတိုင်းအတာမျိုး မရှိပေ။
အကယ်၍ ရောဂါတစ်ခုခု ရသွားပါက ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်က ထိုဗိုင်းရပ်စ်များကို ခုခံနိုင်မလား ဆိုသည်မှာ မသိနိုင်ပေ။
"ဟားဟား"
လျှိုတာလီနှင့် အခြားသူများအားလုံး ရယ်မောလိုက်ကြသည်။
သူတို့လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာစဉ်က ရှန်လန်ကဲ့သို့ပင် ဖြစ်ကြသည်။ သို့သော်လည်း အကြိမ်အနည်းငယ် ရောက်လာပြီးနောက်တွင် ရှက်ရွံ့ခြင်း မရှိတော့ပေ။
လောကကို လှည့်ပတ်သွားလာနေခြင်းမှာ ဂုဏ်၊ ငွေ၊ မိန်းမတို့အတွက် မဟုတ်ပေလော။
ညနက်သည့်တိုင်အောင်၊
အဖွဲ့သည် ပုဂ္ဂလိက အခန်းထဲမှ ထွက်လာကြသည်။ အခန်းထဲမှ ထွက်လာသည်နှင့် ကွေ့ဟုန်းကွတ်ယွမ်မှ အစေခံမလေးများက လာရောက် ကြိုဆိုကြပြီး မူးရစ်နေကြသော သူတို့ကို သက်ဆိုင်ရာ အခန်းများသို့ ပို့ဆောင်ပေးကြသည်။
"သခင်လေး ရှန်လန်၊ ဒီတစ်ယောက်ကတော့ ကျွန်မတို့ ကွေ့ဟုန်းကွတ်ယွမ်ရဲ့ ထိပ်တန်း ပြည့်တန်ဆာမလေး ယွင်ယန်ပါ"
အစေခံမလေးက ရှောင်ပီလီကို အခန်းထဲသို့ ပို့ဆောင်ပေးပြီးနောက် ပြည့်တန်ဆာအိမ်၏ အရှင်သခင်မက ရှောင်ပီလီကို ပြုံး၍ ပြောသည်။
ရှောင်ပီလီ မော့ကြည့်လိုက်သည်။
ယွင်ယန်မှာ တကယ့်ကိုပင် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးငယ်တစ်ယောက်၏ ပုံစံမျိုး ရှိနေသည်။ ယွင်ယန်က အစေခံမလေးထံမှ ရှောင်ပီလီကို လက်ခံယူလိုက်သည်။
အရှင်သခင်မက အော်ဟစ် ရယ်မောလိုက်သည်။
"ယွင်ယန်၊ မင်း ဒီည ဒီသူရဲကောင်းလေးကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်"
စကားပြောပြီးနောက် အစေခံမလေးနှင့်အတူ ထွက်ခွာသွားပြီး တံခါးကို ပိတ်ထားခဲ့သည်။ ယွင်ယန်က မူးရစ်နေသော ရှောင်ပီလီကို ကုတင်ဆီသို့ တွဲခေါ်သွားသည်။
ရုတ်တရက်၊
ရှောင်ပီလီ ယိုင်လဲသွားပြီး ရှေးဟောင်းပုံစံ ကုတင်ပေါ်သို့ ပြုတ်ကျသွားကာ ယွင်ယန်ကိုပါ ဆွဲခေါ်သွားသလို ဖြစ်သွားသည်။ ယွင်ယန် သတိပြန်ဝင်လာချိန်တွင်၊
ရှောင်ပီလီက သူမ၏ တစ်ကိုယ်လုံးကို ဖိထားသလို ဖြစ်နေသည်။
"သခင်လေး"
"သခင်လေး ရှန်လန်"
"..."
ရှောင်ပီလီ၏ ကိုယ်ခန္ဓာက လေးလွန်းလှသဖြင့် ယွင်ယန် မည်သို့ပင် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်တော့ပေ။ ထို့ကြောင့် သူမ ကံကြမ္မာကိုသာ အရှုံးပေးလိုက်ရသည်။
ထို့နောက် မျက်ခွံများ လေးလံလာသဖြင့် မည်သို့မျှ မနိုးထနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။
ယွင်ယန်၏ အသက်ရှူသံ ပုံမှန်ဖြစ်သွားသောအခါ ရှောင်ပီလီ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူ၏ မျက်ဝန်းများတွင် မူးရစ်သည့် အရိပ်အယောင် လုံးဝ မရှိတော့ပေ။
ရှောင်ပီလီ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အသံတစ်စက်မျှ မထွက်စေဘဲ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။
ရှောင်မိသားစု နေအိမ်သို့ ချဉ်းကပ်လာချိန်တွင် ရှောင်ပီလီ သူ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ သူ၏ ချောမောပြီး ငယ်ရွယ်သော မျက်နှာကို ပေါ်လွင်စေသည်။
ဒီနေ့တော့ ငါ့ရဲ့ မူလပိုင်ရှင် ရှောင်ပီလီအဖြစ် ပြန်သွားရမယ်။
အသက်ရှူနှုန်း ဆယ်ကြိမ်ခန့်အကြာတွင် ရှောင်မိသားစု နေအိမ်သို့ ရောက်ရှိလာသည်။ ရှောင်ပီလီသည် ရှောင်မိသားစု၏ နေအိမ်ကို အလွန်ပင် ရင်းနှီးသည်။ ရှောင်မိသားစု၏ အစောင့်များကို မသိစေဘဲ ရှောင်ဖူးရှန့်၏ နေအိမ်ဆီသို့ ဦးတည် သွားလိုက်သည်။
ဤအချိန်တွင်၊
ရှောင်ဖူးရှန့်၏ အခန်းတွင် မီးရောင်များ ထိန်လင်းနေဆဲ ဖြစ်သဖြင့် သူ အိပ်မပျော်သေးကြောင်း သိနိုင်သည်။
ရှောင်ပီလီ ခြံစည်းရိုးပေါ်သို့ ရောက်လာသည်နှင့် သူ၏ ဦးလေးဖြစ်သူ၏ စာကြည့်ခန်းမှ ရှောင်ဖူးရှန့်၏ အသံကို ကြားလိုက်ရသည်။
"တုန်းကျန်းမြို့မှာလည်း အဲဒီ သားပုပ်သားပွလေးကို မတွေ့ဘူးလား"
ထို့နောက် အသက်အရွယ်ကြီးရင့်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အဲဒီ သားပုပ်သားပွလေး မြစ်ထဲမှာ ပျောက်သွားပြီးကတည်းက ဘာခြေရာမှ မတွေ့တော့ဘူး"
"ဒါပေမဲ့ ဒီနေ့တော့ အကြီးအကဲသခင်ကြီး ပြန်ရောက်လာပြီ။ သူ ပြောတာက သူရဲကောင်း လျှိုက ရှောင်ပီလီကို ရှာတွေ့မယ့် နည်းလမ်းကို တွေ့ရှိထားတယ်တဲ့။ အများဆုံး ဆယ်ရက်အတွင်း ရှောင်ပီလီ မန်ပြည်နယ်မှာပဲ ရှိနေသရွေ့ သူ သေရမှာ အသေအချာပဲ"
"ဘာနည်းလမ်းလဲ"
"ကျွန်တော်လည်း မသိဘူး၊ အကြီးအကဲသခင်ကြီး မပြောဘူး"
"..."
ပြတင်းပေါက်မှတစ်ဆင့် စကားပြောနေသူ၏ အထောက်အထားကို ရှောင်ပီလီ အတည်ပြုလိုက်နိုင်သည်။
လျန်ကျုံးရှင်း၊ ချန်ဟဲဂိုဏ်းမှ အကြီးအကဲတစ်ယောက် ဖြစ်သည်။ ရှောင်ပီလီ အကြိမ်အတော်များများ တွေ့ဖူးသည့်သူဖြစ်ပြီး ရှောင်ဖူးရှန့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည်။
"ဟူး"
သက်ပြင်းချသံတစ်ခု သူတို့နားသို့ ရောက်ရှိလာသည်။
"ဘယ်သူလဲ"
ရှောင်ဖူးရှန့် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ စာကြည့်ခန်း အဝင်ဝတွင် ရပ်နေသော သူကို မြင်လိုက်ရသောအခါ သူ မြင်မကောင်းအောင်ပင် ဖြစ်သွားသည်။ လျန်ကျုံးရှင်းက ပထမဆုံး သတိဝင်လာပြီး မဲ့ပြုံးပြလိုက်သည်။
"ချစ်တူလေး၊ မင်းကတော့ ငါတို့ကို အတော်လေး ရှာခိုင်းလိုက်တာပဲ"