ကြွင်းကျန်တဲ့ သစ်ရွက်တွေကို လေပြင်းအဝှေ့
Vol. 019 Ch. 948
သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး အမည်ရသည့် မြို့ကြီးငါးမြို့သည် မြို့တော်နှင့် အနီးဆုံးတွင် ရှိနေကြသော မြို့များပင်။ ၎င်းမြို့များသည် မြို့တော်၏ ကီလိုမီတာ ငါးထောင်အတွင်းတွင် ဝန်းရံ တည်ရှိကြသည်။ မြို့တစ်မြို့စီတွင်လည်း စစ်သားမြောက်များစွာ ရှိကြ၏။ဝမ်လင်း၏ အမြန်နှုန်းဖြင့် ဆိုပါက သတ္တုမြို့သို့ ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုသည်။၎င်းမြို့က မြို့တော်ထက် အနည်းငယ် သေးငယ်သော်လည်း ခမ်းနားနေဆဲသာပင်။သို့သော် ထိုခန်းနားဇိမ်ခံမှုများခြင်းသည် မကျေမချမ်းမှုကို ပို၍ပင် အားကောင်းစေသည်။
မကျေမချမ်းမှုသည် မြို့တော်အထက်ရှိ လေထုထဲ၌ စုစည်းလို့နေသည်။၎င်းက ဆက်လက်မြင့်တက်ကာ အလွန်မသတီစရာ ကောင်း၏။
သူက မြို့တော်နှင့် နီးကပ်လာနေရင်း ဝမ်လင်း၏နတ်ဘုရားအာရုံသည် မြို့၏ တစ်လက်မချင်းကို ခြုံလွမ်းနေ၏။သူ့မျက်လုံးသည် လက်ခနဲဖြစ်သွားကာ အေးစက်စက်နှာခေါင်းရှုံ့သည်။
သည်အေးစက်စက်နှာခေါင်းရှုံ့သံသည် နေရာသုံးခု၌ ပေါက်ကွဲမှုများ ဖြစ်ပွားသွားစေသည်။မြို့အရှင်၏ အိမ်တော်အတွင်း၌ အကြံပေးစွန်သည် ရုတ်တရက် တုန်ယင်သွားကာ အသားပုံအဖြစ် ပေါက်ကွဲထွက်သွားလေ၏။
အခြားနှစ်နေရာတွင်လည်း တူညီသောအဖြစ်မျိုး ဖြစ်ပွားသွားခဲ့သည်။
ဝမ်လင်းအသွင်က အေးစက်နေ၏။သူက ပြန်ထွက်ခွာရန် ပြင်သည်။သူက မြန်ဆန်လွန်းလှ၏။ သူသည် အလောင်းကောင်ကလန်မှ လူများကို အခွင့်ရေး တစ်စက်မှ မပေးပေ။နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ကျန်မြို့လေးခုအတွင်းရှိ နေရာတော်တော်များတွင် ရှိနေကြသော အလောင်းကောင်ကလန်မှ လူများ၏ ခန္ဓာကိုယ်များသည်လည်း ပေါက်ကွဲထွက်ကုန်ကြ၏။
ထိုအရာများကို အပြီးသပ်ပြီးသည့်နောက် ဝမ်လင်းသည် ဆက်လက်ရွှေ့လျားကာ ဝမ်အင်ပါယာနိုင်ငံတော်အတွင်းရှိ မြို့အားလုံးထံသို့ သူ့နတ်ဘုရားအာရုံကို ခြုံလွှမ်းဖြန့်ကျက်ထားသည်။ အလောင်းကောင်ကလန်၏ တပည့်များအားလုံးသည် ခြေမကိုင်လက်မကိုင်မိ ကြောက်လန့်ကုန်ကာ မြို့များထံကနေ ပျံသန်းရင်း ထွက်ပြေးရန် ကြိုးစားကြသည်။
သို့ရာတွင် သူတို့က လေထဲသို့ ပျံသန်းသွားသည့်အခိုက်၌ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်သာ။ ထိုအခါ သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်ကာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ နတ်ဘုရားအာရုံ၏ ချေမွခြင်းကို ခံရတော့သည်။
တော်ဝင်ဝမ်နိုင်ငံတော်အတွင်း၌ တစီစီ ပေါက်ကွဲသံများ ထွက်ပေါ်ရင်း အလောင်းကောင်ကလန်၏ တပည့်လက်သားများသည် သွေးအန်ထုတ်ရကာ သူတို့၏ခန္ဓာကိုယ်များမှာ ချေမွခြင်းခံလိုက်ရတော့သည်။သူတို့၏ စိတ်ဝိညာဉ်များပင်ပျက်စီးရလေ၏။ စိတ်ဝိညာဉ်စွမ်းအင်အမြောက်အများသည် ဟင်္သာပြဒါးဂြိုဟ်၏ မြေကြီးထုထဲသို့ ဝင်ရောက်ကာ ဂြိုဟ်အား အားဖြစ်စေ၏။
ထိုရုတ်တရပ် ဖြစ်ပွားလာသည့် အဖြစ်အပျက်က တော်ဝင်ဝမ်နိုင်ငံတော်ရှိ နိုင်ငံသားများကို ကြောက်လန့်စေကုန်၏။ သူတို့က မည်သို့ဖြစ်ပျက်နေသည်ကို မသိကြဘဲ လျှောက်၍ ခန့်မှန်းနေကြသည်။
သူ့နတ်ဘုရားအာရုံကို ဝမ်နိုင်ငံတော်အနှံ့တွင် ဖြန့်ကျက်ထား၏။ အလောင်းကောင်ကလန်၏ တပည့်များကို သတ်ဖြတ်ပြီးသည့်နောက် ဝမ်လင်း၏အသွင်သည် ပို၍ပင် သုန်မှုန်လာတော့သည်။မြို့တိုင်းမြို့တိုင်းရှိ အလောင်းကောင်ကလန်သားများသည် မကျေမချမ်းမှုများကို စုဆောင်းကာ မကျေမချမ်းစိတ်ဝိညာဉ်များကို ပြုစုပျိုးထောင်နေကြ၏။
ထိုအရာသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင်သာ ဖြစ်ပွားနေခြင်းမဟုတ်ပေ။ အလောင်းကောင်ကလန်၏ ဂိုဏ်းခွဲ လက်တံအားလုံးတွင် မကျေမချမ်းမှုကို စုဆောင်းနေကြခြင်းပင်။
ဖန်လွမ်ဂြိုဟ်မှ အမျိုးသမီး ဖြစ်သူသည် ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သူမကဲ့သို့သော လူသည် ပုံမှန်ဆို ဟင်္သာပြဒါးဂြိုဟ်သို့ ပို့လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ သို့သော် အလောင်းကောင်ကလန်၏ ဌာနချုပ်မှ အမိန့်ကြောင့် သည်နေရာတွင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ ဖြစ်သည့် သူမကို လာရောက်အခြေချစေခြင်းပင်။ သည်လိုနှင့် မကျေမချမ်းမှု စုဆောင်းခြင်း အလုပ်သည် သူမလက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်တော့၏။
ဝမ်လင်းသည် ထိုအရာများအားလုံးကို ဂရုမစိုက်ပေ။ သူတွေ့ရှိခဲ့သည့် ထူးဆန်းသော အရာတစ်ခုမှာ အလောင်းကောင်ကလန် ဌာနချုပ်မှ အမိန့်ကို လက်ခံပြီး ဟင်္သာပြဒါးဂြိုဟ်သို့ ရောက်ရှိလာပြီးနောက် လျှို့ဝှက်အမိန့်တစ်ခုကိုပင်။
ဝမ်လင်းသည် ထိုအမျိုးသမီး၏မှတ်ဉာဏ်များကို မည်မျှ ရှာဖွေပါစေ သူက ထိုလျှို့ဝှက်အမိန့်နှင့် ပတ်သတ်၍ ဘာတစ်ခုမှ ရှာတွေ့နိုင်ခဲ့ခြင်း မရှိသေးပေ။ ဆိုလိုသည်က အမိန့်ပေးသူ၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက်ပိုမြင့်မားနေခြင်းပင်။ထို့ကြောင့် သူက မည်သည်အရာဖြစ်သည်ကို ရှာတွေ့နိုင်စွမ်း မရှိ ဖြစ်နေခြင်းပင်။
သို့သော်လည်း ဝမ်လင်းသည် အချို့သဲလွန်စများကို အခြေခံကာ ခန့်မှန်းမှုအချို့ကို ရရှိလာ၏။ ပထမ၌ အမျိုးသမီး၏ နောက်ခံနှင့်ဆိုပါက သူမသည် သေမျိုးတစ်ယောက်၏ ကိုယ်လုပ်တော် ဖြစ်မလာသင့်ပေ။
သည်ကိစ္စဖြစ်လာခဲ့လျှင်ပင် သူမသည် ဘာကြောင့် သေမျိုးအင်ပါယာနန်းတော်၌ ရှိနေရပါသနည်း။ သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုပါက တိုက်ရိုက်အနီးကပ် ထိန်းချုပ်နေဖို့ မလိုအပ်ပေ။ သူမသည် နန်းတော်၌ ရှိနေစေရာပင် မလိုပေ။
ထို့အပြင် သည်အမျိုးသမီးသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ရောက်သည်မှာ နှစ်ပေါင်းတစ်ရာပင် မရှိသေးပေ။ သူမသည် လွန်ခဲ့သော ဆယ်နှစ်ကမှ အင်ပါယာနန်းတော်သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်နေ၏။
သူမ၏ မှတ်ဉာဏ်များသည် အင်ပါယာနန်းတော်ကို မရောက်လာခင်အချိန် အခိုက်၌ လုံးဝ ဗလာ ဖြစ်နေခဲ့သည်။ သူမကိုယ်တိုင်ပင် သည်နေရာတွင် ဘာကြောင့် ရှိနေရသည်ကို သိပုံမပေါ်ပေ။သို့ရာတွင် သူမ၏ အခြားမှတ်ဉာဏ်များကို အသုံးပြုကာ ဝမ်လင်းသည် အင်ပါယာနန်းတော်အတွင်း၌ ပုန်းအောင်နေရသည်မှာ ဘာကြောင့် ဖြစ်သည်ကို ရှာတွေ့နိုင်စွမ်း ရှိခဲ့သည်။
သည်ဆယ်နှစ်အတွင်း သည်အမျိုးသမီးက အင်ပါယာနန်းတော်အတွင်း၌ သူမကိုယ်သူမ ကောင်းစွာ ဖုံးကွယ်ကာ သူမ၏ ကျင့်ကြံမှုအဆင့်ကိုပါ ကွယ်ဖျောက်ထားသေးသည်။
“လွန်ခဲ့တဲ့ဆယ်နှစ်က လူဦးရေထူထပ်လှတဲ့ အင်ပါယာနန်းတော်ကို ဘာကြောင့် ဒီအမျိုးသမီး ရောက်လာခဲ့ရတာလဲ။ ဒါ့အပြင် သူမက ဒီအင်ပါယာနန်းတော်မှာ ဆိုရင် သူမကို ရှာမတွေ့နိုင်ဘူးလို ဘာအတွက် တွေးထင်ခဲ့ရတာလဲ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဆက်၍ မတွေးတော့ရန် ဆုံးဖြတ်သည်။ သူ့နတ်ဘုရားအာရုံကို မြို့အပေါ်၌ ပိတ်ဆို့ထားခြင်း မရှိတော့ပေ။သို့သော် သူက ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးကို သူ့နတ်ဘုရားအာရုံအား ဖြန့်ကျက်စေရင်း အလောင်းကောင်ကလန်ကို ရှာဖွေတော့၏။
အလောင်းကောင်ကလန်သည် အင်မတန်ကြီးမားလှသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ ဝမ်လင်းသည် အလောင်းကောင်ကလန်မှာ နိုင်ငံတိုင်းနီးပါးတွင် တည်ရှိနေသည်ကို မှတ်မိသေး၏။
သို့သော်လည်း ထိုအမျိုးသမီးမှတ်ဉာဏ်များမှ တစ်ဆင့် ဝမ်လင်းသည် သည်အလောင်းကောင်ကလန်မှာ ပြန်လည်ဖွဲ့စည်းသည်ကို သတိထားမိ၏။သူတို့သည် တစ်နေရာထဲတွင် စုစည်းကာ ထိုနေရာသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အလောင်းကောင်ကလန်အတွက် ဌာနချုပ် ဖြစ်လာခဲ့သည်။
ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်က ဌာနချုပ်အသစ်သည် ကျိုးနိုင်ငံတွင် ရှိနေခဲ့ခြင်းပင်။ ကျိုးနိုင်ငံ၏ အလောင်းကောင်ကလန် ရှိခဲ့ဖူးသည့် နေရာကို အသုံးပြုထားခြင်းပင်။
မြို့မျိုးစုံရှိ အလောင်းကောင်ကလန်အဖွဲ့ဝင်များကို သုတ်သင် ရှင်းလင်းပြီးသည့်နောက် ဝမ်လင်းသည် ကျိုးနိုင်ငံရှိ အလောင်းကောင်ကလန် ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။ သူက မြန်ဆန်စွာ သွားလာနေသည့်အတွက် သိပ်မကြာခင်တွင် ကျိုးနိုင်ငံသို့ ရောက်ရှိလာတော့သည်။
သူက သည်နေရာကို လွန်ခဲ့သောနှစ်ပေါင်း ရာချီကလည်း ရောက်ခဲ့ဖူး၏။ ရှေ့တည့်တည့်ရှိ ရွှံညွန်များကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “စိတ်ဝင်စားစရာပဲ…။ဒီနေရာမှာ အရင်ထက် အတားအဆီးတွေ ပိုများလာတာပဲ…”
ဝမ်လင်းသည် တည်ငြိမ်စွာ ဆိုသည်။ “ထာရှန်…ဒီနေရာကို ငါ့အတွက် ဖွင့်လှစ်လမ်းရှင်းလိုက်…”
ထာရှန်၏အသွင်သည် အေးစက်နေသည်။သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။သူက ရွှံညွန်များကို ကြည့်ပင် မကြည့်ဘဲ သူ့ညာလက်သီးကို ခပ်တင်းတင်း စုပ်ကာ မြေကြီးထုကို ထိုးချသည်။ သည်အခိုက်၌ မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ဟီး၏။
မြေပြင်ထက်ရှိ ရွှံညွန်များသည် တုန်ခါကာ လေထဲသို ရောက်ရှိပြီး ရွှံရေများသည် ကောင်းကင်ထက်သို့ ထိုးတက်ကုန်သည်။
မရေမတွက်နိုင်သော အတားအဆီးများသည် တဖျပ်ဖျပ် ပေါ်လာသည်။ သညအ်အတားအဆီးများသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများကိုပင် သက်ရောက်နိုင်စွမ်း ရှိမည် ဖြစ်သော်လည်း ထာရှန်အတွက်မူ အသုံးမဝင်ပေ။
လက်သီးတစ်ချက်ဖြင့်ပင် ထိုအတားအဆီးအလင်းများအားလုံး ပျက်စီး ပျောက်ကွယ်သွားသည်။ မြေပြင်ထက်၌ အက်ကြောင်ကြီးတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းအတွင်းနက်ပိုင်းသည် လျှို့ဝှက်လမ်းတစ်ခု ဖြစ်နေသည်။
ဝမ်လင်းသည် ထိုလျှို့ဝှက်လမ်းထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ထာရှန်က သူ့နောက်ကနေ လိုက်ပါလာ၏။ ခေါင်းကြီးကောင်လေးသည် သူ့ပတ်လည်ကို စိတ်ဝင်စားဟန်ဖြင့် ကြည့်ရင်း နောက်ကနေ လိုက်ပါလာသည်။
သူက သည်လျှို့ဝှက်လမ်းတွင် လျှောက်လှမ်းနေရင်း ဝမ်လင်းမှာ အတိတ်ကို ပြန်အောက်မေ့မိသည်။သူက လွန်ခဲ့သော နှစ်ရာချီက သည်နေရာကို နှစ်ကြိမ် ရောက်ခဲ့ဖူးသည်။ သည်နှစ်ကြိမ်လုံး သူက အလွန်သတိထားခဲ့ရသည်။သို့သော် ခုချိန်၌ သူသည် သည်နေရာတွင် စိတ်ကြိုက်လုပ်ဆောင် သွားလာနိုင်ပေပြီ။
ဝမ်လင်းသည် လမ်းအတိုင်းဆက်လျှောက်နေရင်း သူ့နတ်ဘုရားအာရုံကို အလောင်းကောင်ကလန်အနှံ့တွင် ဖြန့်ကျက်ကာ ထွက်ပေါက်များကို ပိတ်ဆို့ထားသည်။ အခုဖြစ်စေ၊အရင်တုန်းက ဖြစ်စေ ဝမ်လင်းသည် အလောင်းကောင်ကလန်နှင့် ပတ်သတ်၍ အမြင်ကောင်း မရှိခဲ့ပေ။ သူတို့သည် ဝမ်မိသားစုမျိုးဆက်ကို မကျေမချမ်းစိတ်ဝိညာဉ်အဖြစ် ပြုစုပျိုးထောင်သည်ကိုတော့ ပြောမနေစရာပင် လိုတော့မည် မဟုတ်ပေ။
ဝမ်လင်းသည် သူနှင့် မျိုးဆက် ဆယ်ဆက်ကျော် ဝေးသည့် နောက်မျိုးဆက်များပေါ်သို့ ထူးထူးထွေထွေ ခံစားမှု မရှိပေ။ သို့သော် သူတို့သည် ဝမ်မိသားစုမျိုးဆက်သာ ဖြစ်ကြသည် မဟုတ်လား။ သူတို့ အနိုင်ကျင့်ခံရသည်ကို တွေ့မြင်သည့်အခါ သူ့ကို အမှန်အကန် ဒေါသထွက်စေသည်။
လမ်းတစ်လျှောက်တွင် မည်သည့်အလောင်းကောင်ကလန်သားကမှ သူနတ်ဘုရားအာရုံကို မထောက်လှမ်းနိုင်ဘြ ချက်ခြင်း သေဆုံးသွားရသည်သာ ဖြစ်၏။ သည်နေရာတွင် ကျင့်ကြံသူများစွာ ရှိနေ၏။ သူတို့သည် သုန်မှုန်စွာဖြင့် ကြောက်ကြောက်လန့်လန့် ထွက်ပြေးချင်နေကြသည်။သို့သော်လည်း ဝမ်လင်း၏ နတ်ဘုရားအာရုံသည် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားကာ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။
သူက ဆက်လျှောက်လာနေရင်း လျှောက်လမ်းတစ်ခုထဲမှ ဓားစွမ်းအင်တန်းတစ်ခုသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာသည်။
ထိုဓားစွမ်းအင်တွင် အားကောင်းသောအော်ရာတစ်ခု ပါဝင်နေ၏။ ထိုလူသည် အာဏတက်ခြင်းအဆင့်တွင် ရှိမည့်သူ ဖြစ်သည်။ ဓားစွမ်းအင်သည် တဝီဝီနှင့် တိုးဝင်လာနေ၏။
ဝမ်လင်း၏အသွင်သည် အေးစက်သွားသည်။သူသည် မူလစွမ်းအင်ကို အသုံးပြုကာ သူ့လက်ကို ညွှန်၏။ လှိုင်းတွန့်များသည် လေဟာနယ်ထဲ၌ ပေါ်လာကာ ဓားစွမ်းအင်သည် ချက်ခြင်း ပျက်စီးသွားသည်။
ဝမ်လင်း၏ လက်ညွှန်တိုက်ခိုက်မှုမှ လှိုင်းတွန့် ပျံ့လာသည်နှင့်အတူ ခပ်အုပ်အုပ်ငြီးသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုလူသည် နောက်ဆုတ်မသွားပေ။သူက ဝမ်လင်းရှိရာသို့ ပို၍ပင် မြန်ဆန်စွာ တိုးဝင်လာသည်။
ထိုလူ၏ ခန္ဓာကိုယ်မှာ မံမီအလား ပိန်ပါးလှသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ မရေမတွက်နိုင်သော စာလုံးများ ရှိနေကာ ညှီစို့စို့အနံ့ကို ပေးစွမ်းနေသည်။ထိုလူ၏မျက်လုံးက စိတ်ဝိညာဉ်မရှိသည့်အလား မှိန်ဖျော့နေသည်။
ထိုလူ့ကို တွေ့သည့်အခါ ဝမ်လင်းသည် အနည်းငယ် ရင်းနှီးသလို ရှိနေ၏။ချက်ခြင်းပင် ထိုပိန်ပါးပါးလူသည် ဝမ်လင်းနားသို့ ရောက်ရှိလာသည်။
ဝမ်လင်းသည် သက်ပြင်းချကာ သူ့ညာခြေထောက်ဖြင့် ကန်ထုတ်၏။ အသံပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ သူ့ညာခြေထောက်သည် ထိုမံမီပေါ်သို့ ကျရောက်သွား၏။ထိုမံမီလို ပိန်ပါးသည့်လူသည် ၎င်း၏ ခြေထောက်ကနေ စ၍ လွင့်ပါးလာ၏။ သည်လွင့်ပါးမှုမှာ မြန်ဆန်လွန်းသည်။ ချက်ခြင်းပင် မံမီသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မံမီ ပျောက်ကွယ်သွားသည့် နောက်ဆုံးအခိုက်လေး၌ သူ့မျက်လုံးထဲတွင် ကြည်လင်မှု ပြန်ရလာ၏။သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်နှင့် ကြည့်လိုက်ပြီးနောက် ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။
“ဒီရီဇီကျိုင်းက အလောင်းကောင်ကလန်ရဲ့ ရုပ်သေး ဖြစ်လာမယ်လို့ ငါ မထင်ထားမိဘူး…”
(ဘာသာပြန်သူမှတ်ချက်…ရီဇီကျိုင်းမှာ ဇာတ်လမ်းအစပိုင်း၌ ဝမ်လင်းကို အလောင်းကောင်ကလန်တွင် လက်ခံခဲ့သူ ဖြစ်သည်။ )
ဝမ်လင်းသည် သက်ပြင်းတစ်ချက်ချကာ ရှေ့သို့ ဆက်လျှောက်လာသည်။ သူက ခပ်မှန်မှန်သာ လျှောက်လှမ်းလာသည်။လမ်းတစ်လျှောက်တွင် ချုံခိုတိုက်ခိုက်မှုများ ရှိနေ၏။သို့သော် ထိုတိုက်ခိုက်မှု၊တိုက်ခိုက်သူအားလုံးသည် ချက်ခြင်း ပျက်စီးသွားရပေသည်။
ထိုခြုံခိုတိုက်ခိုက်သူများအားလုံးသည် အလောင်းရုပ်သေးများ ဖြစ်ကြသည်။
ဝမ်လင်းသည် လျှောက်လမ်းကနေ တစ်ဆင့် အလောင်းကောင်ကလန်၏ ဌာနချုပ်ရှိရာသို့ ဦးတည်လာနေသည်။ ဝမ်လင်းရောက်ရှိလာသည်နှင့် သူ့မျက်လုံးသည် ရှေ့တည့်တည့်သို့ ကြည့်ကာ အေးစက်လာသည်။သူ့အကြည့်သည် နံရံကို ထွင်းဖောက်သွားသလား ထင်ရပြီး ဂူအတွင်းထိ ချဲ့ထွက်လာသည်။သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီး ရှစ်ခုကို တွေ့မြင်သွားခဲ့၏။သည်အခိုက်၌ အလောင်းကောင်ကလန်ဝင်များသည် ထိုအစီအရင်အတွင်း၌ ရပ်နေကြကာ သူတို့က စတင်၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေကြသည်။
“မင်းတို့အားလုံး မလွတ်နိုင်ပါဘူး…” ဝမ်လင်းက သူ့ကိုယ်သူ ပြော၏။ သူ့နတ်ဘုရားအာရုံကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရှစ်ခုအား ခြုံလွှမ်းလိုက်ကာ ချက်ခြင်း ပျက်စီးစေသည်။ ချက်ခြင်းပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သုံးခုသည် ပျက်စီးကာ အလောင်းကောင်ကလန်၏ တပည့်များအားလုံးသည် လေဟာနယ်အက်ကြောင်းထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ငါးခုသည်လည်း ပျက်စီးသွားပြန်သည်။ အလောင်းကောင်ကလန်၏ တပည့်တစ်ယောက်မျှပင် လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။
ဒုတိယအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်သည် သည်လိုကလန်မျိုးကို ဖယ်ရှား သုတ်သင်လိုပါက သွေးစွန်းစရာ မလိုပေ။ ထိုကျင့်ကြံသူသည် သူ့နတ်ဘုရားအာရုံကို အသုံးပြုကာ ဖယ်ရှားဖျက်စီးပစ်ရုံသာ လိုအပ်၏။
ယင်နှင့်ယန်အဆင့်ကျင့်ကြံသူများပင် ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိကြပေ။ တကယ်တော့ ယင်နှင့်ယန်အဆင့်သည် ပထမအဆင့်နှင့်ဒုတိယအဆင့်ကြား ကြားခံအဆင့်များသာ ဖြစ်၏။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများကသာ ဒုတိယအဆင့်ကျင့်ကြံသူ အစစ်အမှန် ဖြစ်ကြသည်။
***