အခန်း (၃၈၁-၃၈၂)
Vol. 32 Ch. 381-382
အခန်း ၃၈၁
ကောင်းကင်ယံဥယျာဉ်၊ အုပ်ချုပ်ရေးဌာန။
ယခင်ကဲ့သို့ ငြိမ်းချမ်းလှသော နေရာတစ်ခု မဟုတ်တော့ပေ။
ကောင်းကင်ယံရှိ အနီရောင် သတိပေး အလင်းမျက်နှာပြင်က အုပ်ချုပ်ရေးဌာနရှိ အဖွဲ့ဝင်များအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေ၏။
"ကောင်းကင်ယံဥယျာဉ် စနစ် ထပ်မံဖောက်ထွင်းခံလိုက်ရပြန်ပြီ"
"ခေါင်းဆောင်၊ ဖောက်ထွင်းဝင်ရောက်လာတဲ့ နေရာကို ကျွန်တော်တို့ ရှာမတွေ့တော့ဘူး"
"အကျဉ်းထောင်နဲ့ ချိတ်ဆက်မှုလည်း ပြတ်တောက်သွားခဲ့ပြီ၊ ပြီးတော့ ထောင်မှူးမားကပ်စ်ကလည်း သူ့ရဲ့ရထား သူငယ်ချင်းစာရင်းထဲကနေ ကျွန်တော်တို့အားလုံးကို ဖျက်ပစ်လိုက်ပြီဗျ"
"ထောင်ထဲက အကျဉ်းသားတွေ အကုန်လုံး ထွက်ပြေးလွတ်မြောက်သွားကြပြီ။ ကောင်းကင်ယံဥယျာဉ်ရဲ့ နေရာတိုင်းမှာ ပရမ်းပတာလုပ်နေကြတာ။ အဲဒါတင်မကသေးဘူး မြို့ထဲက မဟာမိတ်အဖွဲ့တချို့လည်း ပုန်ကန်နေကြပြီ"
ချိုင်မင်က ပင်မခုံတွင် ထိုင်နေကာ သူ၏ဘေးရှိ ပန်းရောင်ဆံပင်နှင့် ကောင်းကင်ယံဥယျာဉ် မြို့တော်ဝန် ဟန်ချီကို အေးစက်စွာ စိုက်ကြည့်နေလေ၏။
"မင်းလုပ်ခဲ့တာမလား"
ထိုစကားက မေးခွန်းထုတ်နေခြင်းမဟုတ်ဘဲ အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်ခြင်းပင် ဖြစ်ချေပြီ။
"ဒါကတော့ အထင်လွဲမှုကြီးပါပဲ။ ခင်ဗျားက ကျွန်တော့်ကို တစ်ချိန်လုံး ဒီမှာပဲ ပိတ်လှောင်ထားခဲ့တာလေ၊ ဒီလည်ပတ်ကို ထည့်မပြောရင်တောင် ကျွန်တော် ရထားစနစ် ချက်ဘောက်စ်ကို သုံးရင် ခင်ဗျားသိနေတာပဲဟာကို"
"ကျွန်တော် ရထားစနစ်ကို သုံးမသုံး မှတ်တမ်းတွေကို ခင်ဗျား စစ်ဆေးကြည့်လို့ရပါတယ်"
ဟန်ချီ၏ မျက်နှာပေါ်ရှိ အပြုံးက ဟန်ဆောင်ဖန်တီးထားခြင်း လုံးဝမရှိပေ။
ချိုင်မင်၏ အရည်အချင်းညံ့ဖျင်းမှုကို လှောင်ပြောင်သရော်နေသည့်အလား ပေါ်လွင်နေလေ၏။
"ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ အုပ်ချုပ်ရေးဌာန ဝန်ကြီးကြီးက ဒီအခြေအနေကို ရင်ဆိုင်ဖို့ ဉာဏ်ကုန်သွားပြီလား။ ပြီးတော့ ကျွန်တော့်လို စွမ်းအားမဲ့တဲ့ သာမန်လူတစ်ယောက်အပေါ် အပြစ်ပုံချဖို့ပဲ တတ်နိုင်တော့တာလား"
ချိုင်မင်က ဘာမှပြန်မပြောသလို ဒေါသထွက်သည့်ပုံလည်း မပြပေ။ ဟန်ချီ၏ လည်ပင်းကို ဆွဲညှစ်လိုက်ကာ နာကျင်မှုကင်းမဲ့နေပုံရသော အပြုံးများကြားမှ အေးစက်စက် ပြောလိုက်သည်။
"မင်းသေသွားရင် ကောင်းကင်ယံဥယျာဉ် ပြဿနာတက်သွားမှာကိုသာ မဟုတ်ရင် ငါမင်းကို သတ်ပစ်လိုက်တာ ကြာလှပေါ့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဝန်ကြီးချိုင်မင်ရယ်။ မဟုတ်ရင်တို့ ဟုတ်ရင်တို့ တကယ်လို့တို့ တကယ်လို့တွေကလည်း များလှချည်လား"
"ဟက် ခင်ဗျားက အုပ်ချုပ်ရေးဌာန ဝန်ကြီးမဖြစ်ခင်က သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်ခဲ့တာလေ။ အခုကျတော့ ကောင်းကင်ယံဥယျာဉ်ကို ကာကွယ်ဖို့အတွက် ဟိုလူ့ကိုလည်း မသတ်ရဲ၊ ဒီလူ့ကိုလည်း မသတ်ရဲနဲ့ စိတ်ပျက်စရာမကောင်းဘူးလား"
ချိုင်မင်က ဟန်ချီကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ကာ ဟန်ချီ ထရန်ကြိုးစားနေစဉ် သူ၏ဝမ်းဗိုက်ကို တက်နင်းလိုက်လေ၏။ ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပေသည်။
သို့သော်လည်း ၎င်းက သတ်ဖြတ်လိုစိတ် သက်သက်သာ ဖြစ်ချေသည်။
"ဒါက ငါ့မြို့တော်ဖြစ်သွားပြီ၊ မင်းနဲ့မဆိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီငြီးငွေ့စရာကောင်းတဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်ဆိုရင်တောင် ငါဒီမြို့တော်ကို လုံခြုံအောင်ထားမယ်"
သူက ပြင်းပြင်းထန်ထန် နင်းချလိုက်လေ၏။
ဟန်ချီမှာ ဘေးသို့ ကန်ထုတ်ခံလိုက်ရကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရတော့သည်။
ချိုင်မင်က အဖြူရောင်ဝတ်စုံပေါ်မှ သွေးစွန်းများကို ခါထုတ်လိုက်ကာ ရထားစနစ် အလင်းမျက်နှာပြင်ကို ပေါ့ပေါ့ပါးပါး ဆွဲဖွင့်လိုက်လေ၏။ သူ၏ သူငယ်ချင်းစာရင်းရှိ အမည်များကို ကြည့်ရင်း ခဏတာ တွေဝေသွားခဲ့သည်။
နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်ကို အချိန်စီးဆင်းမှု ထိန်းညှိခြင်းနှင့် ဖုန်းခေါ်ဆိုမှု ခွင့်ပြုချက်များကို ဖွင့်ပေးလိုက်လေတော့သည်။
ဖန်ဟော့ - 【 "မင်းအတွက် တိုက်ခိုက်ပေးဖို့ ငါ့ကို ကောင်းကင်ယံဥယျာဉ်ကို လာခိုင်းမလို့တော့ မဟုတ်ဘူးမလား" 】
【 "မင်းဘယ်လိုသိလဲ" 】
လွင်တီးခေါင်ပြင်အတွင်း၌။
ဖန်ဟော့၏ ရထားမှာ ထိုနေရာတွင် ရပ်နားနေလေ၏။
နားထဲမှ တုံ့ပြန်သံကို နားထောင်ရင်း သူက ဘေးဘက်ရှိ 【 လူလိမ်မ ခေါင်းဆောင် 】 ဟု အမှတ်အသားပြုထားသော သူငယ်ချင်းနှင့် ပြောဆိုထားသည့် ချက်ဘောက်စ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
【 "ကောင်းကင်ယံဥယျာဉ်ကို တစ်ခေါက်လောက် လာခဲ့ပါဦး။ အဲ့ဒီမှာ အင်း... အင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူငါးယောက်တောင် ရောက်နေပြီ။ မင်းကိုပါ ထည့်တွက်လိုက်ရင် ခြောက်ယောက်ဖြစ်သွားပြီ" 】
【 "တခြားလူကို ရွေးလို့မရဘူးလား။ လင်းယို့ကရော" 】
【 "(ˉ▽ ̄~) ဖူး... အဲ့ဒီနဂါးရူးသွပ်သူက မကြာသေးခင်ကမှ မှော်ကမ္ဘာတစ်ခုထဲ ဝင်သွားပြီး နဂါးမလေးတစ်ကောင်နဲ့ ချိန်းတွေ့နေတာ၊ သူက ငါ့ကိုတောင် ပြန်မဖြေဘူး" 】
【 "မလာနိုင်ဘူး" 】
【 "အို အဆင်ပြေပါတယ်။ ဟီးဟီး မင်းလာလိမ့်မယ်" 】
【 "?" 】
ဖန်ဟော့က ဆေးပြင်းလိပ်တစ်လိပ်ကို သောက်လိုက်ရာ မီးခိုးငွေ့ထူထူများက သူ၏ပတ်ဝန်းကျင်တွင် ပျံ့လွင့်သွားလေ၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် တစ်ဖက်ရှိ ချိုင်မင်ကို စကားတစ်ခွန်းတည်းဖြင့် ပြန်လည်ဖြေကြားလိုက်တော့သည်။
"ကောင်းပြီလေ"
————
ကောင်းကင်ယံဥယျာဉ်၊ အိုလင်း၏ အိမ်မွေးတိရစ္ဆာန် စစ်တလင်း။
အဘိုကာဒို အဖွဲ့ဝင် ဘာရယ်လ်က သူမ၏ပခုံးပေါ်တွင် တံစဉ်တစ်ခုကို ထမ်းကာ လျှောက်လှမ်းလာလေ၏။ သူမ၏အနောက်ဘက် မြေပြင်တစ်ခုလုံးတွင် အလောင်းများဖြင့် ပြည့်နှက်နေပေသည်။
"ပြောပါဦး အိုလင်းရဲ့၊ ခင်ဗျား ဒီလိုစစ်တလင်းကို ဖွင့်ထားတာ ပိုက်ဆံတော်တော်ရနေတယ်မလား။ မြန်မြန်လုပ်ပြီး ရထားဒင်္ဂါးတချို့ ပေးစမ်းပါ။ ငါ ကင်းကင်းခြေများကောင်အသစ်တစ်ကောင် မွေးမြူရဦးမယ်"
အိုလင်းဟု သူမခေါ်လိုက်သော အမျိုးသားက သူ၏နှုတ်ခမ်းမွေးကို ပွတ်သပ်ရင်း ဝိုင်နီခွက်ကို အံဝင်ခွင်ကျစွာ လှုပ်ယမ်းနေလေ၏။
"မစ္စဘာရယ်လ်၊ ခင်ဗျားရဲ့ ကင်းခြေများကောင်က ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်ဘာသာ ရှာပါလား။ ဒါမှမဟုတ် အဆင့်တက်ပြီးနောက် ရလာမယ့် ခင်ဗျားရဲ့ အဆင့်မြှင့် ရွေးချယ်စရာတွေက အမှိုက်ပုံကြီးဖြစ်သွားတာကို လိုချင်နေလို့လား"
"ချွတ် ငါကဒီတိုင်း ပြောကြည့်တာပါ။ ခင်ဗျားရဲ့ ပိုက်ဆံရှာတဲ့နည်းလမ်းကို ငါဂရုမစိုက်ဘူး"
"ကျွန်တော်က အဘိုကာဒိုကို ရန်ပုံငွေ အမြောက်အမြား ထောက်ပံ့ပေးထားတာကို ခင်ဗျားအပြောအရတော့ ဂရုစိုက်စရာမလိုတဲ့ သဘောဖြစ်နေတာပေါ့"
"ငါက ဂရုကိုမစိုက်တာပါ။ ကောင်းကင်ယံဥယျာဉ်ကို ငါတို့ သိမ်းပိုက်ပြီးသွားရင် ငါလိုချင်သလောက် ရနိုင်မှာပဲ မဟုတ်ဘူးလား။ စနစ်က အသိအမှတ်မပြုထားတဲ့ ဒီရထားဒင်္ဂါးတွေကို အဆင့်မြှင့် ရွေးချယ်စရာတွေအပေါ် ထိခိုက်မှုမရှိတဲ့ ဒင်္ဂါးတွေဖြစ်လာအောင် ခဝါချဖို့ ဘယ်လောက်တောင် အားထုတ်ရလဲဆိုတာ ခင်ဗျားသိပါတယ်"
ဘာရယ်လ်က သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ပခုံးပေါ်မှ တံစဉ်နှင့်အတူ ခြေဆွဲလျက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေ၏။ ဧရာမအကျဉ်းထောင်ကြီးကို ကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် ကြမ်းကြုတ်သောအပြုံးတစ်ခု ပေါ်လာချေပြီ။
"ကောင်းကင်ယံဥယျာဉ်က အမှိုက်ကောင်တွေက မားကပ်စ်က အဘိုကာဒိုရဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး။ အခုချိန် အုပ်ချုပ်ရေးဌာနက အဲ့ဒီအမှိုက်ကောင်တွေ ခေါင်းဖြတ်ခံထားရတဲ့ ကြက်တွေလို ပြာယာခတ်နေလောက်ပြီဆိုတာ ငါလောင်းရဲတယ် ဟားဟားဟား"
အိုလင်းက သူမကို လှမ်းကြည့်လိုက်သည်။
"အုပ်ချုပ်ရေးဌာနက စိုးရိမ်စရာမရှိပါဘူး။ ဒီမြို့တော်ကို သိမ်းပိုက်ဖို့ ကျွန်တော်တို့ အချိန်အများကြီးပေးပြီး စီစဉ်ခဲ့တာပဲ၊ ဒီမြို့တော်က မဟာမိတ်အဖွဲ့ အများအပြားကလည်း ကျွန်တော်တို့ကို ထောက်ခံထားကြတယ်"
"ဒါပေမဲ့..."
သူ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူတွေ ဒီမှာရှိနေမယ်လို့တော့ ကျွန်တော် မထင်ထားခဲ့မိဘူး။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို မစခင် သူတို့ ဒီကနေ အမိန့် ကတ်ပြား ယူသွားတဲ့အထိ တမင်တကာ စောင့်နေခဲ့တာလေ။ ဘာလို့များ အဲ့ဒီရူးကြောင်ကြောင် ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေက ဒီအချိန်ကြီးမှ ဒီနေရာကို ရောက်လာရတာလဲ"
ဘာရယ်လ်က အရေးမစိုက်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်လေ၏။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက ဘာအရေးလဲ။ ကောင်းကင်တမန်ဆိုတဲ့ ကောင်မကို တွေ့တာနဲ့ ချက်ချင်းကို သတ်ပစ်လိုက်မှာ"
"ခင်ဗျားကလား"
"ဘာလဲ၊ ငါကမလုပ်နိုင်လို့လား"
"ဟက်... အဲ့ဒီအရူးမကို သတ်ဖို့ တကယ်ပဲ လွယ်ကူနေမယ်ဆိုရင် သူမက... ထားလိုက်ပါတော့။ ခင်ဗျားလုပ်စရာရှိတာသာ ဆက်လုပ်ပါ၊ ကျွန်တော် အရင်သွားနှင့်ပြီ"
အိုလင်းက ခွက်ထဲမှ ဝိုင်နီများကို မော့သောက်လိုက်သည်။ သူ၏ဘေးတွင် အနက်နှင့် ခရမ်းရောင်စပ်နေသော ရထားတစ်စင်းက တံခါးများ ပွင့်လာလေ၏။
သူက ရထားပေါ်သို့ တက်သွားကာ ဘာရယ်လ်၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ပြောလိုက်သည်။
"ကျွန်တော့်ကို ဒီမှာ မလိုအပ်တော့ဘူး။ အဘိုကာဒိုက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ငါတို့ရဲ့ပန်းတိုင်တွေကို သေချာပေါက် အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်"
ထိုသို့ပြောပြီးနောက် ဘာရယ်လ်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ရထားက လေဟာနယ်ကို တိုက်ရိုက်ဖြတ်သန်းကာ ပျောက်ကွယ်သွားလေတော့သည်။
လွင်တီးခေါင်ပြင်သို့ ပြန်ရောက်သောအခါ အိုလင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့က လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက အဲ့ဒီအရူးတွေ... သူတို့နဲ့ ငါမတိုက်ခိုက်ချင်ဘူး"
အိုလင်းက သွားကြိတ်ကာ စနစ်၏ အလင်းမျက်နှာပြင်ကို ဖွင့်လိုက်သည်။ စာရင်းထဲတွင် လင်းလက်နေသော အမည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုက ပို၍နက်ရှိုင်းသွားလေ၏။
【 မွန်ရိုးဂျီနာ 】
【 "ကျွန်တော်၊ ကျွန်တော် အဘိုကာဒိုရဲ့ အစီအစဉ်တွေအားလုံးကို ခင်ဗျားဆီ ပေးအပ်ပြီးသွားပြီလေ။ ကျွန်တော့်ရဲ့ ကံကြမ္မာကြွေးတွေ အကုန်လုံး ဆပ်ပြီးလောက်ပြီ ဖြစ်ရမှာပေါ့" 】
ဤမက်ဆေ့ချ်ကို လွင်တီးခေါင်ပြင်ကမ္ဘာတွင် လွန်ခဲ့သော ခုနစ်ရက်ကတည်းက ပေးပို့ခဲ့ခြင်းဖြစ်သည်။
သို့သော် တုံ့ပြန်မှုကတော့။ ယခုမှသာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေသည်။
【 "ဟက်၊ နည်းနည်းလိုသေးတယ်။ မင်းရဲ့ ကံကြမ္မာကြွေးတွေ၊ မင်းရဲ့ ယဇ်ပူဇော်ခြင်းတွေက နည်းနည်းလေး လိုနေသေးတာ" 】
————
ဇုန် ၁၁။
ရဲချီယန်က ယီရှီ ကိုလာ ကုမ္ပဏီဆီသို့ ဦးတည်သွားနေလေ၏။
သူ၏ရထားမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ကျောက်လင်၏ လက်ရှိ ကံဆိုးခြင်း အခြေအနေအရဆိုလျှင် လက်ရှိအခြေအနေတွင် ဘာတွေဖြစ်လာမည်ကို ပြောရခက်လှပေသည်။
အခန်း ၃၈၂
"ကယ်ကြပါ ကယ်ကြပါဦး"
ဘူတာရုံကမ္ဘာ၌သာ ကြားရလေ့ရှိသော အော်ဟစ်သံများနှင့် အကူအညီတောင်းသံများက ယခုအခါ ဤကောင်းကင်ယံဥယျာဉ်၏ နေရာတိုင်းတွင် ပဲ့တင်ထပ်နေလေ၏။
နေရာအနှံ့တွင် အရိုးခိုက်မတတ် အေးစက်လှသော ရေခဲများက ဤနယ်မြေတစ်ခုလုံးကို လုံးဝဝါးမျိုထားချေပြီ။
ပြောင်းပြန်ဖြစ်နေသော ရေခဲချွန်များက လူတို့၏ခန္ဓာကိုယ်များကို ထိုးဖောက်ဝင်ရောက်သွားကာ သူတို့၏ နွေးထွေးသောသွေးများမှာ ရေခဲများကြောင့် အေးခဲသွားပြီး ရေခဲစွမ်းအင်ဖြင့် လှုပ်ရှားနေသော မကောင်းဆိုးဝါးများအဖြစ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားကြလေတော့သည်။
ဥယျာဉ် အကျဉ်းထောင် ပေါ်လာခဲ့သည်မှာ နာရီဝက်ပင် မပြည့်သေးပေ။
ယခုအခါ ဤနေရာသည် အသက်ရှင်လျက် ငရဲကျနေသည့်အလား နှိုင်းယှဉ်၍ရနေလေ၏။
ဇုန် ၁၁ တွင်မူ ဤကုန်သွယ်ရေးနယ်မြေ၌ နေထိုင်ကြသော လူသားများမှာ သာမန်လူများနှင့် ဘာမျှကွာခြားမှု မရှိကြပေ။
တည်ငြိမ်မှုကို ရွေးချယ်ကာ ဤနေရာ၌ အခြေချနေထိုင်ခဲ့ကြသော ရထားမောင်းနှင်သူများမှာ ခုခံနိုင်စွမ်း လုံးဝမရှိကြချေ။
"ဟူး... တကယ်ကို အေးလွန်းနေတာပဲ"
ဇုန် ၁၁ သို့ ဝင်ရောက်လာသော ရဲချီယန်က သူ၏လက်ထဲရှိ ချမ်းမြေ့သော ကောင်းကင်ယံလရိပ်ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လေ၏။
ဓားစွမ်းအင်က မြေပြင်ကို ဖြတ်တောက်ကာ မြောင်းကြီးတစ်ခုဖြစ်သွားစေပြီး သူ၏လမ်းကို ပိတ်ဆို့နေသော မကောင်းဆိုးဝါးများမှာ ထိုအထဲသို့ ပြုတ်ကျသွားကာ အပိုင်းပိုင်းအစစ ကြေမွသွားကြတော့သည်။
"ဘယ်လောက်လိုသေးလဲ"
လီဆက်၏ မျက်လုံးများထဲတွင် ဒေတာအလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေ၏။
"မီတာ သုံးရာပါ"
ယီရှီ ကိုလာ ကုမ္ပဏီနှင့် မီတာသုံးရာပင် မကွာဝေးတော့ပေ။
ရဲချီယန်က အဖြူရောင် မြူခိုးငွေ့များကို မှုတ်ထုတ်လိုက်ကာ ရှေ့တွင်ပေါ်လာသော အေးစက်စက် အသွင်အပြင်ရှိသည့် ကောင်လေးကို ကြည့်လိုက်သည်။ ထိုကောင်လေးမှာ သားမွေးအင်္ကျီကို ဝတ်ဆင်ထားပြီး အရပ် ၁ ဒသမ ၆ မီတာခန့်ရှိကာ ဆံပင်အဖြူရောင် တိုတိုကို ပိုင်ဆိုင်ထားလေ၏။
ရဲချီယန်က ဓားသွားကို တစ်ချက်ခါရမ်းလိုက်ပြီး ရပ်တန့်လိုက်သည်။
"ငါ့ကို ဒီလောက် အလွယ်တကူ ပြန်မလာစေချင်တဲ့သူ ရှိနေပုံပဲ"
ထိုကောင်လေးက သားမွေးကော်လာကြားမှ သူ၏မျက်နှာကို မော့လိုက်ရာ နောက်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာလေ၏။
"ဟေး မင်းကြည့်ရတာ တော်တော်လေး သန်မာပုံပဲ။ အဲ့ဒီဓားက ကောင်းတယ်၊ မင်းဆီမှာ ရှိနေတာ နှမြောစရာပဲ"
"ဟုတ်လို့လား"
ရဲချီယန်က အနုပညာလက်ရာတစ်ခုဟုပင် ခေါ်ဆိုနိုင်သော လရိပ်ဓား၏ ဓားသွားကို ညင်သာစွာ ပွတ်သပ်လိုက်လေ၏။
"မင်းပြောတာလည်း မှန်နိုင်ပါတယ်။ ငါ့ဆီမှာ ရှိနေတာက နည်းနည်းတော့ နှမြောစရာကောင်းနေတယ်"
ဝီခနဲ ခပ်တိုးတိုး အသံတစ်သံ ထွက်ပေါ်လာလေ၏။
ရဲချီယန် ထိုစကားကို ပြောလိုက်သည့်အချိန်မှာပင် သူ၏လက်ထဲရှိ ဓားသွားက အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
၎င်းက လက်နက်ဝိညာဉ် နိုးထလာခြင်းများလား။ ဖြစ်နိုင်ပါ့မလား။
"သူ့ကိုယ်သူ နှမြောစရာကောင်းတယ်လို့ ထင်နေပုံမရဘူးနော်"
ကောင်လေးက သွားများပေါ်အောင် ဖြဲကာ ပြုံးလိုက်လေ၏။
ထို့နောက် သူ၏လက်များကို အိတ်ကပ်ထဲမှ ချက်ချင်း ဆွဲထုတ်လိုက်သည်။
"ဒါဆိုရင်လည်း သွားသေလိုက်တော့ မြောက်ပိုင်းရေခဲ"
မရေမတွက်နိုင်သော ရေခဲပုံဆောင်ခဲ အချွန်အတက်များက မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာပြီး ရဲချီယန်ဆီသို့ ထိုးစိုက်ဝင်ရောက်လာလေ၏။
သူက ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံခြင်း မပြုလုပ်ခဲ့ပေ။
အကြောင်းမူကား ထိုအချွန်အတက်များ နီးကပ်လာသည့်အခါ 【 လွင့်မျောကြယ် သန့်စင်သော အမှတ်အသား 】က အသက်ဝင်လာပြီး ရွှေနီရောင် အလင်းမျက်နှာပြင်တစ်ခု အပြင်ဘက်သို့ ပြန့်ကားထွက်လာသောကြောင့်ပင်။
ရေခဲပုံဆောင်ခဲ အချွန်အတက်များအားလုံးသည် လွင့်မျောကြယ် သန့်စင်သော အမှတ်အသား၏ အပြင်ဘက်တွင် တားဆီးခံလိုက်ရလေတော့သည်။
"လရိပ်ဓား"
ကောင်းကင်ယံတွင် တောက်ပသော လမင်းကြီး တစ်စင်း ချိတ်ဆွဲထားသကဲ့သို့ ပေါ်လာလေ၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း လရောင်အောက်သို့ ရောက်ရှိသွားခဲ့သည်။
ရဲချီယန်က လက်တစ်ဖက်တွင် ဓားကိုကိုင်ထားပြီး အခြားတစ်ဖက်တွင် သေနတ်ကို ကိုင်ဆောင်ထားလေ၏။
ကောင်းကင်ဘုံကို လုယူသော တောင်ပံများ အသက်ဝင်လာပြီးနောက် သေနတ်သံတစ်သံနှင့်အတူ...
သူ၏ ပုံရိပ်က ကောင်လေး၏ အနောက်ဘက်သို့ တိုက်ရိုက် ရောက်ရှိသွားချေပြီ။
"ကောင်းကင်ယံ..."
အတုအယောင် လပြည့်ဝန်းကြီးက ကောင်းကင်ယံမှ ကျဆင်းလာလေ၏။
ကောင်လေးမှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပေ။
သူသည် ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး သူ၏အသားစများထဲတွင် လူသားတို့၏ သွေးများ မဟုတ်တော့ဘဲ အပြာရောင် ရေခဲသွေးများသာ ရှိနေကြောင်း ပေါ်လွင်သွားလေတော့သည်။
"မင်းမှာ ဒီလောက်ပဲ ရှိတာလား။ ဒီလောက်အဆင့်လောက်ရှိတဲ့ တိုက်ခိုက်မှုတွေက ငါ့ကို လုံးဝ မသတ်နိုင်ဘူး"
ကောင်လေး၏ မျက်နှာပေါ်ရှိ အပြုံးက မကောင်းဆိုးဝါးဆန်မှုများဖြင့် ပို၍ပင် ပြည့်နှက်သွားလေ၏။
လရိပ်ဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီးနောက် သူ၏အသွင်အပြင်မှာ အတော်လေး စုတ်ပြတ်သတ်သွားသော်လည်း စကားပြော ရိုင်းစိုင်းကြမ်းတမ်းနေမှုကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။
သူ၏ခန္ဓာကိုယ်က ရေခဲများထဲသို့ လွတ်မြောက်ဝင်ရောက်သွားခဲ့သည်။
အရပ်မျက်နှာ အသီးသီးမှ ရေခဲများဖြင့် ထိန်းချုပ်ခံထားရသော အလောင်းကောင် အမြောက်အမြားက ဖုတ်ကောင်ကပ်ဘေးကြီးကျရောက်သကဲ့သို့ ရဲချီယန်ဆီသို့ ပြုံတိုးလာကြလေ၏။
သို့သော်လည်း သူတို့၏ တည်ရှိမှုက လွင့်မျောကြယ် သန့်စင်သော အမှတ်အသားကြောင့် အပြင်ဘက်တွင် လုံးဝပိတ်ဆို့ခံလိုက်ရကာ တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်တော့ချေ။
၎င်းသာမက လီဆက်၏ အချိန်စက်ယန္တရား လက်နက်ကိရိယာ အပြည့်အဝ အသက်ဝင်လာသည်နှင့်အမျှ အချိန်များ ကုန်ဆုံးသွားသည်နှင့် အရေအတွက်ကိုသာ အားကိုး၍ အောင်ပွဲခံရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
"မင်းနဲ့ သေချာလေး ကစားပေးရဦးမှာပေါ့... ဟင်"
ကောင်လေး၏ အမြင်အာရုံများ ဝေဝါးသွားလေ၏။
သူ၏ စိတ်စွမ်းအားများ အဆက်မပြတ် လျော့ကျသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ ခြေလှမ်းများ ယိမ်းယိုင်သွားကာ ရေခဲထဲမှ ခုန်ထွက်လာပြီး ယိုင်နဲ့စွာ လဲကျသွားလေတော့သည်။
"ဒါက စိတ်စွမ်းအား အမျိုးအစား လက်နက်လား"
မြေပြင်ပေါ်တွင် ခရမ်းရောင်နှင့် အနီရောင်စပ်နေသော အလင်းရောင်ဝန်းတစ်ခုက အဆက်မပြတ် ပြန့်ကားလာလေ၏။
တောက်... တောက်... တောက်... ရေခဲများပေါ်သို့ နင်းလျှောက်လာသော သားရေဖိနပ်သံများက ကောင်လေးထံသို့ ချဉ်းကပ်လာခဲ့သည်။
ပို၍နာကျင်လာသော ဦးခေါင်းကို ဖက်ကိုင်ထားရင်း ရူးသွပ်သွားမတတ် ခံစားချက်ကို အတင်းအကျပ် အောင့်ခံကာ မော့ကြည့်လိုက်ရာ ဆံပင်အမည်းရောင်နှင့် လူငယ်၏ ပုံရိပ်ကို တွေ့လိုက်ရလေ၏။
"ငါ ဒါကိုမသုံးဖြစ်တာ တော်တော်လေး ကြာနေပြီပဲ"
"မင်းနာမည် ဘယ်လိုခေါ်လဲဆိုတာ ငါမသိပေမဲ့ ငါကလည်း အဲ့ဒါကို ဂရုမစိုက်ပါဘူး... ဒါပေမဲ့လည်း"
ရဲချီယန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာလေ၏။
"မင်း ဇာတ်ခုံပေါ်က ပြဇာတ်တွေကို ကြိုက်လား"
"မင်းက လူသားစားတဲ့ကောင် အဖြစ် သရုပ်ဆောင်နိုင်သလို အစားခံရတဲ့သူလည်း ဖြစ်သွားနိုင်တယ်လေ"
"ဒီဇာတ်လမ်းက လေးဆယ့်ခုနစ်ကြိမ် ထပ်ခါတလဲလဲ ပြသနေလိမ့်မယ်"
"မင်း အဲ့ဒါကို သေချာကြည့်ပြီး သေချာခံစားကြည့်ရမှာပေါ့"
စာမျက်နှာကို လှန်လိုက်လေ၏။
အမှန်တရားနှင့် အတုအယောင် စာအုပ်အထက်တွင် စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီး၏ အသေးစား အတုအယောင် ပုံရိပ်လေးတစ်ခု ပေါ်လာလေ၏။
ကောင်လေး၏ နှလုံးသားထဲတွင် အဆုံးမဲ့ သတိပေးချက် ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
စိတ်ထဲမှ နာကျင်မှုကို အောင့်ခံရင်း သူက ရေခဲထဲသို့ နောက်တစ်ကြိမ် ထပ်မံလွတ်မြောက်သွားကာ လောလောဆယ် ထွက်ပြေးပြီး အခြားအစီအစဉ်များ ဆွဲရန် ကြိုးစားလိုက်လေ၏။
သို့သော်လည်း။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဇာတ်လိုက်ပဲလေ"
"ဘာပဲဖြစ်ဖြစ် မင်း ထွက်ပြေးလို့မရပါဘူး"
၎င်းက အဆင့်နိမ့် ဗားရှင်းတစ်ခု ဖြစ်နေသော်လည်း။
သို့သော်။
အမှန်တရားနှင့် အတုအယောင် စာအုပ်၏ စွမ်းအားကတော့။
ခေါ်ဆိုထိုက်လှပေသည်။
"ပြည်နှင်ဒဏ်ပေးခြင်း"
ရွှပ်ခနဲ... စာမျက်နှာများက ရူးသွပ်စွာ လှန်သွားလေ၏။
ကောင်လေးမှာ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရလေတော့သည်။
ဆယ်မိနစ်။
အမှန်တရားနှင့် အတုအယောင် စာအုပ်၏ နှင်းတောင်ကြီး ပြည်နှင်ဒဏ်ပေးခြင်း စွမ်းရည်။
ပစ်မှတ်၏ စိတ်စွမ်းအား နိမ့်ကျလေလေ၊ ဆွဲသွင်းခံရနိုင်ခြေ ပိုများလေလေ ဖြစ်ပေသည်။
တိုက်ဆိုင်စွာပင် ဤကောင်လေးမှာ အလွန်အမင်း ကံဆိုးလွန်းနေခဲ့သည်။
သူက ရဲချီယန်နှင့် လာတွေ့နေခဲ့သောကြောင့်ပင်။
အကယ်၍ အခြားနေရာများတွင်သာဆိုလျှင် လက်ရှိတွင် အုပ်ချုပ်ရေးဌာနမှာ ပြန်လည်ခြေကုပ်ယူရန် ကြိုးစားနေသော မဟာမိတ်အဖွဲ့များနှင့် တိုက်ခိုက်နေရသဖြင့် အလုပ်များနေကာ သာမန်နယ်မြေ အသီးသီးကို ကာကွယ်ရန် နောက်ထပ်လူများ ထပ်လွှတ်ပေးရန် အချိန်ရှိမည် မဟုတ်ပေ။
ဒေါက်ခနဲ... စာမျက်နှာများ ပိတ်သွားလေ၏။
ရေတွက်ချိန် 【 ၀၀:၀၉:၄၄ 】
ဆယ်မိနစ်။
ဆယ်မိနစ်အကြာတွင် အမည်မသိ ထိုကောင်လေး ဘာဖြစ်သွားမည်နည်း။
အချိန်က သုညသို့ ရောက်ရှိသွားသောအခါ။
ဆံပင်အဖြူရောင် ကောင်လေးက စာအုပ်ထဲမှ လွင့်ထွက်လာကာ ပြုတ်ထားသော ပုစွန်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ကွေးကောက်နေပြီး အဆက်မပြတ် တုန်ယင်နေလေ၏။
"အ... အား"
နာကျင်မှုများ၊ ကြောက်ရွံ့မှုများ။
"မင်း... မင်း"
ကောင်းကင်ဘုံကို လုယူသော တောင်ပံများ။ ရဲချီယန်၏ အောက်ဘက်တွင် အနက်ရောင် အလင်းကြက်တောင် အနည်းငယ်သာ ကျန်ရစ်တော့သည်။
သို့သော် သူ၏ တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ကောင်လေး၏ အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ချေသည်။
သူက ကောင်လေးအား နင်းထားလိုက်ပြီး သူ၏လက်ထဲရှိ အီဘိုနီက စွမ်းအင်များ စတင်စုဆောင်းလာလေ၏။
【 သေနတ်သံ တရားစီရင်ခြင်း 】
【 မော်ဂျူး အသက်ဝင်လာပါပြီ 】
【 အပြစ် တရားစီရင်ခြင်း 】
【 အစားခံရခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားစားခြင်း၊ ခြေလက်ဖြတ်တောက်ခြင်း၊ သွေးဆာခြင်း၊ အကြမ်းဖက်ခြင်း၊ သာယာမှု... 】
【 အမြင့်မြတ်ဆုံး သက်ရှိ၏ တရားစီရင်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည် 】
【 နောက်ထပ် တရားစီရင်ခြင်း 】
ဒိုင်း...
သေနတ်သံ ထွက်ပေါ်လာပြီးနောက် ထိုသူမှာ သေဆုံးသွားလေတော့သည်။
ကြည်လင်ပြတ်သားသော လက်ဖြောက်တီးသံတစ်ခု ထွက်ပေါ်လာသည်။
ကျီးကန်းနှင့် လောဘတကြီးစားသောက်သူ။
နတ်ဆိုး ကတ်ပြားမှ နတ်ဆိုး နှစ်ကောင်။
သူတို့နှစ်ကောင်စလုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြလေ၏။
အနက်ရောင် ကျီးကန်းက အမည်မသိ ကောင်လေး၏ နှလုံးသားကို ဆွဲယူသွားသည်။
ငွေရောင်လောဘတကြီးစားသောက်သူက သူ၏အလောင်းကို ၎င်း၏ခန္ဓာကိုယ်ထဲသို့ မြိုချပစ်လိုက်လေ၏။
"ဒါက တကယ်ကိုပဲ..."
လီဆက်က ရေခဲချိတ်ပိတ်မှုကို ချိုးဖျက်ရန် ကောင်းကင်ယံ အတုအယောင် စွမ်းရည်ကို အသုံးပြုလိုက်ကာ ယီရှီ ကိုလာ ကုမ္ပဏီသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖောက်ပေးလိုက်လေ၏။
ပြီးတော့ ဂိတ်တံခါး၏ အနောက်ဘက်တွင်။
ကောင်လေး သေဆုံးသွားပြီးနောက် ရေခဲဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားခဲ့သော လူများက ဟိန်းဟောက်ရင်း ပြေးဝင်လာကြသော်လည်း...
ရွှီး... ရွှီး... ရွှီး... မရေမတွက်နိုင်သော မြားများက အဆက်မပြတ် ဝင်ရောက်လာလေ၏။
လီဆက်က ထိုရေခဲဖုတ်ကောင်များကို ရှင်းလင်းရင်း ရဲချီယန်၏ ဘေးမှလိုက်ပါကာ သူ၏ရှေ့မှ လမ်းကြောင်းကို ရှင်းလင်းပေးနေခဲ့သည်။
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေလေ၏။
လမ်းတစ်လျှောက်လုံး အလောင်းများဖြင့် ပြည့်နှက်နေပေသည်။
ရဲချီယန်က အမြင့်ဆုံးထပ်ရှိ ရုံးခန်းရှေ့သို့ ရောက်ရှိသွားသောအခါ။
သူ၏ အနောက်ဘက်။
ယီရှီ ကိုလာ ကုမ္ပဏီ အတွင်း၌။
လူတစ်ယောက်မှ မရှိတော့ဘဲ လွတ်ဟာနေလေတော့သည်။