အခန်း (၃၈၇-၃၈၈)
Vol. 32 Ch. 387-388
အခန်း ၃၈၇
"တကယ့်ကိုပဲ ဝမ်းသာစရာ အံ့အားသင့်မှုကြီးပါလား"
ဥယျာဉ် အကျဉ်းထောင်အတွင်း၌။
ရဲချီယန်၏ အနောက်ဘက်တွင် လှည့်ပတ်နေသော နတ်ဆိုး ကတ်ပြား အစီအစဉ် ခြောက်ခုကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မားကပ်စ်၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများနှင့် လောဘတရားတို့ ပြည့်နှက်သွားလေ၏။
"နတ်ဆိုးတွေရဲ့ အရိပ်အယောင်ကို ရှာဖွေနေခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ ဒါပေမဲ့ တစ်ခါမှ အောင်မြင်မှုမရခဲ့ဘူး"
"ကောင်းကင်ဘုံက သနားညှာတာလို့ ဒီနေ့ ငါ့ရှေ့မှာ ခြောက်ခုတောင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ပြီ"
"ဟဲဟဲ... သူက နတ်ဆိုးတွေ ရွေးချယ်ခံရတဲ့သူများလား"
သူ၏ လက်ထဲတွင် အဆက်မပြတ် တုန်ယင်နေသော နတ်ဆိုး ကတ်ပြားက အနက်ရောင် အလင်းတန်းများကို ဖြာထွက်နေပေသည်။
"ငါကသာ နတ်ဆိုးတွေ ရွေးချယ်ထားတဲ့သူပဲ"
"ငါက နတ်ဆိုးဘုရင် ဖြစ်လာရမယ်"
မားကပ်စ်က အနက်ရောင် ကျောက်တုံးပလ္လင်ထက်မှ မတ်တတ်ရပ်လိုက်လေ၏။
အကယ်၍ ရဲချီယန်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤကျောက်တုံးပလ္လင်သည် ပုန်ကန်မှုက ဆင့်ခေါ်ထားသော အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည့် အနက်ရောင်ပလ္လင်နှင့် အနည်းငယ် ဆင်တူနေကြောင်းကို အလွယ်တကူ သတိပြုမိပေလိမ့်မည်။
၎င်းကို အနက်ရောင်ပလ္လင်အား အတုယူ၍ ဖန်တီးထားခြင်း ဖြစ်ချေသည်။
ထိုသို့ ပြုလုပ်ထားခြင်းက မားကပ်စ်၏ နတ်ဆိုးဘုရင် ဖြစ်လာလိုသော ရည်မှန်းချက် ကြီးမားမှုကို သိသာထင်ရှားစေပေသည်။
"ကျွန်တွေ... မင်းတို့ စတေးခံရမယ့်နေ့ ရောက်လာပြီ"
ကောင်းကင်ယံဥယျာဉ်၏ ကျွန်သခင် မားကပ်စ်။
သူ၏ အုပ်ချုပ်မှုအောက်တွင် လူသားကျွန် အမြောက်အမြားကို သိမ်းဆည်းထားလေ၏။
ဤကျွန်များ အားလုံးမှာ လေးလံသော သံကြိုးများ ခတ်ခံထားရကာ နေ့ညမပြတ် နှိပ်စက်ခံရပြီး နေ့ညမပြတ် ဦးနှောက်ဆေးခံထားရပေသည်။ သူ၏ အမိန့်များကို အကြွင်းမဲ့ နာခံလာသည်အထိပင်။
ကျွန်များအထဲတွင် လူသားများ၊ မကောင်းဆိုးဝါးများနှင့် နတ်ဘုရား၏ တမန်တော်များပင် ပါဝင်နေချေသည်။
"နတ်ဆိုးတွေက ငါ့ဆီ ဖိတ်စာပို့လာပြီ။ မင်းတို့ကောင်တွေ ငါ့ကို အဲ့ဒီကို ခေါ်သွားကြစမ်း"
မားကပ်စ်က သူ၏ ကြာပွတ်ရှည်ကို ရိုက်ချလိုက်လေ၏။
ကြည်လင်ပြတ်သားသော ရိုက်ခတ်သံနှင့်အတူ သူ့ကို ဝန်းရံထားသော ထောင်ပေါင်းများစွာသော ကျွန်များ၏ သံကြိုးများ ပြုတ်ကျသွားလေတော့သည်။
"သတ်... သတ်... သတ်ကြစမ်း"
စစ်ပွဲက စတင်သွားခဲ့ချေပြီ။
ဤကျွန်များကြားတွင် အံ့မခန်း စွမ်းအားပိုင်ရှင် အချို့လည်း ပါဝင်နေပေသည်။
မူလက စစ်မြေပြင်၏ ဗဟိုချက်မှာ အဋ္ဌမမြောက် ဇုန်၏ အရှေ့တောင်ဘက်တွင် ဖြစ်လေ၏။
သို့သော် ရဲချီယန်နှင့် မားကပ်စ်တို့ နှစ်ဦးစလုံး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ အရာအားလုံး၏ ဗဟိုချက်က သူတို့ရှိရာဆီသို့ စတင်ရွေ့လျားလာခဲ့တော့သည်။
"တကယ်ပဲ သူလား"
"လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူက အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲကို ဝင်လာတဲ့ လူသစ်လေး တစ်ယောက်ပဲ ရှိသေးတာလေ၊ ဒါပေမဲ့ အခု ဒီလောက်အထိတောင် ကြီးထွားလာခဲ့ပြီလား"
"ကတ်ပြား ခြောက်ခု... ဒီလို စုဆောင်းနိုင်တဲ့ အမြန်နှုန်းက တကယ့်ကို ယခင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့အရာပဲ"
ဖန်ဟော့က သူ၏ အဖြူရောင် ဗုံးကြဲလေယာဉ်ကို စီးနင်းကာ ပိုမိုမြင့်မားသော ကောင်းကင်ယံရှိ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ပလ္လင်အရှေ့တွင် ရပ်နေသည့် ပုံရိပ်ကို စောင့်ကြည့်နေလေ၏။
နတ်ဆိုး ကတ်ပြား · မာနတရား၏ စွမ်းအားကြောင့် ရဲချီယန်၏ အသွင်အပြင်ကို မည်သူကမျှ ရှင်းလင်းစွာ မမြင်နိုင်သလို သူ၏ အချက်အလက်များကို ထိုးထွင်းသိမြင်နိုင်စွမ်းလည်း မည်သူ့ထံတွင်မျှ ရှိမနေခဲ့ပေ။
သို့သော် ဖန်ဟော့ သိနေခဲ့သည်။
မွန်ရိုးဂျီနာ၏ နတ်ဆိုး ကတ်ပြား · မာနတရားမှာ ရဲချီယန်ထံသို့ လွှဲပြောင်းပေးအပ်ခံခဲ့ရကြောင်းကိုပင်။
ထို့ကြောင့် ထိုသူမှာ ရဲချီယန် ဖြစ်ကြောင်း သေချာနေလေ၏။
သူ၏ နားလည်ရခက်သော ကြီးထွားမှု အမြန်နှုန်းကို ဆက်လက်၍ အံ့အားသင့်နေရန် အချိန်မရှိတော့ချေ။
ဖန်ဟော့က အခြေအနေ တစ်ရပ်လုံးကို ဆက်လက်ကွပ်ကဲရန် စစ်ပွဲ ကတ်ပြားကို အသုံးပြုလိုက်သည်။
အဘိုကာဒို။
မားကပ်စ် လှုပ်ရှားလာသည်နှင့်အမျှ လက်ရှိ ကောင်းကင်ယံဥယျာဉ်အတွင်း ရောက်ရှိနေကြသော ဤအဖွဲ့အစည်း၏ အဖွဲ့ဝင်များက အဋ္ဌမမြောက် ဇုန်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာကြလေ၏။
ရဲချီယန် ရှိနေသောကြောင့် ဤနေရာသည် ကောင်းကင်ယံဥယျာဉ်နှင့် အဘိုကာဒိုတို့ကြား ပင်မစစ်မြေပြင် ဖြစ်လာမည်ဖြစ်ပြီး နောက်ဆုံးစစ်မြေပြင်လည်း ဖြစ်လာပေလိမ့်မည်။
အထက်သို့... အထက်သို့။
ကောင်းကင်ဥက္ကာပျံ မောင်းနှင်စနစ်မှ ပန်းထွက်လာသော အလင်းမှုန်များက သူ့ကို ဥယျာဉ် အကျဉ်းထောင်၏ အထက် ပိုမိုမြင့်မားသော နေရာသို့ ခေါ်ဆောင်သွားလေ၏။
အခြားသော နတ်ဆိုးများနှင့် စက်ယန္တရားများ အားလုံးမှာ ကျွန်တပ်မတော်ကို တိုက်ခိုက်ရန် စေလွှတ်ခံလိုက်ရသည်။
ရဲချီယန်၏ ဘေးတွင် မျက်ရည်နီနှင့် ကြိုတင်သတိပေးသူ၏ ကျီးကန်းနတ်ဆိုးတို့သာ ကျန်ရှိနေတော့သည်။
"ကောင်လေး မင်းက အရင်စပြီး တိုက်ခိုက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"မင်းရဲ့ အသွင်အပြင်ကို ငါမမြင်ရသလို မင်းရဲ့ အခြေအနေကိုလည်း ငါ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ ဒါက နတ်ဆိုး ကတ်ပြား · မာနတရားရဲ့ စွမ်းအားလား။ တကယ့်ကို ယစ်မူးချင်စရာကောင်းတာပဲ"
"ပြီးတော့ အဲ့ဒီ ကျီးကန်းက ကြိုတင်သတိပေးသူလား"
"ဟင်... ပလ္လင်က ငါသိထားတာနဲ့ ကွာခြားနေပါလား၊ မှတ်တမ်းတွေက မပြည့်စုံဘူး ထင်တယ်"
မားကပ်စ်၏ မျက်လုံးများထဲရှိ လောဘရမ္မက်များက ရဲချီယန်ကို အရှင်လတ်လတ် မြိုချပစ်ချင်နေသည့်အလား ပေါ်လွင်နေလေ၏။
"နတ်ဆိုး ကတ်ပြား ခြောက်ခုကို ပိုင်ဆိုင်ထားတဲ့ မင်းက ငါနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ မူလကတော့ ဒါကို အဲ့ဒီ အရူးချိုင်မင်အတွက် ပြင်ဆင်ထားခဲ့တာ၊ ဒါပေမဲ့ အခုတော့..."
"အား..."
ဖောင်းပွလာခြင်း။
မားကပ်စ်၏ ခန္ဓာကိုယ်က နှစ်မီတာခွဲကျော်အထိ ဖောင်းပွကြီးထွားလာကာ နိမိတ်မကောင်းသော အနက်ရောင် အငွေ့အသက်များက သူ၏ အရေပြားထဲသို့ စိမ့်ဝင်သွားလေ၏။
ထူးဆန်းသော အမှတ်အသားများက သူ၏ အရေပြားပေါ်တွင် လွတ်လပ်စွာ စီးဆင်းနေကြသည်။
"ငါက နတ်ဆိုးတွေ ရွေးချယ်ထားတဲ့သူပဲ"
ရွေးချယ်ခံရတယ် ဟုတ်လား။ ရွေးချယ်ခံရရုံ သက်သက်ပဲလား။
ရဲချီယန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားလေ၏။
နတ်ဆိုးတွေ ရွေးချယ်ခံရတဲ့ သူတွေအတွက် ကောင်းမွန်တဲ့ ဇာတ်သိမ်း ဆိုတာ ရှိလို့လား။
မားကပ်စ် ဆိုတဲ့ ဒီကောင်။ သူက နတ်ဆိုး ကတ်ပြားကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ရင်တောင်မှ နတ်ဆိုးတွေကို အသုံးပြုဖို့အတွက် သူတို့ရဲ့ ရွေးချယ်မှုကို မခံယူသင့်ဘူးဆိုတာကို လုံးဝ နားမလည်ခဲ့ဘူးပဲ။ အဲဒီအစား သူတို့ကို အကြွင်းမဲ့ အုပ်စိုးထိန်းချုပ်နိုင်ရမှာ။
【 ပုန်ကန်မှု ... ကြိုတင်သတိပေးသူ ... 】
【 ... 】
လှုပ်ရှားမှုက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်ချေသည်။
နတ်ဆိုး ကတ်ပြား · စုန်းမက သူနှင့် ပေါင်းစည်းသွားသည်နှင့်အမျှ။
အနက်ရောင် ကြက်တောင်မုန်တိုင်းနှင့် ကျီးကန်းနတ်ဆိုး၏ ကြီးမားလှသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့မှာ ပြီးပြည့်စုံစွာ စွမ်းအင်မြှင့်တင်ခံလိုက်ရလေ၏။
နှစ်ဖက်စလုံး၏ အသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
မားကပ်စ်က စတင်လှုပ်ရှားလိုက်လေ၏။
ထိုကြာပွတ်ရှည်ကြီးက ခက်ရင်းခွသုံးခွပုံသဏ္ဌာန်သို့ ပြောင်းလဲသွားကာ တန်သောင်းချီသော အင်အားဖြင့် ရိုက်ချလာတော့သည်။
"သေစမ်း"
လွင့်မျောကြယ် သန့်စင်သော အမှတ်အသား အသက်ဝင်လာလေ၏။
ရွှေနီရောင် ကာကွယ်ရေးအမြှေးပါးတစ်ခုက ခက်ရင်းခွကို တားဆီးလိုက်ရာ စူးရှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါပဲလား"
ရဲချီယန်က လှောင်ပြောင်လိုက်ပြီး ကောင်းကင်ဥက္ကာပျံ မောင်းနှင်စနစ်၏ စွမ်းအားအောက်တွင် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် မားကပ်စ်၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိသွားလေ၏။
အနက်ရောင် ကြက်တောင်မုန်တိုင်းဖြင့် ရိုက်ချလိုက်သည့် အခိုက်အတန့်တွင် ရဲချီယန်က လက်နက် ပြောင်းလဲလိုက်ကာ ချမ်းမြေ့သော ကောင်းကင်ယံ၊ လရိပ်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်လေတော့သည်။
【 လရိပ်ဓား ... 】
လပြည့်ဝန်းကြီးတစ်စင်းက ကောင်းကင်ယံသို့ ထွက်ပေါ်လာလေ၏။
【 ချမ်းမြေ့သော ကောင်းကင်ယံ ... 】
ကြယ်များနှင့် လမင်းက မြေပြင်သို့ ကျဆင်းလာခဲ့သည်။
ခမ်းနားကြီးကျယ်လှသော ဓားအလင်းတန်းက မားကပ်စ်၏ အရေပြားကို ခုတ်ပိုင်းသွားကာ နီရဲသော သွေးစွန်းများကို ချန်ရစ်ထားခဲ့လေ၏။
ရဲချီယန်က သူ သိပ်မရင်းနှီးသော အနီးကပ်တိုက်ခိုက်ရေး လက်နက်ကို အသုံးပြုကာ မားကပ်စ်ကို စမ်းသပ်ခံအဖြစ် အသုံးချနေခြင်းပင်။
"အလကားပဲ... မင်း ငါ့ကို မသတ်နိုင်ဘူး"
မားကပ်စ်က ဖြဲပြုံးလိုက်ကာ နေရာတွင်ပင် ရပ်လျက် သူ၏လက်ထဲရှိ ခက်ရင်းခွကို အကြမ်းပတမ်း ပစ်ပေါက်လိုက်လေ၏။
"မင်းက တော်တော်လေး ခံနိုင်ရည်ရှိတာပဲ"
ငွေရောင်တောင်ပံ ကြယ်ဆိုးက ရုတ်တရက် အရှိန်မြှင့်တင်လိုက်ကာ ဤတိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။
ခက်ရင်းခွက မြေပြင်ပေါ်သို့ ကျရောက်သွားရာ ဧရာမ အနက်ရောင် ပေါက်ကွဲမှု တိမ်တိုက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက အထပ်မြင့် အဆောက်အအုံတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
တကယ်တမ်းတွင် ရဲချီယန် လက်ရှိအသုံးပြုနေသော စွမ်းအားကိုသာ အားကိုးမည်ဆိုပါက မားကပ်စ်အပေါ် သေစေလောက်သော ဒဏ်ရာပေးရန်မှာ အတော်လေး ခက်ခဲလှပေသည်။
မားကပ်စ်သည် ကောင်းကင်ဥက္ကာပျံ မောင်းနှင်စနစ်အောက်ရှိ သူ၏ ပျံသန်းမှု အမြန်နှုန်းကိုပင် လုံးဝ အမီလိုက်နိုင်စွမ်း ရှိနေချေသည်။
ဒါဆိုရင်... ဒါလေးကရော ဘယ်လိုလဲ။
【 ရထားမောင်းနှင်သူ မော်ဂျူးကတ်ပြား · ကျိန်စာသင့် နတ်ဆိုးမျက်လုံး 】
အားနည်းခြင်း၊ နှေးကွေးခြင်း၊ တပ်မက်ခြင်း။
မတူညီသော ကျိန်စာ အမျိုးအစား သုံးခုထဲမှ တစ်ခုကို ရွေးချယ်ပါ။
ဒိန်း ...
မျက်စိတစ်မှိတ်အတွင်းမှာပင်။
အနက်ရောင် မျက်လုံးတစ်လုံးက ကောင်းကင်ယံတွင် ပေါ်ထွက်လာလေ၏။
တစ်ချိန်တည်းမှာပင်။
ရဲချီယန်၏ လက်ထဲရှိ အမှန်တရားနှင့် အတုအယောင် စာအုပ်ကိုလည်း နောက်စာမျက်နှာတစ်ခုသို့ လှန်လိုက်လေတော့သည်။
【 အားနည်းခြင်း ... 】
မျက်လုံးကြီးက မားကပ်စ်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ရှိသော ကျိန်စာက ချက်ချင်း အသက်ဝင်သွားခဲ့သည်။
"အလကားပဲ... သာမန် ကျိန်စာလေးတစ်ခုကများ"
ဝီ...
ကျိန်စာက အစပြုရုံ သက်သက်သာ ဖြစ်ချေသည်။
ခရမ်းရောင်နှင့် အနီရောင်စပ်နေသော အလင်းရောင်ဝန်းတစ်ခုက ရဲချီယန်ကို ဗဟိုပြု၍ အပြင်ဘက်သို့ ပြန့်ကားသွားသည်နှင့်အမျှ။
မားကပ်စ်သည် ခုခံ၍မရနိုင်သော လွှမ်းမိုးမှုတစ်မျိုးကို ခံစားလိုက်ရကာ သူက စနစ် အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်ပြီး ၎င်းပေါ်ရှိ စိတ်စွမ်းအား တန်ဖိုးများ အလျင်အမြန် ကျဆင်းသွားသည်ကို ကြည့်နေမိလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်က သူ့အပေါ်တွင် ရှိနေခဲ့သော မောက်မာဝင့်ကြွားသည့် အမူအရာများမှာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့တော့သည်။
"ငါ့ကို သက်ရောက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လက်နက်လား"
သူ အချိန်ဆွဲနေလို့ မရတော့ချေ။
သူက ချက်ချင်း ရှေ့သို့ တိုးထွက်လိုက်လေ၏။ သူ၏ စိတ်စွမ်းအားများ ကျဆင်းသွားပြီးနောက် မူလက သူခုခံကာကွယ် ချေဖျက်ထားနိုင်ခဲ့သော ကျိန်စာစွမ်းအားက ယခုအခါ သူ့အပေါ်သို့ အမှန်တကယ် သက်ရောက်လာခဲ့ချေပြီ။
ရဲချီယန်၏ စိတ်စွမ်းအားများမှာ အဆက်မပြတ် လျော့ကျနေပြီး သူ၏ စိတ်စွမ်းအားမှာလည်း တစ်ပြိုင်တည်း အားနည်းလာနေပေသည်။
"ကြီးမားတဲ့ ပေးဆပ်မှု လိုအပ်တဲ့ ဒီလို စိတ်ပိုင်းဆိုင်ရာ လက်နက်မျိုးကို တကယ်ကြီး သုံးရဲတယ်ပေါ့... ကောင်လေး မင်း"
သူ၏ စကားများက ရုတ်တရက် ရပ်တန့်သွားလေ၏။
အကြောင်းမူကား ယခုအခိုက်အတန့်မှာပင်။
【 ပုန်ကန်မှု ... ဖြားယောင်းသွေးဆောင်ခြင်း 】
ရဲချီယန်က သူ၏နှုတ်ခမ်းပေါ်တွင် လက်တစ်ချောင်း တင်လိုက်လေ၏။
"ရှူး..."
သူ့တွင် မှန်ကန်သော အဖြေလိုအပ်နေသည့် မေးခွန်းတစ်ခု ရှိနေပေသည်။
"ခဏလောက် တိတ်တိတ်နေပေးပါ"
အခန်း ၃၈၈
ရဲချီယန်အနေဖြင့် သူ့ကို သတ်နိုင်မည်မဟုတ်ကြောင်း မားကပ်စ် ပြောဆိုခဲ့ဖူးလေ၏။
သို့တိုင် သူသည် ဒဏ်ရာရနိုင်သလို သွေးလည်း ထွက်နိုင်သေးသည်။
သို့ဆိုလျှင် သူပြောခဲ့သည်မှာ အမှန်လော၊ အမှားလော။
မေးခွန်းတစ်ခုက အမှန်တရားကို ဖော်ထုတ်ပေးလိမ့်မည်ဖြစ်ချေသည်။
"မင်း သေမှာလား"
ထိုစကားလုံးများက ထူးဆန်းသော မှော်ပညာတစ်ခု ပိုင်ဆိုင်ထားသည့်အလားပင်။ ရဲချီယန်၏ အသံမှာ မကျယ်လောင်သော်ငြား မားကပ်စ်၏ နှလုံးသားအောက်ခြေ အနက်ရှိုင်းဆုံးနေရာမှ ခပ်တိုးတိုး ရေရွတ်သံလေးတစ်ခုအဖြစ် ပဲ့တင်ထပ်သွားလေ၏။
သူ၏ခန္ဓာကိုယ်မှာ မသိစိတ်မှပင် တုန်ယင်သွားခဲ့သည်။
၎င်းမှာ နတ်ဆိုး ကတ်ပြား ပိုင်ဆိုင်သူများထံတွင်သာ ပေါ်ပေါက်တတ်သော ရှင်းပြ၍မရနိုင်သည့် ကြောက်ရွံ့မှုတစ်ရပ် ဖြစ်ပေသည်။
"ဒါက ဖြားယောင်းသွေးဆောင်ခြင်းပဲ၊ ပြန်မဖြေနဲ့"
မားကပ်စ်က စိတ်ထဲမှ ကြိတ်တွေးလိုက်လေ၏။
သို့သော် ထိုသို့လုပ်ရန် ဖြစ်နိုင်ပါ့မည်လော။
၎င်းသည် သာမန် ဖြားယောင်းသွေးဆောင်ခြင်းမျိုး မဟုတ်ချေ။
နတ်ဆိုးအားလုံးကို ကွပ်ကဲအုပ်စိုးသူ ရဲချီယန်နှင့် ပေါင်းစည်းသွားပြီးနောက် ပေါ်ထွက်လာသော 【 နတ်ဆိုး ကတ်ပြား · ပုန်ကန်မှု 】 ပင် ဖြစ်လေသည်။ ၎င်းကား စွမ်းအားမြှင့်တင်ထားသော ဖြားယောင်းသွေးဆောင်ခြင်းပင်။
နတ်ဘုရားများဖြစ်စေ၊ လူသားများဖြစ်စေ။
စကားမပြောနိုင်သော မကောင်းဆိုးဝါးတစ်ကောင်ပင် ဖြစ်နေပါစေ။
ရဲချီယန်၏ ဤမေးခွန်းကို ဖြေကြားရန် နှုတ်ခမ်းဟရမည်သာ ဖြစ်ချေသည်။
သို့သော် မားကပ်စ်၏ အဖြေက အံ့အားသင့်ဖွယ် ဖြစ်နေခဲ့၏။
"ငါ... မသေဘူး"
"ငါ မသေဘူးကွ"
"မင်း ငါ့ကို သတ်လို့မရဘူး"
သူသည် သေဆုံးမည်မဟုတ်ပေ။
မားကပ်စ်မှာ သေခြင်းတရားဆိုသည့် သဘောတရားကို ငြင်းပယ်ထားသော သေမျိုးလူသားခန္ဓာကိုယ်မဟုတ်သည့် ထာဝရရှင်သန်သော သက်ရှိတစ်ဦး ဖြစ်လေသည်။
၎င်းကပင် မားကပ်စ်၏ ယုံကြည်မှု အရင်းအမြစ် ဖြစ်ချေသည်။
ဤမြို့တော်၌ အနှစ်နှစ်ဆယ်နီးပါးခန့် ရပ်တန့်နေခဲ့ရသော်ငြား ထိပ်တန်း ရထားမောင်းနှင်သူ တစ်ဦးနှင့် စစ်ခင်းရမည်ကို မားကပ်စ် လုံးဝ ကြောက်ရွံ့မနေခဲ့ချေ။
"ကောင်လေး၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ကို မသတ်နိုင်သရွေ့ ငါ မားကပ်စ်က သေချာပေါက် အနိုင်ရမှာပဲကွ"
"..."
၎င်းမှာ ဤမေးခွန်းအပြီးတွင် ရဲချီယန် မျှော်မှန်းထားသည့် ဒုတိယမြောက် အဖြေအမျိုးအစားပင် ဖြစ်လေ၏။
"ဟက်ဟက်"
သူက အလွန် ပျော်ရွှင်နေသည့်အလား ရယ်မောလိုက်လေသည်။
【 နတ်ဆိုး ကတ်ပြား · ကြိုတင်သတိပေးသူ 】
【 ကြိုတင်သတိပေးသူ - စိတ်စွမ်းအား စားသုံးသည်၊ သေဆုံးခြင်းကို ကြေညာရန် ကျီးကန်းနတ်ဆိုး ရောက်ရှိလာသည် 】
【 နတ်ဆိုး - ကိုယ်ခံစွမ်းအား စားသုံးသည်၊ ကျီးကန်းနတ်ဆိုးက ရန်သူ၏ သေမင်းအသိပေးချက်ကို ကြေညာစေသည် 】
ကြိုတင်သတိပေးသူမှ ဆင့်ခေါ်လိုက်သော ကျီးကန်းနတ်ဆိုး အမွှာ ပိုင်ဆိုင်ထားသည့် သေခြင်းတရား အယူအဆမှာ တစ်မျိုးတည်း မဟုတ်ချေ။
ကျီးကန်းက အခြားသူများ သေဆုံးရမည်ဟု ကြေညာလေ၏။
သို့ဆိုလျှင် ထိုသူသည် သေဆုံး၍မရနိုင်သူ ဖြစ်နေပါက မည်သို့ ဖြစ်သွားမည်နည်း။
"နောက်ဆုံးတော့ ဒီစွမ်းရည်ကို သုံးဖို့ အခွင့်အရေး ရလာခဲ့ပြီပဲ။ ကြိုတင်သတိပေးသူ၊ မင်း စောင့်နေရတာ ကြာပြီမလား"
ရဲချီယန်က ပြုံးလျက် ပြောလိုက်သည်။
ထိုအခါ နတ်ဆိုးက သူတို့အပေါ်သို့ သေခြင်းတရားကို ပေးသနားလိမ့်မည်သာ။
ယခင်က တစ်ကြိမ်တစ်ခါမျှ အသံမထွက်ခဲ့ဖူးသော ကျီးကန်းနတ်ဆိုးက ရဲချီယန်၏ လက်ထဲသို့ ရောက်ရှိလာပြီးနောက် ဤကမ္ဘာကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားစေသည့် နားကွဲမတတ် စူးရှသောအော်သံကို ပထမဆုံးအကြိမ် ထုတ်လွှတ်လိုက်လေတော့သည်။
"အား..."
သူ၏ ကိုယ်ရေးအချက်အလက် စာရင်းပေါ်ရှိ ထာဝရရှင်သန်ခြင်း စွမ်းရည်မှာ မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ မားကပ်စ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားလေ၏။
"ကြိုတင်သတိပေးသူမှာ ဒီလိုစွမ်းအားမျိုး တကယ်ကြီး ရှိနေတာလား"
သူက သူ့ကိုယ်သူ နတ်ဆိုး ကတ်ပြားများအကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်ထားသူဟု ထင်မှတ်ထားခဲ့ပေသည်။
သို့သော် တစ်ကြိမ်တစ်ခါမျှ မပိုင်ဆိုင်ဖူးသဖြင့် ကောလာဟလ သက်သက်မျှသာ ဖြစ်နေခဲ့၏။
မားကပ်စ်၏ ရင်ထဲတွင် ကြောက်ရွံ့မှု တစ်စိတ်တစ်ပိုင်း ပေါ်ထွက်လာခဲ့သည်။
ထိပ်တန်း ရထားမောင်းနှင်သူ တစ်ဦးအနေဖြင့် သူသည် ဤမျှလောက် မကြောက်ရွံ့သင့်ချေ။
သို့သော်ငြား ထာဝရရှင်သန်သူတစ်ဦးက သူ၏ ထာဝရရှင်သန်နိုင်စွမ်းကို ရုတ်တရက် ဆုံးရှုံးလိုက်ရသောအခါ နှလုံးသားထဲတွင် ကြောက်ရွံ့မှုက ရှောင်လွှဲ၍မရနိုင်အောင် ပေါ်ပေါက်လာစမြဲပင်။
အထူးသဖြင့် သူ၏အမြင်တွင် ရဲချီယန်မှာ အလွန်တရာ အစွမ်းထက်လှသော ထိပ်တန်း ရထားမောင်းနှင်သူ တစ်ဦး ဖြစ်နေသောကြောင့်ပင်တည်း။
"မင်း ငါ့ကို လွှမ်းမိုးလိုက်တာလား။ ဘာလို့လဲ။ နတ်ဆိုးတစ်ကောင်အနေနဲ့ ငါက ဘာလို့ ကြောက်ရွံ့နေရမှာလဲ"
သူ ပိုင်ဆိုင်ထားသော နတ်ဆိုး ကတ်ပြားသည် အဘယ်ကြောင့် တုန်ယင်နေရသနည်းဆိုသည်ကို သူ နောက်ဆုံးတော့ နားလည်သဘောပေါက်သွားခဲ့ချေပြီ။
"ငါ သေသွားနိုင်ရင်ရော ဘာဖြစ်လဲ။ သူ့ကို သတ်နိုင်သရွေ့ သူ့ကို သတ်ပစ်မယ်"
မားကပ်စ်၏ ခန္ဓာကိုယ်က ရူးသွပ်စွာ တုန်ယင်နေလေ၏။ သူက သွားများကို တင်းတင်းကြိတ်ထားပြီး ထွက်ပြေးရန်ပင် တွေးတောနေမိသည်။
သို့သော်လည်း...
ဝီခနဲ...
သူ၏ လက်ထဲရှိ နတ်ဆိုး ကတ်ပြားမှ ပြင်းထန်သော အလင်းရောင်များ ရုတ်တရက် ဖြာထွက်လာလေ၏။
ဤအလင်းရောင်များက မားကပ်စ်ကို လွှမ်းခြုံသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်သက်သက်အဖြစ် ပြောင်းလဲသွားတော့သည်။
"အား..."
"ဟား ဟား ဟား ဟား"
"ထင်ထားတဲ့အတိုင်းပဲ ငါက နတ်ဆိုးရဲ့ ရွေးချယ်ခံရတဲ့သူပဲကွ"
"ငါ သေနိုင်ရင်ရော ဘာဖြစ်လဲ။ မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ကို သတ်ဖို့ မလုံလောက်ပါဘူးကွ။ အဲ့ဒီဓားက ဘယ်လောက်ပဲ ထက်မြက်နေပါစေ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အခုလက်ရှိ ငါ့ကို အနိုင်ယူဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်"
ထို နတ်ဆိုး ကတ်ပြားက ခုခံနေခြင်းပင်။
၎င်းက ရဲချီယန်ကို လက်မခံဘဲ ငြင်းဆန်လိုနေလေ၏။
ထို့ကြောင့်ပင် မားကပ်စ်အား စွမ်းအားနှင့် ရဲစွမ်းသတ္တိများကို ထောက်ပံ့ပေးလိုက်ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့် ဤသို့ ငြင်းဆန်ရသနည်း။
အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အနက်ရောင်ပလ္လင်နှင့် ကြေမွသွားခဲ့သော နတ်ဆိုးဘုရင်၏ သရဖူက အဖြေပင် ဖြစ်လေ၏။
ရဲချီယန်သည် နတ်ဆိုး ကတ်ပြားမှ ရွေးချယ်လိုသော နတ်ဆိုးဘုရင်မျိုး မဟုတ်ချေ။
သူ ဖြစ်ချင်သည်မှာ နတ်ဆိုးများကို အုပ်စိုးမည့်သူ၊ ဖိနှိပ်ကွပ်ကဲမည့်သူနှင့် လုံးဝ အပြည့်အဝ ထိန်းချုပ်မည့်သူသာ ဖြစ်လေသည်။
"အရင်တုန်းက လောဘတကြီး စားသောက်ခြင်း လိုပဲ စကားနားမထောင်တဲ့ကောင်ပဲ"
"မျက်ရည်နီ"
မိန်းကလေးငယ်နှင့်တူသော နတ်ဆိုးမလေးက စွဲထင်နေသောမျက်ရည် ဓားကို တဖြည်းဖြည်း ဆွဲထုတ်လိုက်လေ၏။
သူမ၏ ခါးရှိ နတ်ဆိုးတောင်ပံလေးများက အဆက်မပြတ် ခတ်ယမ်းနေကာ သခင်ဖြစ်သူ၏ ဘေးသို့ ရောက်ရှိလာပြီး ရဲချီယန်၏ လက်ကို အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ဆုပ်ကိုင်လိုက်လေ၏။
"ဓားကို ဆွဲထုတ်လိုက်"
အမိန့်ပေးလိုက်ချေပြီ။
ရှေးဟောင်း စစ်မြေပြင်၏ အတုအယောင် ပုံရိပ်က ကောင်းကင်ယံတွင် တဖြည်းဖြည်း ပြည့်နှက်လာကာ ရုပ်လုံးပေါ်လာခဲ့သည်။
မားကပ်စ်သည် နတ်ဆိုး ကတ်ပြားမှ ရုတ်တရက် ပေးသနားလိုက်သော စွမ်းအားများကို အပြည့်အဝ မခံစားလိုက်ရသေးမီမှာပင် ၎င်းထံမှ အစပြုလာသော ကြောက်ရွံ့မှုနှင့် ဒေါသတရားတို့က သူ၏ နှလုံးသားကို အလုံးစုံ လောင်ကျွမ်းသွားစေခဲ့လေ၏။
"သတ်စမ်း... သူမကို သတ်... သူ့ကို သတ်... အကုန်လုံးကို သတ်ပစ်"
အမှန်တရားနှင့် အတုအယောင် စာအုပ်၏ စွမ်းအားကြောင့် စိတ်စွမ်းအားများ သိသိသာသာ လျော့ကျနေပြီဖြစ်သော မားကပ်စ်သည် ဤအသံ၏ လွှမ်းမိုးမှုအောက်တွင် အသိစိတ်များ လုံးဝ ပျောက်ဆုံးသွားလေတော့သည်။
ပုံသဏ္ဌာန် ပျက်ယွင်းသွားကာ အသွင်ပြောင်းလဲလာလေ၏...
ရဲချီယန်နှင့် မျက်ရည်နီတို့၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ စွမ်းအားတစ်ရပ်၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့်အလား သူတို့အပေါ်သို့ အဆက်မပြတ် ဖိနှိပ်ချေမှုန်းလာခဲ့သည်။
လေထုထဲမှ အနီရောင် မိုးရေစက်များက ချွန်ထက်သော ဆူးချွန်များအဖြစ် ပြောင်းလဲသွားလေ၏။
လေပြင်းမုန်တိုင်းများကလည်း ထက်မြက်သော ဓားသွားများ ဖြစ်လာခဲ့သည်။
ကမ္ဘာကြီး တစ်ခုလုံးက ရဲချီယန်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အလားပင်။
၎င်းမှာ ထို နတ်ဆိုး ကတ်ပြား၏ စွမ်းရည်ပင် ဖြစ်ပုံရလေ၏။
ဤ နေရာလွတ်က။
ခံနေရသည်။
【 ထိန်းချုပ်ခြင်း 】ကိုပင်။
သို့သော်လည်း လုံးဝ အသုံးမဝင်ခဲ့ချေ။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက ၎င်း၏ အမြင့်ဆုံး အကွာအဝေးဖြင့် အသက်ဝင်လာလေ၏။
မီတာ ခုနစ်ဆယ့်ခုနစ်။
ဤအကြွင်းမဲ့ ကာကွယ်ရေး စက်ဝန်းအတွင်း၌ ရင်ထဲတွင် ကြောက်ရွံ့မှု လုံးဝမရှိသော ရဲချီယန်သည် လွင့်မျောကြယ် သန့်စင်သော အမှတ်အသားကို ဖျက်ဆီး၍မရနိုင်သော အရာအဖြစ်သို့ ပြောင်းလဲသွားစေသည့် ရဲစွမ်းသတ္တိများကို ပိုင်ဆိုင်ထားပေသည်။
ဝုန်း...
ကောင်းကင်ယံတွင် မိုးကြိုးတစ်စင်း ပစ်ချလိုက်လေ၏။
မျက်ရည်နီ၏ မျက်လုံးများမှနေ၍ သွေးမျက်ရည် တစ်ကြောင်း စီးကျလာခဲ့သည်။
သူမက ရဲချီယန်၏ လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
ရှေးဟောင်း စစ်မြေပြင်က အပြည့်အဝ ရုပ်လုံးပေါ်လာသောအခါ၊ သူမ မြှောက်ကိုင်ထားသည့် စွဲထင်နေသောမျက်ရည် ဓား၏ ဓားဖျားရှေ့တွင် ပုံရိပ်တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သောအခါ။
နောက်ဆုံးတွင် ရပ်တန့်သွားသောအခါ ဦးချိုပါသော မိန်းကလေးတစ်ဦးမှာ စွဲထင်နေသောမျက်ရည် ဓားအတွင်းသို့ စုပ်ယူခံလိုက်ရလေတော့သည်။
"အား..."
ပုန်ကန်မှုက တီးခတ်နေသော ဂီတတေးသွားက နောက်ဆုံးတွင် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။
မားကပ်စ်၊ သို့မဟုတ် တိတိကျကျဆိုရလျှင် သူ့ကို ထိန်းချုပ်ထားသော နတ်ဆိုး ကတ်ပြားသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်လေ၏။
၎င်းက မားကပ်စ်ကို ချက်ချင်း လှည့်ထွက်ကာ ထွက်ပြေးရန် ထိန်းချုပ်လိုက်ခြင်းပင်။
"တကယ့်ကို စကားနားမထောင်တဲ့ နတ်ဆိုးပဲ"
စွဲထင်နေသောမျက်ရည် ဓား — အဆင့် ၁၃
"အဲ့ဒါကို သတ်ပစ်လိုက်"
ဤ "အဲ့ဒါ" ဟူသည်မှာ မားကပ်စ်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ ထို ကတ်ပြား အစီအစဉ် အတွင်းမှ မွေးဖွားလာခဲ့သော အလိုဆန္ဒကိုပါ ရည်ညွှန်းခြင်း ဖြစ်လေ၏။
ရဲချီယန်သည် သူ့ကို ပြန်လည်ခုခံမည့် စွမ်းအားမျိုးကို လုံးဝ မလိုအပ်ခဲ့ပေ။
သူနှင့် မျက်ရည်နီတို့က စွဲထင်နေသောမျက်ရည် ဓားကို ခေါင်းပေါ်သို့ မြှောက်ကိုင်လိုက်ကြသည်။
ကြီးထွားလာလေ၏... ကြီးထွားလာလေ၏။
နီရဲနေသော ဧရာမ ဓားကြီးက ကောင်းကင်ယံကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ချေပြီ။
ခုတ်ပိုင်းချလိုက်တော့သည်။
ရွှပ်...
ဝုန်း...
【 စိတ်စွမ်းအား - ၃၂ (အမှန်နှင့် အတုအယောင်ကို မျက်မြင်တွေ့ရှိခြင်း) 】
ဤအနီရောင် ဧရာမ ဓားကြီး၏ စွမ်းအားအောက်တွင် မားကပ်စ်၏ ခန္ဓာကိုယ်မှာ ပြာမှုန့်များအဖြစ် လွင့်စဉ်ပျောက်ကွယ်သွားလေတော့သည်။
ထို နတ်ဆိုး ကတ်ပြားကရော။
၎င်းသည် နှစ်ပိုင်း ပြတ်တောက်သွားခဲ့ချေပြီ။
၎င်းပေါ်ရှိ အနက်ရောင်များမှာ မီးခိုးဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤ နတ်ဆိုး ကတ်ပြားသည် မျက်ရည်နီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင်။
【 နတ်ဆိုး ကတ်ပြား · ထိန်းချုပ်ခြင်း 】
【 ပျက်စီးသွားသည်လော 】
【 မှတ်ချက် - မည်သို့ ပြုပြင်ရမည်နည်း 】
【 မှတ်ချက် ၂ - ကတ်ပြား အစီအစဉ်ကိုလည်း ဖျက်ဆီးနိုင်သလော 】
【 XXX - "ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ" 】
【 မှတ်ချက် ၃ - နတ်ဆိုးများကို အမှန်တကယ် ထိန်းချုပ်နိုင်သူ တစ်ဦးတည်းကသာ ပြုပြင်နိုင်ခြင်း ဖြစ်နိုင်မည်လော။ ပြုပြင်မည့် နည်းလမ်းလော။ စနစ်၊ မသိရှိပါ။ 】
ပြုပြင်ရမည့် နည်းလမ်းကို စနစ်က မသိရှိပေ။
သို့သော် ရဲချီယန်ကတော့ သိနေခဲ့သည်။
နှစ်ပိုင်း ပြတ်တောက်နေသော ဤ နတ်ဆိုး ကတ်ပြားကို သူ ထိတွေ့လိုက်ရသည့် အခိုက်အတန့်ကတည်းကပင် သူ သိရှိနေခဲ့ပြီ ဖြစ်လေတော့သတည်း။