အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) အစ်မမုန့်
"ဟူး ဟူး ဟူး" ကုတယ် က အသက်ပြင်းပြင်းရှူလိုက်ပြီး သေတော့မလို ဖြစ်သွားကာ
ကျိုးဟန်ကို ကြည့်သော မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး တုန်ယင်နေလေသည်။
ကျိုးဟန် က ဒီလောက် ရက်စက်တဲ့ သူ ဖြစ်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေ သူသည် S အဆင့် ပါရမီရှင် ကစားသမား တစ်ယောက် ဖြစ်ပြီး သူတို့ ကမ္ဘာတွင် ပါရမီရှင် တစ်ယောက် ဖြစ်ရာ
မာနကြီးနေကျ ဖြစ်သော်လည်း ကောင်းကင် နိယာမ နန်းတော် သို့ ရောက်ရောက်ချင်း အရှက်ခွဲခံရပြီး အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်သွားသဖြင့် ခဏလေးအတွင်း အတော်လေး လိမ္မာသွားလေသည်။
ကျိုးဟန်၏ စွမ်းအားကို အံ့အားသင့်နေကြသော်လည်း ယခု လူတိုင်း၏ အကြည့်က ထို မိန်းမ အပေါ်တွင် စုရုံးနေကြသည်။
"မိတ်ဆက်ပေးပါရစေ ကျွန်မ နာမည် ရွှမ်ယွမ်မုန့် ပါ ဒီတစ်ကြိမ် မင်းတို့ရဲ့ စမ်းသပ် အကဲဖြတ်မှု ကို တာဝန်ယူရတဲ့ သူပါ" ရွှမ်ယွမ်မုန့် က ငွေခေါင်းလောင်းလေး အလား အသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ပြဿနာ တစ်ခုခု ရှိရင် ကျွန်မကို ပြောနိုင်ပါတယ် တတ်နိုင်သလောက် တရားမျှတစွာ ဖြေရှင်းပေးပါ့မယ်"
"နောက်ဆုံး အနေနဲ့ ထပ်ဖြည့်ပြောချင်တာက အားလုံး ကျွန်မရဲ့ စည်းမျဉ်း တွေ အတိုင်း လုပ်ရမယ် ထိန်းချုပ်လို့ မရတဲ့ အရာတွေ ဖြစ်လာတာကို ကျွန်မ မလိုလားဘူး"
ဤသို့ ပြောပြီးနောက် ရွှမ်ယွမ်မုန့် ၏ အစွမ်းထက်သော အရှိန်အဝါ ချက်ချင်း ထွက်ပေါ်လာပြီး ထိုနေရာရှိ လူတစ်ရာ ကို ခြိမ်းခြောက်လိုက်လေသည်။
"ဟွန့်" ဤအပေါ် ကျိုးဟန် က အလွန် အထင်သေးသွားလေသည်။
သူမ အပေါ်သို့ ထိုးထွင်းသိမြင်ခြင်း ကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
"စနစ် သတိပေးချက် - ထိုးထွင်းသိမြင်ခြင်း ကျရှုံးပါသည်"
"စနစ် သတိပေးချက် - သင် အသုံးပြုလိုက်သော စွမ်းရည်ကို တစ်ဖက်လူက သတိပြုမိသွားပြီး တားဆီးလိုက်ပါသည်"
'ဟင် တားဆီးလို့တောင် ရတယ်လား’
"မင်း ဘာလုပ်နေလဲ ဆိုတာ မင်း သိရဲ့လား"
မကြာမီ ရွှမ်ယွမ်မုန့် က စတင် အပြစ်တင်လာပြီး မျက်လုံးကို မှေးကာ ကျိုးဟန် ကို ကြည့်လိုက်ရာ မျက်လုံးများတွင် အန္တရာယ် ရှိသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သေစမ်း ဒီကောင် က သူမကို ထိုးထွင်းသိမြင် ချင်နေတာလား ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို တခြားလူတွေကို လွယ်လွယ် အမြင်ခံလို့ ရမလား။
"ဘာလဲ ဘာပြဿနာ ရှိလို့လဲ" ကျိုးဟန် က ဂရုမစိုက်စွာ ပြောလိုက်သည်။
"မင်း ကောင်းပြီ ကျိုးဟန် မဟုတ်လား မင်းကို ငါ မှတ်ထားလိုက်မယ်"
ရွှမ်ယွမ်မုန့် ဒေါသထွက်လွန်း၍ သွားများ အံကြိတ်ထားမိသည်။ သူမကို တွေ့သော မည်သည့် ယောက်ျား မဆို မျက်နှာချို မသွေးဘဲ မနေနိုင်ကြပေ။
ယနေ့ ကျိုးဟန် ကဲ့သို့သော အခြေအနေကို နားမလည်သူ နှင့် တွေ့ရမည်ဟု မထင်ထားခဲ့ပေ။ သူမ၏ အလှအပ ကို စိတ်မဝင်စားသည့် အပြင် သူမ၏ အာဏာကိုပင် မကြောက်ရွံ့ပေ။
သို့သော် ကောင်းကင် နိယာမ နန်းတော် ၏ စည်းမျဉ်းများ ကြောင့် သူမ ယခု ကျိုးဟန် ကို အရေးယူ၍ မရနိုင်ဘဲ အဆုံးမရှိသော ဒေါသများကိုသာ အတင်းအကျပ် မြိုသိပ်ထားရလေသည်။
"သောက်ကျိုးနည်း ဒီကောင် က တော်တော် အစွမ်းရှိတာပဲ မိနစ် အနည်းငယ် အတွင်းမှာတင် ပြိုင်ဘက်ကင်း အလှလေး ရဲ့ အာရုံစိုက်မှုကို ရသွားပြီ" သူတို့ထဲမှ တစ်ယောက် က အားကျစွာ ပြောလိုက်သည်။
"မင်းက တကယ် အားကျနေတာလား စမ်းသပ်မှု စတင်တဲ့ အချိန်ကျရင် အဲဒီအထဲက နာကျင်မှုကို မင်း သိလာလိမ့်မယ်" အခြား တစ်ယောက် က ပြုံးကာ ပြောလိုက်သည်။
"အို အဲဒီအထဲမှာ ဘာလျှို့ဝှက်ချက် တွေ ရှိနေလို့လဲ"
"ဒါပေါ့ ငါတို့ တစ်ယောက်ချင်းစီ ရဲ့ စမ်းသပ်မှု အခက်အခဲ တွေကို ရွှမ်ယွမ်မုန့် က အားလုံး ထိန်းချုပ်ထားတာလေ အဲဒီတော့ မင်း နားလည်လောက်ပြီပေါ့"
"ဒါဆိုရင် ဒီကောင် က..."
စကားပြောနေသူ ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး အဓိပ္ပာယ်မှာ ရှင်းလင်းနေလေသည်။ အကြိမ်တိုင်း အခက်ခဲဆုံး အဆင့် ဖြစ်နေမည်မှာ သေချာလှပေသည်။
"ဟဲဟဲ အခုရော အားကျသေးလား"
"တော်ပါပြီ တော်ပါပြီ ခံစားနိုင်စွမ်း မရှိပါဘူး"
...
"တချို့လူတွေ က စမ်းသပ်မှု လုပ်ငန်းစဉ် တစ်ခုလုံး ကို သေချာ မသိသေးတာ ဖြစ်နိုင်တယ်"
"အခု ငါ မင်းတို့ကို အကြမ်းဖျင်း မိတ်ဆက်ပေးမယ်"
"စမ်းသပ်မှု တစ်ခုလုံး ကို အပိုင်း သုံးပိုင်း ခွဲထားတယ် ပထမ အပိုင်းက ခန္ဓာကိုယ် ရဲ့ ဘက်စုံ အရည်အသွေး ကို စမ်းသပ်တာပဲ" ရွှမ်ယွမ်မုန့် က စတင် မိတ်ဆက်လိုက်သည်။
"ဟို ပြေးလမ်း ကို မြင်လား"
သူမ ညွှန်ပြသော နေရာသို့ ကြည့်လိုက်ရာ ကြီးမားသော ပြေးလမ်း တစ်ခု ကို တွေ့လိုက်ရသည်။ တစ်ပတ်လျှင် မီတာ တစ်သောင်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ကြီးမားသော အလင်းတန်း ဒိုင်းလွှား တစ်ခု ဖြင့် ဖုံးလွှမ်းထားကာ အပြင်ဘက်မှ ကြည့်လျှင် မည်သည့် ထူးခြားချက်မျှ မတွေ့ရပေ။
"မင်းတို့ လုပ်ရမှာက ပြေးဖို့ပဲ" ရွှမ်ယွမ်မုန့် ဤသို့ ပြောလိုက်သည် နှင့် လူအများ၏ ဆွေးနွေးမှုများ ဖြစ်ပေါ်လာပြီး အားလုံး အံ့အားသင့် သွားကြသည်။ ကောင်းကင် နိယာမ နန်းတော် ၏ စမ်းသပ်မှု က ပြေးရုံပဲလား။
"ငါ နားကြားမှားတာလား ဘာတွေ ဖြစ်နေတာလဲ"
"အရမ်း ကလေးဆန်လွန်း မနေဘူးလား"
"ဒီလောက် သာမန် လေ့ကျင့်ခန်း မျိုး နဲ့ ငါ့ရဲ့ အစွမ်းထက်တဲ့ ခန္ဓာကိုယ် အရည်အသွေး ကို ဘယ်လို လုပ် ပြသနိုင်မှာလဲ"
...
ဤလူများ အားလုံး တစ်ယောက်တစ်ပေါက် ပြောဆို ဆွေးနွေးလာကြပြီး ရယ်မော နောက်ပြောင်နေကြလေသည်။
ရွှမ်ယွမ်မုန့် က လူအများ၏ အပြုအမူ များကို တည်ငြိမ်စွာ ကြည့်နေပြီး အများကြီး ရှင်းပြမနေဘဲ ဆက်ပြောလိုက်သည်။
"ဒီကတ် က မင်းတို့ တစ်ပတ် ပြေးပြီးတဲ့ ရလဒ် တွေကို အလိုအလျောက် မှတ်တမ်းတင် ပေးလိမ့်မယ်"
"ရလဒ် မပြည့်မီတဲ့ သူတွေက..."
ရွှမ်ယွမ်မုန့် သည် ဤအချိန်တွင် အနည်းငယ် ရပ်တန့်သွားပြီး အကြည့်များက ကျိုးဟန် ထံသို့ မတော်တဆ ရောက်သွားကာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
"စမ်းသပ်ခွင့် အရည်အချင်း ကို ဆုံးရှုံးရလိမ့်မယ်"
သူမ သည် ကျိုးဟန် ကို မည်သို့ ပညာပေးရမည် ဆိုသည့် နည်းလမ်းများကို တွေးထားပြီး ဖြစ်ကြောင်း ရှင်းလင်းနေလေသည်။
သို့သော် ကျိုးဟန် က သတိမထားမိဘဲ သူ၏ လက်ထဲသို့ ရောက်လာသော ကတ် ကို စစ်ဆေးကြည့်လိုက်လေသည်။
စမ်းသပ်ရေး ကတ် (အချိန်ကန့်သတ်)
ဖော်ပြချက် - ဆွဲငင်အား ပြေးလမ်း ၏ အချိန်ကို အလိုအလျောက် မှတ်သားနိုင်သော ကတ်။
အကျိုးသက်ရောက်မှု - မရှိပါ။
ရှင်းလင်းချက် - အချိန်ကန့်သတ် ပစ္စည်း ဖြစ်ပြီး တစ်ပတ် ပြေးပြီးသည်နှင့် အလိုအလျောက် ပျက်စီးသွားမည် ဖြစ်သည်။
"ဆွဲငင်အား ပြေးလမ်း လား တကယ်ကို ဒီလောက် မရိုးရှင်းဘူးပဲ"
"ဘယ်နေရာ တွေ ထူးခြားလဲ ဆိုတာတော့ မသိသေးဘူး"
ဖော်ပြချက် ကို ဖတ်ပြီးနောက် ကျိုးဟန် ရင်ထဲတွင် တွေးလိုက်လေသည်။
"ဟဲဟဲ ပြေးရုံပဲ မဟုတ်လား ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူး" အတောင်ပံ ပါသော ငှက်လူသား တစ်ယောက် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဤသည်မှာ သူ၏ အားသာချက် ပင်ဖြစ်သည်။
"ကောင်းပြီ မင်း ကနေ စမယ် မင်း ပထမဆုံး ပြေးလိုက်" ရွှမ်ယွမ်မုန့် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ငှက်လူသား ကို တိုက်ရိုက် နာမည်ခေါ်လိုက်လေသည်။
"မင်းတို့ သေချာ ကြည့်ထားကြ" ငှက်လူသား ကလည်း နှိမ့်ချမနေဘဲ အတောင်ပံ ကို ခါယမ်းကာ ဂုဏ်ဆာစွာ ပြောလိုက်ပြီး ပြေးလမ်း ထဲသို့ အတောင်ပံ ခတ်၍ ပြေးဝင်သွားလေသည်။
"ဘုန်း"
ငှက်လူသား ပျံတက်၍ မရသေးခင်မှာပင် ကြီးမားသော ဆွဲငင်အား တစ်ခု က ဖိချလာသည်ကို ခံစားလိုက်ရပြီး သူ၏ ရုပ်ဆိုးသော မျက်နှာ က မြေပြင် နှင့် ပြင်းထန်စွာ ဆောင့်မိသွားကာ ပို၍ ရုပ်ဆိုးသွားလေသည်။
"သောက်ကျိုးနည်း ဘာလို့ ဒီလောက် လေးနေရတာလဲ ဒါက ဘာသောက်ရူး အရာကြီးလဲ" ငှက်လူသား ချက်ချင်း ညည်းတွားလိုက်လေသည်။
"ငှက်လူသား တော်တော် သနားစရာ ကောင်းတာပဲ တကယ့် အရူးပဲ ဒါက ကောင်းကင် နိယာမ နန်းတော် က ထုတ်လုပ်ထားတာလေ ဦးနှောက်နဲ့ နည်းနည်း စဉ်းစားကြည့်ရင် ကိစ္စတွေက ဒီလောက် မရိုးရှင်းဘူး ဆိုတာ သိနိုင်တာပဲ"
"ငှက်ရူးပဲ ဒါပေမဲ့ သူက ငါတို့ အတွက် လမ်းပြပေးလိုက်လို့ တော်သေးတာပေါ့"
"ဒီလိုဆိုရင် ငါတို့လည်း နည်းနည်း သတိထားလို့ ရပြီပေါ့"
လူအများ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး ငှက်လူသား ၏ အဖြစ်အပျက်ကို သင်ခန်းစာ ယူကာ လူအများအပြား မှာ မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။
"ငါ ဒါကို သိတယ် မင်းတို့ ဆွဲငင်အား ဓာတ်စင် ကို သိကြလား" မကြာမီ ဗဟုသုတ များသူ တစ်ယောက် က အခြေအနေကို ရိပ်မိသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"မင်း ဆိုလိုတာက ဒီပြေးလမ်း ထဲမှာ ဆွဲငင်အား ဓာတ်စင် တွေ ပြည့်နှက်နေတာလား"
"ဒါပေါ့ ဒီ ဆွဲငင်အား စက်ကွင်း က ဆွဲငင်အား ကို ကျင့်ကြံထားတဲ့ အထွတ်အထိပ် သိုင်းသမား တွေ ကိုယ်တိုင် ဖန်တီးထားတာပဲ"
"သောက်ကျိုးနည်း ဒီလောက် ကြီးမားတဲ့ ဆွဲငင်အား စက်ကွင်း ဆိုတော့ အဲဒီ စွမ်းအား က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ"
ရွှမ်ယွမ်မုန့် ၏ မျက်လုံးများ လှုပ်ရှားသွားပြီး တစ်ယောက်ယောက် က အခြေအနေ ကို ရိပ်မိသွားမည်ဟု မထင်ထားခဲ့ပေ။ တစ်ချက် ကြည့်လိုက်ရာ ငါးခေါင်း နှင့် လူခန္ဓာကိုယ် ရှိသော အထီး တစ်ကောင် ဖြစ်နေသည်။
"မင်း တော်တော် မဆိုးဘူး မျက်စိရှင်သားပဲ" ရွှမ်ယွမ်မုန့် က ချီးကျူးလိုက်လေသည်။
"အစ်မမုန့် သင်ပေးတာ ကောင်းလို့ပါ"
"အစ်မမုန့် ကျွန်တော့် နာမည် ယွီရီ ပါ ကျွန်တော့်ကို သေချာပေါက် ပိုပြီး အာရုံစိုက်ပေးပါနော် ဒီတစ်ကြိမ် စမ်းသပ်မှု မှာ ပထမ နေရာက သေချာပေါက် ကျွန်တော့် အတွက်ပဲ"
ယွီရီ က နတ်သမီး အလား လှပသော ရွှမ်ယွမ်မုန့် ကို မြင်လိုက်ရသောအခါ မျက်လုံးများတွင် အချစ်များ တောက်ပနေပြီး မျက်နှာပြောင်တိုက်စွာ မျက်နှာချို သွေးလေသည်။
ရွှမ်ယွမ်မုန့် က သူ့ကို ဂရုမစိုက်ပေ။ ဤကဲ့သို့သော မျက်နှာချိုသွေးသူ များကို သူမ များစွာ ကြုံတွေ့ဖူးပြီး ဤထက် အဆ တစ်ရာ ပို၍ ရူးသွပ်သူများပင် ရှိရာ သူမ အတွက် မဆန်းတော့ပေ။
ကျိုးဟန် ဆိုသည့် ကောင် ကတော့ သူမကို မျက်နှာချို မသွေးသည့် အပြင် သူမနှင့် ဆန့်ကျင်ဘက် လုပ်နေသည်မှာ ဤသည်က ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
"ဒါက ချိန်ညှိလို့ ရတဲ့ ဆွဲငင်အား စက်ကွင်း ပဲ လောလောဆယ် ပြေးလမ်း တစ်ခုစီ တိုင်း က ဆယ်ဆ သော ဆွဲငင်အား ရှိတယ်"
သိသွားပြီ ဖြစ်ရာ ရွှမ်ယွမ်မုန့် က ထိုအထဲရှိ လျှို့ဝှက်ချက် ကို တိုက်ရိုက် ပြောပြလိုက်လေသည်။