← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) ကြယ်နက္ခတ် ဆယ့်နှစ်ပါး

"ဟင် ကောင်လေး မင်းက တကယ်ကို အမြင်မကျယ်တာပဲ နာမည်ကြီး ကြယ်နက္ခတ် ဆယ့်နှစ်ပါး ကိုတောင် မသိဘူးလား" ခွေးခေါင်း နှင့် လူ က ကျိုးဟန် သူတို့၏ နာမည် ကို မကြားဖူးသဖြင့် အလွန် မကျေမနပ် ဖြင့် ပြောလိုက်လေသည်။

"ကောင်လေး ဟန်မဆောင်နဲ့ သွေးဝိညာဉ် နန်းတော် ရဲ့ ကြယ်နက္ခတ် ဆယ့်နှစ်ပါး နာမည် ကို ကြားတာနဲ့ လူတိုင်းက ကြောက်လန့်ပြီး ထွက်ပြေးကြတာချည်းပဲ" ကြက်ခေါင်း နှင့် လူ က ကျိုးဟန် ရူးချင်ယောင် ဆောင်နေသည်ဟု ထင်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

ကျိုးဟန် သည် သွေးဝိညာဉ် နန်းတော် က သူ့ကို ရန်ရှာနေသည် ဆိုသော သတင်း အချက်အလက် ကို ရရှိသွားလေသည်။

"ဘာလို့ မင်းကို သတ်ချင်တာလဲ ဆိုတာ မင်းဘာသာ မသိဘူးလား မင်းလို အမှိုက် က ဝိညာဉ် တံခွန် အပိုင်းအစ ကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး"

"ဒါက ငါတို့ သွေးဝိညာဉ် နန်းတော် ရဲ့ အဖိုးတန် ရတနာ ပဲ ငါတို့ သွေးဝိညာဉ် နန်းတော် မှာမှ အစွမ်းအထက်ဆုံး ဖြစ်အောင် လုပ်နိုင်မှာ" နွားခေါင်း နှင့် လူ က အေးစက်စွာ ပြုံး၍ ပြောလိုက်လေသည်။

"ဒီ ဝိညာဉ် တံခွန် အပိုင်းအစ လေး အတွက်နဲ့များကွာ ငါ မင်းတို့ကို ပေးမယ် ငါ့ကို လွှတ်ပေးပါ" ကျိုးဟန် က တောင်းပန်လိုက်လေသည်။

"ဟွန့် မင်းကို လွှတ်ပေးမယ် ဖြစ်နိုင်ပါ့မလား ယန်ပေ့ထျန်း က မင်းရဲ့ အသက် ကို ယူဖို့ ဈေးကြီးကြီး ပေးထားတာ မင်းကို လွှတ်ပေးမယ် ဆိုရင် ငါတို့က သဘောတူနိုင်ပါ့မလား"

"ဟားဟား"

"အသေခံဖို့ သာ ပြင်ထားတော့" ကြယ်နက္ခတ် ဆယ်ပါး က ကျိုးဟန် ကို အဆီစား သိုးလေး တစ်ကောင် ကဲ့သို့ ကြည့်ကာ ရယ်မောလိုက်ကြလေသည်။

"သွေးဝိညာဉ် နန်းတော် ယန်ပေ့ထျန်း ဝိညာဉ် တံခွန် ဒီလိုကိုး"

ဒီလောက် စကားတွေ အများကြီး ပြောပြီးနောက် ကျိုးဟန် သဘောပေါက်သွားလေသည်။ သူ့ကို ရန်ရှာနေသည့် ရန်သူ နှင့် တိကျသော အကြောင်းရင်း ကို သိသွားပြီ ဖြစ်သည်။

သွေးဝိညာဉ် နန်းတော် သည် ဝိညာဉ် ပိုင်းဆိုင်ရာ လေ့ကျင့်သော အဖွဲ့အစည်း ဖြစ်သဖြင့် အဆင့်တက်နိုင်သော ဝိညာဉ် တံခွန် ကဲ့သို့ အဖိုးတန် ရတနာ ကို သေချာပေါက် မျက်စိကျနေမည် ဖြစ်သည်။

မနေ့က သူ နှင့် ကျောက်ရှင်း တို့ စကားပြောသည်ကို တစ်ယောက်ယောက် ကြားသွားပြီး ဝိညာဉ် တံခွန် အပိုင်းအစ သုံးခု ကို ရယူရန် သူ၏ အပေါ် ကြံစည်မှု တစ်ခု စတင်ခဲ့ခြင်း ဖြစ်လောက်သည်။

ယန်ပေ့ထျန်း အသက်ရှင်နေသေးသည် ကိုမူ ကျိုးဟန် မအံ့သြပေ။ ဧကရာဇ် နန်းတော် အပျက်အစီး ထဲတွင် အသတ်ခံရပြီးနောက် သူ့အပေါ် အလွန် ကြီးမားသော အငြိုးအာဃာတ ရှိနေကာ ကလဲ့စားချေပြီး သူ့ကို အမြစ်ဖြတ် သတ်ချင်နေမည် မှာ သေချာလေသည်။

"မင်းတို့ ပြောစရာ ကျန်သေးလား"

"မရှိတော့ဘူး ဆိုရင် ငါ မင်းတို့ကို သေလမ်းခရီး ပို့ပေးမယ်"

ကျိုးဟန် ခေါင်းမော့ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ အစောပိုင်းက မျက်နှာပေါ်ရှိ ကြောက်ရွံ့နေသော အမူအရာ များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ကောင်လေး မင်းက ငါတို့ ကြယ်နက္ခတ် ဆယ့်နှစ်ပါး ကို ဒီလို ပြောရဲတဲ့ ပထမဆုံး လူပဲ မင်း ကြီးမားတဲ့ တန်ဖိုး ကို ပေးဆပ်ရမယ်" ကြက်ခေါင်း နှင့် လူ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသများ တက်လာကာ သူ၏ ခေါင်းပေါ်ရှိ ကြက်မောက် ကို ပိုမို နီရဲလာစေသည်။

"မမေ့နဲ့ မင်းက အခု ဝိညာဉ် ပိတ်လှောင်ရေး အစီအရင် ထဲမှာ ရှိနေတာ မင်းက အစီအရင် ဆရာကြီး မဟုတ်ရင် ဒီအစီအရင် ကို အချိန်တို အတွင်း ဖျက်နိုင်မှာ မဟုတ်ဘူး ငါးမိနစ် အတွင်း မင်းရဲ့ ဝိညာဉ် က လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်" နွားခေါင်း နှင့် လူ က သတိပေးလိုက်လေသည်။

"အစီအရင် ဆရာကြီး မှ အစီအရင် ကို မြန်မြန် ဖျက်နိုင်တယ် လို့ ဘယ်သူ ပြောလဲ"

"သေချာ ကြည့်ထား မိုးကြိုး ဓား အစီအရင်"

ကျိုးဟန် က ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး မရေမတွက်နိုင်သော မိုးကြိုး ဓား များကို ခေါ်ယူကာ ဓား အစီအရင် တစ်ခု ဖွဲ့စည်းလိုက်လေသည်။ ချက်ချင်းပင် ဝိညာဉ် ပိတ်လှောင်ရေး အစီအရင် ၏ ဟင်းလင်းပြင် ကို ပြည့်နှက်သွားစေသည်။ မိုးကြိုး ဓား များ ၏ အစွမ်း နှင့် တိုးမြှင့်ထားသော တိုက်ခိုက်မှု များ ပေါင်းစပ်သွားလေသည်။

"ခွပ်"

"ခွပ်"

"ခွပ်"

...

ကွဲအက်သံ များ အဆက်မပြတ် ထွက်ပေါ်လာပြီး ဝိညာဉ် ပိတ်လှောင်ရေး အစီအရင် သည် လုံးဝ ခံနိုင်ရည် မရှိဘဲ မိုးကြိုး ဓား အစီအရင် ဖြင့် အစားထိုး ခံလိုက်ရလေသည်။ အကြမ်းနည်း ဖြင့် အစီအရင် ကို ဖျက်ဆီးခြင်း မှာ ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။

ယခင်က တိုက်ခိုက်ရေး စွမ်းအား မမြင့်မားသဖြင့် အစီအရင် ထဲတွင် ပိတ်မိပါက အကြမ်းနည်း ဖြင့် မဖျက်ဆီးနိုင်ခဲ့ပေ။

သို့သော် ယခုတော့ အရင်ကနှင့် မတူတော့ပေ။ ဖုန်ကင်းစင် ဓားစမ်းရေ ၏ ဆေးကြောမှု ကို ခံယူပြီးနောက် အချက်အလက် များ အလွန် တိုးတက်လာသဖြင့် ဤကဲ့သို့ သာမန် အစီအရင် မျိုး ကို အကြမ်းနည်း ဖြင့် ဖျက်ဆီးရန် အလွန် လွယ်ကူလေသည်။

"မင်း..."

"ဟင်..." ကြယ်နက္ခတ် ဆယ်ပါး မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ် အံ့အားသင့်သွားကြလေသည်။

"ဘယ်လိုလဲ ဘယ်လို သေမလဲ စဉ်းစားပြီးပြီလား" ကျိုးဟန် နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ထွက်ပေါ်လာလေသည်။

"ကောင်လေး မင်း တကယ်ကို အစွမ်းအစ ရှိတာပဲ ဒါပေမဲ့ ဒီလောက်ပါပဲ အရမ်း မမောက်မာနဲ့"

"အစီအရင် တစ်ခု ကို ဖျက်နိုင်တာနဲ့ ငါတို့က မင်းကို ကြောက်မယ် လို့ မထင်နဲ့"

"တစ်ယောက်ချင်း တိုက်ရင် မနိုင်ပေမယ့် ငါတို့ ဆယ်ယောက် ရှိတယ် ဒီနေ့ မင်း သေချာပေါက် သေရမယ်"

မကြာမီ ကြယ်နက္ခတ် ဆယ်ပါး က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အချင်းချင်း ကြည့်ကာ တိုက်ခိုက်မှု ကို စတင်လိုက်ကြလေသည်။

ကျိုးဟန် က သတိထား၍ သူတို့၏ အချက်အလက် များကို စစ်ဆေးကြည့်လိုက်လေသည်။

ကြက်ခေါင်း သခင်

အဆင့် - ၁၀၀

သွေးပမာဏ - သန်း ၈၀

တိုက်ခိုက်မှု - ၆ သန်း ၉ သိန်း

အကာအကွယ် - ၁၁ သန်း

လက်နက် - ကြက်ဘုရင် ရွှေတောင်ပံ

အဆင်တန်ဆာ - ကြက်သွေး ကျောက်

စွမ်းရည် - ကြက်တွန်သံ ကြားလျှင် ကပြခြင်း၊ ပိုးစာပင် ထိပ်မှ ကြက်တွန်သံ၊ ရွှေတောင်ပံ ဝိညာဉ် ဖြတ် ဓားချက်၊ ကြက်ဘုရင် ၏ စွမ်းအား၊ သွေးသစ္စာ အဆုံးမဲ့ ဓား

တိုက်ခိုက်ရေး စွမ်းအား အကဲဖြတ်မှု - ကြယ် ၃၁၉ ဘုရင်အဆင့်

တိုက်ခိုက်ရေး စွမ်းအား မှာ ကြယ် သုံးရာ ဘုရင်အဆင့် ကို ကျော်လွန်နေသဖြင့် အစွမ်းထက်သူ တစ်ယောက် ဟု ဆိုနိုင်သည်။ သို့သော် ကျိုးဟန် ကဲ့သို့ ပုံမှန်မဟုတ်သူ နှင့် တွေ့သောအခါ လုံးဝ မလုံလောက်ပေ။

ထို့နောက် ကျိုးဟန် က နောက်လူ တစ်ယောက် ၏ အချက်အလက် ကို ကြည့်လိုက်လေသည်။

နွားခေါင်း နှင့် လူ

အဆင့် - ၁၀၀

သွေးပမာဏ - သန်း ၈၀

တိုက်ခိုက်မှု - ၆ သန်း

အကာအကွယ် - ၁၂ သန်း

လက်နက် - အရိပ် ပုဆိန်

အဆင်တန်ဆာ - အစိမ်းရောင် လက်စွပ်

စွမ်းရည် - ပေါက်ကွဲ ပုဆိန်၊ နွားကိုးကောင် ၏ စွမ်းအား၊ အပူပြင်း လည်ပတ်မှု၊ ကောင်းကင် တုန်လှုပ် တိုက်ခိုက်မှု၊ မီးတောက် ပုဆိန်၊ သွေးသတ်ဖြတ်မှု ကောင်းကင် ဖွင့် ပုဆိန်

တိုက်ခိုက်ရေး စွမ်းအား အကဲဖြတ်မှု - ကြယ် ၃၁၇ ဘုရင်အဆင့်

ထို့နောက် အခြား အနည်းငယ် ကို ကြည့်လိုက်ရာ တိုက်ခိုက်ရေး စွမ်းအား မှာ ကြယ် ၃၂၀ ဘုရင်အဆင့် ကို မကျော်လွန်သဖြင့် တိုက်ခိုက်ရန် လုံးဝ ဖိအား မရှိပေ။

"ရွှေတောင်ပံ ဝိညာဉ် ဖြတ် ဓားချက် မင်းကို နှစ်ပိုင်း ပိုင်းပစ်မယ်"

"ပေါက်ကွဲ ပုဆိန် ရဲ့ တရားမျှတတဲ့ တိုက်ခိုက်မှု ကို ခံယူလိုက်စမ်း"

"အမှောင်ထု က ငါ့ကို အညံ့ခံတယ် အရိပ် ကျား တောင်ပေါ်က ဆင်းလာပြီ"

"မြင်းတစ်သောင်း ဆူညံနေတယ် ငါနဲ့ ရန်သူ ဖြစ်မလား ငါ့ရဲ့ သံချပ်ကာ မြင်းတပ် ရဲ့ ခွာတွေက သဘောတူမလား အရင် မေးကြည့်လိုက်ဦး"

...

တစ်ခဏချင်း အတွင်းမှာပင် ကြယ်နက္ခတ် ဆယ်ပါး လုံး က သူတို့၏ နာမည်ကြီး အထူး စွမ်းရည် များကို ထုတ်ဖော်လိုက်ကြလေသည်။ လေထဲတွင် အလွန် လှပစွာ အရောင်အသွေး စုံလင်နေပြီး ဓာတ်အမျိုးမျိုး ပေါင်းစပ် တိုက်ခိုက်မှု များ က ကျိုးဟန် ဆီသို့ ဦးတည်သွားလေသည်။

"ဒီလောက် စွမ်းအား လေးနဲ့လား" ကျိုးဟန် ၏ မျက်လုံးများ က တည်ငြိမ်နေပြီး ညာလက် ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။

"လှည့်လည်နေတဲ့ နဂါး လေပြင်း ဖုန်မှုန့်တွေ အဖြစ် ပြောင်းလဲပြီး လေထဲမှာ လွင့်စင်သွားလိုက်စမ်း"

ထို့နောက် ကျိုးဟန် ၏ ရွတ်ဆိုသံ နှင့်အတူ ညာလက် ကို ဝှေ့ယမ်းလိုက်ရာ လေနဂါး တစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင် အပြည့် မုန်တိုင်း ကို ဖြစ်ပေါ်စေလေသည်။

လေနဂါး ဆွဲကြိုး ၏ အားဖြည့်မှု အောက်တွင် လေဓာတ် က ပိုမို အစွမ်းထက်လာပြီး လေနဂါး ၏ အရွယ်အစား မှာ ယခင်ကထက် သိသိသာသာ ကြီးမားလာလေသည်။

"ဖျန်း"

လေနဂါး က အမြီး ဖြင့် ရိုက်ချလိုက်ရာ ကြက်ခေါင်း နှင့် လူ အပါအဝင် ခြောက်ယောက် ကို အသားပြား အဖြစ် ပြောင်းလဲသွားစေလေသည်။ လှုပ်ရှားမှု တစ်ဝက် ဖြင့် လူ အများစု ကို တစ်ချက်တည်း သတ်ပစ်လိုက်လေသည်။

"ဒါ... ဒါက အရမ်း အစွမ်းထက် လွန်းတယ်"

"သောက်ကျိုးနည်း ငါ့ကို မခြောက်နဲ့နော်"

"သောက်ကျိုးနည်း ငါ တကယ် အရူးပဲ ဒီလို အစွမ်းထက်တဲ့ သူကို လာပြီး တားဆီးမိတာ အသက်ရှည်ချင်လို့မှ ဟုတ်ရဲ့လား"

ကျန်ရှိနေသော လေးယောက် မှာ တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ဘဲ ကြောက်လန့် တုန်ယင်နေကြပြီး ရင်ထဲတွင် နောင်တ နှင့် ကြောက်ရွံ့မှု များ ရောယှက်နေလေသည်။

သူတို့ လှုပ်ရှားချိန် မရလိုက်မီ လျှပ်တစ်ပြက် အတွင်းမှာပင် လေနဂါး ၏ ဧရာမ လက်သည်းကြီး က ရောက်ရှိလာပြီး သူတို့ လေးယောက်လုံး ကို ဖုံးအုပ်ကာ ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ အမှုန့် အဖြစ် ပြောင်းလဲသွားလေသည်။

မကြာမီ အရာအားလုံး ငြိမ်သက်သွားလေသည်။

"အဘိုးရေ တကယ်ကို ကြောက်စရာ ကောင်းတာပဲ" ရှောင်ချွမ်း က ယခုမှ အသံထွက်ရဲတော့ပြီး ကျိုးဟန် ၏ စွမ်းရည် က အစွမ်းထက်သော အကျိုးသက်ရောက်မှု ကို ဖြစ်ပေါ်စေသည်ကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်လေသည်။ ဤစွမ်းအား မျိုး ကို သူလည်း ခုခံနိုင်မည် မဟုတ်ကြောင်း ရင်ထဲတွင် သိရှိနေလေသည်။

"ဟွန့် သိရင် ပြီးတာပဲ နောက်ဆိုရင် လိမ်လိမ်မာမာ နေ" ကျိုးဟန် က သတိပေးလိုက်လေသည်။

ထို့နောက် မြေပြင် ကို ကြည့်လိုက်ရာ တောက်ပသော အလင်းတန်း များ ထွက်ပေါ်နေသည့် ပစ္စည်း သုံးခု ကို တွေ့လိုက်ရလေသည်။

ပစ္စည်း သုံးခု တောင် ရလိမ့်မည် ဟု မထင်ထားခဲ့ပေ။ ကံကောင်းသဖြင့် အကျိုးအမြတ် များ ရရှိခဲ့လေသည်။

ကျိုးဟန် ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံး ထွက်ပေါ်လာပြီး လေအား ကို အသုံးပြု၍ အဝေးမှ လှမ်းယူလိုက်ကာ လက်ထဲ ရောက်သောအခါ တိကျသော အချက်အလက် များကို သေချာ စစ်ဆေးကြည့်လိုက်လေသည်။

All Chapters