အခန်း ၁၃၂၁
Vol. 89 Ch. 1321
အခန်း (၁၃၂၁) ဖန်တီးခြင်း
ကြည့်ရှုသူများအားလုံး အံ့အားသင့်နေသည်။ လုယန်နှင့်ဝူယော်က ရှေးအကျဆုံး အကြမ်းတမ်းဆုံး တိုက်ခိုက်နည်းကို ရွေးချယ်ကြသည်။ ဘေးပတ်လည်မှအရာအားလုံးကို သိမ်းပိုက်သည်။
အနီးသို့လာသမျှအရာအားလုံး သူတို့၏ချီအားလှိုင်းရိုက်ခတ်မှုစွမ်းအားကြောင့် အမှုန့်ဖြစ်သွားပေလိမ့်မည်။
ကြယ်များပင် ကြေမွသွားသည်။
အမြင့်တွင်ရှိနေသည့် ကြယ်ကမ္ဘာများလည်း ရှေးဟောင်းခေတ်ကလိုပင် အဆင့်မြင့်ကျင့်ကြံသူတိုက်ပွဲကြောင့် ရိုက်ခတ်မှုခံရသည်။
သို့သော် ဤတစ်ကြိမ်သက်ရောက်မှုက ပိုပြင်းထန်သည်။ ပျက်စီးမှုက ပိုကြီးမားသည်။
"သမိုင်းမှတ်တမ်းတွေအရ ဝူယော်ဟာ ကျင့်စဉ်တစ်ရာကို ကျွမ်းကျင်တယ်တဲ့။ ကျင့်ကြံသူလောကရဲ့ ပါရမီရှင်အစစ်ပဲတဲ့။
ဒီနေ့မှ မြင်ခွင့်ရတယ်။ တကယ်မှန်တာပဲ"
ကူးဖြတ်ခြင်းထိပ်သီးအဆင့်ကျင့်ကြံသူတစ်ယောက်က တအံ့တဩပြောသည်။
ကျင်စဉ်တစ်ရာသည်လည်း ပါရမီပေါ်မူတည်သည်။ အချိန်ကြာမြင့်စွာ လေ့လာဆည်းပူးရသည်။ အဆင့်မြင့်ကျင့်ကြံသူအတော်များများက တစ်သက်လုံးလေ့လာသည့်တိုင် ကျင့်စဉ်တစ်မျိုးကိုပင် မကျွမ်းကျင်။
သို့သော် ဝူယော်က အားလုံးကိုကျွမ်းကျင်သည်။ လူအများစုမရောက်နိုင်သည့် အမြင့်သို့ရောက်သည်။
"ပိုပြီးအံ့ဩစရာကောင်းတာက လုယန်ပဲ။ သူက အရမ်းငယ်သေးပေမယ့် ဝူယော်ရဲ့ တိုက်ခိုက်မှုမျိုးစုံကို ရင်ဆိုင်နိုင်တယ်။ အခု အသာစီးတောင် ရနေတယ်"
ဝါရင့်ကျင့်ကြံသူများ ခေတ်နောက်ကျနေခဲ့သလို ခံစားရသည်။ အနာဂတ်သည် လူငယ်မျိုးဆက်အပေါ်သာ မူတည်တော့မည်။
သို့သော် သေချာပြန်တွေးကြည့်လျှင် အာရုံထင်မှားခြင်းသာဖြစ်သည်ဟု တွေးမိကြသည်။ လူငယ်များထဲတွင် လုယန်တစ်ယောက်သာ ထူးချွန်သည်။
"သူက အခြေခံအဆင့်မှာတောင် ဝိညာဉ်ပြောင်းအဆင့်ကလူကို အနိုင်ယူခဲ့တာလို့ ပြောကြတယ်။ အခုဒီလို တိုက်ခိုက်စွမ်းအားမျိုးရှိနေတာ အံ့ဩစရာမရှိတော့ပါဘူး"
တိုက်ခိုက်နေရင်း ဝူယော်ပို၍ ရင်ထိတ်လာသည်။ လုယန်၏ ဒဏ်ရာကုသနိုင်စွမ်းက ကြောက်စရာကောင်းသည်။ အရိယဖလသန္ဓေစွမ်းအားများလားမသိ။ လုယန်ကိုယ်ပေါ်တွင် မသေမျိုးစွမ်းအင်ရောင် မရှိ၍သာမဟုတ်လျှင် မသေမျိုးအစစ်ဟုပင် ထင်မိလိမ့်မည်။
ဘယ်လိုနောက်ခံမျိုး ရှိနေသည်မသိ။
ဝူယော်မျက်လုံးများ တင်းမာလာသည်။ နောက်ခံဘယ်လိုရှိသည်ဖြစ်စေ ဝူယော်ဆိုသည့် သူသည် ပထမဘဝတွင် မသေမျိုးဖြစ်ခဲ့ပြီး ဒုတိယဘဝတွင် စွမ်းအားအကြီးဆုံးဝိညာဉ်ဖြစ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ တစ်ခြားလူအားလုံး နောက်ဆုတ်ရမည်။
ထိုကဲ့သို့ ပြိုင်ဘက်ကင်းစိတ်ဓာတ်မရှိလျှင် မသေမျိုးဖြစ်ဖို့စကား ဘယ်လိုပြောနိုင်မည်နည်း။
သူတို့လှုပ်ရှားမှုကို အမီလိုက်မကြည့်နိုင်သည့် စုစည်းခြင်းအဆင့်များပင် လုယန်အသာစီးရနေကြောင်း သိကြသည်။ ဝူယော်၏စွမ်းအင်ရောင်က မတည်ငြိမ်တော့။ တိုက်ကွက်တစ်ရာအတွင်း ရှုံးလိမ့်မည်။
"ကောင်းကင်နတ်ဆိုးဖြိုခွဲခြင်းစွမ်းအား"
ဝူယော်၏ ဒေါသတကြီးအော်ဟစ်သံကြောင့် ပျက်စီးသွားသည့် ကြယ်လမ်းကြောင်းတစ်ခုဖြစ်လာသည်။ သူ့စွမ်းအင်ရောင်က မထင်မှတ်ဘဲ ထိပ်ဆုံးသို့ပြန်ရောက်လာသည်။ လုယန်နှင့်တန်းတူ ပြန်ဖြစ်သွားသည်။
ကောင်းကင်နတ်ဆိုးဖြိုခွဲခြင်းပညာဖြင့် တိုက်ခိုက်စွမ်းအားကို ယာယီမြှင့်တင်သည်။ တန်ပြန်သက်ရောက်မှုရှိသော်လည်း လောလောဆယ် အရေးမစိုက်အားသေး။
အစပိုင်းတွင် လုယန်ကိုအထင်သေးခဲ့သဖြင့် စွမ်းအားများစွာ ကုန်ခမ်းခဲ့သည်။ ထို့ကြောင့် သူအထင်မကြီးသည့် ကောင်ကင်နတ်ဆိုးဖြိုခွဲခြင်းပညာဖြင့် တိုက်ခိုက်စွမ်းအား ပြန်မြှင့်ရသည်။
လုယန်လည်း အလားတူနည်းလမ်းတစ်ခု သုံးခဲ့သည်ဖြစ်၍ ဝူယော် များစွာစိတ်သက်သာရာရနေသည်။
"ကောင်းကင်ဖျက်စွမ်းအား"
အကဲစမ်းပညာများ မသုံးတော့။ စွမ်းအားအပြည့်ဆုံးအနေအထားတွင် ပြိုင်ဘက်ကင်းလှံပညာကို ထုတ်သုံးသည်။
ကောင်းကင်ဖျက်ပညာ။ ကြေးနီလှံနာမည်ကြောင့်သာမဟုတ် လှံပညာကလည်း နာမည်ကျော်သည်။ လှံသွားက ကောင်းကင်ဂိတ်ကို ချိုးဖျက်ပြီး အနာဂတ်လမ်းကို တည်ဆောက်သည်။
ဖန်တီးခြင်းပညာဖြင့် ကောင်းကင်ဖျက်လှံ၏စွမ်းအားကို ပြည့်စုံသည့်မသေမျိုးရတနာအဆင့်ထိ မြှင့်လိုက်သည်။
ထွက်ပေါ်လာသည့် ကောင်းကင်ဖျက်လှံစွမ်းအား ရိုက်ခတ်မှုကြောင့် မိုင်းသန်းချီအဝေးမှ စုစည်းခြင်းကျင့်ကြံသူများ သေါးအန်ကုန်သည်။
အားလုံး ရင်ဘတ်ကိုဖိ၍ တအံ့တဩဖြစ်နေကြသည်။ ထိုမျှအကွာအဝေးကိုပင် စွမ်းအားသက်ရောက်သလော။
တိုက်ရိုက်ရင်ဆိုင်နေရသည့် လုယန်ဆိုလျှင် ဘယ်လိုအခြေအနေရှိမည်မသိ။
လုယန်က မွေခံဓားကိုကိုင်၍ စက်ဝိုင်းကွေးဆွဲလိုက်သည်။ ပြည့်စုံသည့် ဓားတာအိုကို ကိုယ်စားပြုသည်။ ခုနစ်စဉ်ကြယ်ဓားစုက မွေခံဓားထဲသို့ ပေါင်းစပ်ထားသည်။ ဓားတစ်သောင်းဌာနေပြန်ပညာမှ ဓားချီများလည်း အမြင့်ဆုံးသို့ ရောက်လာသည်။
လုယန်ဂုဏ်ယူရသည့် မသေမျိုးဓားပညာဖြစ်သည်။
"ကိုယ့်ကိုယ်ကို ကာကွယ်ကြ"
ကောင်းကင်မျက်လုံးစွမ်းအားဖြင့်ကြည့်နေသည့် ရှီချန်းက အားလုံးကို အော်ဟစ်သတိပေးသည်။
လူအားလုံး အကာအကွယ်မှော်ပစ္စည်းများဆင့်ခေါ်၍ ရင်ဘတ်ရှေ့တွင် ကာကြသည်။
"ဘုန်း"
အမြင့်ဆုံးစွမ်းအားနှစ်ခု ရင်ဆိုင်တွေ့သည်။ ချီနှင့်သွေးစွမ်းအင်များ ထိုးထွက်လာသည်။ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်နေသည်။ လေဟာနယ်ကို အစိတ်အစိတ်အမွှာမွှာ ဆုတ်ဖြဲ၍ စကြာဝဠာနေရာစုံသို့ ဆက်သွယ်ထားသည့် wormhole ပေါင်းများစွာပေါက်ကွဲသွားသည်။
"ဘယ်သူနိုင်သွားလဲ"
စုစည်းခြင်းကျင့်ကြံသူများ အမြန်စူးစမ်းကြသည်။ ရှီချန်းတစ်ယောက်သာ မျက်မှောင်ကျုံ့နေသည်။ တိုက်ပွဲကွင်းဗဟိုတွင် မြူခိုးများ လှိုင်းထန်နေသည်။ ဘာမှမမြင်ရ။
ကောင်းကင်မျက်လုံးပညာပင် ထိုမျှသိပ်သည်းသည့်မြူထုကို ထိုးဖောက်နိုင်စွမ်းမရှိ။
မြူခိုးများ တဖြေးဖြေးလွင့်ပျောက်သွားသည်။ တိုက်ခိုက်သူနှစ်ယောက် ပေါ်လာသည်။
ဝူယော်က ရင်ဘတ်မှဓားဒဏ်ရာကိုဖိထားရင်း လုယန်ကို မယုံနိုင်သည့်မျက်လုံးများဖြင့် ကြည့်နေသည်။
"ဒါက မင်းရဲ့ဓားပညာလား။ မဖြတ်တောက်နိုင်တဲ့အရာမရှိဆိုတဲ့သဘောပေါ့။ ကျင့်စဉ်အဆင့်ကိုတောင် တိုက်ရိုက်ဖြတ်ချလိုက်တာပဲ"
ဇစ်မြစ်အရိယဖလသန္ဓေကို အသက်သွင်းပြီး မသေမျိုးဓားပညာမှ လုယန်ဆွဲယူထားသည့် စွမ်းအားဖြစ်သည်။
ဝူယော်လို စွယ်စုံထူးချွန်သည့် ရန်သူကိုရင်ဆိုင်ရာတွင် တကယ်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မှသာ ကျင့်စဉ်အဆင့်ကို လျှော့ချနိုင်သည်။
အစက ဝူယော်ကို ဓားတစ်ချက်ဖြင့် ကူးဖြတ်ခြင်းအခြေခံအဆင့်ထိ လျှော့ချဖို့ သူရည်ရွယ်ခဲ့သည်။ သို့သော် ဝူယော်၏ကျင့်စဉ်အခြေခံက ကြောက်စရာကောင်းလောက်အောင် ခိုင်မာသည်။ ကူးဖြတ်ခြင်းအလတ်တန်းဆင့်ထိသာ လျှော့ချနိုင်သည်။
ဝူယော်စကားကြောင့် ကြည့်နေသည့်ပရိတ်သတ်အားလုံး မျက်လုံးပြူးသွားသည်။ နားကြားမှားသလားဟု ထင်မိကြသည်။
"ဘာရယ်၊ လုယန်က တစ်ခြားလူရဲ့ကျင့်စဉ်အဆင့်ကို လျှော့ချနိုင်တယ်ပေါ့"
ဓားတစ်ချက်ဖြင့် ကျင့်စဉ်အဆင့်ကို ဖျက်ဆီးနိုင်သည်။ ဓားပညာကို ဘယ်အတိုင်းအတာအထိ နားလည်ထားသည်မသိ။
အတိတ်မှ ယနေ့အထိ ဘယ်ထိပ်တန်းဓားသမားမှ ထိုအတိုင်းအတာထိ ရောက်ခဲ့သည်ဟု မကြားဖူး။
"ဒါက ဓားမသေမျိုးလို့တောင် ခေါ်လို့ရနေပြီမဟုတ်လား"
တင်စားခြင်းမဟုတ်။ လုယန်ကို မသေမျိုးအဖြစ် တကယ်အသိအမှတ်ပြုခြင်းဖြစ်သည်။
ဓားပညာက မသေမျိုးအဆင့်သို့ ရောက်နေသည်။
နှစ်ယောက်လုံး ဘာစကားမှထပ်မပြောဘဲ နောက်တစ်ကြိမ် တိုက်ခိုက်ကြသည်။ နေနှင့်လ ပေါက်ကွဲသွားသည်။ ကြယ်များကြွေကျသည်။ ကြယ်အစိတ်အပိုင်းများ နေရာတိုင်းကျန်ရဏ်ခဲ့သည်။ ဝူယော် အကြီးအကျယ်သွေးထွက်နေသည်။ ဒဏ်ရာများပြည့်နေသည်။ သူ့မာနက ဂျူနီယာတစ်ယောက်ကို ဦးညွှတ်ဖို့ ခွင့်မပြု။
"အကြီးအကဲဝူယော်။ အညံ့ခံလိုက်ပါ"
လုယန် မွေခံဓားဖြင့် ဝူယော်ကို ထိုးချိန်ထားသည်။ စူးရှသည့်သူ့မျက်လုံးများက အေးစက်သည့် ဓားပြားပေါ် အရိပ်ထင်နေသည်။
"အညံ့ခံရမယ်တဲ့လား။ ကောင်လေး၊ အညံ့ခံတဲ့ မသေမျိုးရယ်လို့ မင်းမြင်ဖူးလို့လား"
ဝူယော် ဝင့်ကြွားသည့်လေသံဖြင့် ခပ်ညှင်းညှင်းရယ်သည်။ မသေမျိုးမာနဖြစ်သည်။ ကျင့်စဉ်စွမ်းအား ကျသွားသော်လည်း သူဆက်တိုက်ခိုက်လိုသည်။
အမှန်တော့ လေးငါးကြိမ် သူသတိလစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ ဗီဇစိတ်ပေါ်မူတည်၍ ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပရိတ်သတ်အားလုံး သူ့စိတ်ဓာတ်ကို လေးစားမိကြသည်။
ဝူယော်သည် ပါရမီသက်သက်ကြောင့် မသေမျိုးဖြစ်ခဲ့သူမဟုတ်။ ပြိုင်ဘက်ကင်းစိတ်ဓာတ်ကြောင့်လည်းဖြစ်သည်။
"ကောင်းကင်အင်ပါယာသခင်"
ရှီဝူမန်တို့လူစု ဝမ်းနည်းပက်လက် ငိုကြွေးနေသည်။
အညံ့ခံသင့်သလော။ သတိလစ်သွားတိုင်း ဝူယော်စိတ်ထဲ ထိုအတွေးထပ်တလဲလဲပေါ်လာသည်။
မလုပ်နိုင်။ သူသည် မဟာယုအင်ပါယာ ဝူယော်၊ ကောင်းကင်အင်ပါယာဝူယော် ဖြစ်သည်။ ကျင့်စဉ်တစ်ရာ၏ ထိပ်သီးဖြစ်သည်။ သူဘယ်လိုအညံ့ခံနိုင်မည်နည်း။
ပြင်းပြသည့် စိတ်ဓာတ်ခွန်အားဖြင့် သတိလစ်တော့မည့်အခြေအနေကို အတင်းတွန်းလှန်သည်။
အတိတ်အတွေ့အကြုံများ သူ့အာရုံတွင်ပေါ်လာသည်။ ငယ်စဉ်က မဟာချန်အမှောင်ခေတ်ကို ကိုယ်တွေ့ကြုံခဲ့သည်။ ပုန်ကန်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိတ်ဆွေဆရာကွန်းရှန်ဟိုင်နှင့်တွေ့သည်။
မကျေလည်မှုများရှိခဲ့သော်လည်း တပ်ဖွဲ့ကို အတူဦးဆောင်ပြီး လောကအုပ်ချုပ်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့သည်။ မသေမျိုးတစ်ဝက်တစ်ချို့ကို အနိုင်ယူခဲ့သည်။ မဟာယုနိုင်ငံကို တည်ထောင်ပြီး နိုင်ငံ့ဆရာစနစ်ကို ဖန်တီးခဲ့သည်။
ထို့နောက် ပဲပြာအရှင်၏စွမ်းအား၊ ယွမ်ကျိ၏ စွမ်းရည်ကို ကိုယ်တွေ့ကြုံခဲ့သည်။ အရာအားလုံးကိုစွန့်လွှတ်၍ အပြင်လောကတွင် အခြေချခဲ့သည်။ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာကို အုပ်ချုပ်ခဲ့သည်။ ကောင်းကင်အင်ပါယာအစစ်ဖြစ်လာသည်။
အဆုံးသတ်ဓားချက်ထုတ်ဖို့ လုယန်ပြင်ဆင်နေစဉ် ရုတ်တရက် အေးစိမ့်သည့်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သတိလစ်လုနီးပါးဖြစ်နေသည့် ဝူယော်ထံမှ သိပ်သည်းသည့်အသက်ဓာတ်များ ထိုးထွက်လာသည်။ ကျင့်စဉ်အဆင့်လည်း တိုးတက်လာသည့် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်သို့ ပြန်ရောက်လာသည်။
မဟုတ်သေး။ သူ့ကျင့်စဉ်အဆင့်က ဆက်တက်နေဆဲဖြစ်သည်။
ဝူယော် မျက်လုံးအပြူးသားဖြင့် လေဟာနယ်ထဲတွင် ဝဲပျံနေသည်။ သူ့အကြည့်က စူးရှတောက်ပသည်။
"ဘုန်း"
မသေမျိုးတိမ်တိုက်များ စုဝေးလာသည်။ ခရမ်းလျှပ်စီးများ ဒီရေလိုလိမ့်တက်လာသည်။ ကျင့်ကြံသူတို့ စိတ်ခြောက်ခြားရသည့် လျှပ်စီးလောကတစ်ခု ဖြစ်ပေါ်လာသည်။
မသေမျိုးအဆင့်တက်ကောင်းကင်လျှပ်စီး။
ယခု ဝူယော် မသေမျိုးအဆင့်သို့ တကယ်တက်တော့မည်။
လုယန် ချက်ချင်းနောက်ဆုတ်သွားသည်။ မသေမျိုးလျှပ်စီးမြေမှ ရှောင်ထွက်သည်။
ကောင်းကင်လျှပ်စီးအလင်းအောက်တွင် ဝူယော် အော်ဟစ်ရယ်မောနေသည်။
"ကောင်လေး၊ ငါ့အရိယဖလသန္ဓေဟာ ဖန်တီးခြင်းနဲ့သက်ဆိုင်တယ်လို့ မင်းတွေးမိပြီးဖြစ်မှာပါ။ ဒါပေမယ့် မင်းခန့်မှန်းတာ တစ်ဝက်ပဲမှန်တယ်။
'ဖန်တီးခြင်း'ဆိုတဲ့ ငါ့အရိယဖလနာမည်ဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ငါ့ကံဆိုးမှုတွေကိုလည်း ကောင်းချီးအဖြစ် ပြောင်းလဲနိုင်တယ်လေ"
*****************************