← Chapters

အခန်း ၁၃၂၂

Vol. 89 Ch. 1322

အခန်း ၁၃၂၂

Vol. 89 Ch. 1322

အခန်း (၁၃၂၂) အဆင့်တက်လည်း နောက်ခံရှိသလောက်မကောင်း

ဖန်တီးခြင်းအရိယဖလ။ များစွာစဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ခဲ့သည့် အရိယဖလဖြစ်သည်။

ဖန်တီးနိုင်သည်။ ပြောင်းလဲနိုင်သည်။ အရာဝတ္ထုများဖန်တီးနိုင်သလို ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်သည်။

ချီလင်မသေမျိုးလှည့်စား(အကြပ်ကိုင်)မှုကြောင့် ပဲပြာအရှင်နှင့် တိုက်ခိုက်ခဲ့သည်။ သူနှင့်ယွမ်ကျိကြားမှ ကွာဟချက်ကို နားလည်ခဲ့သည်။

သူနောက်ဆုံးနားလည်ခဲ့သည့် အမှန်တရားတစ်ခု ရှိသည်။ သူသည် ယခုချိန်ထိ ကံသက်သက်ကိုသာ အားကိုး၍ ရှင်သန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတိုင်း သူလိုချင်သည့်ရလာဒ် ထွက်ခဲ့သည်။ ချီလင်အကူအညီရဖို့ ပဲပြာအရှင်နှင့် တိုက်ခိုက်သည်။ အလုံပိတ်လောကဖွင့်ဖို့ ချီလင်၏ ရှင်သန်မှုအရိယဖလစွမ်းအားကို ရှောင်နိုင်ခဲ့သည်။

ယွမ်ကျိနှင့်တိုက်ခိုက်ပြီး အပြင်လောကသို့ 'အသေထွက်' ထွက်နိုင်ခဲ့သည်။

တိုက်ပွဲနှစ်ခုလုံးက တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ ရလာသည့်အကျိုးအမြတ်ကလည်း ကြီးမားသည်။

ထို့ကြောင့် သူ့ကံကြမ္မာသည် ထူးခြားကြောင်း ဝူယော်နားလည်လာသည်။ သို့သော် ထိုအသိခက်သည့် ကံကြမ္မာမျိုးအပေါ် အားကိုးနေရုံဖြင့် မလုံလောက်။ စိတ်အချရဆုံးနည်းလမ်းက အရိယဖလဖြင့် ထိုကံကြမ္မာကို အခိုင်အမာချိတ်ပိတ်ပြီး အရည်အသွေးမြှင့်ဖို့ဖြစ်သည်။

ထိုရည်ရွယ်ချက်ကြောင့် ဖန်တီးခြင်းနှင့် ကံကြမ္မာအရည်အသွေးများပါသည့် အရိယဖလသန္ဓေကို တည်ဆောက်ခဲ့သည်။

သို့သော် အရိယဖလသန္ဓေတည်ဆောက်ဖို့ လွယ်ကူသော်လည်း ရှေ့ဆက်တိုးရသည်က ကောင်းကင်တက်ရသလို ခက်ခဲလွန်းသည်။

လုယန်နှင့် တိုက်ခိုက်မှ သူ့အခွင့်အရေးပေါ်လာသည်။ လုယန်၏ဖိအားကြောင့် အကြပ်အတည်းတိုက်ပွဲကို ထိုးဖောက်ပြီး အဆင့်တက်ဖို့ အခွင့်အရေးရလာသည်။

ဖန်တီးခြင်းအရိယဖလသန္ဓေစွမ်းရည်ကို အပြည့်အဝလှုံ့ဆော်၍ မသေမျိုးအဆင့်တက်ရမည့်အခြေအနေသို့ ရောက်လာသည်။

ယနေ့ မသေမျိုးတစ်ယောက် ဖြစ်လာတော့မည်။

"ဒါက ဒဏ္ဍာရီထဲက မသေမျိုးကောင်းကင်လျှပ်စီးဆိုတာလား"

"ဝူယော်က မသေမျိုးဖြစ်လာတော့မှာလား"

မသေမျိုးကောင်းကင်လျှပ်စီးဆိုသည့် အဓိပ္ပါယ်က ကျင့်ကြံသူများအတွက် ရှင်းလင်းပြီးသားဖြစ်သည်။ အားလုံးစိတ်ကူးယဉ်ကြသည့် စမ်းသပ်ချက်ဖြစ်သည်။ ကျင့်စဉ်လမ်း၏ နောက်ဆုံးအတားအဆီးလည်းဖြစ်သည်။

မသေမျိုးတစ်ဝက်များစွာ ထိုလျှပ်စီးထဲတွင် သေဆုံးခဲ့သည်။ ဓားမျှော်စင်အဓိပဓိပင် မဖြတ်ကျော်နိုင်ခဲ့။ ဝိညာဉ်တစ်စသာ ကျန်ခဲ့သည်။

သို့သော် ထိုကောင်ကင်လျှပ်စီးက ဝူယော်ကို အနိုင်ယူနိုင်မည်မထင်။

ကျင့်ကြံသူလူစု ဂဏာမငြိမ်ဖြစ်လာသည်။ ယခုလိုအချိန်မျိုးတွင် ဝူယော်အဆင့်တက်မည်ဟု ထင်မထားကြ။

သူမသေမျိုးဖြစ်လာလျှင် ဘယ်သူယှဉ်နိုင်တော့မည်နည်း။

ဘာမှမတတ်နိုင်ဘဲ ကောင်းကင်လျှပ်စီးဖြတ်နေသည့်ဝူယော်ကိုသာ ကြည့်နေကြရသည်။ တစ်ခြားကောင်းကင်လျှပ်စီးများလိုပင် မသေမျိုးလျှပ်စီးကို နှောက်ယှက်၍မရ။ ဝင်နှောက်ယှက်လျှင် သေမည်။

မသေမျိုးလျှပ်စီးဖုံးလွှမ်းနေသည့် လက်ရှိကြယ်စုမှ လုယန်အမြန်ထွက်ခွာသည်။ လျှပ်စီးနယ်မြေက အပြင်ဘက်သို့ ဆက်လက်ကျယ်ပြန့်လာသည်။

နေလကြယ်တာရာများ လျှပ်စီးစွမ်းအားအောက်တွင် အရောင်ပျောက်သွားသည်။ ကြယ်စုတစ်ခုလုံးတွင် ဝူယော်သာ ကျန်ရစ်ခဲ့သည်။

ကောင်းဟွမ်ယုပင် ကွမ်တမ်ဆက်သွယ်ရေးစက်မှကြည့်ရင်း စက်တပ်ခန္ဓာကိုယ်တုန်ရင်လာသည်။ သက်ရှိတိုင်း၏ဗီဇအာရုံဖြစ်သည်။ ရှောင်တိမ်းနိုင်စွမ်းမရှိ။

ရှေးဟောင်းခေတ်ကတည်းက ကောင်းကင်လျှပ်စီးစွမ်းအားသည် သက်ရှိအားလုံး၏ ဝိညာဉ်ထဲသို့ အကြောက်တရားတံဆိပ်ကို ခတ်နှိပ်ထားခဲ့သည်။

ဝိညာဉ်ထဲတွင် အမြစ်တည်နေသည့် အကြောက်တရားဖြစ်သည်။ ဘယ်ကျင့်ကြံသူမဆို ထိုမြင်ကွင်းကိုမြင်လျှင် ကြောက်ရွံ့တုန်လှုပ်ကြသည်။

မသေမျိုးတိုက်ပွဲများနှင့် အသားကျနေသည့် လုယန်တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်ရှိသည်။ ကောင်းကင်ဆင်းရဲကို သိပ်ထူးဆန်းသည်ဟု သူမမြင်။

မသေမျိုးလျှပ်စီးဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မသေမျိုးဖြစ်လာမည့်လူများအတွက် စမ်းသပ်ချက်သာဖြစ်သည်။ မသေမျိုးတစ်ယောက်၏ တိုက်ခိုက်မှုလောက် ကြောက်စရာကောင်းနိုင်မည်လော။

လုယန် နည်းနည်းစိတ်မကောင်းဖြစ်မိသည်။ သူ့စွမ်းအားက ငှားယူထားခြင်းဖြစ်သည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်သို့ တကယ်မရောက်သေး။ ဝူယော်နှင့်အတူ ကောင်းကင်ဆင်းရဲဖြတ်ပြီး မသေမျိုးဖြစ်ဖို့ အခွင့်အရေးမရ။

မသေမျိုးကောင်းကင်လျှပ်စီးကိုကြည့်၍ သူစဉ်းစားနေသည်။ ဇစ်မြစ်အရိယဖလဖြင့် မသေမျိုးလျှပ်စီးကို တိုက်ခိုက်လျှင် ဘယ်လိုဖြစ်လာမည်မသိ။

သို့သော် ကိုယ့်ကိုယ်ကို သေကြောင်းကြံသည့် ထိုအတွေးက ခဏသာကြာသည်။ မသေမျိုးအဆင့်တက်လျှပ်စီးသည် မသေမျိုးအဆင့်စွမ်းအားရှိမည်သာဖြစ်သည်။ အရိယဖလသန္ဓေဖြင့် လွှမ်းမိုး၍မရနိုင်။

ချက်ချင်းဆိုသလိုပင် နောက်တစ်ခု သူထပ်တွေးမိသည်။ မသေမျိုးကောင်းကင်လျှပ်စီးသည့် ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့သလော။ တစ်ယောက်ယောက်က ဖန်တီးထားခြင်းဖြစ်နိုင်သလော။

အဖမ်းခံထားရသည့် ပိုင်လော်စစ်သားများ ထိုမြင်ကွင်းကိုကြည့်၍ ကြည်ညိုလေးစားရိပ်များ တဖွားဖွားပေါ်လာသည်။ ကောင်းကင်အင်ပါယာ၏ ထာဝရတည်တံ့မည့် ဂုဏ်သရေကို အော်ဟစ်အားပေးကြသည်။

သူတို့ယုံကြည်ကိုးကွယ်သည့် ကောင်းကင်အင်ပါယာက ထိုသို့ပင်ဖြစ်ရမည်။ ခဏတာကျရှုံး၍ အရေးမလှသော်လည်း လောကကိုပြောင်းပြန်လှန်ပြီး သူတို့ကို အောင်ပွဲဆီ ဦးဆောင်နိုင်မည့်လူဖြစ်သည်။

ပြင်းထန်သည့်လျှပ်စီးလှိုင်းတစ်ခု ကျဆင်းလာပြီး ဝူယော်ကို ဖုံးလွှမ်းသွားသည်။ မိုးမြေဆန္ဒကို ကိုယ်စားပြုပြီး သက်ရှိအားလုံးကို အမြစ်ပြတ်ရှင်းလင်းနိုင်သည့် မသေမျိုးလျှပ်စီးဖြစ်သည်။

"ဟားဟားဟား၊ မသေမျိုးလျှပ်စီး၊ ငါတို့ထပ်တွေ့ကြပြန်ပြီနော်။ စွမ်းအားက မပြောင်းလဲသေးဘူး။ ဒါပေမယ့် မလုံလောက်ဘူး"

သို့သော် အဆုံးမဲ့လျှပ်စီးများအလယ်မှ ဝူယော်၏ရယ်မောသံကို ကြားနေရသည်။ သူ့အရေပြား ကွဲထွက်သွားသည်။ ခန္ဓာကိုယ် မည်းနက်သွားသည်။ အရေပြားဟောင်းများ ကွာကျသည်။ အရေပြားသစ်များ ဖြစ်ပေါ်လာသည်။

အပြည့်အဝ အသွင်ပြောင်းသည်။ ချီနှင့်သွေး ဆူပွက်နေသည်။ အကြောက်တရားရိပ်နှင့် သေကြေပျက်စီးမည့် လက္ခဏာမျိုးမရှိ။ မသေမျိုးလျှပ်စီး၏စွမ်းအားကိုသာ လှောင်ပြောင်နေသယောင်ရှိသည်။

ကောင်းကင်လျှပ်စီး ဒုတိယအကြိမ်ရောက်လာသည်။ ပထမတစ်ကြိမ်ထက် ပိုကြောက်စရာကောင်းသည်။ သောင်းချီသည့်လျှပ်စီးများ ဝူယော်ကို ဖုံးအုပ်သွားသည်။ မိုးမြေကိုထိုးဖောက်သည်။ အနီးအနားကြယ်စုများ ကြေမွသွားသည်။

ဝူယော်သေဆုံးတော့မည်ဟု ထင်ကြသော်လည်း ကောင်းကင်လျှပ်စီးကို ခွန်ပြည့်အားပြည့် ရင်ဆိုင်ခုခံနေဆဲဖြစ်သည်။

တစ်ချိန်က မဟာယုအင်ပါယာဝူယော် မကြာမီ အမြင့်ဆုံးအနေအထားသို့ ပြန်ရောက်လာတော့မည်။ မဟုတ်သေး။ မသေမျိုးဖြစ်ပြီးလျှင် အရင်ကထက်ပင် ပိုစွမ်းအားကြီးလာလိမ့်မည်။

ကောင်းကင်လျှပ်စီးက ဝူယော်ကို အပြစ်ပေးဖို့ လျှပ်စီးဝိညာဉ်များအဖြစ် ပြောင်းလဲသည်။ ဝူယော်က သွေးကို မင်ရည်အဖြစ်ပြောင်း၍ နတ်ဆိုးမျိုးစုံဖန်တီးပြီး တန်ပြန်တိုက်ခိုက်သည်။

တတိယလျှပ်စီး...စတုတ္ထလျှပ်စီး...

ကောင်းကင်လျှပ်စီးစွမ်းအားက အဆက်မပြတ်တိုးလာသည်။ အဆုံးမရှိကျယ်ပြန့်သည့် စကြာဝဠာတွင် ကောင်းကင်လျှပ်စီးသာ မြင်ရသည်။ ဝူယော်က တိန့်ဟိုင်ကောင်းကင်အပ်တစ်ချောင်းကဲ့သို့ ခိုင်မာစွာရပ်နေသည်။

သို့သော် နောက်ပိုင်းလျှပ်စီးများကို အေးအေးလူလူရင်မဆိုင်နိုင်တော့။ အထုအထောင်းခံရသည်။ လျှပ်စီးက အဆုံးမဲ့မီးတောက်အဖြစ်ပြောင်းသွားသည်။

မီးပင်လယ်တစ်ခုဖြစ်လာသည်။ ဝူယော်ကို မီးသန့်စင်တော့မယောင် ထင်ရသည်။

နောက်ဆုံးတွင် အဆုံးစမဲ့လျှပ်စီး ပျောက်ကွယ်သွားသည်။ ဝူယော်ခန္ဓာကိုယ် မီးသွေးလိုမည်းနက်သွားသည်။

"သူကျရှုံးသွားတာလား"

တစ်ယောက်က တီးတိုးရေရွတ်သည်။

သူ့သံသယများကို တုံ့ပြန်လာသကဲ့သို့ ဝူယော်ခန္ဓာကိုယ်မှ အက်ကွဲသံများပေါ်လာသည်။ သိပ်မကျယ်သော်လည်း စကြာဝဠာတလျှောက် ရိုက်ခတ်သည်။

အရေပြားဟောင်း ကွာကျသည်။ အရေပြားအသစ် ပေါ်လာသည်။ ကြည်လင်ချောမွတ်၍ သန့်စင်သည်။

"မသေမျိုးဖြစ်သွားပြီပေါ့"

လုယန် စိတ်ပျက်လက်ပျက် ခေါင်းကုတ်သည်။

"သူ့ကိုအနိုင်မယူနိုင်ဘူးရယ်တော့ မဟုတ်ပါဘူး"

ချင်ဖုန်းဓား၏ ကမ္ဘာငယ်တစ်ခြမ်း စွန့်ပစ်မြေဖြစ်သွားသည်။ ဗုဒ္ဒနိုင်ငံမှ ဗုဒ္ဓနယ်မြေတစ်စိတ်တစ်ပိုင်း ဆွဲထုတ်သည်။

တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း ဗုဒ္ဓနိုင်ငံမှ မြေကြီးသာဖြစ်သည်။ ယုံကြည်မှုစွမ်းအားနှင့် ဆက်စပ်နေသည်။ မသေမျိုးခန္ဓာကိုယ်ကို ဖန်တီးနိုင်သည်။ မသေမျိုးအသစ်ဝူယော်ကို တိုက်ခိုက်နိုင်သည်။

သို့သော် မလိုအပ်တော့။

လုယန် သူ့ဘေးသို့ ရုတ်တရက်ရောက်လာသည့်ယွမ်ကျိကို ခေါင်းလှည့်ကြည့်သည်။ အခုမှပြန်ရောက်ခြင်းလား သို့မဟုတ် ခဏပြန်လာခြင်းလား သူမသိ။

ဝူယော်၏မျက်လုံးတွင် မသေမျိုးအလင်းများဖြာထွက်နေသည်။ လောကထောင်ချီကို အလင်းပေးနိုင်သည်။ ခန္ဓာကိုယ်မှ အလင်းမှိန်မှိန်ထွက်နေသည်။

အရေပြားတစ်လက်မချင်းစီတွင် ကြီးမားသည့်စွမ်းအားကို ကိုယ်စားပြုသည်။ အရိယဖလခိုင်မာလာသည်။ ပြည့်စုံခြင်းအဆင့်သို့ရောက်သည်။ လောကကို ပြန်ဖန်တီး၍ စကြာဝဠာကို ပြန်လည်အသွင်ပြောင်းနိုင်စွမ်းရှိသည်။

"ကောင်လေး၊ ငါ့မသေမျိုးဓားကို မင်းအလိုက်တသိ ပြန်ပေးမယ်ဆိုရင်..."

သူ့အကြည့်က လုယန်ဆီကျလာသည်။ မသေမျိုးအဆင့်ရောက်ပြီဖြစ်၍ လုယန်ကို ထိုက်တန်သည့်ပြိုင်ဘက်ဟု သူမမြင်တော့။

မသေမျိုးမဖြစ်မီနှင့် ဖြစ်ပြီးသည့်အခြေအနေက ကောင်းကင်တစ်ခုစာ ကွာခြားသည်။

ထို့နောက် လုယန်ဘေးတွင် ရပ်နေသည့်လူကို သူမြင်ရသည်။ ထိုလူကိုကြည့်၍ ဝူယော်တုန်လှုပ်သွားသည်။ အမူးပြေသွားသကဲ့သို့ မျက်လုံးများကြည်လင်လာသည်။ အခြေအနေကို သဘောပေါက်သည်။

ချင်ဖုန်းဓားနှင့် သူနက်ရှိုင်းစွာ ဆက်နွယ်နေသည်။ ခဏတာစိတ်လှုပ်ရှားမှုကြောင့် တစ်ခြားကိစ္စများကို သိပ်မစဉ်းစားခဲ့။

သို့သော် ယွမ်ကျိကို မြင်သည်နှင့် တစ်ချိန်က သူ့မသေမျိုးဓားကို ယူသွားသူသည် ယွမ်ကျိဖြစ်ကြောင်း ပြန်သတိရလာသည်။

သူ့စွမ်းအင်ရောင်မှေးမှိန်သွားပြီး လုယန်ဘေးသို့ ပျံသန်းလာသည်။ လုယန်ပုခုံးကိုပုတ်၍ ရင်းရင်းနှီးနှီးပြောသည်။

"ငါသဘောအကျဆုံးက မင်းလိုပါရမီရှိတဲ့ မျိုးဆက်သစ်တွေပဲ။ ဒီမသေမျိုးဓားကို ငါမလိုတော့ပါဘူး။ မင်းကိုပေးပါတယ်။ ခုနက ငါတမင်စနောက်နေတာပါ။ စိတ်ထဲမထားပါနဲ့"

**********************************

All Chapters