← Chapters

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း (၁၃၂၄) ညီမျှသွားသည့်စွမ်းအား

"ဘယ်လိုဖြစ်သွားတာလဲ။ သူက ဝူယော်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်ပေါ့"

ကူးဖြတ်ခြင်းအဆင့် ဝါရင့်ကျင့်ကြံသူများ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မသေမျိုးနှစ်ကြိမ်ဖြစ်ခဲ့သည့်ဝူယော်ကို ယွမ်ကျိက လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူလိုက်သည်။

သူတို့ယူဆချက် မှားခဲ့လေသလော။ ယွမ်ကျိသည် မသေမျိုးတစ်ဝက်မဟုတ်ဘဲ မသေမျိုးအစစ်လော။

ထိုသို့လည်းမဖြစ်နိုင်။ မသေမျိုးအဆင့်တက်ခြင်းသည် ကြီးကျယ်ခမ်းနားသည့် ကိစ္စဖြစ်သည်။ ယွမ်ကျိက ဘာအသံမှမထွက်ဘဲ မသေမျိုးအဆင့်တက်သွားသည်မှာ ဖြစ်နိုင်စရာမရှိ။

မည်သို့ဆိုစေ အမှန်တရားက သူတို့မျက်စိရှေ့တွင် ရှိနေသည်။ ယုံကြည်ရုံမှတစ်ပါး တစ်ခြားရွေးစရာမရှိ။

အစောပိုင်းက ယွမ်ကျိလုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြသည်။ အမှန်ဆိုလျှင် ဝူယော်အသက်အတွက် စိုးရိမ်ခဲ့သင့်သည်။

ဝူယော် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားသည်ကိုကြည့်၍ သူတို့စိတ်သက်သာရာရသွားသည်။ သူတို့ကိုလည်း ယွမ်ကျိက တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။ အားလုံးအတွက် ရလာဒ်က အတူတူသာဖြစ်သည်။

"အား...ယွမ်ကျိသာ ဝူယော်ကို ဒီလိုတစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မှန်းသိခဲ့ရင် တာအိုနှလုံးပြုပြင်ဖို့အတွက်နဲ့ ငါ့ကျင့်စဉ်အဆင့်ကို လျှော့ချခဲ့မှာမဟုတ်ဘူး"

ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က ဝမ်းနည်းပက်လက် ညည်းညူသည်။ ယွမ်ကျိကို ရှံးခဲ့သဖြင့် သူအရှက်ရခဲ့သည်။ တစ်ခြားရွေးစရာမရှိသဖြင့် စိတ်ဓာတ်စွမ်းအား ပြန်လည်မြှင့်တင်ဖို့ ကျင့်စဉ်အဆင့်နှိမ့်ချပြီး ပြန်ကျင့်ကြံခဲ့သည်။

ထိုကိစ္စမျိုးက ခဏခဏမလုပ်သင့်။ ထိုဘဝကို စွဲလန်းသွားလျှင် ရုန်းထွက်ဖို့ခက်သည်။

တစ်ခြားကူးဖြတ်ခြင်းအဆင့်များလည်း ခေါင်းငြိမ့်သည်။ အားလုံးက ယွမ်ကျိနှင့် ရင်ဆိုင်ဖူးကြသည်။

စုစည်းခြင်းအဆင့်များကတော့ ထိုမြင်ကွင်းမျိုးမမြင်ဖူးကြ။ ထိုဇာတ်လမ်းမျိုးကိုလည်း မဟုတ်မမှန် မှတ်တမ်တင်ရဲကြမည်မဟုတ်။

ရှီချန်းက အော်မီတော်ဖော်ဟု အသံတိတ်ရွတ်နေသည်။ သက်တူရွယ်တူများအပေါ် ယွမ်ကျိလွှမ်းမိုးနိုင်ပြီး သူ့ကို တစ်ဘက်သတ်အနိုင်ယူနိုင်ခဲ့သည်မှာ မဆန်းလှ။ ဖြစ်သင့်သည်။

သူအားနည်း၍မဟုတ်။ ပြိုင်ဘက်က စွန်းအားကြီးလွန်းခြင်းဖြစ်သည်။

ယွမ်ကျိ ဝူယော်ကို ကိုင်ချုပ်၍ လေဟာနယ်ကိုခွဲပြီး ကျင့်ကြံသူလောကသို့ ပြန်သည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူများလည်း တန်းစီလိုက်သွားကြသည်။

ယခုမှ အပြန်လမ်းကို သူတို့တွေ့သည်။

လုယန်နှင့်ယွမ်မုန်မုန် ယွမ်ကျိနောက်မှ ကပ်လိုက်သွားသည်။ လုယန်နှင့်ရင်းနှီးသည့် စုစည်းခြင်းအဆင့်စွမ်းအားရှင်များပင် ယွမ်ကျိအခြေအနေကို မမေးမြန်းရဲ။

"ထူးဆန်းတယ်၊ အကိုလုနဲ့ အင်ပါယာဝူယော်က ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ကြတာလဲ"

ရှီချန်း မျက်မှောင်ကျုံ့၍ တီးတိုးရေရွတ်နေသည်။ အနာဂတ်ကျင့်စဉ်လမ်းအတွက် အထောက်အကူရရန် တိုက်ပွဲအကြောင်း ပြန်စဉ်းစားချင်သည်။ သို့သော် အသေးစိတ်ကို သူမမှတ်မိ။

မှော်ဖန်လုံးကိုထုတ်၍ တိုက်ပွဲမှတ်တမ်းကိုကြည့်သည်။ အဖြူရောင်နှင့် ဆူဆူညံညံအသံများသာကြားရသည်။ ဘာမှမမြင်ရ။

ရှီချန်းသာမဟုတ်။ တစ်ခြားစုစည်းခြင်းအဆင့်များလည်း ထိုမူမမှန်မှုကို သတိထားမိသည်။

သို့သော် ခဏသာစဉ်စားကြပြီး ဘာမှအရေးမကြီးသကဲ့ ဘေးဖယ်ထားလိုက်သည်။

ထိုမြင်ကွင်းကို လုယန် သတိထားမိသည်။ ထိုဖြစ်ရပ်သည်လည်း မသေမျိုးအရိယဖလ၏ မေ့ပျောက်ဗီဇစွမ်းရည်ဖြစ်သည်။

သူနှင့်ဝူယော် တိုက်ခိုက်ချိန်တွင် စုစည်းခြင်းအဆင့်များ မြင်ကြသည်။ မှတ်မိကြသည်။ သို့သော် ဝူယော် မသေမျိုးဖြစ်ပြီး အရိယဖလတည်ဆောက်လိုက်သည်နှင့် မေ့ပျောက်ဗီဇ ပေါ်လာသည်။ ဝူယော်၏ တိုက်ခိုက်နည်းများကို မေ့သွားသည်။ သူတို့သိစိတ်ကို ထိုဗီဇစွမ်းရည်က အလိုလိုဖျက်ဆီးသွားသည်။

မဟာတိုက်ပွဲ အဆုံးသတ်သွားသည်။ ကျင့်ကြံသူလောကလည်း စိတ်အေးချမ်းသာ ပြန်ဖြစ်လာသည်။ ဖယောင်းကောင်းကင်တပ်ဖွဲ့ကို ဖမ်းဆီးပြီးနောက် အပြင်လောကမှ မသေမျိုးတစ်ဝက်တိုက်ပွဲလည်း ပြီးဆုံးသွားသည်။

ယခု အကျဉ်းသားများကိစ္စ ဖြေရှင်းရုံသာရှိသည်။

ဂိုဏ်းသို့ပြန်ရောက်ချိန်တွင် မြစ်ဝိညာဉ်က အကျဉ်းသားတစ်စုကို ဦးဆောင်၍ ဂိုဏ်းဂိတ်တံခါးတွင် ယွမ်ကျိကိုစောင့်နေသည်။ ညွှန်ကြားချက်စောင့်နေခြင်းဖြစ်သည်။

ယွမ်ကျိအံ့အားသင့်သွားသည်။

"မြစ်ဝိညာဉ်အကြီးအကဲက ကျွန်မကိုစောင့်နေတာလား"

မြစ်ဝိညာဉ်ခေါင်းငြိမ့်သည်။

"အခက်အခဲ နည်းနည်းကြုံလို့ပါ။ အကျဉ်းထောင်တောင်ထိပ်မှာ နေရာလွတ်မကျန်တော့ဘူး။ ဒီလူတွေကို အဲဒီမှာထားလို့မရဘူး"

အာကာသယာဉ်နှစ်ရာမှ ဖမ်းထားသည့် ပိုင်လော်အကျဉ်းသား အရေအတွက် သောင်းချီရှိသည်။ အကျဉ်းထောင်တောင်ထိပ်ကလည်း လူပြည့်သလောက်ရှိနေသည်။ လူမရှိလျှင်ပင် ထိုမျှများပြားသည့် အကျဉ်းသားများကို ထိန်းထားနိုင်မည်မဟုတ်။

ယွမ်ကျိလည်း နည်းနည်းအကြပ်ရိုက်သွားသည်။

"ရှားနန်းတော်ကို သတင်းပို့ပြီး ကိုင်တွယ်ခိုင်းရင်ရမယ်ထင်တယ်"

လုယန် အကြံပြုသည်။

"သိပ်ကောင်းတဲ့စိတ်ကူးပဲ"

မြစ်ဝိညာဉ် အကျဉ်းသားများနှင့်အတူ ထွက်သွားသည်။ သူဂိုဏ်းမှမထွက်နိုင်။ ထိုကိစ္စ တစ်ခြားလူများကိုသာ ဖြေရှင်းခိုင်းရမည်။

"ညီမမုန်မုန်၊ ဒီရက်ပိုင်း ဘယ်တွေရောက်ခဲ့တာလဲ။ စကြာဝဠာခရီးမှာ တစ်ခုခုစိတ်ဝင်စားစရာတွေ့ခဲ့လား"

လုယန် စပ်စုလိုက်သည်။

"တွေ့တာပေါ့"

စိတ်လှုပ်ရှားမှုကြောင့် ယွမ်မုန်မုန် မျက်လုံးများ လှုပ်ရှားသွားသည်။ လက်နှစ်ဘက်ကိုချ၍ ပြုံးရယ်နေသည်။

"ငါနဲ့ရှောင်ကျိ လအတော်ကြာမှာ သက်ရှိဂြိုလ်တစ်ခုတွေ့တာ။ အဲဒီ့ဂြိုလ်မှာ အစားအသောက်ကောင်းတွေကို တန်ဖိုးထားကြတယ်။ အရသာရှိတာတွေ အများကြီး အများကြီးရှိတယ်။

သစ်ပင်တွေတောင်စားလို့ရတယ်။ လူတွေက သစ်ပင်တွေကို အခေါင်းထွင်းပြီးနေတယ်။ သစ်ပင်လဲကျမှာပူစရာမလိုဘဲ အချိန်မရွေးစားလို့ရတယ် သစ်ပင်တွေက အဆက်မပြတ်ကြီးထွားနေတာလေ။

အဲဒီ့နေရာမှာ စာဖိုမှူးဆိုတာ အများလေးစားခံရဆုံး အလုပ်အကိုင်ပဲ။ ဟင်းချက်တိုက်ပွဲ၊ ဟင်းခတ်ပစ္စည်းတိုက်ပွဲတွေရှိတယ်။ ဟင်းခတ်ပစ္စည်းတွေကိုတောင် အမျိုးအစားခွဲပြီး ဟင်းချက်နည်းတွေ အများကြီးဖန်တီးကြတယ်။

ငါက ရှောင်ကျိကိုခေါ်ပြီး အဲဒီဂြိုလ်မှာ လှည့်ပတ်စားသောက်နေတာ။ အရမ်း စိတ်ကျေနပ်ဖို့ကောင်းတယ်။ ငါတို့ထွက်လာတော့ အဲဒီမှာမြည်းစမ်းခဲ့တဲ့အစားအသောက်တွေက တစ်ဝက်တောင်မပြည့်သေးဘူး"

လုယန် အံ့အားသင့်သွားသည်။

"တကယ့်နေရာကောင်းတစ်ခုဖြစ်မယ်"

ရွှင်လန်းတက်ကြွနေသည့် ဟန်ပန်အရ ယွမ်မုန်မုန် ထိုနေရာကို အတော်သဘောကျခဲ့ကြောင်းသိသာနေသည်။

"ငါပြောပြမယ်၊ ရှောင်ကျိကလေ အချက်အပြုတ်မှာ လုံးဝပါရမီမပါဘူး။ အဲဒီမှာ စားဖိုမှူးတွေ အများကြီးရှိတာမြင်တော့ တစ်ခြားရွေးစရာမရှိလို့ ရှောင်ကျိလည်း သူတို့လိုပဲ ဟင်းစချက်တယ်။

သူချက်တဲ့ဟင်းက အရမ်းဆိုးဝါးတာပဲ။ ငါ့လက်ရာထက်တောင် ပိုဆိုးဝါးတယ်။ အဲဒီ့ချို့အားနည်းချက်ကို သူမပြုပြင်နိုင်လို့ထင်တယ်။ ဒါကြောင့်ငါ့ကို အတင်းဆွဲခေါ်ပြီး ကျင့်ကြံသူလောကကို ပြန်လာတာ။

နာမည်ကျော်အစားအသောက်မြို့တော်တွေကိုတောင် သိပ်မသွားဖြစ်ခဲ့ဘူး"

ယွမ်မုန်မုန်က တစ်ကိုယ်တော်ဆုံးဖြတ်ချက်ချသည့် ယွမ်ကျိကို မကျေမနပ်ဖြစ်နေသည်။

ယွမ်ကျိက အေးစက်စက်ခေါင်းလှည့်ကြည့်သည်ကို သူသတိမထားမိ။

"ဪ ရှောင်ယွမ်က အချက်အပြုတ်စိတ်ဝင်စားလို့လား။ အစောကတည်းက ပြောရောပေါ့။ ငါမသေမျိုးနတ်မယ် သူ့ကိုသင်ပေးမှာပေါ့"

နတ်မယ်က ယွမ်ကျိ၏လိုအပ်ချက်အကြောင်း သိရသဖြင့် အတော်သဘောကျသွားသည်။ သစ္စာခံဝန်ကြီးတစ်ယောက်ကို အခွင့်အရေးပေးသင့်သည်ဟု သူယူဆသည်။

ယွမ်မုန်မုန်က သူ့ဘာသာဆက်ပြောသည်။

"ဒါပေမယ့် ဒါလည်းကောင်းပါတယ်။ ရှောင်ကျိက ဒုခေါင်းဆောင်ကို ကူညီနိုင်ခဲ့တယ်။ ဒီတော့ ငါသူ့ကိုခွင့်လွှတ်ပါတယ်"

"အဟွတ် အဟွတ် ညီမမုန်မုန်။ ငါကိစ္စတစ်ခုရှိလို့ သွားတော့မယ်"

"ဟမ်၊ ငါပြောလို့မပြီးသေးဘူးလေ"

ယွမ်မုန်မုန် နှုတ်ခမ်းစူသည်။

"ဒီတိုက်ပွဲကနေ အတွေးအမြင်တစ်ခုရလို့ပါ။ အဆင့်တက်ဖို့အတွက် ကျင့်စဉ်ဝင်မှဖြစ်မယ်။ နောက်မှတွေ့မယ် ညီမမုန်မုန်"

လုယန် ယွမ်မုန်မုန်ကို ချန်ထားခဲ့ပြီး ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြေးသည်။ လုံးဝပြန်မထွက်တော့။

"တံခါးပိတ်ကျင့်ဖို့လား။ ဟုတ်ပပါပြီလေ"

ကျင့်ကြံဖို့ကိစ္စသည် အရေးကြီးဆုံးဖြစ်၍ ယွမ်မုန်မုန် နားလည်ပေးလိုက်သည်။

"လာပါရှောင်ထန်၊ ချင်ဟဲနဲ့သွားတွေ့ရအောင်။ ငါနင့်ကို အကုန်ပြောပြမယ်"

တိုက်ပွဲမှပြန်လာသည့် ကန်ထန်ကို ယွမ်မုန်မုန် အမိဖမ်းသည်။

ဝူယော်အမူအရာကလည်း ယွမ်ကျိနှင့် နည်းနည်းတူသည်။ ခံစားချက်ကင်းမဲ့သည်။ အရှုံးပေးထားသည်။

သူ့လို နာမည်ကျော်ကောင်းကင်အင်ပါယာက အကျဉ်းသားဘဝရောက်ရသည်။ နာကျင်ဝမ်းနည်းဖို့ကောင်းသည်။

သမိုင်းတွင် သူသည် အဖမ်းခံရသည့် ပထမဆုံးမသေမျိုး ဖြစ်လောက်သည်။

ဝူယော်ကို ဂိုဏ်းဂိတ်တံခါးမှ အကျဉ်းထောင်တောင်ထိပ်အထိ ယွမ်ကျိ ဆွဲခေါ်သွားသည်။

"ဟာ"

အကျဉ်းထောင်ကိုအာရုံခံမိသဖြင့် ဝူယော် မျက်လုံးပြူးသွားသည်။

အကျဉ်းထောင်တစ်ခုလုံး မသေမျိုးရွှေဖြင့် တည်ဆောက်ထားသည်။ တကယ်အသုံးအဖြုန်းကြမ်းလှသည်။

"ရောက်လာပြီဟေ့"

အစွန်ဆုံးအကျဉ်းခန်းမှ အကျဉ်းသားတစ်ယောက်က ခေါင်းပြူကြည့်ပြီးနောက် အမြန်ပြန်ဝင်ပြီး သတင်းဖြန့်လိုက်သည်။

ဝူယော်နည်းနည်းအံ့အားသင့်သွားသည်။ ခုနက မြင်လိုက်ရသူသည် မဟာယုခေတ်မှ နိယာမသခင်နှင့် အတော်တူသည်။

"ဝင်တော့"

ယွမ်ကျိက ဝူယော်ကို အကျဉ်းထောင်ထဲ ပစ်ထည့်သည်။

ဝူယော် ခြေလေးငါးလှမ်းယိမ်းထိုးသွားသည်။ ထို့နောက် သူ့ရှေ့တွင် လူတစ်ယောက်ပေါ်လာသည်။ သူမော့ကြည့်သည်။

ကွမ်းရှန်ဟိုင်....

ကွမ်းရှန်ဟိုင်ဘေးပတ်လည်တွင် လူတစ်စုဝန်းရံနေသည်။ မဟာယုကျင့်ကြံသူများနှင့်တူသည်။

"မင်းဘယ်လိုဒီရောက်နေတာလဲ..."

သူတို့နှစ်ယောက်က နှစ်တစ်သိန်းကြာအောင် ခွဲနေခဲ့ကြရသည့် မိတ်ဆွေများ ဆရာတပည့်များဖြစ်သည်။ သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း အခုချိန်ပြန်တွေးကြည့်လျှင် အသေးအဖွဲများသာဖြစ်သည်။

ကွမ်းရှန်ဟိုင်က ဝူယော်ပုခုံးကို ခပ်ကြမ်းကြမ်းပုတ်သည်။ စိတ်ခံစားချက်များ ပြည့်လျှံနေသည်။

"အခုမှပဲ မင်းရောက်လာတော့တယ်။ ငါမင်းကိုစောင့်နေတာ ကြာလှပြီကွ"

ခံစားချက်လွှမ်းမိုးမှုကြောင့် ဝူယော်လည်း ပြန်ဖြေသည်။

"ဟုတ်တယ်၊ ငါအခုမှပဲရောက်...ဟမ်"

ထိုစကားစုက တစ်ခုခုမူမမှန်။

ကွမ်းရှန်ဟိုင်က ဝူယော်ပုခုံးကိုဖက်၍ ဝင့်ကြွားမှု့အပြည့်ဖြင့် မျက်နှာချင်းဆိုင်မှလူစုကို လက်ညှိုးထိုး၍ပြောသည်။

"မဟာချန်ကကောင်တွေ။ မင်းတို့သေချာကြည့်လိုက်။ ငါတို့မဟာယုကလူတွေ အားလုံးစုံပြီကွ။ မင်းတို့ကို လုံးဝမကြောက်တော့ဘူးကွ"

ဝူယော် "..."

**********************************

All Chapters