← Chapters

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း (၁၃၂၇) မကြာခဏပြောသည်

"မကြာခဏတံခါးပိတ်ကျင့်တယ်ပေါ့"

အဘွားဖြစ်သူ နည်းနည်းအံ့အားသင့်သွားပြီး အမျိုးအမည်မသိသစ်သီးတစ်လုံးကို တစ်ကိုက်ဝါးစားသည်။ အစားအသောက်ဂြိုလ်မှ အထူးထွက်ကုန်ဟု ယွမ်ကျိကပြောသည်။

"အပြင်လောကမှာြဖစ်တဲ့ အပြောင်းအလဲအတော်များများက ဒီကောင်လေးလုယန်နဲ့ ပတ်သက်နေတယ်လို့ နင်ပြောခဲ့တယ်မဟုတ်လား။ သူက အပြင်မှာ အတော်လေးလှုပ်ရှားနေတဲ့ပုံပါပဲ။

သူ့လိုလူက မကြာခဏ တံခါးပိတ်ကျင့်နိုင်ပါ့မလား"

ယွမ်ကျိ ဣန္ဒေမပျက်ပြန်ရှင်းပြသည်။

"တကယ်တော့ သူကအတော်ရိုးသားတဲ့လူပါ။ ဒီအဖြစ်အပျက်တွေထဲကို အလိုလိုကြားညပ်သွားတာ။ သူဆန္ဒရှိလို့မဟုတ်ဘူး။ ကျွန်မက စိတ်ဝင်စားစရာကိစ္စတစ်ချို့ကိုပဲ ရွေးပြီးပြောတာ။

သူ့အချိန်အများစုကို တံခါးပိတ်ကျင့်ကြံနေတာပါ။ သူက ကျင့်စဉ်တိုးတက်ဖို့ အရေးကြီးတဲ့ကာလကိုရောက်နေတယ်။ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားရမယ့်အချိန်ပါ။ ရေသာခိုနေရင် အရှိန်ပျက်သွားလိမ့်မယ်။

အဲလိုဆို သူနောက်ပိုင်းကျင့်ကြံတာတွေ သိပ်အကျိုးရှိမှာမဟုတ်ဘူး"

"ဪ အဲလိုကိုး"

အဘွားဖြစ်သူ နားလည်သွားသည်။ ဤလုယန်သည် တကယ်ရိုးသားပြီး ဇွဲကောင်းသည့်ကလေးဖြစ်သည်။

ယွမ်ကျိ သက်ပြင်းချသည်။ လောလောဆယ် သူ့အဖွားကို နှစ်သိမ့်ဖျောင်းဖျထားနိုင်၍ တော်သေးသည်။

သူအိမ်ပြန်လာတိုင်း စိတ်ဝင်စားစရာ အပြင်လောကအပြောင်းအလဲများကို မလွှဲမရှောင်သာ ပြောပြရသည်။ ထိုသို့ပြောတိုင်း သူ့အဖွားက လုယန်အကြောင်း ပိုစိတ်ဝင်စားလာသည်။

နှစ်ယောက်သား အိမ်တွင်းရေးကိစ္စမျိုးစုံ ဆက်ပြောကြသည်။ အချိန်ကုန်မှန်းမသိ ကုန်သွားသည်။

ကလေးဘဝက စောင့်ခြုံထဲတွင် စာခိုးဖတ်လေ့ရှိသည့် ယွမ်ကျိအကြောင်း အဘွားက ပြန်ပြောသည်။ ယွမ်ကျိ နည်းနည်းရှက်လာသည်။

ထိုစဉ် အပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

အဘွားဖြစ်သူ အပြင်သို့ ထွက်ကြည့်ရန်ပြင်သည်။

"မုန်မုန်ပြန်လာတာဖြစ်မယ်။ သူပြန်လာတိုင်း အမြဲတမ်း ဒီလိုပွဲဆူနေကျပဲလေ"

ယွမ်ကျိလည်းထရပ်၍ အဘွားနှင့်အတူ အပြင်ထွက်သည်။ မိန်းမလှတစ်အုပ်က ယွမ်မုန်မုန်နှင့် လုယန်ဘေးတွင် ဝိုင်းအုံကြည့်နေသည်ကို မြင်လိုက်ရသည်။

ယွမ်ကျိ "..."

တော်ရုံတန်ရုံ သူအံ့အားသင့်လေ့မရှိ။ မျက်တောင်တစ်ချက်ခတ်၍ အာရုံထင်မှားခြင်းဟုတ်မဟုတ် အတည်ပြုလိုက်သည်။

ဘာကြောင့် ရှောင်လုရောက်လာသည်မသိ။

"မုန်မုန်နဲ့ပါလာတဲ့လူကို နင်သိလား"

ယွမ်ကျိ၏ မူမမှန်သည့်မျက်နှာကို အဘွားက သတိထားမိသည်။

"အဲဒါ လုယန်ပါ"

"လုယန်လား"

အဘွားဖြစ်သူ ရယ်လိုက်သည်။ တကယ်တိုက်ဆိုင်လွန်းသည်။ လုယန်အကြောင်းပြောနေစဉ် လုယန်ရောက်လာသည်။

လျှို့ဝှက်မြေသို့မဝင်မီ ဤနေရာမှလူများသည် ဘာမဆိုစိတ်ဝင်တစားစပ်စုကြကြောင်း ယွမ်မုန်မုန်ပြောထားသော်လည်း ထိုမျှစိတ်အားထက်သန်ကြမည်ဟု လုယန်မထင်ခဲ့။

ယခု သူအတော်နေရခက်နေသည်။ ဤလျှို့ဝှက်မြေတွင် မိန်းကလေးများသာရှိကြောင်း သူ့ကိုဘယ်သူမှမပြောခဲ့။ ယောက်ျားတစ်ယောက်ကို တစ်ခါမှမမြင်ဖူးသည့် ပုံစံမျိုးဖြစ်သည်။

လုယန်ကို ပန်ဒါဝက်ဝံတစ်ကောင်ကဲ့သို့ လက်ဖြင့်တို့ကနန်းဆိတ်ကနန်း လုပ်နေကြသည်။

"မိတ်ဆွေတို့၊ ကျုပ်အင်္ကျီကို မဆွဲကြပါနဲ့။ ယောက်ျားနဲ့မိန်းမဆိုတာ ခန္ဓာကိုယ်ချင်း ထိလို့မရဘူး။ ..မလုပ်နဲ့...ကျုပ်ကိုမကိုင်ပါနဲ့"

ကျင့်စဉ်အဆင့်မြင့်လည်း လုံးဝအသုံးမဝင်။ စကားလုံးဖြင့်သာ ကြိုးစားကာကွယ်နေရသည်။

သူတွေးရခက်နေသည်။ အမယွမ်၏ ဇာတိမြေတွင် ဘာကြောင့် မိန်းကလေးများချည်းရှိသည်မသိ။

သို့သော် အခြေအနေက နောက်ထပ်စဉ်းစားဖို့ အချိန်မရ။

"ဟေ့ ဟေ့၊ မထိကြနဲ့တော့"

လုယဣ်က ယွမ်မုန်မုန်ကို လှည့်ကြည့်၍ မျက်လုံးဖြင့်အကူအညီတောင်းသည်။ ယွမ်မုန်မုန်လည်း ကိုယ်မိသားစုဝင်များကို တားဆီးနိုင်စွမ်းမရှိ။

သားကောင်ဝိုင်းသလို ဝိုင်းထားကြသည်။

"သူကဘယ်သူလဲ မုန်မုန်"

"နင်နဲ့သူ ဘယ်လိုပတ်သက်တာလဲ"

"ငါနင်တို့ကို ဘယ်လိုသင်ပြထားလဲ။ ဧည့်သည်တစ်ယောက်ကို ဒီလိုပဲဆက်ဆံရလား"

အဘွားဖြစ်သူက မာန်မဲလိုက်သည်။ တင်းမာသည့်စကားသံကြောင့် မိန်းကလေးများ နောက်ဆုတ်သွားသည်။

"မင်းက ရှောင်ယန်ဖြစ်မယ်ထင်တယ်"

အဘွားက နွေးထွေးစွာပြုံး၍ပြောသည်။

"အဘွား၊ အခုမှရောက်လာတယ်ပေါ့"

ယွမ်မုန်မုန်က ကယ်တင်ရှင်ကို မြင်လိုက်ရသဖြင့် ဘေးသို့အမြန်လျှောက်သွားသည်။

"ဒုခေါင်းဆောင်၊ ငါမိတ်ဆက်ပေးမ်။ ဒါက ငါတို့ယွမ်မျိုးနွယ်ခေါင်းဆောင်ပါ"

"ငါ့နာမည် ယွမ်ပိုင်ပါ။ အားလုံးကတော့ အဘွားလို့ခေါ်ကြတယ်"

"တွေ့ရတာ ဝမ်းသာပါတယ် အဘွား"

လုယန် အလိုက်အထိုက်ပြောသည်။ အလိုမကျဟန်ဖြင့် သူ့ဘေးတွင် အသံတိတ်ရပ်နေသည့် ယွမ်ကျိကို သတိထားမိသည်။

နတ်မယ်သွေးဆောင်မှုကြောင့် ဤနေရာသို့လာမိသည်ကို လုယန်နောင်တရလာသည်။

အဘွားယွမ်ပိုင်နားသို့ သူပိုကပ်လိုက်သည်။ နည်းနည်းလုံခြုံသွားသလို ခံစားရသည်။

"ဒီကလေးတော့လေ။ ဧည့်သည်လာတာကို ဘာလို့နှုတ်မဆက်တာလဲ"

အဘွားအိုက ယွမ်ကျိကို အပြစ်တင်သည်။

"အိမ်ထဲဝင်ပါဦး ရှောင်လု"

ယွမ်ကျိ ထိုမျှအပိုးကျိုးသည်ကို လုယန် အခုမှမြင်ဖူးသည်။ ပုံမှန်ဟန်ပန်အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုအတွေးကြောင့် သူအလိုလိုကြက်သီးထလာသည်။

အားလုံး အိမ်ထဲဝင်ထိုင်ကြသည်။ ယွမ်ပိုင်ကိုယ်တိုင် ဧည့်သည်တော်လုယန်အတွက် လက်ဖက်ရည်ငှဲ့ပေးသည်။

"မြည်းကြည့်ပါ။ ဒါက ငါတို့မက်မွန်လျှို့ဝှက်မြေရဲ့ မက်မွန်လက်ဖက်ရည်ပါ"

ခွေလိပ်နေသည့် မက်မွန်ပွင့်ချက်များ ပြန့်ကားလာပြီး ခွက်ထဲတွင် ပွင့်လန်းလာသည်။ နူးညံ့သည့် မက်မွန်ရနံ့ ပေါ်လာသည်။ ကြုံခဲ့ဖူးသမျှ မက်မွန်ရနံ့များထက် ပို၍နှစ်လိုဖွယ်ကောင်းသည်။

အနံ့ပိုမွှေးခြင်းမဟုတ်။ စိတ်ကိုပို၍ ကြည်လင်လန်းဆန်းစေခြင်းဖြစ်သည်။

ယွမ်ပိုင်၏ အိမ်တံခါးအပြင်ဘက်မှ မိန်းကလေးကျင့်ကြံသူများ ချောင်းကြည့်နေသည်။ အိမ်ထဲသို့ဝင်ကြည့်လိုသော်လည်း သူတို့အဘွားအရှိန်အဝါကြောင့် မဝင်ရဲကြ။

"မတွန်းနဲ့လေ၊ အတင်းမတွန်းနဲ့။ တံခါးကြားကိုတောင် ငါညပ်တော့မယ်"

"အမမုန်မုန်ခေါ်လာတဲ့လူက ဘယ်သူလဲ။ သူက အမမုန်မုန်နဲ့ရော အမရှောင်ကျိနဲ့ပါ အတော်ရင်းနှီးပုံပဲ"

"လုယန်လို့ ပြောတယ်မဟုတ်လား။ အမရှောင်ကျိရဲ့ ဆရာတူမောင်လေးတဲ့"

"တိုးတိုးလုပ်ကြပါ။ သူတို့ပြောတာတွေ မကြားရတော့ဘူး"

.....

ဘာကြောင့်မှန်းတော့မသိ။ ဤနေရာတွင်ထိုင်နေရသည်မှာ အတော်စိတ်ကျဉ်းကြပ်သလို လုယန်ခံစားရသည်။ အားလုံးက စိုက်ကြည့်နေသလို ထင်မိသည်။

လက်ဖက်ရည်က ပူလွန်းနေသကဲ့သို့ ခွက်ကို သူသေချာဂရုစိုက်၍ကိုင်သည်။ ညင်သာစွာလေမှုတ်ပြီး တစ်ငုံချင်းသောက်၍ အရသာကိုခံစားသည်။ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဆိုသည့်အဖြစ်ကို လုံးဝမေ့ထားသည်။

မက်မွန်လက်ဖက်ရည်က တကယ်အရသာရှိသည်။

"ရှောင်ကျိက မင်းအကြောင်းမကြာခဏပြောပါတယ်။ ဒီနေ့မှပဲ မင်းကိုတွေ့ရတယ်။ တကယ်ထူးခြားတဲ့ပါရမီရှိတဲ့ပုံပဲ"

ပိုင်ယွမ်စကားကြောင့် လက်ဖက်ရည်ခွက် ကိုင်ထားသည့်သူ့လက် နည်းနည်းတုန်သွားသည်။

"အမယွမ်က ကျုပ်အကြောင်း မကြာခဏပြောတယ်ပေါ့"

"ဟုတ်တယ်။ မင်းက အသက်ငယ်ငယ်နဲ့ ပါရမီထူးတဲ့လူဆိုပြီး သူချီးကျူးတယ်။ အလုပ်ကြိုစားတယ်။ ကျင့်ကြံတာ ဇွဲကောင်းတယ်။ မကြာခဏတံခါးပိတ်ကျင့်တယ်တဲ့"

လုယန် အပြစ်မကင်းသလို ခံစားရသည်။ အမယွမ်စိတ်ထဲတွင် သူ့ကို ထိုသို့မြင်ထားသည်။

"ကျုပ်အဲလိုပဲ ဖြစ်သင့်တာမဟုတ်လား"

လုယန် ယွမ်ကျိအမူအရာကို ခိုးကြည့်သည်။ ယွမ်ကျိက ပေါက်တတ်ကရမပြောဖို့ မျက်လုံးဖြင့် ခပ်တင်းတင်းသတိပေးနေသည်ကို မြင်ရသည်။

လုယန် ကြိုးစား၍ ခါးပြန်ဆန့်သည်။

"အင်း..ဟုတ်ပါတယ်။ ကျုပ်က အဲလိုပါပဲ။ ကျင့်ကြံတာက အရေးကြီးတယ်။ ကျင့်စဉ်အဆင့်ကို မြှင့်ပေးနိုင်တယ်။ ဒါကြောင့် ကျင့်ကြံရတာကို ကျုပ်အရမ်းသဘောကျပါတယ်"

"ဟုတ်တယ်၊ ဒုခေါင်းဆောင်က ကျင့်ကြံတဲ့နေရာမှာ အရမ်းဇွဲကောင်းတာ။ အခု ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ရောက်လို့ အရိယဖလသန္ဓေတောင်ရှိနေပြီ"

ယွမ်ပိုင် နည်းနည်းအံ့အားသင့်သွားသည်။ ထို့နောက် သဘောကျသည့်အမူအရာမျိုး ပေါ်လာသည်။

"ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ပေါ့။ မဆိုးဘူ။ တကယ်မဆိုးဘူးပဲ"

"တကယ်တော့ ကျုပ်ဒီကိုလာချင်တာ ကြာပါပြီ..."

စကားတစ်ဝက်ဖြင့် လုယန် ရပ်သွားသည်။ သူ့အတွေးထဲရှိသည့်အတိုင်း ပြောမိမတတ်ဖြစ်သွားည်။ ချက်ချင်းစကားပြန်ပြင်ရသည်။

"ကျင့်စဉ်ဝင်တာပြီးပြီးချင်း ညီမုန်မုန်ကို အဘွားဆီ ခေါ်သွားပေးဖို့ ကျုပ်တောင်းဆိုခဲ့တာပါ"

"အဘွားအကြောင်း အမယွမ်ပြောတာ ကျုပ်လည်းခဏခဏကြားဖူးပါတယ်။ သူဒီနေ့လို အောင်မြင်လာတာ ငယ်ငယ်ကတည်းက အဘွားပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကြောင့်လို့ပြောတယ်"

လုယန် တည်ကြည်သည့်လေသံဖြင့်ပြောသည်။

သူ့စကာနားထောင်ရင်း ယွမ်ပိုင် ပို၍ပျော်ရွှင်လာသည်။ ထိုကောင်လေးလုယန်သည် တကယ်ချီးကျူးဖို့ကောင်းသည်။ ရှောင်ကျိအလေးထားသည်မှာ မဆန်းတော့။

ယွမ်ကျိက ယွမ်မုန်မုန်ကို အေးစက်စက်စိုက်ကြည့်သည်။ တစ်ခြားလူများဆိုလျှင် ထိုအကြည့်ကြောင့် ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။

ယွမ်မုန်မုန်က မတုန်လှုပ်။ သို့သော် ယွမ်ကျိနှင့် မျက်လံဒးချင်းမဆိုင်ရဲသဖြင့် တပ်ကူတောင်းသည်။

"အဘွား၊ ရှောင်ကျိကို ကြည့်ပါဦး။ ကျွန်မကို မကျေနပ်သလို စိုက်ကြည့်နေတယ်"

"ဟုတ်လား"

ယွမ်ပိုင် ယွမ်ကျိကို လှည့်ကြည့်သည်။

ယွမ်ကျိက အမူအရာမပြောင်းဘဲ အတက်အကျမရှိသည့်လေသံဖြင့် ပြောသည်။

"အဲလိုမဟုတ်ပါဘူး အဘွား။ ကျွန်မမျက်လုံးတွေက အမြဲတမ်း ဒီလိုပါပဲ"

*******************************

All Chapters