အခန်း ၁၃၂၉
Vol. 89 Ch. 1329
အခန်း (၁၃၂၉) ယွမ်ကျိ၏ဇစ်မြစ်
မေးခွန်းမေးလိုက်သည်နှင့် သေခြင်းအရိပ်ချဉ်းကပ်လာသည်ကို လုယန်ခံစားလိုက်ရသည်။ သို့သော် သေချာအာရုံခံကြည့်ချိန်တွင် ဘာမှမတွေ့ရပြန်။ အာရုံထင်မှားမှုမျိုးနှင့်တူသည်။
ယွမ်ကျိသာ သူ့ဆီလျှောက်လာပြီး မက်မွန်ရည်ငှဲ့ပေးသည်။
"ရှောင်လု၊ မင်းစကားပြောနေတာကြာပြီ။ မက်မွန်ရည်နည်းနည်းသောက်ပါဦး"
ထို့နောက် ဘာကြောင့်ရယ်မသိ။ လုယန်ဘေးတွင် ဝင်ထိုင်သည်။
အမယွမ်ပြောသည့်စကားတွင် တစ်ခြားအဓိပ္ပါယ်ပါသည်ဟု လုယန်ခံစားရသည်။ သို့သော် ယွမ်ပိုင် သူ့အမေးကိုပြန်ဖြေသဖြင့် အာရုံပြောင်းသွားသည်။
"ငါတို့ယွမ်မိသားစု ဒီနေ့အထိ တည်တံ့ခဲ့တာ အဓိကကကတော့ မသေမျိုးမြစ်ရဲ့ကျေးဇူးကြောင့်ပါ"
"မသေမျိုးမြစ်"
"လွန်ခဲ့တဲ့တစ်သိန်းက မဟာယုခေတ်နှောင်းပိုင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အချိန်မှာ ငါတို့ဘိုးဘေးတွေက ငါတို့မျိုးနွယ်ရှင်သန်ဖို့အတွက် ကပ်ဆိုးကြားကလွတ်မယ့်လမ်းကို ရှာဖွေခဲ့တယ်။
တစ်နေရာပြီးတစ်နေရာပြောင်းရင်းနဲ့ မထင်မှတ်ဘဲ ဒီလျှို့ဝှက်မြေကို ရှာတွေ့ခဲ့တယ်။ မက်မွန်ပင်တွေပြည့်နေတဲ့နေရာဖြစ်လို့ ငါတို့ဘိုးဘေးတွေက မက်မွန်လျှို့ဝှက်မြေလို့ နာမည်ပေးခဲ့တယ်"
ယွမ်ပိုင်က ကောင်းကင်ဝိညာဉ်မြစ် မက်မွန်ပင်ကို လက်ညှိုးထိုးပြသည်။
"လျှို့ဝှက်မြေမှာ သက်တမ်းဆွဲဆန့်ပြီး ကျင့်စဉ်စွမ်းအားတိုးစေတဲ့ ဒီမသေမျိုးမက်မွန်ပင်ကို တွေ့ခဲ့တာ။ ပြီးတော့ မသေမျိုးမြစ်တစ်ခုလည်းရှိတယ်။ ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက် ဖန်တီးခဲ့တာလို့ ပြောကြတယ်။
မြစ်ရေကိုသောက်ရင် မိန်းကလေးတစ်ယောက် မွေးဖွားနိုင်တယ်။ မွေးလာတဲ့ကလေးက ဝိညာဉ်မြစ် အလိုလိုပါလာတယ်။ အနိမ့်ဆုံး အလတ်တန်းဆင့်ကျင့်စဉ်ပါရမီမျိုး ပိုင်ဆိုင်တယ်။
တဖြေးဖြေးနဲ့ ယါမ်မိသားစုက မိန်းကလေးတွေများတဲ့ မျိုးနွယ်တစ်ခုဖြစ်လာတယ်။ နှစ်တစ်သိန်းကျော်ကြာတော့ ယောက်ျားတွေ မကျန်တော့ဘူးပေါ့။
မသေမျိုးမြစ်ဘေးမှာ ကျောက်ကမ္ဗည်းတိုင်တစ်ခုလည်းရှိတယ်။ ရေးထားတဲ့စာဝေက ဝေဝါးနေတယ်။ မပြည့်စုံတော့ဘူး။ ဒီမြစ်ကိုဖန်တီးခဲ့တဲ့ မသေမျိုးအကြောင်း မှတ်တမ်းမကျန်ခဲ့ဘူး"
ယွမ်ပိုင် သက်ပြင်းချသည်။ ထိုမသေမျိုးကို သူတို့ရှိခိုးပူဇော်ခွင့်ပင်မရ။
လုယန်မျက်နှာ တဖြေးဖြေးအမူအရာပြောင်းလာသည်။ သို့ဆိုလျှင် အမယွမ်ရော မုန်မုန်ပါ ထိုမသေမျိုးမြစ်မှ မွေးဖွားလာခြင်းလော။
ထို့ပြင် ထိုမသေမျိုးမြစ်၏အာနိသင်မျိုးကို သူကြားဖူးသလိုလိုရှိသည်။
ထို့နောက် ရုတ်တရက် သူအားလုံးနားလည်သွားသည်။ အမယွမ်အပြုအမူ ယနေ့ဘာကြောင့်ထူးဆန်းနေသနည်း။ ဘာကြောင့် ကောင်းကင်ဝိညာဉ်မြစ်က ဇာတိမြေတွင်ရှိကြောင်း ထုတ်မပြောခဲ့သနည်း။
ကောင်းကင်ဝိညာဉ်မြစ် ဤနေရာတွင်ရှိကြောင်း နတ်မယ်သိသွားမည်စိုးသောကြောင့်ဖြစ်သည်။ သူ့ဇာတိမြေသို့ အတင်းလာလည်မည်စိုးသောကြောင့်ဖြစ်သည်။
နတ်မယ်ရောက်လာသည်နှင့် အမယွမ်၏နောက်ခံဇစ်မြစ်အကြောင်း သိသွားတော့မည်။
ယခု လုယန်စိတ်ထဲတွင် လှပသည့်ဤမက်မွန်မြေတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရသည်။ အန္တရာယ်များပြည့်နေသည်။ ကြာကြာနေဖို့မသင့်တော်။
အမယွမ်ကို သူလှည့်ကြည့်သည်။ ခါတိုင်းလို အေးစက်စက်သာဖြစ်သည်။ ဘာမှထူးခြားသည်မထင်ရ။ သို့သော် အမယွမ် ယခု အတော်ထိတ်လန့်နေကြောင်း သူသိသည်။
ယွမ်မုန်မုန်က ကခုန်နေပြီးနောက် သူတို့သုံးယောက်ဆီ ရောက်လာသည်။
"ဒုခေါင်းဆောင်၊ နင်ဘာလို့ ချွေးတွေဒီလောက်ထွက်နေတာလဲ"
ထိုသို့ပြောရင်း လက်ကိုင်ပုဝါဖြင့် လုယန်နဖူးမှ ချွေးများကိုသုတ်ပေးသည်။
လုယန် အားတင်းပြုံးသည်။
"ဘာမှမဖြစ်ပါဘူး။ ငါတို့ပြန်ချိန်တန်ပြီလို့ တွေးမိလို့ပါ"
"မင်းဘာလို့ ပြန်ဖို့အကြောင်းပြောနေတာလဲ"
ယွမ်ပိုင်က ကြားဖြတ်ပြောသည်။ လုယန်ကို တားသည်။
"အဘွား၊ မောင်လေးလုက ကျင့်ကြံရဦးမယ်လေ"
ယွမ်ကျိက ဝင်ပြောသည်။
ယွမ်ပိုင်က အလိုမကျဟန်ဖြင့်
"မင်းရောက်လာတာ ဘာမှကြာသေးတာမဟုတ်ဘူး။ ကျင့်ကြံတာက တစ်ရက်နှစ်ရက် မစောင့်နိုင်လောက်အောင်ထိတော့ အရေးမကြီးပါဘူး။
ကျင့်ကြံတယ်ဆိုတာလည်း သင့်တင့်မျှတအောင်လုပ်ဖို့လိုတယ်။...လာပါ၊ အဘွားမင်းကို မသေမျိုးမြစ်ဆီ လိုက်ပို့မယ်"
မသေမျိုးမြစ်ကို လုယန်စိတ်ဝင်စားမှန်းရိပ်မိသဖြင့် ယွမ်ပိုင်က လုယန်ကို ချက်ချင်းဆွဲခေါ်သွားသည်။
"ဒုခေါင်းဆောင်လည်း မသေမျိုးမြစ်ကို ကြည့်ချင်တယ်ပေါ့။ သွားစို့၊ သွားစို့"
ယွမ်မုန်မုန်က ထွက်မသွားမီ ယွမ်ကျိကို ခေါ်သည်။
"ငါမလိုက်တော့ဘူး"
ယွမ်ကျိ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
"လာစမ်းပါ၊ သွားကြစို့"
ယွမ်မုန်မုန်က အတင်းဆွဲခေါ်သည်။
မသေမျိုးမြစ်က လျှို့ဝှက်မြေတွင် နဂါးတစ်ကောင်လဲလျောင်းနေသည်နှင့်တူသည်။ မြစ်ခွဲများ နေရာတိုင်းရှိသည်။ စားသောက်ပွဲတက်ချိန်တွင် မသေမျိုးမြစ်ကို လုယန်မြင်ခဲ့သည်။
သို့သော် သိပ်များများမတွေးခဲ့။ ထိုမြစ်တွင် ဝိညာဉ်စွမ်းအင်များပြည့်နေသည်ကိုသာ ခံစားမိသည်။ ထူးခြားသည်။ အမယွမ်၏ဇာတိမြေဖြစ်၍ ထူးခြားသည့် ထိုမြစ်မျိုးရှိနေသည်မှာ အံ့ဩစရာမရှိ။
"ရောက်ပြီ"
ယွမ်ပိုင်က လုယန်ကို မသေမျိုးမြစ်ဆီခေါ်လာသည်။ မြစ်ဘေးတွင် ကမ္ဗည်းတိုင်တစ်ခုရှိသည်။
စမ်းချောင်းက နည်းနည်းဆူပွက်နေသည်။ သိပ်သည်းသည့်ဝိညာဉ်စွမ်းအင်များသာ ထွက်မနေလျှင် ဤမြစ်ငယ်ကလေးကို မသေမျိုးမြစ်ဟု ဘယ်သူမှထင်မိမည်မဟုတ်။ ထိုမြစ်ရေကိုသောက်လျှင် ကလေးမိန်းကလေးမွေးနိုင်သည့် အာနိသင်ရှိသည်ဟု တွေးမိမည်မဟုတ်။
အချိန်ကာလတိုက်စားမှုကြောင့် ကျောက်ကမ္ဗည်းတိုင်က ပျက်စီးနေသည်။ သမိုင်းကြောင်းနားမလည်သူပင် အတော်ရှေးကျသည့်ကမ္ဗည်းတိုင်ဖြစ်ကြောင်း သိလိမ့်မည်။
ခေတ်သုံးခေတ်သမိုင်းထက် ပိုရှေးကျသည်။ ရှေးဟောင်းခေတ် အမွေအနှစ်ဖြစ်သည်။
ကျောက်ကမ္ဗည်းထက်တွင် ရှေးဟောင်းဘာသာစကားဖြင့် မြစ်နာမည်ကို ရေးထွင်းထားသည်။
သားအမိမြစ်။
ရှေးဟောင်းစာပေကျွမ်းကျင်သည့်လုယန်က ယခု စာမတတ်သလိုဖြစ်နေသည်။ ထိုစာလုံးများကို နားလည်ဟန်မတူ။ ဤနေရာမှ ထွက်သွားဖို့သာ သူတွေးနေသည်။
"အဲ၊ ဒီမြစ်ကို အတော်ရင်းနှီးနေသလိုပဲ"
သံစဉ်မမှန်သည့်စကားသံက လုယန်ကို သေမိန့်ချလိုက်သည်နှင့်တူသည်. သူ့နောက်တွင် ခပ်မှိန်မှိန်အရိပ်တစ်ခု ပေါ်လာသည်။
လုယန်မျက်နှာတွင် စိတ်ပျက်သည့်အရိပ်များ ပြည့်နက်သွားသည်။ ယခု သေဟန်ဆောင်ပညာသုံးလျှင် ရနိုင်ဦးမည်လော။
သို့မဟုတ် ဇစ်မြစ်အရိယဖလသည် မှတ်ဉာဏ်ကို ပြောင်းပြန်လှန်ပြီး ဤကိစ္စ လုံးဝမဖြစ်ခဲ့သလို ဟန်ဆောင်နိုင်သလော။
လုယန်တုန်လှုပ်နေသည်။ ရှက်စရာရှေးဟောင်းသမိုင်းကြောင်းအသိများက သူ့အသက်ကို နှုတ်ယူခဲ့ခြင်းမရှိ။ ယခု အမယွမ်က နှုတ်ယူတော့မည်လော။
ယွမ်ပိုင် အံ့အားသင့်သွားသည်။
"ရှင်က ယွမ်ကျိနဲ့မုန်မုန်ပြောတဲ့ ရှေးဟောင်းခေတ်မသေမျိုး ထာဝရနတ်မယ်ဆိုတာလား"
"ဟုတ်တယ်၊ ငါဘဲ"
နတ်မယ်က ရင်ကော့၍ပြောသည်။ မျက်နှာတွင် ဝင့်ကြွားရိပ်ပြည့်နေသည်။
ယွမ်ပိုင် စိတ်လှုပ်ရှားလာသည်။
"မသေမျိုးအရှင် ခုနက ဒီမြစ်ကို ရင်းနှီးသလိုပဲလို့ပြောတယ်။ ဒီမသေမျိုးမြစ်ရဲ့ နောက်ကြောင်းကိုသိလား"
"ခဏကြည့်ဦးမယ်"
နတ်မယ် ပျံထွက်သွားပြီး မသေမျိုးမြစ်ကို စူးစမ်းနေသည်။ ယွမ်ကျိအမူအရာကိုလည်း အကဲခတ်သည်။
လျှို့ဝှက်မြေသို့ ဝင်လိုက်ကတည်းက ဤနေရာအကြောင်း သူသိပြီးဖြစ်သည်။ သူရင်းနှီးနေသည့် ကောင်းကင်ဝိညာဉ်မြစ်၊ ရင်းနှီးနေသည့် သားအမိမြစ်။
ရှောင်ယွမ်ဘာကြောင့်သူ့ကို လျှို့ဝှက်မြေသို့ မဝင်စေချင်ကြောင်း နားလည်လာသည်။
ရှောင်ယွမ်ကို ထိုကိစ္စကြောင့် ရန်သွားစလျှင် နည်းနည်းအန္တရာယ်များသည်။ သူ့ဘက်မှ စပြော၍မဖြစ်။
သို့သော် သူလုပ်ချင်သည့်အလုပ်ကို သူ့ကိုယ်စား ရှောင်ယန်ကလုပ်လိုက်သည်။ အခြေအနေက လုံးဝကွဲပြားသွားသည်။
ထာဝရမျိုးဆက်၏ ဒုတိယခေါင်းဆောင် တကယ်ပီသသည်။ ထိုသို့လုပ်မည်ဟု အရိပ်အမြွက်ပင်မပြောခဲ့။
နတ်မယ်က ယွမ်ကျိကို လှည့်ပတ်ပျံသန်းလျက် ယွမ်ကျိအမူအရာကို သေချာအကဲခတ်နေသည်။
ယွမ်ကျိအမူအရာက အပြောင်းအလဲမရှိ။ သို့သော် နည်းနည်းနီရဲလာသည့် ပါးနှစ်ဘက်က အတွင်းစိတ်ကို ထင်ဟပ်နေသည်။
နတ်မယ်၏အပြုံးက ဖုံးဖိမရအောင် ပို၍ဝေဆာလာသည်။
"ဒီမသေမျိုးမြစ်ရဲ့ နေက်ခံက ဘယ်လိုပါလိမ့်"
နတ်မယ် လက်ပိုက်၍ အလေးအနက်စဉ်းစားနေသည်။
"အား၊ ငါမမှတ်မိတော့ဘူး"
"မသေမျိုးအရှင် မမှတ်မိဘူးလား"
ထိုသားအမိမြစ်၏ နောက်ကြောင်းရာဇဝင်ကို သိရမည်ဟု ယွမ်ပိုင်ထင်ထားခဲ့သည်။
နတ်မယ်သည် ထွက်လာပြီးလျှင် ပြန်ပို့ဖို့ခက်သည်။ ယွမ်ကျိဘေးတွင် လှည့်ပတ်ပျံသန်းနေဆဲဖြစ်သည်။
သူနှင့်ယွမ်ကျိ တစ်ယောက်ကိုတစ်ယောက် အပိုင်ချုပ်ကွက်တစ်ကွက်စီကိုင်ထားသည်။ ထို့ကြောင့် သားအမိမြစ်အကြောင်း သူထုတ်ပြော၍မဖြစ်။
သို့သော် ယွမ်ကျိကိုတော့ နည်းနည်းစိတ်ဒုက္ခပေးခွင့်ရသည်။
"ကဲရှောင်ယွမ်၊ နင်ငါ့ကို ဘယ်လိုခေါ်သင့်လဲ"
"အကြီးအကဲနတ်မယ်"
ယွမ်ကျိ ဦးညွှတ်၍ ခပ်တိုးတိုးပြောသည်။
နတ်မယ်က နားကိုလက်ဖြင့်ကာ၍ ယွမ်ကျိဆီ ခေါင်းကိုစောင်းပြီး ရယ်နေသည်။
"အား၊ အခုထိငါ့ကို အကြီးအကဲလို့ ခေါ်တုန်းလား။ နင့်ကို နောက်တစ်ကြိမ် ဖြေခွင့်ပေးမယ်။ နင်ငါ့ကိုဘယ်လိုခေါ်သင့်လဲ"
ယွမ်ကျိပါးနှစ်ဘက် ပို၍နီရဲလာသည်။ သူ့ဘဝတွင် တစ်ခါမှထိုမျှမရှက်ခဲ့ဖူး။
သူ့နှုတ်ခမ်းများ တုန်ရင်နေသည်။ သို့သော် သူ့နှုတ်ခမ်းဖျားမှစကားလုံးများကို ပြောမထွက်။
လုယန် မင်သက်မိနေသည်။ မောက်မာဝင့်ကြွားနေသည့် နတ်မယ်။ ရှက်နေသည့်အမယွမ်။ ထိုမြင်ကွင်းကို သူဘာကြောင့်ကြည့်နေရသည်မသိ။
ယွမ်ကျိ စာရွက်တစ်ရွက်ဆွဲထုတ်၍ လုယန်ကိုပေးသည်။
"ရှောင်လု၊ ဒါက မင်းဇာတိဂြိုလ်ရဲ့ တည်နေရာအချက်အလက်တွေပါ။ ဖယောင်းကောင်းကင်ဂြိုလ်ကနေ ငါတွေ့ခဲ့တာ"
******************************