အခန်း ၁၃၃၁
Vol. 89 Ch. 1331
အခန်း (၁၃၃၁) ဒိုင်ယာရီ
လုယန်မိတ်ဆက်စကားကြောင့် ကုယွီမျက်လုံးပြူးသွားသည်။
လုယန်ဆိုသည့်နာမည်သည် သူတစ်သက်လုံးမကြားချင်သည့် နာမည်ဖြစ်သည်။
တစ်ခြားလူ့အဖွဲ့အစည်းများ သူတို့ဥပဒေစည်းမျည်းကို ပြောင်းလဲမည်စိုး၍ ဖယောင်းကောင်းကင်ဂြိုလ်က သက်ရှိကြယ်များကို ရှာဖွေဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။
ကုယုသည် ဖယောင်းကောင်းကင်ဂြိလ်၏ အမြင့်ဆုံးဩဇာရှင်လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ထိုအစီအစဉ်ကိုလည်း သူဦးဆောင်ခဲ့သည်။
ဖုတ်ကောင်ဗိုင်းရပ်ကို ထိုဂြိုလ်များပေါ် ဖြန့်သည်။ ဂြိုလ်ကမ္ဘာတို့၏တည်ငြိမ်မှုကို ဖျက်ဆီးသည်။ ထို့နောက် ဖယောင်းကောင်းကင်ဂြိုလ် အာကာသယာဉ်စေလွှတ်၍ ထိုဂြိုလ်များကို ရွေးချယ်ခိုင်းသည်။
အညံ့မခံလျှင် သေရမည်။ သို့သော် ထိုရွေးချယ်မှုများက သူနှင့်ဘာမှမဆိုင်တော့။ သူက ဗိုင်းရပ်ဖြန့်၍ ကပ်ဆိုးဖန်တီးဖို့သာ တာဝန်ယူသည်။
ထိုဗျူဟာကို သူအတော်ကျွမ်းကျင်သည်။ သူ့ကြောင့် ပျက်စီးသွားသည့် ဂြိုလ်ကမ္ဘာများ ဘယ်လောက်များခဲ့သည်မသိ။
နောက်ဆုံးတွင် ကြယ်ပြာပေါ်မှ လုယန်နှင် ယှဉ်ဆိုင်တွေ့သည်။
လုယန်က ဖယောင်းကောင်းကင်အာကာသယာဉ်ကို အနိုင်ယူခဲ့ရုံမက ဝိညာဉ်ကျောက်ဂြိုလ်ကိုပါ တန်ပြန်တိုက်ခဲ့သည်။ ကုယုက နောက်ကွယ်တွင် ပုန်းမနေနိုင်တော့ဘဲ လုယန်နှင် ရင်ဆိုင်ရသည်။ ထို့နောက် ဖယောင်းကောင်းကင်ဂြိုလ်သို့ ထွက်ပြေးလာသည်။
ဖယောင်းကောင်းကင်ဂြိုလ်သို့ သူပြန်ရောက်ပြီးနောက်ပိုင်း ထူးခြားသည့်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ဝိညာဉ်ကျောက်ဂြိုလ်တွင် ဝူယော်ဆိုသည့်လူ ရုတ်တရက် ပေါ်လာသည်။ အလွန်စွမ်းအားကြီးသည်။ စစ်သင်္ဘောများကို အနိုင်ယူသည်။
သူကိုယ်ပိုင်စွမ်းအားဖြင့် ဖယောင်းကောင်းကင်ဂြိုလ်ကို အနိုင်ယူပြီး အုပ်ချုပ်သူဖြစ်လာသည်။
ထိုအကြောင်းသိပြီးနောက် ကုယု ထိတ်လန့်သွားသည်။ ထိုမျှတိုက်ဆိုင်သည့်အရာမျိုး မရှိနိုင်ဟု သူယူဆသည်။ ဝူယော်ဆိုသည့်လူသည် လုယန်နှင့် တစ်ခုခုပတ်သက်မှုရှိရမည်။
ဝူယော်နန်းတက်သည်နှင့် သူချက်ချင်းအငြိမ်းစားယူသည်။ ဝူယော်နှင့် သူလုံးဝမပတ်သက်ချင်။ လုယော်အကြောင်း ဝူယော်အကြောင်းမစဉ်းစားမိအောင် သာမန်လူအသွင်ဟန်ဆောင်၍ အလုပ်များသည့်ဘဝတစ်ခုဖြင့် သူ့ဦးနှောက်ကို ဖြည့်ထားသည်။
ဆယ်စုနှစ်ချီ ဖြတ်ကျော်ခဲ့သည်။ ရုပ်ရည်နောက်ခံ အမျိုးမျိုးပြောင်းခဲ့သည်။ ထိုကိစ္စကို လွန်မြောက်ခံပြီဟု သူထင်ခဲ့သည်။
ဖယောင်းကောင်းကင်ဂြိုလ်နှင့် ကျင့်ကြံသူလောက ကုန်သွယ်ရေးလမ်းကြောင်း တည်ဆောက်ချိန်တွင် ထိုလောကတွင်လည်း လုယန်ဆိုသည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ရှိကြောင်း သူကြားသည်။
ထိုနာမည်ကြားသည်နှင့် သူတုန်လှုပ်သွားသည်။ ဆက်ပြီးမစုံစမ်းရဲတော့။
"မစ်ကုယု၊ အထင်မလွဲပါနဲ့။ ကျုပ်နာမည်က လုယန်ပါ။ ကျင့်ကြံသူလောကကနေ လာခဲ့တာပါ"
လုယန်၏ အေးအေးလူလူလေသံကြောင့် ကုယု စိတ်သက်သာရာရသွားသည်။ မလိုအပ်ဘဲ သူထိတ်လန့်ခဲ့ရသည်။
"ရှင်ကျွန်မဆီလာတာ-"
"ပြီးတော့ ကျုပ်က ကြယ်ပြာကနေလာတဲ့လူဆိုလည်း မှန်ပါတယ်"
ကုယွီ မျက်လုံးပြူးသွားပြန်သည်။ ဆက်တိုက်နောက်ဆုတ်သွားသည်။ ထိုနှစ်ယောက်လုံးက လူတစ်ယောက်တည်းဖြစ်နေသည်။ သူ့ကိုလက်စားချေဖို့ ရောက်လာခြင်းလော။
ကျင့်ကြံသူလောကတွင်ကျော်ကြားသည့် လုယန်အကြောင်း ပြန်တွေးမိသည်။ သူတုံ့ဆိုင်းမနေတော့။ လက်ရှိခန္ဓာကိုယ်ကို ချက်ချင်းစွန့်ခွာ၍ နောက်ထပ်ဖုတ်ကောင်ခန္ဓာတစ်ခုသို့ ပြောင်းသည်။
ဤဖုတ်ကောင်မိန်းကလေး၏ခန္ဓာကိုယ်သည် သူ့မူလအသွင်မဟုတ်။ သူပိုင်ဆိုင်ထားသည့် များစွာသောခန္ဓာကိုယ်ထဲမှ တစ်ခုသာဖြစ်သည်။
ကြယ်ပြာ၏ဆန္ဒဝိညာဉ်လိုပင် သူလည်း မူလဝိညာဉ်တစ်ခုဖြစ်သည်။ အလွန်တရာအဆင့်မြင့်သည့် အသက်ပုံစံတစ်ခုဖြစ်သည်။ ထူးခြားစွမ်းရည်များပိုင်ဆိုင်သည်။ ဘယ်ဖုတ်ကောင်ခန္ဓာကိုမဆို သူရယူနိုင်စွမ်းရှိသည်။
သာမန်ကျင့်ကြံသူဆိုလျှင် သူ့ကိုဖမ်းဖို့ အတော်ခက်ခဲလိမ့်မည်။
သို့သော် လုယန်လို မသေမျိုးတစ်ဝက်တစ်ယောက်အတွက် စာမဖွဲ့လောက်။
လုယန်မျက်လုံးတွင် သူ့ရှေ့မှမိန်းကလေးထက် ပိုသေးငယ်သည့် ချစ်စရာပုံရိပ်တစ်ခု ခန္ဓာကိုယ်ထဲမှ ပျံထွက်သွားသည်ကို မြင်ရသည်။ ဘယ်နေရာကိုထွက်သွားမှန်းမသိ။
လုယန် မျက်နှာမပျက်။ ခပ်တိုးတိုးသူရေရွတ်လိုက်သည်။
"ဇစ်မြစ်ခြေရာခံ"
ရိုးရှင်းသည့်ထိုစကားသည် လောကစည်းမျဉ်းများကို ဆန့်ကျင်နိုင်သည်။ အချိန်နောက်ပြန်ရစ်သွားသည်။ စကြာဝဠာအရောင်အားလုံး မှေးမှိန်သွားသယောင်ထင်ရသည်။ မီးခိုးဖြူရောင် ဟင်းလင်းပြင်သာ ကျန်ခဲ့သည်။
အဝေးသို့ရောက်နေသည့်ကုယုကို အမည်မသိအားလှိုင်းတစ်ခုက ပြန်ဆွဲခေါ်သွားသည်။
လောကတစ်ခုလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ကုယုဝိညာဉ်က လုယန်ရှေ့တွင် ဒူးထောက်နေသည်။
ကုယု တုန်လှုပ်နေသည်။ ထိုမျှကြောက်စရာကောင်းသည့် စွမ်းရည်မျိုး သူတစ်ခါမှမကြုံဖူး။ သူရင်ဆိုင်နိုင်သည့် စွမ်းအားထက် များစွာကျော်လွန်နေသည်။
မြေပေါ်တွင်ဒူးထောက်လျက် အဆက်မပြတ်ရှိခိုးရင်း မျက်ရည်များစီးကျလာသည်။
"ကျွန်မ တောင်းပန်ပါတယ်။ ချမ်းသာပေးပါ။ ကျွန်မပြုပြင်ပြောင်းလဲခဲ့ပါပြီ။ ရှင်မယုံရင် အိမ်နီးချင်းတွေကို မေးကြည့်လို့ရပါတယ်။ ကျွန်မက ကူညီတတ်တဲ့လူဆိုပြီး အားလုံးက ချီးကျူးကြပါတယ်"
လုယန် ဆောင်ကြောင့်ထိုင်၍ သူ့ပါးကိုပုတ်သည်။ မျက်နှာက အပြုံးအရယ်မရှိ။
"ကြယ်ပြာပေါ်က မင်းသတ်ခဲ့တဲ့လူတွေကို သွားတောင်းပန်လိုက်တာ ပိုကောင်းမယ်"
စူးရှသည့် အော်ဟစ်သံနှင့်အတူ ရွှေရောင်ငှက်တစ်ကောင် လုယန်ပုခုံးထက်တွင်ပေါ်လာသည်။ နေအသေးစားတစ်ခုလုံ စူးရှတောက်ပသည်။
ရွှေရောင်ငှက်က ရှေးအကျဆုံးအသန့်စင်ဆုံး ရွှေကျီးကန်းမီးတောက်အဖြစ်ပြောင်း၍ ကုယွီကိုလွှမ်းခြုံသွားသည်။ ဝိညာဉ်သန္ဓေကို လောင်မြိုက်သည်။ ကုယွီနာကျင်စွာ တွန့်လိမ်ရုန်းကန်နေရင်း တောင်းပန်သည်။ ဆဲဆိုသည်။ ထို့နောက် လုံးဝပျောက်ကွယ်သွားသည်။
အရိယဖလသန္ဓေအဆင့် မီးတောက်စစ်ဖြစ်သည်။ ကူးဖတ်ခြင်းအဆင့်များပင် ကောက်ရွံ့ကြရသည်။ မူလဝိညာဉ်တစ်ခုက ဘယ်လိုခုခံနိုင်မည်နည်း။
တစ်ချိန်က စိတ်ခြောက်ခြားစေခဲ့သည့်ရန်သူက အသေးအဖွဲရန်သူဖြစ်လာသည်။ လက်စားချေရသည်မျာ လွယ်ကူလွန်းနေသည်။ ကုယုပျောက်သွားပြီး ခဏကြာမှ ရင်ထဲမှအစိုင်အခဲတစ်ခု ပျောက်ကွယ်သွားပြီဖြစ်ကြောင်း လုယန်သိလာသည်။
သူထရပ်၍ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
လုယန် လှေပျံနက်ပေါ်တက်၍ ဖယောင်းကောင်းကင်မှထွက်လာသည်။ ဝိညာဉ်ကျောက်ဂြိုလ်သို့ ဦးတည်ပျံသန်းသည်။
အတိတ်ဘဝက သူသေဆုံးခဲ့သည့်နေရာဖြစ်သည်။ ဝူယော်ဝိညာဉ်ပြောင်းပြီး ပထမဆုံးရပ်နားခဲ့သည့်နေရာဖြစ်သည်။
ကိုယ်ပျောက်နေသကဲ့သို့ ကာကွယ်ရေးတပ်ကို သက်တောင့်သက်သာ သူဖြတ်ကျော်ခဲ့ပြီး ဝိညာဉ်ကျောက်ဂြိုလ်ပေါ်သို့ သူဆင်းသည်။
ဤဂြိုလ်၏ ဝိညာဉ်ကျောက်များက ပင်လယ်ပြင်လို ပေါများသည်။ ဝိညာဉ်ကျောက်ကြောခုနစ်ခုရှိသည်။ အားလုံးက အဆင့်မြင့်ဝိညာဉ်ကျောက် သို့မဟုတ် ထိပ်တန်းဝိညာဉ်ကျောက်များဖြစ်သည်။
"ဒီဝိညာဉ်ကျောက်ကြောတွေ ဖြစ်တည်နေပုံကို ရင်းနှီးနေသလိုပဲ"
နတ်မယ်က မှတ်ချက်ပေးသည်။ စစချင်းတွင် ထူးဆန်းနေသယောင်ရှိသည်။ ထို့နောက် သူနားလည်လာသည်။
"ငါမှတ်မိပြ။ ဒါက ယင်ထန်တို့ဖန်တီးခဲ့တဲ့ဂြိုလ်ပဲ။ ထိပ်တန်းဝိညာဉ်ကျောက်တွေစုစည်းထားရင် သဘောတရားအရ ဝိညာဉ်ကျောက်သန္ဓေ မွေးဖွားလာနိုင်တယ်လေ"
လုယန် "..."
ကျင့်ကြံမှုလောကတွင် ထိုဝိညာဉ်ကျောက်ကြောအစုအဝေးမျိုး မမြင်ဖူးသည်မှာ မဆန်းတော့။ ယင်ထန်တို့ တမင်ဖန်တီးထားသည့်လက်ရာ ဖြစ်နေသည်။
ဤဂြိုလ်ပေါ်တွင် သူ့အတွက် ဝမ်းနည်းစရာ မှတ်ဉာဏ်များသာရှိသည်။ အာကာသယာဉ်တစ်စီးဖြင့် အမိမြေမှထွက်ခွာလာပြီး ဖယောင်းကောင်းကင်စစ်သားများနှင့် ဤဂြိုလ်ပေါ်တွင် ိုက်ခိုက်ခဲ့သည်။ ကုယု၏သရုပ်မှန်ကို သိခဲ့သည်။ ဝိညာဉ်ကျောက်တွင်းကို သူဖောက်ခွဲခဲ့သည်။
မိုင်းတွင်းဟောင်းတစ်ခုထဲသို့ သူခုန်ဆင်းလိုက်သည်။ ကျောက်ဆောင်များပြိုကျနေသည်။ တစ်ချို့ကျောက်တုံးများ အရည်ပျော်နေသည်။ နွမ်းခြောက်နေသည့် သွေးကွက်များရှိသည်။ တိုက်ပွဲဖြစ်ခဲ့သည့်နေရာဖြစ်ကြောင်း ထင်ရှားနေသည်။
မြေပေါ်တွင် လဲလျောင်း၍ ကောင်းကင်ကို သူငေးကြည့်နေသည်။ အောက်ဘက်တွင် ထိပ်တန်းဝိညာဉ်ကျောက်များရှိသည်။ အတိတ်ဘဝက သူမသေမီ နောက်ဆုံးရှိခဲ့သည့်ပုံစံဖြစ်သည်။
"ဒီနေရာဖြစ်လောက်တယ်"
လုယန် အနီးအနားတွင် လှည့်ပတ်ရှာသည်။ သူ့လက်နှစ်ဘက်က ပြာပုံတစ်ခုပေါ် ဝဲနေသည်။
"ဘာကိုလဲ"
နတ်မယ် စပ်စုသည်။
လုယန်က ဆွေးဆွေးမြေ့မြေ့လေသံဖြင့် အလေးအနက်ပြောသည်။
"ဒိုင်ယာရီပါ။ အတိတ်ဘဝက ဒိုင်ယာရီရေးတဲ့အကျင့် ကျုပ်မှာရှိတယ်။ ကျုပ်ဇာတိမြေကနေ ဝိညာဉ်ကျောက်ဂြိုလ်ကိုလာတော့ အဲဒါပါလာတယ်။ နောက်ဆုံးတော့ ပြာဖြစ်သွားတယ်"
"ဇစ်မြစ်ခြေရာခံ"
ဇစ်မြစ်အရိယဖလကို သူအသက်သွင်းလိုက်သည်။ နေရာစုံသို့ ပြန့်ကျဲနေသည့်ပြာမှုန်များ စုဝေးလာသည်။ တဖြေးဖြေး ဒိုင်ယာရီတစ်အုပ်အသွင် ပေါ်လာသည်။ ထို့နောက် ဆေးသားရောင်များထပ်ပေါ်လာသည်။
လုယန် ပြန်စုစည်းလိုက်သည့် ဒိုင်ယာရီကို ကောက်ယူ၍ ဖတ်သည်။ နောက်ဆုံးစာမျက်နှာသို့ ရောက်ချိန်တွင် 'လုယန်၏နောက်ဆုံးမှတ်တမ်း'ဟူသည့် စာလုံးများကို တွေ့ရသည်။ ခံစားချက်အပြည့်ဖြင့် သူပြုံးလိုက်သည်။
တစ်ချိန်က ထိုဒိုင်ယာရီကို နောက်တစ်ကြိမ်ပြန်ကိုင်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူး။
"အထဲမှာ ဘာတွေရေးထားတာလဲ"
"ကိုယ်ရေးကိုယ်တာလေ။ မကြည့်နဲ့"
"ဟွန်း၊ ကပ်စေကုပ်လိုက်တာ"
နတ်မယ် မကျေမနပ်ပြောသည်။ သို့သော် မသေမျိုးအာရုံဖြင့် အတင်းထိုးဖောက်ကြည့်ဖို့ သူမကြိုးစား။
လုယန် ဒိုင်ယာရီကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်လိုက်သည်။
စာအုပ်က ပြည့်နေပြီဖြစ်သည်။ ဒိုင်ယာရီ ရေးတတ်သည့်အကျင့်လည်း မရှိတော့။ အမှတ်တရပစ္စည်း သက်သက်အဖြစ်သာ ရှိတော့မည်။
"နတ်မယ်၊ သွားစို့။ ကျုပ်အတိတ်ဘဝက ဇာတိမြေကို လိုက်ပြမယ်"
လုယန် ပြုံး၍ပြောသည်။ ဒိုင်ယာရီစာအုပ် ပြန်ရလိုက်သဖြင့် သူစိတ်ကြည်လင်နေသည်။ သူ့စကားသံက ခါတိုင်းထက် ပိုတက်ကြွနေသည်။
လှေပျံနက်ကို အသက်သွင်း၍ ကိုဩဒနိတ်အတိုင်း ကြယ်ပြာဆီ ဦးတည်ပျံသန်းသွားသည်။
*****************************