အခန်း ၁၃၃၂
Vol. 89 Ch. 1332
အခန်း (၁၃၃၂) အတိတ်ကအိမ်
အေးစက်ခြောက်ကပ်နေသည့် စကြာဝဠာတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ တစ်ခြားအာကာသယာဉ်များထက် များစွာပိုမြန်သည်။
နတ်မယ်အတူပါလာသဖြင့် သူ့အိမ်ပြန်ခရီးက ငြီးငွေ့စရာမရှိ။
ကြယ်ပြာနှင့် နီးလာချိန်တွင် လုယန် တဖြေးဖြေး စိတ်ဂဏာမငြိမ်ဖြစ်လာသည်။ ကုယုကိုရှင်းသည့်ကိစ္စ၊ ဒိုင်ယာရီပြန်ယူရသည့် ကိစ္စများကလည်း ထိုသို့ဖြစ်မည်ကို သိနေသောကြောင့်ဖြစ်သည်။
မဟုတ်လျှင် ကြယ်ပြာသို့ တန်းလာပြီးမှ ထိုကိစ္စများကို ဖြေရှင်းနိုင်သည်။
"ဒါက နင့်ရဲ့ဇာတိဂြိုလ်လား"
နတ်မယ်၏စကားသံကြောင့် သူအတွေးပြတ်သွားသည်။
မိုးအပြာရောင်ဂြိုလ်က စကြာဝဠာတွင် ဖြေးညှင်းစွာ လှည့်ပတ်နေသည်။ ကြယ်ကောင်းကင်ထဲမှ တောက်ပသည့် ကျောက်မျက်ရတနာတစ်ခုနှင့်တူသည်။ အိပ်မက်ဆန်သည်။ ဆန်းကြယ်သည်။
လုယန် လှေပျံနက်ကို အမြန်ထိန်းလိုက်သည်။ ကြယ်ပြာကို ကျော်လွန်လုနီးပါးဖြစ်သွားသည်။
လှေပျံနက်ကို အလင်းအမြန်နှုန်းနှင့် ကြယ်ကမ္ဘာခုန်ကူးသည့် စွမ်းရည်များထည့်ထားသည်။ ထိုမြင်ကွင်းကို ဂြိုလ်တုတစ်ခုက ဖမ်းမိသည်။ အာကာသအေဂျင်စီမှ ပညာရှင်များ ပရော်ဖက်ဆာများ အကြီးအကျယ်အံ့အားသင့်သွားသည်။
သူတို့မျက်လုံးများ ပေါက်ထွက်မတတ်ပြူးကျယ်နေသည်။
"ဘုရားရေ၊ ဘာလိုကြီးလဲကွာ"
"ရှေးဟောင်းလူသားတွေက စကြာဝဠာကို လှေငယ်လေးတွေနဲ့ ခရီးသွားတာလား"
အေဂျင်စီတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ထိုအချိန်ကျမှ အနီးတွင်ရှိနေသည့် ဂြိုလ်တုကို လုယန်သတိထားမိသည်။ မဆင်မခြင်လုပ်မိကြောင်း နားလည်လာသည်။ လေပျံနက်ကိုသိမ်း၍ ကမ္ဘာလေထုထဲသို့ ခုန်ဆင်းလိုက်သည်။
"မြင်ကွင်းမြန်မြန်ပြောင်းလိုက်။ ဒီလူပုံသဏ္ဌာန်သတ္တဝါရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံထား"
အာကာသအေဂျင်စီမှ ဝါရင့်ပညာရှင်က အော်ဟစ်လိုက်သည်။ အသံကျယ်လွန်းသဖြင့် လက်ထောက်များ ပျာပျာသလဲဖြစ်သွားသည်။
သို့သော် သိပ်မကြာမီ လုယန်ကို ခြေရာခံမရတော့သဖြင့် အကြီးအကျယ်စိတ်ပျက်သွားကြသည်။
လုယန် တိမ်တိုက်များကို ထိုးဖောက်၍ ကောင်းကင်ကြယ်ကြွေသည့် အမြန်နှုန်းဖြင့်ကျလာသည်။ ထို့နောက် အရှိန်လျှော့၍ လေယာဉ်ပျံတစ်ခုပေါ် ဆင်းလိုက်သည်။
လေယာဉ်တောင်ပံပေါ်တွင် တင်ပျဉ်ခွေထိုင်၍ အောက်ဘက်မှ လှပသည့်မြစ်ချောင်းများ တောင်တန်းများနှင့် မြေမျက်နှာသွင်ပြင်အနေအထားကို ငုံ့ကြည့်သည်။ သူ့စိတ်တွင် အတွေးပေါင်းသောင်းချီ ပြည့်နက်နေသည်။
ဂျက်လေယာဉ်ခဏခိုးစီးပြီးနောက် လေယာဉ်ပေါ်မှ ခုန်ချ၍ မြေပေါ်သို့ဆင်းသည်။ မှော်ပညာတစ်ခုသုံး၍ ရှေးဟောင်းဝတ်စုံကို ကြယ်ပြာစတိုင်သို့ ပြောင်းသည်။
လမ်းပေါ်မှလူအုပ်နှင့် ရင်းနှီးနေသည့် တိုက်တာများ မိုးမျှော်အဆောက်အဦးများကိုကြည့်၍ ခဏငေးငိုင်နေသည်။ ဖုတ်ကောင်ကပ်ဆိုးမဖြစ်မီက ကြယ်ပြာပေါ်သို့ ပြန်ရောက်လာသယောင်ထင်မိသည်။
ဖုတ်ကောင်ကပ်ဆိုးကို လွန်မြောက်ပြီးနောက် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းသာ ကျန်ခဲ့သည်။ ဆယ်စုနှစ်ချီ အားထုတ်ကြိုးပမ်းခဲ့သဖြင့် ယခု ကြယ်ပြာက မူလအခြေအနေပြန်ရောက်လာသည်။
ဖယောင်းကောင်းကင်ဂြိုလ်တွင် လူနည်းစုလောက်သာ ကြယ်ပြာအကြောင်းသိကြသည်။ ခရီးဝေးသည့်အပြင် သိမ်းယူလောက်သည့်တန်ဖိုးလည်း မရှိ။ ကုယုကလည်း ကြယ်ပြာကို ကြောက်နေခဲ့သည်။
သူအငြိမ်းစားမယူမီ ကြယ်ပြာနှင့် အချက်အလက်အများစုကို ဖျောက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဖယောင်းကောင်းကင်ဂြိုလ်က ဖုတ်ကောင်ကပ်ဆိုး အဆုံးသတ်ပြီးနောက်ပိုင်း ကြယ်ပြာသို့ လူထပ်မလွှတ်တော့။
လမ်းပေါ်တွင် ခြေဦးတည့်ရာသွားရင်း လုယန်၏အတွေးများ လွင့်မျောနေသည်။
ကြယ်ပြာသို့ မလာမီက လူအတော်များများနှင့်တွေ့ဆုံပြီး ကိစ္စများစွာ ဆောင်ရွက်မည်ဟု တွေးခဲ့သည်။ သို့သော် ယခုရောက်လာချိန်တွင် လမ်းပျောက်သလိုဖြစ်နေသည်။ ဘာလုပ်ရမှန်းမသိ။
ဤမြို့တော်ကို ကျဘမ်းရွေး၍ ဆင်းခဲ့ခြင်းမဟုတ်။ ဤနေရာသည့် ဘေးကင်းဇုံတည်ဆောက်ပြီး ရှင်သန်သူများစွာကို ကာကွယ်ခဲ့သည့်နေရာဖြစ်သည်။
အချိန်များဖြတ်ကျော်ခဲ့ပြီဖြစ်၍ သူသိခဲ့သည့် စွန့်ပစ်မြေများ မရှိတော့။ သူ့မိဘများကလည်း ဖုတ်ကောင်ကပ်ဆိုးမဖြစ်မီ ကွယ်လွန်ခဲ့သည်။ ဤနေရာတွင် အပြင်လူတစ်ယောက်လို သူခံစားရသည်။
ဝိုးတဝါးကျန်နေသည့် မှတ်ဉာဏ်အတိုင်း သူလိုက်သွားသည်။ သူ့အိမ်ရှိခဲ့သည့် နေရာရှေ့တွင်ရပ်၍ အဆောက်ဦးသစ်နာမည်ကို တီးတိုးရွတ်ကြည့်သည်။
"ကပ်ဆိုးခေတ်သမိုင်းပြတိုက်"
"ရှောင်ယန်၊ ဒါက နင့်အိမ်လား"
နတ်မယ် ထွက်လာပြီးစပ်စုသည်။ သို့သော် တစ်ခြားလူများ သူ့ကိုမြင်နိုင်မည်မဟုတ်။
လုယန် ဇဝေဇဝါ ခေါင်းငြိမ့်သည်။
"ဟုတ်လောက်တယ်"
လက်မှတ်ရုံကို ခိုးဖြတ်၍ ပြတိုက်ထဲဝင်သွားသည်။
ယနေ့သည် သတင်းပတ်ပိတ်ရက်မဟုတ်။ သို့သော် လာလည်သူများစွာရှိသည်။ အဘိုးအဘွားများက သူတို့မြေးမြစ်များ၏လက်ကိုကိုင်၍ ခက်ခဲကြမ်းတမ်းခဲ့သည့် ခေတ်ကာလအကြောင်း ပြောပြနေသည်။
မြေးအဘိုးနှစ်ယောက် ဆိုင်းဘုတ်ကြီးတစ်ခုရှေ့တွင် ရပ်နေသည်။
"ဒီငြိမ်းချမ်းရေးဆေးရုံဆိုတာကို ကြည့်ပါ။ တစ်ကမ္ဘာလုံးဒူးထောက်ခဲ့ရတဲ့ ဖုတ်ကောင်ဗိုင်းရပ်ဟာ ဒီဆေးရုံကနေ စပေါ်ခဲ့တာ"
ငြိမ်းချမ်းရေးဆေးရုံကို ဟိုအရင်ကတည်းက ဖြိုချခဲ့ပြီးဖြစ်သည်။ အနာဂတ်မျိုးဆက်များကို သတိပေးသည့် သမိုင်းသင်ခန်းစာအဖြစ် ဂိတ်တံခါးတွင် အပျက်အစီးတစ်ချို့နှင့် ဆိုင်းဘုတ်သာ ကျန်တော့သည်။
"အဲဒီ့အချိန်တုန်းက တကယ်အန္တာရာယ်များတာ။ ဂျင်နရယ်လုရဲ့ကျေးဇူးကြောင့် အဘိုးအသက်ရှင်ခဲ့တာ"
အဘိုးဖြစ်သူက အတိတ်ကိုပြန်သတိရနေဟန်ရှိသည်။ ရွေးချယ်စရာမရှိဘဲ ငတ်မွတ်နေသည့်အချိန်တွင် ဘေးကင်းဇုံက သူ့ကိုခေါ်သွားသည်။ ထို့ကြောင့် ယခုချိန်ထိ အသက်ရှင်နေခြင်းဖြစ်သည်။
ထိုအဖြစ်ကိုပြန်တွေးတိုင်း အသက်သခင်လုယန်ကို မျက်နှာချင်းဆိုင် ကျေးဇူးတင်စကား ဆိုချင်မိသည်။ သို့သော် ယခု မဖြစ်နိုင်တော့။ ကွန်မန်ဒါလုက ကြယ်ပြာအတွက် တိုက်ပွဲဝင်ရင်း အပြင်ဂြိုလ်တစ်ခုတွင် သေဆုံးခဲ့သည်။
သူ့အလောင်းပင် ပြန်မရခဲ့။
လုယန် အဘိုးအိုကို ခဏကြည့်နေပြီးနောက် ဖြေးညှင်းစွာ ခေါင်းခါလိုက်သည်။ ထိုလူကို သူမမှတ်မိ။ ဘေးကင်းဇုံတွင် ကယ်တင်ခဲ့သည့်လူအရေအတွက်က များလွန်းသည်။
ဆရာတစ်ချို့က မူလာတန်းကျောင်းသားတစ်အုပ်ကို ဦးဆောင်၍ ပြတိုက်သို့လာလည်သည်။ လုယန်အတော်ရင်းနှီးနေသည့် ခေတ်သမိုင်းကို ပြောပြနေသည်။
သူနေခဲ့သည့်အိမ်က နာမည်ကျော် အထိမ်းအမှတ်အဆောက်အဦးဖြစ်နေကြောင်း တွေ့ရသည်။ ပရိဘောဂများ၊ စာအုပ်များ အရင်အတိုင်းစီစဉ်ထားသည်။ သို့သော် မူလသုံးခဲ့သည့်ပစ္စည်းများမဟုတ်တော့။
မလှမ်းမကမ်းမှ လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဗွီအိုင်ပီတစ်ယောက်လာသဖြင့် လမ်းရှင်းနေဟန်တူသည်။ သို့သော် လုယန်က သူ့အိမ်ရှေ့တွင်သာ လက်နှစ်ဘက်နောက်ပစ်၍ ရပ်နေသည်။
သက်တော်စောင့်များက သူ့နောက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ သူ့ကိုမြင်ကြပုံမပေါ်။
မျက်နှာအရေးအကြောင်းများ တွန့်လိမ်နေသည့် အဘွားအိုတစ်ယောက် တောင်ဝှေးတစ်ချောင်းဖြင့် လျှောက်လာသည်။ ခြေတစ်လှမ်းလှမ်းတိုင်း တုန်ရင်နေသည်။ သို့သော် ဘယ်သူမှတွဲကူခွင့်မပြု။
သူ့သက်တော်စောင့်အဖွဲ့က လဲကျမည်စိုး၍ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေသည်။ လဲကျခဲ့လျှင် အထက်အရာရှိများကို ဘယ်လိုရှင်းပြရမည်မသိ။
ထိုဗွီအိုင်ပီသည် ထူးကဲသည့်နောက်ခံရှိသည်။ ကြယ်ပြာပေါ်တွင် သူ့ထက်ပို၍နာမည်ကျော်ကြားသူ တစ်ယောက်မှမရှိ။
သူငယ်ရွယ်စဉ်က ဘေးကင်းဇုံတွင် ဖုတ်ကောင်ဗိုင်းရပ်ရင်းမြစ်ကို စူးစမ်းလေ့လာခဲ့သည့် ဒေါက်တာတစ်ယောက်ဖြစ်သည်။ နောက်ပိုင်းတွင် ဂျင်နရယ်လုက ကယ်တင်ခဲ့သည်။ ဗိုင်းရပ်၏မူလဇစ်မြစ်ကို သူမဖော်ထုတ်ခဲ့သော်လည်း ဂျင်နရယ်လုနှင့်အတူ ဘေးကင်းဇုံကို တည်ဆောက်ခဲ့သည်။
ဘေးကင်းဇုံ၏ ခေါင်းဆောင်ရာထူးကိုပင် လွှဲပြောင်းယူခဲ့သည်။ ဂျင်နရယ်လုကလည်း ဖုတ်ကောင်တပ်ဖွဲ့ကို သူ့လက်ထဲလွှဲပေးခဲ့သည်။
ကြယ်ပြာ၏ ကာကွယ်ရေးတပ်တွင် ရဲဝံ့သည့်စွမ်းဆောင်မှုများ ပြုခဲ့သည်။ ဂျင်နရယ်လုက ဖုတ်ကောင်ဘုရင်တစ်ချို့ကိုဦးဆောင်၍ တစ်ခြားဂြိုလ်သို့ ထွက်သွားပြီးနောက် ကြယ်ပြာမှဖုတ်ကောင်များ ထိန်းချုပ်မရဖြတ်လာသည်။
သူက စစ်တပ်ကိုဖွဲ့စည်း၍ ဖုတ်ကောင်များကို နှိမ်နှင်းခဲ့သည်။ အဓိကဘေးကင်းဇုံခုနစ်ခုကို စုစည်းခဲ့သည်။ ကပ်ဆိုးဖြစ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးပရောဂျက်ကို ဦးဆောင်ခဲ့သည်။
သူ့ဩဇာအမြင့်ဆုံးအချိန်တွင် ပြတ်သားစွာ ရာထူးမှဆင်း၍ တစ်ခြားလူများကို ဦးဆောင်ခိုင်းသည်။
ဘေးကင်းဇုံသည် သူ့ဇာတိမဟုတ်။ သို့သော် အငြိမ်းစာယူပြီးနောက်ပိုင်း ဘေးကင်းဇုံတွင်နေဖို့ သူရွေးချယ်ခဲ့သည်။ ကပ်ဆိုးခေတ်သမိုင်းပြတိုက်ကို အချိန်မှန် သွားလည်သည်။
ခက်ခက်ခဲခဲလမ်းလျှောက်နေရသည့် သူ့ကိုကြည့်၍ သက်တော်စောင့်အဖွဲ့ စိတ်မကောင်းဖြစ်နေသည်။ သူ့ရောဂါက တဖြေးဖြေးဆိုးလာသည်။ ဤတစ်ခေါက်သည် ပြတိုက်သို့ သူနောက်ဆုံးလာလည်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အဘွားအိုက လုယန်၏ အိမ်ဟောင်းဆီသို့ တုန်တုန်ရင်ရင်လျှောက်သွားသည်။
လုယန်အိမ်ရှေ့တွင် လူငယ်တစ်ယောက်ကျန်နေသေးသည်ကိုမြင်ရသဖြင့် သက်တော်စောင့်ခေါင်းဆောင် မျက်မှောင်ကျုံ့သွားသည်။ သူ့လူများကို ဆဲဆိုကြိမ်းမောင်းသည်။ အဘွားအို တစ်ခုခုဖြစ်သွားလျှင် တစ်ကမ္ဘာလုံး၏တံတွေးခွက်တွင် သူတို့ပက်လက်မျောလိမ့်မည်။
လူငယ်ကျောပြင်ကိုကြည့်၍ အဘွားအိုမျက်လုံးများ မှုန်ရီလာသည်။ သူအရွယ်လွန်နေသည်။ အပြင်းအထန် နာမကျန်းဖြစ်နေသည်။ သူ့ဦးနှောက်သည့် မကြည်လင်တော့။
ထိုလူငယ်က သူသတိရနေသည့် လူတစ်ယောက်၏ဟန်ပန်နှင့်တူသည်ဟု ရုတ်တရက်တွေးမိလာသည်။ ထို့ကြောင့် အော်ခေါ်လိုက်မိသည်။
"လုယန်...နင်လား"
လူငယ်လှည့်ကြည့်သည်။ သူမမြင်ူးသည့် မျက်နှာတစ်ခုပေါ်လာသည်။ အဘွားအို ခေါင်းခါ၍ နာကျင်စွာရယ်မောလိုက်သည်။ ကိုယ့်အသက်အရွယ်ကိုယ် ပြန်တွေးမိလာသည်။
ကြယ်ပြာ၏ဆန္ဒဝိညာဉ်က လုယန်ကိုယ့်ကိုယ်ကိုဖောက်ခွဲသွားကြောင်း ပြောသည်။ ဤနေရာတွင် ဘယ်လိုပေါ်လာနိုင်မည်နည်း။
အဘွားအိုကိုကြည့်၍ လူငယ်က နွေးထွေးစွာ ပြုံးနေသည်။
"ဒေါက်တာ၊ မတွေ့ရတာ ကြာပြီနော်"
********************************