← Chapters

အခန်း ၁၃၃၄

Vol. 89 Ch. 1334

အခန်း ၁၃၃၄

Vol. 89 Ch. 1334

အခန်း (၁၃၃၄) ဂျင်နရယ်လု တကယ်ပြန်ရှင်သန်လာသလား

လုယန်ဇာတ်လမ်းက အတော်ရှည်လျားသည်။ သုံးရက်သုံးညပြောသည့်တိုင် ပြီးဆုံးမည်မဟုတ်။ ရှားဟဲ ငြိမ်သက်စွာ နားထောင်နေသည်။ သူ့မျက်လုံးတွင် စိတ်အားထက်သန်နေသည့် လုယန်အသွင်က အရိပ်ထင်နေသည်။

လုယန်ပြောပြသဖြင့် ကျင့်ကြံသူလောက ဘယ်လောက်ကျယ်ပြန့်၍ ဘယ်လောက်ခမ်းနားထည်ဝါကြောင်း ရှားဟဲသိလာသည်။ လုယန်၏အတွေ့အကြုံများ ဘယ်လောက်အရောင်အသွေးစုံခဲ့ကြောင်းလည်း နားလည်လာသည်။

ဤနှစ်များအတွင်း လုယန် အန္တရာယ်များစွာ ကြုံခဲ့သည်။ သို့သော် ထိုအတွေ့အကြုံများကို ပြောနေချိန်တွင် လုယန် အတော်စိတ်လှုပ်ရှား၍ ကျေနပ်နေကြောင်း ရှားဟဲသတိထားမိသည်။

သို့သော် လုယန်ဘေးတွင် အတူအဖော်ပြုပေးခဲ့သူက သူကိုယ်တိုင်မဟုတ်သည်ကို ဝမ်းနည်းမိသည်။

"နင်ဗိုက်ဆာလား။ စားစရာတစ်ခုခု ငါပြင်ခိုင်းလိုက်မယ်"

ရှားဟဲက ပြောသည်။ အမှန်တော့ ဗိုက်ဆာနေသည်က လုယန်မဟုတ်။ သူသာဖြစ်သည်။

ထို့နောက် ရုတ်တရ် ပြဿနာတစ်ခုရှိကြောင်း နားလည်လာသည်။

"ဘာဖြစ်တာလဲ"

လုယန် တွေးမရ။

ရှာဟဲက နုပျိုသည့်သူ့မျက်နှာသူ လက်ညှိုးထိုး၍ စိုးရိမ်နေဟန်ရှိသည်။

"ငါအခုဒီလိုပုံစံဆိုတော့ သူတို့ငါ့ကို မှတ်မိကြပါ့မလား"

သူကြီးရာမှ ပြန်ငယ်သွားကြောင်း လုံခြုံရေးဝန်ထမ်းများသိလျှင် စိတ်အတည်ငြိမ်ဆုံးလူပင် ပျာယာခတ်သွားလိမ့်သည်။ ရှားဟဲ၏ သရုပ်မှန်ကို လက်ဗွေ၊ ဒီအန်အေတို့ဖြင့် အတည်ပြုနိုင်သော်လည်း ချောချောမွေ့မွေ့တော့ ဖြစ်နိုင်မည်မဟုတ်။

"ဒါဆို နဂိုရ်ပုံစံအတိုင်း ငါပြန်ပြောင်းပေးမယ်လေ"

လုယန် ဟာသလုပ်သည်။ လည်ပင်းကိုလက်ချောင်းဖြင့်ဖိ၍ ရှားဟဲ၏အသံကို တုပပြီးပြောသည်။

"လုယန်၊ ငါသေတော့မှာပါ"

"ငါ့ပုံစံကို အတုမလုပ်နဲ့"

ရှားဟဲ ဒေါသထွက်သွားပြီး လုယန်ကိုရိုက်သည်။ သူ့ရိုက်ချက်များက ညင်သာသည်။ အားသိပ်မပါ"

"မရိုက်နဲ့တော့ မရိုက်နဲ့တော့။ ငါနည်းလမ်းတစ်ခု စဉ်းစားပါ့မယ်"

လုယန် ချက်ချင်းအလျှော့ပေးလိုက်သည်။

"ဟုတ်ပြီ"

သိပ်မကြာမီ လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ လှပစွာပုံဖော်ထားသည့် ကျောက်စိမ်းပြားတစ်ခု ဆွဲထုတ်သည်။

"ဒါက ငါမင်းကိုပြောတဲ့ ညီမထောင်ဆီက လက်ဆောင်လေးပါ။ ပုံရိပ်ယောင်ပညာတွေမှာ သူကျွမ်းကျ်တယ်။ ဒီကျောက်စိမ်းပြားပေါ်မှာ ပုံရိပ်ယောင်မှော်စက်ဝန်းပုံစံတွေ ရေးထွင်းထားတယ်။

ဒါကိုဝတ်လိုက်တာနဲ့ တစ်ခြားလူတွေကမင်းကို အရင်ပုံစံနဲ့ပဲ မြင်ကြလိမ့်မယ်"

"အဲလောက်မှော်ဆန်တယ်ပေါ့"

ရှားဟဲ ကျောက်စိမ်းကိုဝတ်၍ မှန်ထဲကြည့်လိုက်သည်။ တကယ်ဟုတ်သည်။ အဘွားအိုအသွင် ပြန်ရောက်သွားသည်။ သူ့စကားသံလည်း အက်ကွဲကွဲဖြစ်လာသည်။ ကျောက်စိမ်းကိုချွတ်လိုက်ချိန်တွင် မူလအတိုင်းပြန်ပြောင်းသွားသည်။

ရှားဟဲ စိတ်ချသွားပြီး အစားအသောက်ပြင်ခိုင်းဖို့ အစေခံကို လှမ်းခေါ်သည်။

ရှားဟဲကိုမြင်သည်နှင့် အစေခံ လန့်သွားသည်။ ရှားဟဲဘယ်အချိန် ပြန်ရောက်လာမှန်း သူမသိ။ သို့သော် ဘာမှမမေးရဲဘဲ အစားအသောက်သွားပြင်သည်။

"အဟာရဖြည့်အစားအစာတွေ များများထည့်ပါ"

ရှားဟဲ ညွှန်ကြားသည်။ ပုံမှန်ဆိုလျှင် ပြောင်းဆန်ပြုတ်တစ်ခွက်သာ သူသောက်နိုင်သည်။ ယခု လူငယ်ဘဝ ပြန်ရောက်လာသဖြင့် အစာစားချင်စိတ်များ ပိုအားကောင်းနေသည်။

အစေခံ တုန်လှုပ်သွားသည်။ စိတ်ထဲတွင် ဝမ်းနည်းလာသည်။ နောက်ဆုံးနေ့ရက်ကို ရောက်လာပြီဖြစ်သည်။ အဘွားရှားဟဲက မသေမီ ခဏတာစိတ်အားတက်ကြွသည့်အချိန်ကို ရောက်လာသည်။

မဒမ်ရှား၏ နောက်ဆုံးတစ်နပ်စာအတွက် အားလုံးကိုမေ့ထားပြီး သူ့ဘဝတွင် အကောင်းဆုံးလက်ရာကို ဖန်တီးဖို့ သူဆုံးဖြတ်လိုက်သည်။

"သူတစ်ခုခု နားလည်မှုလွဲနေတာများလား"

ရှားဟဲ ပြန်လာချိန်တွင် စဉ်းစားနေသည်။ ထိုအစေခံမ၏မျက်လုံးတွင် ထိုမျှပြတ်သားသည့်အရိပ်မျိုး သူတစ်ခါမှမမြင်ဖူး။

လုယန်က ဘေးတွင်ရပ်လျက် မပွင့်တပွင့်ပြုံးနေသည်။ ဘာမှမပြော။ ထိုကောင်မလေးသည် လုံးဝမပြောင်းလဲသေး။ လည်မလိုနှင့် တကယ်အ,သည်။

"ဒါနဲ့၊ ပိုင်ရွှမ်းဘယ်မှာလဲ မင်းသိလား"

ကြယ်ပြာဝိညာဉ်အကြောင်း လုယန်မေးလိုက်သည်။

ပိုင်ရွှမ်းဟူသည့်နာမည်က လုယန်ပေးထားသည့်နာမည်ဖြစ်သည်။

"ပိုင်ရွှမ်းလား။ သူ့ကိုမမြင်တာ အတော်ကြာပြီ"

ရှားဟဲသည် လုယန်အယုံကြည်ဆုံးလူဖြစ်သည်။ အတိတ်ဘဝတွင် သူသေဆုံးပြီးနောက် ပိုင်ရွှမ်းက ကြယ်ပြာသို့ ချက်ချင်းပြန်လာပြီး ရှားဟဲကို သတင်းဆိုးပြောပြသည်။

ရှားဟဲအနေနှင့် တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပြီး ဖုတ်ကောင်များကို ရှင်းလင်းသုတ်သင်နိုင်စေဖို့ဖြစ်သည်။

ကြယ်ပြာကို ပြန်လည်ထူထောင်ချိန်တွင် ပိုင်ရွှမ်းကလည်း ကူညီပေးသည်။ အပြန်အလှန်ကူညီကြပြီး လုယန်နှင့်ပတ်သက်နေသူများလည်းဖြစ်၍ ရှားဟဲက ပိုင်ရွှမ်း၏ ရှားပါးမိတ်ဆွေတစ်ယောက်ဖြစ်လာသည်။

"ငါ့ကိုကယ်ဖို့ နည်းလမ်းရှာမယ်လို့ပြောပြီး သူပျောက်သွားတာပဲ။ နောက်ထပ်မတွေ့ရတော့ဘူး"

လုယန်အသက်ရှင်နေသေးသည့် သတင်းကောင်း ပိုင်ရွှမ်းကို သူပြောပြချင်သည်။

ဤဂြိုလ်၏ သိစိတ်ဝိညာဉ်ဖြစ်၍ ပိုင်ရွှမ်းက ဘယ်နေရာမဆို စိတ်ကြိုက်ဝင်ထွက်နိုင်သည်။ ရှားဟဲကို သူ့ဘက်ကသာ အမြဲတမ်းလာတွေ့သည်။ ရှားဟဲတွင် ပိုင်ရွှမ်းကို ဆက်သွယ်နိုင်မည့် နည်းလမ်းမရှိ။

ထိုအခြေအနေကြောင့် လုယန်လည်း အခက်တွေ့သွားသည်။ ကုယုကို‌ေရှာနိုင်ခဲ့သည်မှာ ဖယောင်းကောင်းကင်ထိပ်သီးများက ကုယုအကြောင်း သိနေသောကြောင့်ဖြစ်သည်။

စုံစမ်းမေးမြန်းလိုက်ရုံဖြင့် ကုယုရှိသည့်နေရာကို အလွယ်တကူသိရသည်။

ပိုင်ရွှမ်းက အလွန်လျှို့ဝှက်သည်။ ကျယ်ပြန့်သည့် ကြယ်ပြာတစ်ခုလုံးတွင် ရှာဟဲတစ်ယောက်သာ ပိုင်ရွှမ်းအကြောင်းသိလောက်သည်။ ထို့ကြောင့် သူ့ကိုရှာဖို့ အတော်ခက်ခဲသည်။

သို့သော် လုယန်သိပ်မတွေးတော့။ ပိုင်ရွှမ်းက ရှားဟဲကိုကယ်တင်ဖို့ နည်းလမ်းသွားရှာခြင်းဖြစ်သည်။ နည်းလမ်းတွေ့တွေ့မတွေ့တွေ့ နောက်ဆုံးတွင် ရှားဟဲဆီ ပြန်လာလိမ့်မည်။

နောက်ထပ် အချိန်လဝက် ကုန်လွန်သွားသည်။ ထိုအချိန်အတွင်း ရှားဟဲဘေးတွင်သာ လုယန်နေသည်။ သမိုင်းပြတိုက်၊ တိုက်ပွဲဟောင်းနေရာများနှင့် စာကြည့်တိုက်များသို့ သွားလည်သည်။

လုယန်အပေါ် သမိုင်း၏အကဲဖြတ်ချက်ကို ကြည့်သည်။ ကပ်ဆိုးကာလအတွင်းမှ အမှတ်တရများကို စားမြုံ့ပြန်သည်။ ရှက်စရာအကြောင်းများ ပြောမိချိန်တွင် နှစ်ယောက်သား အပြုံးချင်းဖလှယ်ကြသည်။

"ငါကဗိုင်းရပ်ပိုးရဲ့ မူလဇစ်မြစ်ဆိုတဲအချက်ကို ဖုံးကွယ်ခဲ့တာ မင်းပဲမဟုတ်လား"

လုယန် မေးလိုက်သည်။ ဗိုင်းရပ်ရင်းမြစ်ကို စုံစမ်းဖို့ ဖုတ်ကောင်အန္တရာယ်ဇုံသို့ ရှားဟဲ စွန့်စားသွားလာနေချိန်တွင် သူနှင့်စတင်ရင်းနှီးခဲ့သည်။

သို့သော် သမိုင်းစာအုပ်များတွင် ဗိုင်းရပ်၏မူလဇစ်မြစ်ကို လုံးဝရှာမတွေ့ဟု ဖော်ပြထားသည်။

ရှားဟဲက ပြုံး၍

"နင်က ကြယ်ပြာရဲ့ သူရဲကောင်းလေ။ အဲဒီတုန်းက လူသားမျိုးနွယ်အားလုံးရဲ့ ယုံကြည်ချက်ပဲ။ ယုံကြည်ချက်ကို အစွန်းအထင်းဖြစ်အောင် လုပ်လို့မရဘူး"

လုယန် ခေါင်းငြိမ့်သည်။ ဘာမှမပြော။

"နင့်ကိုယ်ထဲက မသေမျိုးနဲ့ ငါတွေ့ခွင့်ရမလား"

ရှားဟဲ စပ်စုလိုက်သည်။ လုယန်ပြောသည့် ဇာတ်လမ်းများထဲတွင် ထိုမိန်းကလေးမသေမျိုးအကြောင်း အများဆုံးပါသည်။

"နင့်လိုသေမျိုးတစ်ယောက်က တွေ့ခွင့်တောင်းတိုင်း ငါကလက်ခံရမှာလား"

ပြောသာပြောသော်လည်း ထာဝရနတ်မယ် လုယန်ကိုယ်ထဲမှ ထွက်လာသည်။ နှာခေါင်းရှုံး၍ ရှားဟဲကို အထင်မကြီးဟန်ဖြင့် ကြည့်သည်။ ထိုမိန်းမကို သူလုံးဝကြည့်မရ။

ရှောင်ယန်က ထိုမိန်းကိုသာ အမြဲဂရုစိုက်နေသည်။ သူနှင့်ပင် စကားသိပ်မပြောတော့။

"ထာဝရနတ်မယ်ကို ဂါရဝပြုပါတယ်။ လုယန်ကို အမြဲဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှားဟဲက ရှေးဟောင်းလောကဝတ်အတိုင်း အရိုအသေပေးသည်။ လုယန်ထံမှ သီးခြားသင်ထားခြင်းဖြစ်သည်။ တစ်ခါသင်ပြပြီးသည်နှင့် သူကျွမ်းကျင်သွားသည်။

ဘာကြောင့်ရှားဟဲက ကျင့်ကြံသူလောက၏ ရှေးဟောင်းလောကဝတ်ယဉ်ကျေးမှုများကို စိတ်ဝင်စားနေသလဲဟု လုယန်တွေးခဲ့သည်။ နတ်မယ်နှင့်တွေ့ဆုံချိန်အတွက် ဖြစ်ဟန်တူသည်။

ရှားဟဲအပြုအမူကြောင့် နတ်မယ်အတော်ကျေနပ်သွားသည်။

"အင်း..ငါ့ကိကျေးဇူးတင်စရာမလိုပါဘူး။ ဘာပဲပြောပြော ရှောင်ယန်က ငါ့လူပဲလေ။ သူ့ကိုဂရုစိုက်ရမှာ ငါ့တာဝန်ပဲ"

"မသေမျိုးထာဝရနတ်မယ်က ဂုဏ်ယူစရာမသေမျိုးဘွဲ့ကို ခံယူထားတယ်။ အမြဲတမ်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတယ်။

ဒါပေမယ့် မသေမျိုးခန္ဓာတည်ဆောက်ဖို့ ကြိုးစားရင်း လုယန်ရဲ့ သိစိတ်နယ်မြေမှာနေရတယ်။ အဲဒါကို မသေမျိုးနတ်မယ် အတော်မကျေမနပ်ဖြစ်နေမှာပဲ"

နတ်မယ် ထိတ်လန့်သွားသည်။ ထိုစကားနောက်ကွယ်မှ သွယ်ဝိုက်အဓိပ္ပါယ်ကို သူရိပ်မိသည်။

လုယန်ဇာတ်လမ်း နားထောင်စဉ်က ထူးဆန်းနေသည့်အချက်ကို ရှားဟဲခံစားမိသည်။ ထာဝရနတ်မယ် တစ်ခုခုမူမမှန်သလို ဖြစ်နေသည်။ သို့သော် မသိစိတ်အာရုံသာဖြစ်သည်။ သူလက်လွတ်စပယ် ထုတ်ပြော၍မဖြစ်။

...

ရှားဟဲဘေးတွင် လူထူးဆန်းတစ်ယောက်ရှိနေသဖြင့် သက်တော်စောင့်များ သတိမပြတ်စောင့်ကြည့်ကြသည်။ အသက်ကြီးသည့် ရှားဟဲကို အသုံးချ၍ ထုတ်ပြော၍မရသည့် လျှို့ဝှက်ချက်များ ဖော်ထုတ်မည်ကို စိုးရိမ်နေသည်။

နိုင်ငံရေးတွင် ရှားဟဲဝင်မပါတော့သော်လည်း သူ့ဩဇာက ကျန်နေဆဲဖြစ်သည်။ သူစကားတစ်ခွန်းပြောလိုက်သည်နှင့် ကြယ်ပြာထိပ်သီးပုဂ္ဂိုလ်အားလုံး အရေးစိုက်ကြသည်။

ထိုလူထူးဆန်းက လုယန်ဖြစ်သည်ဟူသည့်အချက်ကိုတော့ သက်တော်စောင့်များ မယုံကြ။ သမိုင်းပြတိုက်တွင် ထူးခြားသည့်စွမ်းအားများ လုယန်သရုပ်ပြခဲ့သည့်တိုင် မယုံကြည်ကြ။

ဤသက်တော်စောင့်များသည် အမှန်တော့ ရှားဟဲကိုကာကွယ်ဖို့ ကြယ်ပြာ၏ထိပ်တန်းအရာရှိများ စေလွှတ်ထားသည့် စစ်တပ်အမှုထမ်းများဖြစ်သည်။ လုယန်အကြောင်း သူတို့သတင်းပို့ကြသည်။ ထိပ်တန်းအရာရှိအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

အကြောင်းရင်းက ရိုးရှင်းသည်။ သူတို့လက်ထဲတွင် အာကာသအေဂျင်စီမှ ပို့ထားသည့် အစီရင်ခံစာတစ်စောင့်ရှိသည်။

ဂြိုလ်တုဓာတ်ပုံများတွင် လှေငယ်တစ်စီးဖြင့် အာကာသကိုဖြတ်၍ ခရီးသွားနေသည့်ရှေးဟောင်းလူသားတစ်ယောက်၏ ဓာတ်ပုံပါသည်။ ရှားဟဲဘေးမှ လူထူးဆန်းနှင့် ချွတ်စွပ်တူသည်။

"မဒမ်ရှားဘေးကလူက တကယ်ဂျင်နရယ်လုအစစ်လား"

ထိပ်တန်းအရာရှိများ အမြင်အမျိုးမျိုး ကွဲပြားနေသည်။ သို့သော် ထိုကိစ္စကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ်ထားဖို့၊ ပြန်ရှင်သန်လာသည့် လုယန်နှင့် ဇရာထောက်နေသည့်ရှားဟဲဆီ သွားမလည်ကြဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်သည်။

*******************************

All Chapters