အခန်း ၁၃၃၅
Vol. 89 Ch. 1335
အခန်း (၁၃၃၅) ပိုင်ရွှမ်း၏ဒုက္ခ
နောက်တစ်လကြာသွားသည်။ ဤရက်များအတွင်း လုယန် အတော်သက်တောင့်သက်သာ နေထိုင်သည်။ သက်တော်စောင့်များကလည်း သူ့ကို သူခိုးစောင့်သလို စောင့်မကြည့်ကြတော့။ အထက်လူကြီးများထံမှ အမိန့်ရ၍ဖြစ်မည်။
ပိုင်ရွှမ်းက ရှားဟဲဆီ ရောက်မလာသေး။ ထူးဆန်းနေသည်ဟု လုယန်ယူသည်။ သူသာ ဝင်မကူညီဘဲ ရှားဟဲအသက်ရှင်နေသေးလျှင်ပင် ယခုချိန်လောက်ဆို ပိုင်ရွှမ်း ပေါ်လာသင့်သည်။
.......
ဗီလာအပြင်ဘက်တွင် တရုတ်ရိုးရာဝတ်စုံနှင့်လူငယ်တစ်ယောက် ဗီလာဆီ အေးအေးလူလူလျှောက်လာသည်။ တာဝန်ကျစစ်သားများက တားသည်။
"ရပ်လိုက်၊ မင်းဘယ်သူလဲ"
လက်နက်ကိုင်စစ်သားများကိုကြည့်၍ လူငယ် ပြုံးလိုက်သည်။ လေးလေးစားစားပြောသည်။
"လေဒီရှားကို ကျုပ်ကတွေ့ချင်တယ်လို့ ပြောပေးပါ"
"လေဒီရှားက မင်းတွေ့ချင်တိုင်းတွေ့လို့ရတဲ့လူ မုတ်ဘူးကွ"
အစောင့်စစ်သား မျက်မှောင်ကျုံ့သွားပြီး လုငယ်ကို မောင်းထုတ်ရန်ပြင်သည်။
လူငယ်က သက်ပြင်းချသည်။
"ဒီလိုဖြစ်လာမယ်ဆိုတာ သိသားပဲ"
ထိုသို့ပြောပြီး နေရာမှ ရုတ်တရက်ပျောက်သွားသည်။ ခြံဝင်းထဲတွင် ပြန်ပေါ်လာသည်။ အစောင့်စစ်သား အချက်ပေးခလုတ်ကို ချက်ချင်းနှိပ်လိုက်သည်။
"ရန်သူတိုက်ခိုက်နေတယ်"
ရှားဟဲကိုကာကွယ်ဖို့ တာဝန်ယူထားသည့်စစ်သားများသည်။ အတော်ဆုံးထဲမှ အတော်ဆုံးများြစ်သည်။ လူငယ်ခြံဝင်းထဲသို့ အတင်းဝင်သည်နှင့် စနိုက်ပါရိုင်ဖယ်များ ထိုးချိန်ကြသည်။
တပ်ဖွဲ့ခေါင်းဆောင်က တားဆီးရန် ရှေ့တက်သွားသည်။ သို့သော်လူငယ်က လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ချလိုက်သည်။ စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲချန်ပီယံဖြစ်သည့် တပ်ဖွဲ့ခေါင်းဆောင် တုံ့ပြန်ချိန်ပင်မရလိုက်။
"ဒိုင်း ဒိုင်း ဒိုင်း"
သေနတ်သံများ ဆူညံသွားသည်။ လူငယ်၏ အရိုးအဆစ်များကို ချိန်ရွယ်၍ ပစ်ကြသည်။ သို့သော် လူငယ်က ရှောင်တိမ်းခြင်းမရှိ။ သူ့ကိုယ်ပေါ်တွင် ရွှေရောင်စွမ်းအင်အကာအကွယ်တစ်ခု ပေါ်လာပြီး ကျည်သုံးထောင့်ကို တားဆီးသည်။
"ဘာရယ်"
စနိုက်ပါ အံ့အားသင့်သွားသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိပ်တန်းလေ့ကျင့်မှု ခံယူထားသော်လည်း ထိုမြင်ကွင်းကြောင့် ခဏမင်သက်မိနေသည်။
စနိုက်ပါကျည်ဆန်ကို ကာကွယ်နိုင်သည်။ လူမှဟုတ်ပါလေစ...
ဝိုင်းဝန်းပိတ်ဆို့ထားသည့် စစ်သားများကို လူငယ်က အေးအေးလူလူ တစ်ယောက်ချင်းရိုက်ချသည်။ အပြုံးမျက်နှာဖြင့် ဗီလာတံခါးကို တွန်းဖွင့်လိုက်သည်။
လှည့်ပတ်ရှာဖွေသည်။ ရှားဟဲကို မတွေ့။
ဧည့်ခန်းထဲသို့ ပြန်လာပြီး လှည့်ကြည့်သည်။ ဈေးမှပြန်လာသည့်ရှားဟဲက ဈေးပစ္စည်းထုပ်များသယ်လာသည့် လူစိမ်းတစ်ယောက်နှင့်အတူ တံခါးဝတွင် ရပ်နေသည်ကိမြင်ရသည်။
"နင်ဘယ်သူလဲ"
ရှားဟဲ မျက်မှောင်ကျုံ့သွားသည်။ အနီးအနားမှ စစ်သားအားလုံး သတိလစ်အောင် ထိုလူငယ်က ရိုက်ချခဲ့ကြောင်း ထင်ရှားနေသည်။
သက်တော်စောင့်များက ရှားဟဲကိုတားကြသည်။ သို့သော် သူလက်မခံဘဲ ဗီလာထဲသို့ ဝင်လာသည်။
"ကျုပ်နာမည် လီဝမ်ကျဲပါ။ လေဒီရှားကို တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်ဆရာက ခင်ဗျားကို သူ့ဆီလာပြီး စကားပြောစေချင်တယ်တဲ့"
"ငါမသွားရင်ရော"
လီဝမ်ကျဲအပြုံးက ပြောင်းလဲမသွား။
"သွားလိုက်တာ ပိုကောင်းမယ်။ ခင်ဗျားမိတ်ဆွေ ပိုင်ရွှမ်းက ကျုပ်ဆရာလက်ထဲမှာပါ။ ဆက်ပြီးငြင်းနေရင်တော့ ခင်ဗျားကို ကျုပ်အတင်းအကြပ်ခေါ်သွားရမှာပဲ"
ထိုစဉ် လုယန် လီဝမ်ကျဲရှေ့သို့ ဖျတ်ခနဲရောက်လာပြီး လည်ပင်းကိုဖမ်းချုပ်သည်။
"မင်းဘာပြောလိုက်တယ်"
လီဝမ်ကျဲ ဟန်တစ်ခွဲသားလုပ်မနေနိုင်တော့ဘဲ အတင်းရုန်းကန်သည်။ သို့သော် သူ့လည်ပင်းက ပြုတ်တူဖြင့် ညှပ်ခံထားရသလို ဖြစ်နေသည်။ လုံးဝရုန်းထွက်မရ။
လုယန် လီဝမ်ကျဲကို ခပ်တင်းတင်းစိုက်ကြည့်သည်။ ကြယ်ပြာမှ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ကျင့်ကြံသူလောကသားမဟုတ်သည်က သေချာသည်။ ကျင့်ကြံသူလောကတွင် လုယန်ကို မသိသူမရှိ။
ထိုကျင့်စဉ်စွမ်းအားမျိုး လီဝမ်ကျဲ ဘယ်လိုရထားသည်မသိ။ ကြယ်ပြာတွင် တရားဝင်ကျင့်စည်နည်းလမ်းတစ်ခု ရှိခဲ့လျှင် ဖုတ်ကောင်ကပ်ဆိုးကျကတည်းက သူတွေ့ခဲ့ရမည်။
"မင်းဆရာက ဘယ်မှာလဲ"
"ခွန်...ခွန်လွန်တောင်မှာပါ"
(**ဇာတ်လမ်းက စလာပြီ)
"လုယန်..."
ရှားဟဲက ပိုင်ရွှမ်းအတွက် အတော်စိတ်ပူနေသည်။
"ငါသိပါတယ်။ ခွန်လွန်တောင်ကို သွားကြစို့။ ပိုင်ရွှမ်းကိုထိရဲတာ ဘယ်သူလဲကြည့်ရသေးတာပေါ့"
လုယန်ထိုသို့ဒေါသမထွက်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ သူ့လူသတ်ရိပ်များ လေထဲတွင်ပျံ့နှံ့နေသည်။ ပိုင်းရွှမ်းပေါ်မလာသည်မှာ မဆန်းတော့။ သူအဖမ်းခံထားရသည်။
လီဝမ်ကျဲကို ချင်ဖုန်းဓားကမ္ဘာငယ်ထဲ ခပ်ကြမ်းကြမ်းပစ်ထည့်ပြီး လှေပျံနက်ကို ဆင့်ခေါ်သည်။ ရှားဟဲကို ဆွဲပွေ့၍ ခွန်လွန်တောင်ဆီ တစ်ရှိန်ထိုးပျံသန်းသွားသည်။
...
ခွန်လွန်တောင်အတွင်းပိုင်းတွင် မြေထဲမှပေါ်လာသည့် ရှေးဟောင်းမှော်အမှတ်အသားများ အရပ်ရှစ်မျက်နှာသို့ ဆန့်ထွက်သွားသည်။
ဓားအမာရွတ်မျက်နှာနှင့် ခန္ဓာကိုယ်တောင့်တင်းသည့် ဗုဒ္ဓကိုယ်တော်တစ်ယောက်က မှော်အမှတ်အသားများ၏ဆုံချက်နေရာတွင် စင်မြင့်တစ်ခု တည်ဆောက်ထားသည်။ စင်မြင့်ထက်တွင် ဝိညာဉ်ခန္ဓာသာရှိသည့် သေးသေးကွေးကွေးကောင်မလေးတစ်ယောက်ရှိနေသည်။
အောက်ဘက်တွင် ဒူးထောက်၍ ရှိခိုးဆုတောင်းနေသူများရှိသည်။
သူတို့ထဲတွင် လူချမ်းသာ စီးပွားရေးသမားများ၊ သိပ္ပံပညာရှင်များ၊ ပရော်ဖက်ဆာများ ပါဝင်သည်။ ယခု အားလုံးက သူတို့နောက်ခံကို မေ့ထားပြီး ထိုကိုယ်တော်ကို ရှိခိုးဦးခိုက်၍ ကျမ်းစာများစိတ်ပါလက်ပါ ရွတ်ဆိုနေသည်။
အမာရွတ်ကိုယ်တော် အပျော်စိတ်ကို မထိန်းနိုင်အောင်ဖြစ်နေသည်။ ထိုမျှဝေးလံခေါင်သီသည့် ဂြိုလ်တစ်ခုတွင် မူလဝိညာဉ်ကို တွေ့ရမည်ဟု ထင်မထား။
ထိုဝိညာဉ် သူ့လက်အေက်ခံအဖြစ် သိမ်းသွင်းနိုင်လျှင် သူ့ဝိညာဉ်အာရုံနှင့် ကျင့်စဉ်အဆင့် မြင့်တက်လာလိမ့်မည်။
ကျင့်စဉ်စွမ်းအားတိုးတက်လာလျှင် ခွန်လွန်တောင်မှ ရှေးဟောင်းချိတ်ပိတ်တံဆိပ်ကို ချိုးဖျက်နိုင်ခြေရှိသည်။
သို့သော် ဤမူလဝိညာဉ်က ခေါင်းမာသည်။ ကျမ်းစာများရွတ်ဖတ်နေသော်လည်း သူ့စိတ်ဆန္ဒကို အားနည်းအောင်မလုပ်နိုင်သေးဿဉ်။ ဖြေးဖြေးချင်းသန့်စင်၍လည်းရသည်။ သို့သော်ယခု ထိုထက်ပိုကောင်းသည့်နည်းလမ်းတစ်ခုရှိနေသည်။
ဤမူလဝိညာဉ်က နယ်ခံတစ်ယောက်နှင့် ခင်မင်ရင်းနှီးသည်။ ထိုမိတ်ဆွေကို သူ့ရှေ့သို့ခေါ်လာပြီး သတ်ဖြတ်လိုက်လျှင် မူလဝိညာဉ်၏စိတ်ခွန်အား လျော့ပါးသွားလိမ့်မည်။ ထိုအချိန်ကို အမိအရယူ၍ မူလဝိညာဉ်ကို သူထိန်းချုပ်နိုင်မည်။
အမာရွတ်ကိုယ်တော်မျက်နှာတွင် လောဘရိပ်များယှက်သန်းနေသည်။ ဤကိစ္စသည် သူ့အတွက်အခွင့်အရေးဖြစ်သည်။
"ဝိညာဉ်လေး၊ မင်းမိတ်ဆွေကို ကယ်ချင်တယ်လို့ မင်းအမြဲတတွတ်တွတ်ပြောနေခဲ့တာမဟုတ်လား။ စိတ်မပူပါနဲ့။ မကြာခင် သူမင်းကိုလာတွေ့မှာပါ"
"နင်လုပ်ရဲလား"
ပိုင်ရွှမ်း စင်မြင့်ပေါ်မှ ဒေါသတကြီးပြေးဆင်းလာသည်။ သို့သော် ထိုစင်မြင့်ကို ရှေးဟောင်းကျမ်းစာများဖြင့် ဝန်းရံထားသည်။ မမြင်နိုင်သည့် လှောင်အိမ်တစ်ခုက သူ့ကို မရုန်းနိုင်အောင် ပိတ်လှောင်ထားသည်။
ပိုင်ရွှမ်း အတော်နောင်တရမိသည်။ သိပ်မကြာသေးခင်က သူ့စိတ်များဝေဝါးနေချိန်တွင် ရှားဟဲအကြောင်း ထုတ်ပြောမိသည်။ ဘုန်းကြီးအိုက သူ့စကားကို အမှတ်မထင်ကြားသွားသည်။
"ငါလုပ်ရဲတာပေါ့"
ပိုင်ရွှမ်းဂဏာမငြိမ်ဖြစ်လာလေ အမာရွတ်ကိုယ်တော် ပိုပျော်လေဖြစ်သည်။ ပိုင်ရွှမ်းစိတ်ထဲတွင် ရှားဟဲကို အတော်အလေးထားကြောင်း သူသိသည်။ ရှားဟဲသေသည်ကို ကိုယ်တွေ့မြင်လျှင် ပို၍ပင် ထိရောက်မှုရှိလာမည်။
အချိန်ကိုတွက်ချက်ကြည့်လျှင် ယခုလောက်ဆို သူ့သစ္စာခံတပည့်က ရှားဟဲနှင့် တွေ့ပြီးလောက်သည်။
အောင်မြင်ခံ့ညား၍ ဒေါသရိပ်ပြည့်နေသည့် စကားသံတစ်ခု ခွန်လွန်တောင်တန်းတလျှောက်ပဲ့တင်ထပ်သွားသည်။ တောင်ထိပ်မှနှင်းများ ပေါက်ကွဲသွားပြီး မြေပြင်တုန်ခါလာသည်။
"တကယ်လား၊ မင်းဘယ်ကသတ္တိတွေရလာတာလဲ"
"ဘယ်သူလဲကွ"
အမာရွတ်ကိုယ်တော် ဖျတ်ခနဲလှည့်ကြည့်သည်။ ထိုစကားသံတွင်ပါဝင်သည့် စွမ်းအားကြောင့် သူရင်ထိတ်သွားသည်။
မြန်နှုန်းမြင့်မသေမျိုးရတနာ လှေပျံနက်က ဗီလာမှ ခွန်လွန်အထိ ကြယ်ပြာတစ်ဝက်စာခရီးကို မျက်တောင်တစ်ခတ်အတွင်း ရောက်လာသည်။
လှေပျံနက်ပေါ်မှလူကိမြင်သည်နှင့် အမာရွတ်ကိုယ်တော် ချက်ချင်းမျက်လုံးပြူးသွားသည်။
"လု..လုယန်"
လုယန် ဘယ်လိုလုပ်ရောက်လာသည်မသိ။
လုယန်လည်း အမာရွတ်ကိုယ်တော်ကိုသိသည်။ ဗုဒ္ဓနိုင်ငံမှ နတ်ဆိုးကိုယ်တော်ပန်ပု။ မဟာဘုံကျောင်းဆယ့်နှစ်ခုထဲမှ စာကျားဘုံကျောင်း၏ ကျောင်းထိုင်ဟောင်းဖြစ်သည်။ နတ်ဆိုးလမ်းစဉ်ထဲရောက်ပြီးနောက် အစရှာမရအောင် ပျောက်သွားသည်။ ကိုယ်တော်မိန်ယုထက်ပင် ဝါစဉ်ကြီးသည်။ တကယ့်ရှေးဟောင်းပုဂ္ဂိုလ်ဖြစ်သည်။
လုယန်ကိုမြင်သည်နှင့် ပန်ပု တုန်ရင်နေသည်။ လုယန်နှင့်ဝူယော်တိုက်ပွဲကို သူကိုယ်တွေ့မြင်ခဲ့သည်။ ဤတက်သစ်စလူငယ်၏စွမ်းအားကို သူကောင်းကောင်းသိသည်။ ကူးဖြတ်ခြင်းအဆင့်တွင် ဘယ်သူမှသူ့ကိုယှဉ်နိုင်မည်မဟုတ်။
ဆိုးဝါးသည့်ကံကြမ္မာကို သူကျိန်ဆဲမိသည်။ အနောက်မိုးပျံဘုန်းကျောင်း လိုက်လံဖမ်းဆီးသည်ကို အသည်းအသန်ရှောင်တိမ်းထွက်ပြေးလာပြီးမှ ကြယ်ပြာဟုခေါ်သည့် ဤနေရာကိုတွေ့ခြင်းဖြစ်သည်။ ကံကောင်းသည့်နေရာဟု ထင်ခဲ့သည်။ သို့သော်ယခု လုယန်နှင့်လာတွေ့သည်။
"မိတ်ဆွေလေးလုယန်၊ ငါကိုယ်တော်က အကြီးအကဲတစ်ယောက်ဖြစ်တာကို ထောက်ထားပီး အသက်ကိုချမ်းသာပေးရင် ငါပိုဆိုင်သမျှ ရတနာတွေအားလုံးပေးပါ့မယ်"
ရှိးခိုးနေသည့်လူစု မင်သက်မိနေကြသည်။ သူ့တို့အမြင်တွင် ပန်ပုသည် ဘက်စုံစွမ်းအားကြီးသည့် နတ်ဘုရားဖြစ်သည်။ ဘာကြောင့်ထိုမျှအောက်ကျို့နေသည်မသိ။
စင်မြင့်ပေါ်တွင် နှိပ်စက်ခံထားရသည့် ပိုင်ရွှမ်းကိုမြင်သည်နှင့် ရှားဟဲလှမ်းခေါ်သည်။
"ပိုင်ရွှမ်း"
ထိုမြင်ကွင်းကိုကြည့်၍ လုယန် ရင်ထဲနင့်သွားသည်။ ဒေါသများအလိပ်လိုက်ထွက်လာပြီး ပန်ပုကိုဓားဖြင့်ခုတ်လိုက်သည်။
တောက်ပသည့်ဓားအလင်း ခွန်လွန်တောင်တစ်ခုလုံး ဖြာထွက်သွားသည်။
"သေလိုက်စမ်း အဘိုးကြီး"
****************************
(**ကြယ်ပြာသည် ကမ္ဘာဂြိုလ်ကို ရည်ညွှန်းကြောင်း အားလုံးရိပ်မိမည်ထင်ပါသည်။ ကမ္ဘာမြေအရောင်သည် အာကာသမှကြည့်လျှင် စိမ်းပြာရောင်ရှိသည်။
စာစဉ်၏ နောက်ဆုံးကျန်သည့်နှစ်အုပ်ကို တစ်ပြိုင်တည်းထွက်ပါမည်။ ဇာတ်လမ်းပိုင်း၏ ဖြေရှင်းဖို့ကျန်နေသေးသည့် ပုစ္ဆာနှစ်ခုက နတ်မယ်၏ မြောက်ပိုင်းကြယ်နှင့် နောက်ကွယ်မှလုပ်ကြံသူအစစ်နှင့် အချိန်လမ်းကြောင်းပြောင်းသည့်စွမ်းရည်တို့အကြောင်း ဖြစ်သည်)