အခန်း ၂၅၃
Vol. 26 Ch. 253
အခန်း (၂၅၃) ရွှီယန် : ဝက်ဝံမည်း အစ်ကိုကြီး ပို့ပေးတဲ့ ပျားအုံ အတွက် ကျေးဇူးပါပဲ
နေကြာပင်များက အပင်ပေါက်လေးများ ထွက်လာပြီဖြစ်ပြီး ပန်းမပွင့်သေးသော်လည်း အုပ်စုလိုက် ဖြစ်နေသဖြင့် ကြည့်ရသည်မှာ သက်စောင့်စွမ်းအင်များနှင့် ပြည့်နှက်နေပေသည်။
ရွှီယန်က နေ့တိုင်း လယ်ယာခြံဝင်းတွင် လှည့်ပတ်နေဆဲပင်။
တစ်ခါတရံ ရေခဲချောင်းများနှင့် ဒိန်ချဉ် အချို့ကို ပြုလုပ်ကာ ဈေးသို့ သွားရောက် ရောင်းချတတ်၏။ ဤသည်ကလည်း လယ်ယာခြံဝင်း၏ အဓိက ဝင်ငွေများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေ နွေဦးနှင့် နွေရာသီဖြစ်ရာ အဓိကအားဖြင့် စိုက်ပျိုးရေးကိုသာ လုပ်ဆောင်ရမည် ဖြစ်ပြီး နွေနှောင်းပိုင်း ရောက်မှသာ လယ်ယာခြံဝင်း၏ ဝင်ငွေက တက်လာမည် ဖြစ်သည်။
ရွှီယန်က အားလပ်နေသဖြင့် တောင်ထဲသို့ ဝင်ရန် ရည်ရွယ်လိုက်သည်။ တောင်ထဲမှ ရှုခင်းများက ကောင်းမွန်သည် မဟုတ်ပါလား။
ယနေ့တော့ ဝက်ဝံမည်းကို သွားကြည့်ရန် သူ စဉ်းစားထား၏။
ရွှီယန်က ယခုလောလောဆယ်တွင် လိုက်ဖ်လွှင့်ပါက ရှောင်ဟွာနှင့် လူးနားတို့ကို မပြသတော့ရန် ရည်ရွယ်ထားသည်။
ယခုအခါ လူအများအပြားက ရှောင်ဟွာနှင့် လူးနားတို့ ကျားနှင့် ကျားသစ် သစ်တောဥယျာဉ် တွင် ရှိနေသည်ဟု ထင်မှတ်နေကြပြီး အချို့က တကယ်ပင် သွားရောက် ရှာဖွေကာ ၎င်းတို့ အတူတကွ နေထိုင်သည့် မြင်ကွင်းကို ရိုက်ကူးချင်နေကြကြောင်း သတင်းများပင် ထွက်ပေါ်နေ၏။
ထို့ကြောင့် ရှောင်ဟွာ၏ နေရာကို ပို၍ပင် ဖုံးကွယ်ထားရမည် ဖြစ်သည်။ ရှောင်ဟွာနှင့် လူးနားတို့က ယခု အင်တာနက်ပေါ်တွင် အလွန် နာမည်ကြီးနေပြီး ဤသည်က တောရိုင်း တိရစ္ဆာန်များ အတွက်တော့ ကောင်းသည့် ကိစ္စ မဟုတ်ချေ။
'ရှောင်ဟွာ က အရမ်း လူချစ်လူခင် ပေါများနေလို့ပါ... ဒီကောင်လေးက ရုပ်ရည်သန့်သန့်လေးနဲ့လေ... တစ်ဖက်က ကြောင်မျိုးရင်းဝင် တိရစ္ဆာန်တွေရဲ့ သွက်လက်မှု ပါသလို... နောက်တစ်ဖက်ကလည်း စရိုက်က သိမ်မွေ့တယ်'
'ဘယ်သူကများ မြင်ပြီး သဘောမကျဘဲ နေမှာလဲ'
'ဒီကျားသစ်ကို ငါ့ဘာသာပဲ မွေးထားလိုက်တော့မယ်'
ရွှီယန်က စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။
သူက တောနက်ထဲသို့ ဝင်ရောက်သွားပြီး အချိန်အနေတော် ရှိပြီဟု ထင်သောအခါ လိုက်ဖ်ကို ပြန်ဖွင့်လိုက်၏။
တောင်ထဲမှ ရှုခင်းများကလည်း သူ၏ လိုက်ဖ် နေ့စဉ် ဘဝပင် ဖြစ်သည်။
ဒရုန်းကို ဖွင့်လိုက်သည်နှင့် လိုက်ဖ်ထဲမှ လူအရေအတွက်က အလျင်အမြန် တိုးပွားလာတော့၏။ အရာအားလုံးက ယခင်အတိုင်းပင်။
သူက တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်ရာ ကွန်မန့်များက အလျင်အမြန် တက်လာနေသည်ကို တွေ့ရသည်။
"ဒီနေ့ ဝက်ဝံမည်းကို သွားကြည့်မလို့... သူ့အတွက် အသားခြောက် နည်းနည်း ယူလာတယ်"
"ဝက်ဝံမည်းက အစုံစား တိရစ္ဆာန်လေ... အကုန်စားတယ်... ကျွေးရလွယ်တယ်"
"တောအုပ်ထဲက အဲဒီ ဝက်ဝံမည်းက တော်တော်လေး တုံးအအ နိုင်တာ... အရင်က ကျွန်တော့်နောက်ကို လိုက်ပြီး အစာလာတောင်းသေးတယ်"
ရွှီယန်က ယနေ့ လုပ်မည့် ကိစ္စများကို အားလုံးအား ပြောပြလိုက်သည်။
[ငါ နားကြားများ မှားသွားတာလား... လိုက်ဖ်လွှင့်သူက တောအုပ်ထဲကို ဝက်ဝံမည်း သွားပွတ်မလို့တဲ့လား]
အသစ်ရောက်လာသူ တစ်ယောက်က အံ့ဩတကြီး မေးလိုက်သည်။
ထိုမေးခွန်းကို မြင်သောအခါ အခြား အင်တာနက်သုံးစွဲသူများက ပြန်ဖြေလိုက်ကြ၏။
[ဒါက ဘာပြဿနာ ရှိလို့လဲ]
[ဝက်ဝံမည်း လောက်လေးကို... သူက ကျားကိုတောင် ပွတ်သေးတာ]
[သူ့လိုက်ဖ်ကို မကြည့်ဖူးဘူး မဟုတ်လား... ချန်ပိုင်တောင်တန်း မှာ ဆူပူမဆူပူ ဆိုတာ သူ့အပေါ်မှာပဲ မူတည်တာ]
[ဝက်ဝံမည်း တစ်ကောင်ပါပဲကွာ]
လူသစ်များက ကွန်မန့်များ၏ အကြောင်းပြန်ချက်ကို မြင်သောအခါ ပို၍ပင် အံ့ဩသွားကြတော့သည်။ ဒါတွေက ဘယ်လို ကိစ္စတွေလဲပေါ့။
ရွှီယန်က သစ်ပင်များနှင့် မြက်ခင်းများကြားတွင် လမ်းလျှောက်နေ၏။
ဝက်ဝံမည်းက ဤဧရိယာထဲတွင် လှုပ်ရှားသွားလာလေ့ ရှိသည်ကို သူ မှတ်မိနေသည်။ ဤဧရိယာက မြစ်နှင့် နီးပြီး သစ်ပင်များလည်း ပိုများသဖြင့် ငါးဖမ်းရန်ဖြစ်စေ သစ်သီးစားရန်ဖြစ်စေ အလွန် အဆင်ပြေပေသည်။ ဝက်ဝံမည်း နေထိုင်ရန် အလွန် သင့်တော်၏။
တစ်ပတ်ခန့် ရှာဖွေပြီးနောက် သိပ်မကြာခင်မှာပင် ရွှီယန်က ရင်းနှီးနေသည့် အမည်းရောင် အရိပ်ကြီးကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် ဝက်ဝံမည်းက သစ်ပင်ပေါ်သို့ အချိုးမကျစွာဖြင့် တက်နေ၏။ ဝက်ဝံမည်း သစ်ပင်တက်သည့် ပုံစံက လူများနှင့် အတူတူပင်ဖြစ်ပြီး တစ်ချက်ချင်း အပေါ်သို့ တွယ်တက်နေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရွှီယန်က သစ်ပင်ပေါ်သို့ လက်ညှိုးထိုးပြကာ ပြုံး၍ ပြောလိုက်သည်။
"ဟိုဘက်ကို ကြည့်... ဝက်ဝံမည်း သစ်ပင်တက်နေတယ်... သူက အကြောင်းပြချက် မရှိဘဲနဲ့တော့ သစ်ပင် မတက်လောက်ဘူး"
ပြောရင်းနှင့် ရွှီယန်က သေချာ ကြည့်လိုက်တော့မှ သစ်ပင်၏ အပေါ်ပိုင်းတွင် ဘတ်စကက်ဘောလုံး အရွယ်အစားခန့် ရှိသည့် ပျားအုံ တစ်အုံ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် ပျားအုံ၏ ပတ်ပတ်လည်တွင် ပျံသန်းနေသည့် အမည်းရောင် ပျားငယ်လေးများ အများအပြား ရှိနေသည်။
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ရွှီယန်က ပျားအုံ၏ အခြေအနေက သိပ်မမှန်ဘူးဟု ခံစားနေရသည်။
ပျားငယ်လေးများ အများအပြား ပျံသန်းနေကြပြီး အပြင်သို့ ထွက်လာကြသကဲ့သို့ပင်။ ပုံမှန် အခြေအနေမျိုးတွင် ပျားအုံက ဤသို့ မဖြစ်တတ်ချေ။
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကတော့ အလွန် ပျော်ရွှင်နေကြ၏။
[ဟားဟားဟား... ဒီဝက်ဝံမည်းက အစားအသောက်သမားပဲ... ပျားရည် သွားစားမလို့ကိုး]
[လခွမ်း... ဒီလောက် တုံးအအ ခန္ဓာကိုယ်နဲ့ ဒီလောက် မြင့်တဲ့နေရာကို တက်နိုင်တယ်ပေါ့]
[တောရိုင်း ပျားအုံ က ပစ္စည်းကောင်းပဲ... အာဟာရ တန်ဖိုး အရမ်း မြင့်တာ]
[ဝက်ဝံမည်းတွေ အကြိုက်ဆုံးက ပျားရည်ပဲ မဟုတ်လား]
ရွှီယန်က ဝက်ဝံမည်း ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ သူက သစ်ပင်နှင့် သိပ်မဝေးတော့ချေ။
ထိုအချိန်မှာပင် ရွှီယန်၏ ဘေးနားမှ ဝီဝီဝီ ဟူသော အသံများ ထွက်ပေါ်လာပြီး သေချာကြည့်လိုက်တော့မှ ခန္ဓာကိုယ် အရမ်းရှည်သည့် ပုစဉ်းကြီး သုံးကောင်က သူ့ဘေးမှ ဖြတ်၍ ပျားအုံ ရှိရာဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။
"လခွမ်း... ပုစဉ်းတွေပဲ... ဒီပျားအုံတော့ သွားပြီ"
ရွှီယန်၏ မျက်နှာက ပြောင်းလဲသွားပြီး ပျားအုံကို မော့ကြည့်ကာ အလွန် အံ့ဩသွားတော့သည်။
ပုံမှန်အားဖြင့် ပျားများက ပျားရည် ထုတ်လုပ်သော်လည်း ပုစဉ်းများက ပျားရည် မထုတ်လုပ်ကြချေ။ သို့သော် ပုစဉ်းများက ပျားများကို တိုက်ခိုက်ပြီး သူတို့၏ ပျားရည်များကို လုယူတတ်ကြသည်။
ပုစဉ်းများ၏ ချွန်ထက်သော သွားများက ပျားများကို အလွယ်တကူပင် နှစ်ပိုင်း ပိုင်းပစ်နိုင်ပြီး ခန္ဓာကိုယ်ကလည်း ပို၍ တောင့်တင်းပေသည်။
အချိန်အတော်များများတွင် ပုစဉ်းများက ပျားများ၏ အသိုက်ကို ဝင်တိုက်ကာ ပျားဘုရင်မကို စားပြီး ပျားရည်များကို လုယူတတ်ကြ၏။ ထွက်သွားသည့် အချိန်တွင်တော့ အပိုင်းပိုင်း ပြတ်နေသည့် ပျားသေကောင်များသာ အပြည့် ကျန်ခဲ့တော့သည်။
မတတ်နိုင်ချေ။ ပျားငယ်လေးများက အရမ်း အားနည်းလွန်းပြီး တိုက်ခိုက်စရာ နည်းလမ်း မရှိပေ။ သူတို့၏ တစ်ခုတည်းသော တိုက်ခိုက်နည်းက အသက်ကို ပဓာနမထားဘဲ ပျံတက်သွားကာ ပုစဉ်းကို ဝိုင်းထားပြီး အလျင်အမြန် လှုပ်ရှားကာ အပူချိန်ကို မြင့်တက်စေပြီး ပုစဉ်းကို အပူဖြင့် သတ်ပစ်ခြင်းပင် ဖြစ်သည်။
နောက်ကျလျှင် အထိုးခံရမည်သာ ဖြစ်ပြီး ပုစဉ်းများ၏ တိုက်ခိုက်မှုက ပျားများ အတွက်တော့ အတိုင်းအတာ တစ်ခုအထိ နှိမ်နင်းခံလိုက်ရခြင်းပင် ဖြစ်၏။
ရွှီယန်က အားလုံးကို ဤဗဟုသုတကို မျှဝေပေးလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုး ရှိနေသည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း ဤကိစ္စအတွက် အလွန် မကျေမနပ် ဖြစ်သွားကြတော့သည်။
[ပုစဉ်း တွေကလည်း အရမ်း လွန်တာပဲ]
[ပျားရည် လုရုံတင် မကဘူး... ပျားလေးတွေကိုပါ သတ်သေးတယ်ပေါ့]
[သဘာဝလောကကြီးက တော်တော် ရက်စက်တာပဲ... တစ်ခါ အမှားလုပ်မိတာနဲ့ မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားတာပဲ]
[ငါ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးတယ်... ဒါကြောင့် ပျားအုပ်စု က ပုစဉ်းတွေရဲ့ ကင်းထောက်ကို သေချာ သတိထားရတာ... တွေ့တာနဲ့ အမြန် သတ်ပစ်ရတယ်... သူတို့ကို အသိပေးဖို့ အမြန် ပြန်မလွှတ်ရဘူး]
[အဲဒါ အမှန်ပဲ... ပျားမွေးမြူရေး သမားတွေ အင်တာဗျူးမှာလည်း ပြောဖူးတယ်... ပုစဉ်းကို တွေ့တာနဲ့ အချိန်မီ သတ်ပစ်ရတယ်တဲ့]
အင်တာနက်သုံးစွဲသူများ၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်လာကြတော့သည်။
ဤပျားအုံမှ ပျားလေးများက တကယ်ကို ကံဆိုးလှပေသည်။ ပုစဉ်းများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရသည့် တစ်ချိန်တည်းမှာပင် ဝက်ဝံမည်း ကလည်း သူတို့ကို ပစ်မှတ်ထားနေသေး၏။
အတင်းအကြပ် ပြောရမည်ဆိုလျှင် ဝက်ဝံမည်းက ပျားရည်ကိုသာ စားမည်ဖြစ်ပြီး ပျားအုံ အစိတ်အပိုင်း အချို့ကို ဖျက်ဆီးမည် ဖြစ်သော်လည်း ပျားမျိုးနွယ်စု တစ်ခုလုံးကိုတော့ သတ်ပစ်မည် မဟုတ်ပေ။ ပျားများက နောက်ပိုင်းတွင် ပြန်လည် တိုးတက်လာနိုင်သေးသည်။
ပုစဉ်းကတော့ ဝင်လာသည်နှင့် ချက်ချင်း သတ်ဖြတ်တော့မည်ဖြစ်ပြီး ပျားအုံ တစ်ခုလုံးမှ ပျားများကို အကုန်သတ်ပစ်ပြီးမှသာ ထွက်သွားမည် ဖြစ်၏။ ပျားလေးများကိုပင် စားသုံးသေးသည်။
"ပုစဉ်း တွေက သွားစလို့ မရဘူး... ဒီအကောင်တွေမှာ အဆိပ် ရှိတယ်... အတုပ်ခံရရင် လူတွေတောင် ခံနိုင်မှာ မဟုတ်ဘူး... ဝက်ဝံမည်းလည်း ခံနိုင်မှာ မဟုတ်ဘူး... သူက ပျားတွေကို မကြောက်တာ... ပုစဉ်းကို မကြောက်တာ မှ မဟုတ်တာ... အတုပ်ခံရပြီး အဆိပ်သင့်သွားရင်တော့ ဒုက္ခပဲ"
ရွှီယန်က အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး ပုစဉ်းများ၏ အန္တရာယ်ကို စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် ဝက်ဝံမည်းက အပေါ်သို့ တောက်လျှောက် တက်သွားပြီး ပျားအုံ ရှိရာသို့ ရောက်ရှိသွားခဲ့၏။
ဤကောင်ကြီးက သေချာပေါက် သစ်ပင်ပေါ်တွင် အစာစားမည် မဟုတ်သဖြင့် တက်သွားသည်နှင့် တစ်ချက်တည်း ရိုက်ချလိုက်တော့သည်။
ဖုန်း...
လုံးဝန်းနေသော ပျားအုံကြီးက မြေပြင်ပေါ်သို့ တိုက်ရိုက် ကျလာတော့၏။
ယခုအချိန်တွင် ပျားအုံထဲ၌ မူလကတည်းက ရှုပ်ယှက်ခတ်နေခြင်း ဖြစ်သည်။ ပျားများနှင့် ပုစဉ်းများက တိုက်ပွဲကြီး ဆင်နွှဲနေကြ၏။ ရုတ်တရက် နှစ်ဖက်စလုံး ကြောင်အမ်းသွားကြတော့သည်။
'ဘာဖြစ်တာလဲ'
'ငါတို့ အောက်ကို လွတ်လွတ်လပ်လပ် ပြုတ်ကျနေတာလား'
'ငါတို့ ပျံနေတာ မဟုတ်ဘူးလား'
ရွှီယန်လည်း ကြောင်အမ်းသွားခဲ့သည်။
"လခွမ်း... ငါ့ဆီကို တည့်တည့်ကြီး လာနေတာလား"
ရွှီယန်တွင် ခြင်နှင်သည့် ကိုယ်ခံစွမ်းအား ရှိပြီး ခြင်နှင့် ပိုးမွှားများ သူ့အနား မကပ်သော်လည်း ထိုအရာများက သိမ်မွေ့စွာ နှင်ထုတ်ခြင်းသာ ဖြစ်၏။
ဒေါသထွက်နေသော ပုစဉ်းများကို ရင်ဆိုင်ရချိန်တွင်တော့ ထိုနှင်ထုတ်ခြင်းက အကျိုးသက်ရောက်မှု ရှိမည် မဟုတ်တော့ချေ။
ပျားအုံက အတိအကျပင် ရွှီယန်၏ ခြေရင်း တစ်မီတာခန့် အကွာသို့ ကျလာတော့သည်။ နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော ဝီဝီဝီ အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။
မရေမတွက်နိုင်သော ပုစဉ်းများနှင့် ပျားများက လန့်သွားကြပြီး ပျားအုံထဲမှ ပျံထွက်လာကြတော့သည်။
"လခွမ်း"
ရွှီယန်က ချက်ချင်း နောက်လှည့်ပြီး ပြေးတော့၏။
ပုစဉ်းများကို သူ တကယ် သွားမရှုပ်ရဲပေ။ အတုပ်ခံရလျှင် တကယ်ကို ခံနိုင်မည် မဟုတ်ချေ။ အကယ်၍ အချက်အတော်များများ အတုပ်ခံရပါက တကယ်ကို အသက်အန္တရာယ် ရှိပေသည်။
အင်တာနက်သုံးစွဲသူများက ရွှီယန် ရုတ်တရက် ပျောက်သွားသည်ကိုသာ မြင်လိုက်ရ၏။ ထပ်ကြည့်လိုက်တော့ အမြန် ပြေးသွားသည့် ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။
ရွှီယန်က တောနက်ထဲတွင် အလျင်အမြန် ဖြတ်သန်းသွားလာနေပြီး ပြေးသည့် အရှိန်က အလွန် မြန်ဆန်လှသည်။
အင်တာနက်သုံးစွဲသူများကတော့ ချက်ချင်းပင် ရယ်မောလိုက်ကြလေသည်။
[ဟားဟားဟား... လောင်ရွှီ ပြေးတာ အရမ်း မြန်တာပဲ]
[ချန်ပိုင်တောင်တန်း မှာ ဆူပူမဆူပူ လောင်ရွှီ ဆုံးဖြတ်ရတာ မဟုတ်ဘူးလား... ဘာလို့ ပြေးနေတာလဲ]
[ရွှီယန် - ဝက်ဝံမည်း အစ်ကိုကြီး ပို့ပေးတဲ့ ပျားအုံ အတွက် ကျေးဇူးပါပဲ]
[အားတင်းထား ပုစဉ်း တွေ... ဒီလူမိုက်ကြီးကို လွတ်မပေးလိုက်နဲ့နော်]
[အရမ်း သနားဖို့ ကောင်းပေမယ့် ငါ မနေနိုင်ဘဲ ရယ်ချင်နေတယ်... ဟားဟားဟား]
ရွှီယန်က အဝေးကြီး အထိ အပြေးအလွှား သွားခဲ့၏။ လုံလောက်ပြီဟု ထင်သောအခါမှ နောက်လှည့်ကြည့်လိုက်သည်။
ပုစဉ်းများ လိုက်မလာကြပေ။
သို့သော် ရွှီယန်က ထိုမျှလောက် အလွယ်တကူ စိတ်မချသေးဘဲ ပတ်ဝန်းကျင် အခြေအနေကို သေချာစွာ အာရုံခံကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် အန္တရာယ် အာရုံခံနိုင်စွမ်းက အောင်မြင်စွာ အလုပ်လုပ်သွားပြီး သူ၏ အနီးအနားတွင် ပုစဉ်းများ ရှိနေသေး၏။
ဤကောင်များက အသက်ကို ပဓာနမထားဘဲ ပစ်မှတ်ထားမိပြီဆိုပါက အသေအလဲ လိုက်တတ်ကြပေသည်။ ဒရုန်းက ပျံသန်းလာပြီး ရွှီယန်၏ အခြေအနေကို လိုက်ဖ်လွှင့်နေသည်။
အင်တာနက်သုံးစွဲသူများက ရွှီယန် သတိထားနေသည့် ပုံစံကိုသာ မြင်လိုက်ရ၏။ အားလုံးက သူ ဘာလုပ်နေသလဲ ဟု သံသယ ဖြစ်နေကြသည်။
နောက်တစ်စက္ကန့်တွင်တော့ ရွှီယန်က လက်ကို အမြန် မြှောက်ကာ အောက်သို့ ဖိချလိုက်သည်ကို တွေ့လိုက်ရတော့သည်။
“ဖျန်း…”
အမည်းရောင် အရိပ်တစ်ခု မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ ဤမျှလောက်နှင့်တော့ သေချာပေါက် သေမည် မဟုတ်သဖြင့် ရွှီယန်က နောက်တစ်ချက် ခြေဖြင့် ထပ်နင်းကာ ပုစဉ်းကို ဖိသတ်လိုက်တော့သည်။
မြန်ဆန် တိကျ ပြတ်သားပြီး တစ်ဆက်တည်း ဖြစ်သွားခဲ့၏။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ အားလုံး မှင်တက်သွားကြတော့သည်။
'လခွမ်း... အဲဒါ ဘာလဲ... သူက ဒီလိုမျိုး ပုစဉ်းကို သတ်လိုက်တာလား... ခုနက ရွှီယန် ရိုက်ချလိုက်တဲ့ အချိန်မှာ အရိပ်တောင် မြင်လိုက်ရတယ်... အရှိန်က တကယ်ကို မြန်လွန်းတယ်'
[လခွမ်း... သူ တကယ်ပဲ ပုစဉ်းကို မကြောက်ဘူးဟ]
[ဒါ ဘယ်လို လက်ဝါးသိုင်း လဲ]
[ပုစဉ်း - ငါ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ သေသွားပြီ]
[လခွမ်း... မိုက်လှချည်လား]
[ဒီလူ... သိုင်းတတ်နေတာများလား]
ကွန်မန့်များ ချက်ချင်းပင် ပွက်လောညံသွားတော့သည်။
သို့သော် ဤသည်က အစသာ ရှိသေးပြီး ရွှီယန် နောက်သို့ လိုက်လာသည့် ပုစဉ်းက တစ်ကောင်တည်း မဟုတ်ချေ။ ဤကောင်များ၏ တိုက်ခိုက်လိုစိတ်က အလွန် ပြင်းထန်ပြီး ပစ်မှတ်ထားမိပြီ ဆိုပါက အသေအလဲ လိုက်တတ်ကြပေသည်။
မတတ်နိုင်ချေ။ ရွှီယန်လည်း ကိုယ်တိုင် အတုပ်မခံရစေရန် လုံးဝ သက်ညှာမနေတော့ပေ။
“ဖျန်း... ဖျန်း…”
သူက နှစ်ချက် ဆက်တိုက် ရိုက်ချလိုက်ပြီး ပုစဉ်း နှစ်ကောင်ကို ထပ်မံ ရိုက်ချလိုက်ပြန်၏။ ထို့နောက် ခြေဖြင့် နင်းသတ်လိုက်သည်။
ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ရွှီယန်က သတိထားသည့် အနေအထားဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲပင်။ ပုစဉ်းများ အနားကပ်လာသည်နှင့် သူ၏ ရိုက်ချက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ပုစဉ်းများက ပျားများကို တိုက်ခိုက်ခြင်းက အတိုင်းအတာ တစ်ခုအထိ နှိမ်နင်းခြင်း ဖြစ်သလို ရွှီယန်က ပုစဉ်းများကို တိုက်ခိုက်ခြင်းကလည်း အတိုင်းအတာ တစ်ခုအထိ နှိမ်နင်းခြင်းပင် ဖြစ်၏။
သာမန် ပုစဉ်းများက သူ့အနားသို့ လုံးဝ ကပ်နိုင်မည် မဟုတ်ချေ။ ပုစဉ်း အကောင်အတော်များများကို ရိုက်သတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်တွင် လိုက်ပါလာသူ မရှိတော့မှသာ ရွှီယန် သက်ပြင်းချလိုက်နိုင်တော့သည်။
"လန့်သွားတာပဲ... တကယ်လို့ အတုပ်ခံလိုက်ရရင် ဒုက္ခပဲ"
ရွှီယန်က ညည်းတွားလိုက်သည်။
သူ၏စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ အားလုံး စကားဆွံ့အသွားကြတော့သည်။
[လောင်ရွှီ... မင်း တကယ်ပဲ ပုစဉ်းကြောင့် လန့်သွားတာ သေချာရဲ့လား]
[ဒီပုစဉ်းတွေက သေရတာ အရမ်း သနားဖို့ ကောင်းတာပဲ]
[ပုစဉ်းရေ ပုစဉ်း... မင်းတို့ကလည်း ဘာလို့များ သူ့ကို သွားရစ်နေရတာလဲ]