အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) ဝက်ဝံမည်းတောင် သူ့ကို ဆက်ကြေးပေးရတယ်
တောအုပ်ထဲက မြင်ကွင်းက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ရွှီယန်က မြေကွက်လပ်ပေါ်တွင် ရပ်လျက် တောအုပ်ထဲမှ အခြေအနေကို အဝေးမှ လှမ်းကြည့်နေ၏။
ပျားအုံမှ ပျားလေးများမှာ ဤကဲ့သို့ ဘေးဒုက္ခကြီးနှင့် ကြုံတွေ့လိုက်ရသဖြင့် အသိုက်ဆောက်ရန် နေရာသစ် ပြန်ရှာရတော့မည် ဖြစ်သည်။
ဝက်ဝံမည်းက ပျားအုံဘေးတွင် ထိုင်ကာ ပျော်ရွှင်စွာဖြင့် အားပါးတရ စားသောက်နေဆဲပင်။
ထိုအချိန်တွင် ဝက်ဝံမည်းက ရွှီယန်ကို သတိထားမိသွားသည်။
ရွှီယန်နှင့် သိကျွမ်းနေသောကြောင့်ထင်သည် ၎င်းက ပျားအုံကို ကိုက်ချီကာ ရွှီယန်ရှိရာဘက်သို့ တန်းတန်းမတ်မတ် ပြေးလာခဲ့၏။
ဤသို့ လှုပ်ခါသွားသဖြင့် ပျားများနှင့် ပုစဉ်းများ ထပ်မံ ထွက်ပေါ်လာကြပြန်သည်။
"မလာနဲ့ဟေ့"
ရွှီယန်က လက်ကာပြရင်း ဝက်ဝံမည်းကို အကျယ်ကြီး လှမ်းအော်လိုက်သည်။
ဝီဝီဝီ မြည်နေသော ပျားများ၏ အသံက အတော်လေး ဆူညံနေသဖြင့် ဝက်ဝံမည်းက ရွှီယန် ဘာအော်နေသည်ကို သေချာ မကြားလိုက်ချေ။
သူက ရွှီယန်ဆီမှ လာခဲ့ ဟူသော အသံကိုသာ ကြားလိုက်ရသဖြင့် ပြေးလာသည့် ခြေလှမ်းများကို ပို၍ အရှိန်တင်လိုက်တော့သည်။
ဝက်ဝံမည်း၏ အရှိန်က အလွန် မြန်ဆန်လှသည်။
ရွှီယန်လည်း အနောက်သို့ ခြေလှမ်းအနည်းငယ် ဆက်တိုက် ပြေးသွားရ၏။
ဤကောင်ကြီးက ပုစဉ်းများကို သူ့ဆီ ခေါ်လာမည်ကို သူ အလွန် စိုးရိမ်နေသည်။
မည်သို့ပင်ဖြစ်စေ ဝက်ဝံဖြစ်ရာ ကာကွယ်နိုင်စွမ်းက တကယ်ကို ထူထဲလှသည်။ ပုစဉ်းများ၏ အဆိပ်ဆူးက ထိုမျှလောက် ရှည်လျားသော်လည်း သူက သိပ်မကြောက်ချေ။
သိပ်မကြာခင်မှာပင် ဝက်ဝံမည်းက ရွှီယန်၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီး အကွာအဝေးမှာ ရှစ်မီတာ ကိုးမီတာခန့်သာ ရှိတော့သည်။ ဝက်ဝံမည်း၏ မျက်နှာကြီး သိသိသာသာ ယောင်ကိုင်းနေသည်ကို ရွှီယန် မြင်လိုက်ရ၏။
အထဲရှိ ပျားများနှင့် ပုစဉ်းများမှာ အကုန်နီးပါး ပျံထွက်သွားကြပြီဖြစ်ပြီး ပျားအုံအလွတ် တစ်ခုသာ ကျန်ရှိတော့သည်။
ရွှီယန်က နေရာမှာပင် ရပ်တန့်ကာ ပုစဉ်းများ လာမည်ကို သတိထားနေလိုက်သည်။
ထိုအချိန်တွင် ဝက်ဝံမည်းက ပျားအုံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လက်သည်းဖြင့် တစ်ချက် ကုတ်ခြစ်လိုက်ရာ ပျားအုံ တစ်ဝက်ခန့် ပွင့်ထွက်သွားသည်ကို တွေ့လိုက်ရ၏။
ခဏချင်းမှာပင် ဝါဝင်းနေသော ပျားရည်များ စီးကျလာတော့သည်။
တောပျားအုံမှ ပျားရည်များက ထိပ်တန်း အဆင့်မီ ပစ္စည်းများ ဖြစ်ပြီး ဤကဲ့သို့ ပျားရည်မျိုးကို တွေ့မြင်ရန် အလွန် ခက်ခဲကာ အနည်းဆုံးတော့ ဈေးကွက်ထဲတွင် မတွေ့နိုင်ပေ။
ဤသည်က တောတောင်ထဲတွင်သာ ရှိသော သီးသန့် အရသာပင် ဖြစ်သည်။
အရသာ ကောင်းမွန်မှုမှာ သာမန် ပျားရည်များထက် မည်မျှလောက် ပို၍ ကောင်းမွန်မှန်းပင် မသိနိုင်ချေ။
ရွှီယန်က အရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွားလိုက်ရာ လေထုထဲမှ မွှေးပျံ့ချိုမြိန်သော အနံ့ကိုပင် ရရှိလိုက်၏။
ရွှီယန်လည်း ဤကဲ့သို့ ပျားရည်မျိုးကို မမြင်ဖူးခဲ့ပေ။ ဤအရာက ကောင်းသည်ဟုသာ သိထားသော်လည်း ပုံမှန် အခြေအနေမျိုးတွင်တော့ သွားရောက် ခူးယူရန် နည်းလမ်း မရှိချေ။
ထို့အပြင် ပျားများက အလွန် များပြားသဖြင့် သူ့ကိုယ်ပေါ်သို့ ပျားများ တက်လာမည်ကို ကြောက်ရွံ့သောကြောင့် ပျားအုံကို မြင်လျှင်တောင် ခူးယူမည် မဟုတ်ပေ။
ဤမြင်ကွင်းကို ဒရုန်းက ရိုက်ကူးထားမိသည်။
ပျားရည်များက အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့၏။
[လခွမ်း... အဲဒါ တောရိုင်း ပျားရည် အစစ်ပဲ... အာဟာရတန်ဖိုး အရမ်း မြင့်ပြီး ဈေးကွက်ထဲက ပျားရည်တွေထက် အများကြီး ပိုကောင်းတယ်လို့ ကြားဖူးတယ်]
[ဒီပျားရည် ကြည့်ရတာ တော်တော် မိုက်တာပဲ... ငါ ရေနွေးဖျော်သောက်ဖို့ နည်းနည်းလောက် ဝယ်လို့ ရမလား]
[လောင်ရွှီ... ဒီပျားရည်ကို ငါ ဝယ်တယ်ကွာ]
[ဝက်ဝံမည်းက ပျားရည်ကို လောင်ရွှီ့ ဆီ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးတာလား... ဒီလောက်တောင် လိမ္မာတာလား]
အားလုံးက အသီးသီး ဆွေးနွေးနေကြသည်။
ဝက်ဝံမည်း၏ ရည်ရွယ်ချက်ကို ရွှီယန် ရိပ်မိသွားပြီး စိတ်ဝင်စားသွားတော့သည်။ သူက ကျောပိုးအိတ်ထဲမှ အားဖြည့်အချိုရည် တစ်ပုလင်းကို ထုတ်ယူလိုက်၏။ မူလက တောင်ထဲဝင်ရာတွင် ခွန်အားဖြည့်ရန် ယူလာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ ပျားရည် ထည့်ရန် အနေတော်ပင် ဖြစ်သွားသည်။
"တောပျားအုံက ပျားရည်လေ... အရသာ အရမ်းကောင်းတယ်လို့ ကြားဖူးတယ်... ဒါပေမယ့် တွေ့ရခဲတယ်"
"ဝက်ဝံမည်းက ငါ့ကို သဘောကျလို့ ကိုယ်တိုင်ကိုယ်ကျ ပေးနေမှတော့ နည်းနည်းလောက် ခပ်ယူလိုက်မယ်"
ရွှီယန်က ပုလင်းအဖုံးကို ဖွင့်ကာ အချိုရည်များကို အဝသောက်လိုက်ပြီး ကျန်သည်များကို မြေပြင်ပေါ်သို့ သွန်ချကာ ပုလင်းလွတ် ဖြစ်အောင် လုပ်လိုက်သည်။
ထို့နောက် ရွှီယန်က ပျားအုံဘေးသို့ လျှောက်သွားကာ သန့်ရှင်းသော ဓားငယ်တစ်လက်ကို ထုတ်ယူပြီး ပျားရည်များကို ခပ်၍ ပုလင်းထဲသို့ စတင် ထည့်သွင်းတော့၏။
ဝက်ဝံမည်းက ဘေးတွင် ထိုင်ကြည့်နေပြီး တုံးအအ အပြုံးလေးကိုပင် ပြသနေသေးသည်။
ဤအချိန်တွင် ရွှီယန်၏ လိုက်ဖ်ကို ယခုမှ စတင် ကြည့်ရှုသူ အများအပြား ရှိနေသည်။
လိုက်ဖ် မြင်ကွင်းကို မြင်သည်နှင့် အားလုံး မှင်တက်သွားကြတော့၏။
'လခွမ်း... ဒါက ဘယ်လို အခြေအနေကြီးလဲ... လောင်ရွှီ တစ်ယောက် ဘာတွေ လုပ်နေပြန်ပြီလဲ'
လိုက်ဖ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ လိုက်ဖ်မှာ စည်ကားနေဆဲဖြစ်ပြီး ကွန်မန့်များက အဆက်မပြတ် တက်လာနေသည်။ ထပ်မံ မေးမြန်းကြည့်တော့မှ ဝက်ဝံမည်းက ပျားရည်ကို ရွှီယန်ထံ ကိုယ်တိုင် လာပေးခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။
[ဘာ... ဝက်ဝံမည်းက သူ့ကို ပျားရည် လာပေးတာလား... သေချာလို့လား]
[လောင်ရွှီ က ဒီလို ကိစ္စမျိုး လုပ်တာ ပုံမှန်ပဲ မဟုတ်ဘူးလား]
[အစ်ကိုယန်... မင်းကို ငါ တကယ် လက်မြှောက် အရှုံးပေးလိုက်ပြီ]
[ဒီဝက်ဝံမည်းက ဆက်ကြေးပေးရမယ် ဆိုတာကိုတောင် နားလည်နေတာလား]
[ဟားဟားဟား... လောင်ရွှီ က ဆက်ကြေး လာကောက်နေသလိုပဲ]
ရွှီယန်က ပျားရည်များကို အချိုရည် ပုလင်းထဲသို့ အကုန် ခပ်ထည့်လိုက်ရာ ပုလင်းတစ်ဝက်ကျော်ခန့် ရရှိသွားသည်။
ဤပျားရည်များက အလွန် သန့်ရှင်းသော ပျားရည်များဖြစ်ရာ အိမ်ပြန်ရောက်လျှင် ရေနွေးဖျော်၍ တိုက်ရိုက် သောက်သုံးနိုင်ပေသည်။ သေချာပေါက် အစားအသောက်များ ပြုလုပ်ရာတွင်လည်း အသုံးပြု၍ ရ၏။
လတ်ဆတ်သော ပျားရည်အနံ့ကို ရသောအခါ ရွှီယန်၏ စိတ်ထဲတွင် ဘဲကင် ပြုလုပ်ရန် နည်းလမ်းများကိုပင် တွက်ချက်နေမိပြီ ဖြစ်သည်။
ယခင်က ရွှီယန် ကြေးဝါရောင် ဘဲလေးများ၏ ချစ်ခင်မှု ဆုလာဘ်ကို ရရှိစဉ်က ဘဲသား ချက်ပြုတ်နည်း အချို့ကို ရရှိခဲ့ဖူးသည်။ တွေးကြည့်လိုက်တော့ ဘဲကင် မစားရသည်မှာလည်း အတော်ကြာပြီ ဖြစ်၏။ အိမ်ပြန်ရောက်လျှင် တစ်နပ်လောက်တော့ လုပ်စားမှ ရမည်။
ရွှီယန်က ပုလင်းအဖုံးကို ကျပ်နေအောင် ပိတ်လိုက်ပြီး မတ်တပ်ရပ်ကာ စိုစွတ်သော တစ်ရှူးဖြင့် ပုလင်းအဖုံးရှိ ပျားရည်များကို သန့်ရှင်းအောင် သုတ်လိုက်ပြီးနောက် ပုလင်းကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
"ဒီပျားရည်တွေက တော်တော် ကောင်းတာပဲ... ဘဲကင် လုပ်စားဖို့ အတော်ပဲ"
"ပျားရည်နဲ့ အရေခွံကြွပ် ရည် လုပ်ပြီး ဘဲကင်ရဲ့ တစ်ကိုယ်လုံးကို သုတ်လိမ်းလိုက်မယ်... ပြီးမှ ကင်လိုက်မယ်လေ"
"ဘဲသားက မွှေးပြီး ကြွပ်ရွနေမှာပဲ... အချိုအရသာလေးလည်း ပါမှာလေ"
"ပြီးရင် မုန့်ပြားပါးလေး ယူပြီး ဘဲသားကို ဆော့စ် နည်းနည်း တို့ပြီး အထဲ ထည့်လိုက်မယ်... ကြက်သွန်မြိတ်လေးတွေရယ် သခွားသီးလေးတွေရယ် ထည့်လိုက်မယ်"
"တစ်ကိုက် ကိုက်လိုက်ရင်တော့ ခံစားချက်က တကယ် ရှယ်ပဲ"
ရွှီယန်က အစားအသောက် ဘက်တွင်လည်း တော်တော်လေး လေ့လာထားပေသည်။ မည်သို့ပင်ဆိုစေ နေ့တိုင်း ဘာအလုပ်မှ သိပ်မရှိဘဲ အလွန် အားလပ်နေသည် မဟုတ်ပါလား။
"ကဲ... မင်း ဆက်စားတော့... သဘောကောင်းပြီး ငါ့ကိုတောင် ပျားရည် လာပေးသေးတယ်"
"လိမ္မာလိုက်တာ"
"နောက်ကျရင် မင်းစားဖို့ ငါးဖမ်းပေးမယ်ကွာ"
ရွှီယန်က ဝက်ဝံမည်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်ပြန်သည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသဖြင့် ကွန်မန့်များ ချက်ချင်း စည်ကားသွားတော့၏။
[လောင်ရွှီ ကတော့ တောင်ထဲက အမှောင်လောက ဂိုဏ်းစတားကြီး ဖြစ်နေပြီ... ဝက်ဝံမည်း တောင် သူ့ကို ဆက်ကြေး ပေးနေရတယ်]
[ဝက်ဝံ လာရင်တောင် ပျားရည်ကို ထုတ်ပေးရတယ်ပေါ့]
အားလုံးက နောက်ပြောင်နေကြသည်။ ဝက်ဝံမည်းက သူ့ကို ကိုယ်တိုင် လာပေးခြင်းမှန်း သိကြသော်လည်း ဤမြင်ကွင်းက ကြည့်ရသည်မှာ စိတ်ဝင်စားဖို့ ကောင်းနေသည် မဟုတ်ပါလား။
ကွန်မန့်များကို မြင်သောအခါ ရွှီယန်က ပြုံး၍ ပြန်ပြောလိုက်သည်။
"အားလုံးပဲ မြင်တဲ့အတိုင်းပါပဲ... ဝက်ဝံမည်း က သူ့ဘာသာ လာပေးတာပါ... ကျွန်တော် တောင်းတာ မဟုတ်ပါဘူးနော်"
"ဒီနေ့က သူ့ကို လာကြည့်တာ သက်သက်ပါပဲ... မထင်မှတ်ထားဘဲ အပိုဆု ရသွားတာလေ"
ရွှီယန်က ကျောပိုးအိတ်ထဲမှ ပြင်ဆင်လာသော အသားခြောက်များကို ထုတ်ယူလိုက်ပြီး ဝက်ဝံမည်းထံသို့ ကမ်းပေးလိုက်သည်။
ဝက်ဝံမည်းက အသားခြောက်များကို မြင်သည်နှင့် ချက်ချင်းပင် ပျော်ရွှင်စွာ စားသောက်တော့၏။
ဤကောင်ကြီးက တုံးအအ နိုင်သော်လည်း တော်တော်လေး လည်ပေသည်။ ရွှီယန်နှင့် အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် သူက ရွှီယန် နောက်လိုက်လျှင် စားစရာ ကောင်းကောင်း ရနိုင်ကြောင်း သိရှိသွားပြီ ဖြစ်၏။
ဆက်ဆံရေး ကောင်းအောင် လုပ်ထားရမည်ပေါ့။ မည်သို့ပင်ဖြစ်စေ အစပိုင်း မိန်းမရှာပေးသည်မှ အစပြု၍ ဆောင်းခိုချိန်တွင် ငါးလာကျွေးသည် အထိ ဝက်ဝံမည်းက မှတ်မိနေသေးသည်။
ဤဝက်ဝံမည်းကြီးက သတ္တိလည်း သိပ်မကောင်းသလို မကြမ်းတမ်းဘဲ တုံးအအ ပုံစံမျိုး ဖြစ်နေသဖြင့် ရွှီယန်က ၎င်း၏ပုံစံကို ကြည့်ကာ စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်မိ၏။
ယခင်က ဆွန်ဝူခုန်း (မျောက်မင်း) နတ်ဆိုးများကို နှိမ်နင်းစဉ် အခြား နတ်ဆိုးများကို အပြင်းအထန် ဆဲဆိုတတ်သော်လည်း ဝက်ဝံမည်း နတ်ဆိုးကိုတော့ သူ သဘောကျပြီး ဝက်ဝံမည်း နတ်ဆိုးက မည်းမည်းနဲ့ ချောတယ် ဟုပင် ပြောခဲ့သေးသကဲ့သို့ပင်။
ဝက်ဝံမည်းက ရုပ်ရည် သိပ်မချောဘဲ အနည်းငယ် ရှုပ်ယှက်ခတ်နေသော်လည်း မျက်နှာအမူအရာက တုံးအအလေး ဖြစ်နေသဖြင့် လူချစ်လူခင် ပေါများနေခြင်း ဖြစ်သည်။
ရွှီယန်က ဘေးမှနေ၍ ၎င်း ပျားရည် စားနေသည်ကို ကြည့်နေလိုက်၏။ ဝက်ဝံမည်း ပျားရည်စားသည်ကို ကြည့်ရခြင်းကလည်း အတော်လေး စိတ်အပန်းပြေစေသည်။
သူက လက်သည်းများဖြင့် ပျားရည်ထဲသို့ နှိုက်ကာ ပါးစပ်ထဲသို့ သွင်းလိုက်ပြီးနောက် ပျော်ရွှင်စွာ စားသောက်နေပြီး မျက်နှာ တစ်ပြင်လုံး၌လည်း ပျော်ရွှင်နေသည့် အမူအရာများ အပြည့်ပင်။ ကြည့်ရသည်မှာ တုံးအအလေး ဖြစ်နေသည်။
ယနေ့ ဘာအလုပ်မှ မရှိသဖြင့် ဝက်ဝံမည်းနှင့် လာဆော့ကစားခြင်း ဖြစ်သည်။ အချိန်အနေတော် ရောက်သောအခါ ရွှီယန်က ဝက်ဝံမည်းကို လက်လှမ်းပြ နှုတ်ဆက်လိုက်ပြီး လယ်ယာခြံဝင်းဆီသို့ ပြန်လာခဲ့တော့၏။
တောင်အောက်ဆင်းရန်လည်း နာရီအတော်ကြာ ကြာဦးမည် ဖြစ်သည်။
ရဟတ်ယာဉ် တစ်စီးလောက် ရှိလျှင် ကောင်းမည်ဟု သူ တွေးလိုက်မိ၏။ တောင်ထဲတွင် ရဟတ်ယာဉ် ကွင်း တစ်ခု ရှာပြီး နောက်ပိုင်း ရဟတ်ယာဉ် မောင်းကာ တောင်ထဲဝင်၍ တိရစ္ဆာန်များကို ကြည့်ရှုရမည်ပေါ့။
တိရစ္ဆာန်များကို ကြည့်ရှုပြီးသောအခါ ရဟတ်ယာဉ် မောင်း၍ ပြန်သွားမည်။ အနည်းဆုံးတော့ အသွားအပြန် သုံးလေးနာရီလောက် ခရီးစဉ် အချိန်ကို သက်သာစေမည် မဟုတ်ပါလား။
သို့သော် ယခုတော့ ရွှီယန်က တွေးကြည့်ရုံ သက်သက်သာ ဖြစ်ပြီး သူ၏ လက်ရှိ ငွေကြေးအင်အားဖြင့် တတ်နိုင်မည့် အရာ မဟုတ်သေးချေ။ တကယ်တမ်းတွင် ယခုအခါ အနိမ့်ပျံ ရဟတ်ယာဉ်များက သိပ်ပြီး ရှားပါးသည့် ကိစ္စ မဟုတ်တော့ပေ။ တောင်ပိုင်းမှ သူဌေး အချို့ဆိုလျှင် နေ့တိုင်း ရဟတ်ယာဉ် စီး၍ ရုံးတက်ကြပြီး သွားလာရေး အချိန်ကို အထူး ကောင်းမွန်စေသည်။
ထို့နောက် လိုက်ဖ် ပိတ်လိုက်ပြီး ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ သူက လယ်ယာခြံဝင်း အပြင်ဘက်သို့ ရောက်ရှိလာပြီး အပြင်ဘက် ခြံစည်းရိုး အတိုင်း လှမ်းကြည့်လိုက်ရာ တိရစ္ဆာန်များ အားလုံး လယ်ကွင်းထဲတွင် ဆော့ကစားနေကြသည်ကို တွေ့လိုက်ရ၏။
ခွေးသုံးကောင်က နေကြာခင်းထဲတွင် လျှောက်လည်နေကြပြီး မြေခွေးလေး အချို့က မြက်ခင်းပြင်တွင် လူးလှိမ့် ဆော့ကစားနေကြကာ မြင်းနက်ကြီးက မြက်ခင်း ဧရိယာတွင် ခေါင်းငုံ့၍ မြက်စားနေပြီး သမင်လေးကတော့ မြေကွက်လပ်တွင် ငေးမောနေသည်။
နေဝင်ဆည်းဆာ အချိန်ဖြစ်ပြီး ရာသီဥတုလည်း ကောင်းမွန်သဖြင့် အကောင်လေးများ အားလုံး အထူး တက်ကြွနေကြ၏။ ပျော်ရွှင်ဖွယ် လယ်ယာခြံဝင်းလေးက ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုးကို လိုချင်နေခြင်းပင် ဖြစ်သည်။
ရွှီယန် ပေါ်လာသောအခါ ရှောင်ဟေးက ပထမဆုံး တွေ့သွားပြီး ခြံစည်းရိုးဘေးသို့ ချက်ချင်း ပြေးလာကာ ခြံစည်းရိုးကို ခြားလျက် ရွှီယန်ဆီသို့ အမြီးလှုပ်ပြပြီး ပျော်ရွှင်စွာ နှစ်ခွန်းခန့် ဟောင်လိုက်သည်။ မာလီနွိုက်ခွေး နှင့် ရှောင်ဟား တို့လည်း ရောက်လာကြ၏။
မြင်းနက်ကြီး နှင့် သမင်လေး တို့လည်း နောက်မှ လိုက်ပါလာကြသည်။
မြေခွေးလေးများက လှုပ်ရှားသံများကို ကြားသောအခါ ဆော့ကစားနေသည်ကို ရပ်တန့်လိုက်ပြီး ခေါင်းလေးများ စောင်းကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ရွှီယန် ဖြစ်နေသည်ကို မြင်သောအခါ သူတို့က အောက်ခြေရှိ အပေါက်များမှတစ်ဆင့် ချက်ချင်း တိုးထွက်လာကြပြီး ရွှီယန် ရှိရာဘက်သို့ တိုက်ရိုက် ပြေးလာကြတော့သည်။ ဤကောင်လေးများ အခင်တွယ်ဆုံးက ရွှီယန်ပင် ဖြစ်၏။
ရွှီယန်က မြေခွေးလေးများ ပြေးထွက်လာသည်ကို မြင်သောအခါ ထိုင်ချကာ သူတို့ကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူက ခြံစည်းရိုးအတိုင်း အနောက်သို့ လျှောက်သွားပြီး ထောင့်ချိုးသို့ ရောက်သောအခါ သော့ထုတ်၍ တံခါးကို ဖွင့်ကာ ဝင်သွားလိုက်၏။
အကောင်လေးများက အသီးသီး ဝိုင်းရံလာကြတော့သည်။
ရွှီယန်က မျက်နှာမလိုက်ဘဲ ဒီတစ်ကောင်ကို ပွတ်သပ်လိုက် ဟိုတစ်ကောင်ကို ပွတ်သပ်လိုက်ဖြင့် အကုန်လုံးကို အကြမ်းဖျင်း ပွတ်သပ်ပေးလိုက်ပြီး လူနေဆောင် ဧရိယာဘက်သို့ လျှောက်သွားလိုက်သည်။
ဝန်ထမ်းများက မှန်လုံအိမ် နှင့် တိရစ္ဆာန်ခြံ များထဲတွင် အလုပ်ရှုပ်နေကြ၏။ ဤမြင်ကွင်းကို အားလုံးက အသားကျနေကြပြီ ဖြစ်သည်။
မာဝန်က တိရစ္ဆာန်ခြံ များကို ရှင်းလင်းနေသည်။ ယခုအခါ မွေးမြူရေး လုပ်ငန်းက အတော်လေး ပေါ့ပါးနေသဖြင့် ရွှီယန်က သိုး အချို့ မွေးရန် ရည်ရွယ်ထားပြီး မာဝန် ကို သိုးခြံ တစ်ခု ရှင်းလင်းခိုင်းထားခြင်း ဖြစ်၏။
အများကြီးတော့ မဟုတ်ဘဲ အကောင် နှစ်ဆယ်ခန့် မွေးရန် ရည်ရွယ်ထားသည်။ သိုးခြံ တစ်ခြံဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
နှစ်ကုန်ပိုင်း ရောက်လျှင် အမြတ် အနည်းငယ် ထပ်ရနိုင်မည် မဟုတ်ပါလား။ ထို့အပြင် ကိုယ်တိုင် စားရန်လည်း အဆင်ပြေပေသည်။
"ခြံပိုင်ရှင် ပြန်ရောက်လာပြီ"
မာဝန်က ဘေးတွင် အနားယူနေသော ဝမ်ဝူကို ပြောလိုက်သည်။
"ပြန်ရောက်ပြီလား"
ရွှီယန် ပြန်ရောက်လာပြီဟု ကြားသည်နှင့် ဝမ်ဝူက ချက်ချင်းပင် အလုပ်တစ်ခုခု ရှာလုပ်ကာ အလုပ်ရှုပ်ချင်ယောင် ဆောင်နေတော့၏။
တမင်တကာ သရုပ်ဆောင်နေခြင်းတော့ မဟုတ်ဘဲ ခေါင်းဆောင် အရှေ့တွင် အလုပ်လုပ်နေသည့် ပုံစံမျိုး ပြသနိုင်ခြင်းက ပျင်းရိနေသည့် ပုံစံ ပြသခြင်းထက်တော့ သေချာပေါက် ပိုကောင်းပေသည်။ နေရာသိတတ်သည် ဟုလည်း ထင်ရစေသည် မဟုတ်ပါလား။
ရွှီယန်ကတော့ ဤအရာများကို သိပ်ဂရုမစိုက်ချေ။
မည်သို့ပင်ဆိုစေ အားလုံးက မည်သို့သော သူများလဲဆိုသည်ကို အချိန်အတော်ကြာ အတူတကွ နေထိုင်လာခဲ့သဖြင့် သူ အကုန် သိရှိထားပြီး ဖြစ်၏။ ဝန်ထမ်းများက အလုပ်လုပ်ရာတွင် အတော်လေး ကြိုးစားကြပေသည်။