အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅) မထင်မှတ်ဘဲ ပြန်ရောက်လာသော မြေခွေးနှင့် ပရော်ဖက်ရှင်နယ်ဆန်သော ဆေးကုသမှု
လယ်ယာခြံဝင်း၏ ဘဝမှာ အလုပ်များလှသော်လည်း စိတ်ဖိစီးမှု နည်းပါးသဖြင့် အားလုံးက အမြဲတမ်း တက်ကြွနေကြသည်။
တစ်ယောက်ချင်းစီ၏ ဆံပင်များကလည်း ထူထပ်နေပြီး ကိုးဆယ်ကျော် ခုနှစ်များ၏ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေသည်။
ယနေ့ နံနက်ပိုင်းက မိုးအုံ့နေသည်။ ရာသီဥတု ကောင်းမွန်နေခိုက် အားလုံး အတူတကွ လယ်ကွင်းထဲသို့ သွားရောက်ကာ ပေါင်းသင် ပိုးသတ်ခြင်းများကို ပြုလုပ်ကြ၏။
အလုပ်များနေကြသော်လည်း အလုပ်ပြီးစီးမှုကလည်း မြန်ဆန်လှသည်။
လူနေဆောင် ဧရိယာဘက်တွင်တော့ ဆောက်လုပ်ရေး အဖွဲ့က ရောက်ရှိနေပြီဖြစ်ပြီး ရေနုတ်မြောင်းများနှင့် မိလ္လာကန်များကို တပ်ဆင်နေကြသည်။
ဤသည်က အသေးစား စီမံကိန်းတော့ မဟုတ်ချေ။ အချိန် အတန်ကြာအောင် ဆောက်လုပ်ရဦးမည် ဖြစ်သည်။
ခွေးများက အစပိုင်းတွင် ဤဆောက်လုပ်ရေး အလုပ်သမားများကို ဆန္ဒပြနေကြသေးသည်။ သို့သော် ရွှီယန်က သူတို့ကို အနည်းငယ် ဆူပူလိုက်သောအခါ ခွေးများလည်း ငြိမ်သက်သွားကြတော့၏။
နံနက်ပိုင်းတွင် မြေတူးစက်က မြေစတင် တူးဆွတော့ရာ ရွာသား အချို့က ဤဘက်သို့ ပွဲလာကြည့်ကြသည်။
"သူဌေးလေးရွှီက ဘာတွေ လုပ်နေပြန်ပြီလဲ မသိဘူး... အကြီးအကျယ်ပဲ"
"ဘာတွေ ထပ်ဆောက်မလို့လဲ"
"အခုဆို ရွာမှာ သူက အချမ်းသာဆုံး မဟုတ်ဘူးလား"
"ဒါပေါ့... ဒီလယ်ယာခြံဝင်းက ယွမ်သန်းချီ တန်တယ်လို့ ကြားတယ်"
ရွာသားများက အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။
ရွှီယန်၏ လယ်ယာခြံဝင်းက ရွာနှင့် အနည်းငယ် အလှမ်းဝေးသည်။ သူက ပုံမှန်အားဖြင့် ရွာသားများနှင့် သိပ်ပြီး မဆက်ဆံသဖြင့် အနီးအနား ပတ်ဝန်းကျင်က တော်တော်လေး တိတ်ဆိတ်ပေသည်။
သို့သော် သူ၏ နာမည်ကျော်ကြားမှုကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ရွာတွင်သာမက မြို့နယ်နှင့် ခရိုင် ထဲတွင်ပင် လူအများအပြားက သူ့အကြောင်းကို ပြောဆိုနေကြ၏။
ခရိုင် ရုပ်သံလိုင်း ကပင် သူ့ကို အင်တာဗျူးရန် အကြိမ်ကြိမ် လာရောက်ခဲ့သေးသည်။ တစ်ခါက မြို့နယ် ခရီးသွားလာရေး ကြော်ငြာ လှုပ်ရှားမှု ရှိရာ သူ့ကို လာရောက် ပါဝင်ရန် ခေါ်ယူခဲ့သည်။
မြို့နယ်က ရွှီယန်ကို ပေးအပ်ထားသော နာမည်က အောင်မြင်သည့် လူငယ် စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် ဟူ၍ ဖြစ်သည်။
ထိုနာမည်ကို ရွှီယန်က လက်ကာပြကာ ငြင်းဆိုခဲ့ပြီး သူ၏ ဤလယ်ယာခြံဝင်း သေးသေးလေးက အခုမှ စတင်ရုံသာ ရှိသေးပြီး ဘာမျှ မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။
မွန်းလွဲပိုင်း ရောက်သောအခါ ကောင်းကင်က အနည်းငယ် အုံ့မှိုင်းနေဆဲပင်။ ဝန်ထမ်းများက မှန်လုံအိမ် ထဲသို့ သွားရောက်ကာ အလုပ်ရှုပ်နေကြပြန်သည်။
ရွှီယန်က လယ်ယာခြံဝင်း၏ မြေကွက်လပ်တွင် အားလပ်နေသဖြင့် လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်များ၏ နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်နေ၏။
နာမည်ကျော်ကြားမှု ရမှတ်က သန်းဂဏန်း ပြည့်ရန် အနည်းငယ်သာ လိုတော့သည်။ ခဏမျှ လိုက်ဖ်လွှင့်လိုက်ခြင်းကလည်း ကောင်းမွန်ပေသည်။
ဒရုန်းက အပေါ်သို့ တက်သွားပြီး ရင်းနှီးနေသော လယ်ယာခြံဝင်း မြင်ကွင်းက ကင်မရာထဲတွင် ပေါ်လာသည်။
မြေပြင်ပေါ်တွင် မြေခွေးလေး လေးကောင် ချွဲနွဲ့နေသည်ကို မြင်တွေ့လိုက်ရ၏။
ကောင်လေး လေးကောင်လုံးက ခန္ဓာကိုယ် သေးသေးလေးများနှင့် ခေါင်းကြီးကြီး ဖြစ်နေကာ အလွန်ကို ချစ်စရာ ကောင်းနေသည်။ ရုပ်ရည်က သူတို့ မိဘများထက်ပင် မည်မျှလောက် ပို၍ လှပနေမှန်း မသိနိုင်ချေ။
တကယ်တော့ သူတို့ မိဘများ ငယ်ရွယ်စဉ်ကလည်း ဤမျှလောက် ချစ်စရာ ကောင်းခဲ့သည်သာ။ မည်သူကများ ငယ်ရွယ်သော အချိန် မရှိခဲ့ဖူးပါသနည်း။ ကြီးလာလျှင်တော့ ငယ်ငယ်တုန်းကလောက် ချစ်စရာ မကောင်းတော့ပေ။
ရွှီယန်က မြေခွေးလေးများကို လိုက်ဖ်လွှင့်ပြီး နာမည်ကျော်ကြားမှု ရမှတ်များ ရှာဖွေရန် ရည်ရွယ်ထားသည်။ ယခုအခါ သူက လူကြည့်များနေသဖြင့် နာမည်ကျော်ကြားမှု ရမှတ် ရှာဖွေရသည်မှာ အလွန် လွယ်ကူလှ၏။
ပရိသတ်များက လိုက်ဖ်ထဲတွင် အသီးသီး နှုတ်ဆက်ကြပြီး မြင်ကွင်းက ယခင်အတိုင်းပင် စည်ကားနေသည်။ အားလုံးက ချစ်စရာကောင်းသော မြေခွေးလေးများကို မြင်သောအခါ အလွန် သဘောကျသွားကြတော့သည်။
[ဒီမြေခွေးလေးတွေက အရမ်း ချစ်စရာကောင်းတာပဲ... သွားကိုင်ချင်လိုက်တာ]
[အရမ်း ချစ်စရာကောင်းလွန်းလို့ မခံနိုင်တော့ဘူး]
[အစ်ကိုယန်ရဲ့ နေ့စဉ်ဘဝကို အားကျလိုက်တာ]
ရွှီယန်က သူ့အရှေ့ရှိ မြေခွေးလေးများကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒီလေးကောင်က လယ်ယာခြံဝင်းမှာ ကြီးလာလို့လား မသိဘူး... သူတို့က လယ်ယာခြံဝင်းထဲမှာ လှုပ်ရှားရတာကို ပိုသဘောကျကြတယ်"
"သူတို့ မိဘတွေလို တောင်ထဲကို ပြေးလွှားနေရတာကို မကြိုက်ကြဘူးလေ"
"ဒီရက်ပိုင်း သူတို့ မိဘတွေ မလာတာ ရက်အတော်ကြာပြီ... ကလေးတွေကို လယ်ယာခြံဝင်းမှာ ထားခဲ့ပြီး ဂရုမစိုက်ကြတော့ဘူး"
ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ပြန်လည် တုံ့ပြန်ကြ၏။
[ဟားဟားဟား... မင်း ရှိနေတော့ သူတို့ ပြန်မလာတာ ပုံမှန်ပဲပေါ့]
[မြေခွေးအမကြီးက... ငါ့ကိုတောင် သူပဲ မွေးလာခဲ့တာ... ကလေးတွေကို သူ့ဆီထားခဲ့တာ စိတ်ချရတာပေါ့... လို့ တွေးနေလောက်တယ်]
[လောင်ရွှီ... မင်းက အချိန်ပြည့် ကလေးထိန်းကြီး ဖြစ်နေပြီပဲ]
[ဘယ်တိရစ္ဆာန်ကများ မင်းကို မယုံကြည်ဘဲ နေမှာလဲ]
မြေခွေးလေးများက ရွှီယန်၏ ခြေရင်းတွင် ခုန်ပေါက် ဆော့ကစားနေကြသည်။
ရွှီယန် ထိုင်ချလိုက်ပြီး လက်လှမ်းလိုက်သည်နှင့် မြေခွေးလေး တစ်ကောင်က အမြန် ပြေးလာကာ ရွှီယန်၏ လက်ဖဝါးပေါ် ခေါင်းလေး လာပွတ်ပြီး ရွှီယန်ကို အတင်း ပွတ်သပ်ခိုင်းတော့၏။
ရွှီယန်က ၎င်းကို ပွတ်သပ်ပေးလိုက်သည်။
နောက်ထပ် မြေခွေးလေး တစ်ကောင်က ထိုအရာကို မြင်သောအခါ အမြန် ပြေးလာပြီး ပထမ မြေခွေးလေးကို ကိုယ်လုံးဖြင့် အနည်းငယ် တွန်းထုတ်ကာ ရွှီယန် ပွတ်သပ်ပေးသည်ကို ကိုယ်တိုင် ခံယူတော့သည်။
ပထမ မြေခွေးလေးက မကျေမနပ် ဖြစ်သွားပြီး ပြန်ပြေးလာသောကြောင့် ကောင်လေး နှစ်ကောင် ချက်ချင်း ပူးကပ်သွားကြ၏။
သူတို့ နှစ်ကောင် ဆော့ကစားနေကြစဉ် ကျန်သည့် မြေခွေးလေး နှစ်ကောင်လည်း ပြေးလာပြီး အလိုလို လှဲချကာ ဗိုက်လေးများ လန်ပြပြီး အလွန် ချစ်စရာကောင်းသော အီအီအီးအီး အသံလေးများ ထုတ်နေကြသည်။
အင်တာနက်သုံးစွဲသူများမှာ အားကျလွန်း၍ မျက်လုံးများပင် ပြူးသွားကြတော့သည်။
'ချစ်စရာကောင်းတဲ့ မြေခွေးလေးတွေက သူ့အရှေ့မှာ မျက်နှာသာပေးခံရဖို့ အပြိုင်အဆိုင် လုပ်နေကြတယ်ပေါ့... ဒီလို အခြေအနေကို ဘယ်ယောကျာ်းလေးကများ ခံနိုင်ရည် ရှိမှာလဲ'
ရွှီယန်က ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။ သူက လက်လှမ်းကာ ဒီကောင်လေးကို ပွတ်သပ်လိုက် ဟိုကောင်လေးကို ပွတ်သပ်လိုက်ဖြင့် အလွန် ကြည်နူးနေ၏။
ထိုအချိန်မှာပင် တိုက်ဆိုင်စွာဖြင့် အရွယ်ရောက်ပြီး မြေခွေးအထီး တစ်ကောင်က တောအုပ်ထဲမှနေ၍ ပြေးလာခဲ့သည်။
သူက ခြံစည်းရိုးအောက်မှ တိုးဝင်လာပြီး ရွှီယန်၏ အရှေ့သို့ တန်းတန်းမတ်မတ် ပြေးလာတော့၏။
မြေခွေးအထီးက အီအီအီးအီး ဟု အော်လိုက်သည်။ ဤတစ်ခေါက် အော်သံက အနည်းငယ် ထူးဆန်းနေပြီး တစ်ခုခုကို ပြောချင်နေသကဲ့သို့ပင်။
ရွှီယန်၏ အာရုံက သူ့ဆီသို့ ရောက်သွားပြီး ပြောလိုက်သည်။
"ဒီကောင် ဘယ်လိုဖြစ်လို့ ရုတ်တရက် ပြန်ပြေးလာတာလဲ... အော်သံကလည်း မမှန်ဘူး"
"ကိုယ်ပေါ်မှာ တစ်ခုခု ရှိနေသလိုပဲ"
ရွှီယန်က မြေခွေးအထီး၏ မျက်နှာအမူအရာ အနည်းငယ် နာကျင်နေသည်ကို မြင်လိုက်ရပြီး ခန္ဓာကိုယ်ကိုလည်း တစ်ချိန်လုံး ကုတ်ဖဲ့နေသေးကြောင်း သတိထားမိလိုက်သည်။
သူ၏စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက အဓိပ္ပာယ် ကောက်လွဲသွားကြ၏။
[တစ်ခုခု ရှိနေတယ်... မကောင်းဆိုးဝါး လား... မြေခွေး တွေမှာ နတ်ဝင်တတ်တယ်လို့ ကြားဖူးတယ်နော်]
[နတ်ပူးခံရတာ များလား... လောင်ရွှီ ကို နတ်ထုတ်ပေးဖို့ လာရှာတာလား]
[မင်းတို့တွေ စိတ်ကူးယဉ် ဝတ္ထုတွေ ဖတ်တာ များနေပြီ]
ထိုအချိန်တွင် ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ချက်ချင်း ရှင်းပြလိုက်သည်။
"မကောင်းဆိုးဝါး ဝင်တာ မဟုတ်ပါဘူး... ဓာတ်မတည့်တာ ဒါမှမဟုတ် ပိုးကောင် ကိုက်ခံရတာ ဖြစ်မယ်"
"သူ့ပုံစံကို ကြည့်ရတာ နည်းနည်း နေရခက်နေပုံပဲ"
ရွှီယန်က မြေခွေးအထီးကို ပွတ်သပ်ကာ လှဲနေရန် အချက်ပြလိုက်သည်။
မြေခွေးအထီးက ချက်ချင်း လှဲချလိုက်ပြီး ဖြူဖွေးသည့် ဗိုက်လေးကို လန်ပြလာ၏။
မြေခွေးလေးများက စုရုံးလာကြပြီး ဤမြင်ကွင်းကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ ထိုအထဲမှ မြေခွေးလေး တစ်ကောင်က နောက်ထပ် မြေခွေးလေး တစ်ကောင်၏ ခေါင်းကို အနောက်မှနေ၍ ဖက်ထားသေး၏။
မျက်လုံး သေးသေးလေး လေးစုံက စူးစိုက်ပြီး သေချာ ကြည့်နေကြသည်မှာ အလွန်ကို ချစ်စရာ ကောင်းလှပေသည်။
ရွှီယန် သတိထားမိသည်က မြေခွေး၏ အဖြူရောင် ဗိုက်အောက်ပိုင်းတွင် အမွေးများ အတော်များများ ကျွတ်နေပြီး အနီရောင် အစက်အပြောက် အချို့ ရှိနေသည်ကိုပင်။ သေချာ ကြည့်လိုက်သောအခါ အလွန် သေးငယ်သည့် အမည်းရောင် ပိုးကောင် အချို့ကို မြင်လိုက်ရသည်။
ဒရုန်း၏ ကင်မရာက ဤမြင်ကွင်းကို အလွန် ရှင်းလင်းပြတ်သားစွာ ရိုက်ကူးထားနိုင်သဖြင့် အားလုံး သဘောပေါက်သွားကြတော့သည်။
[တကယ်ပဲ ပိုးကောင် ကိုက်ခံထားရတာပဲ]
[အစ်ကိုယန် ရဲ့ အမြင်အာရုံကတော့ ပြောစရာ မလိုဘူး... ဒါကိုတောင် မြင်ရတယ်]
[ဒီအစွမ်းအစက တကယ်ကို မိုက်တာပဲ]
[ဘာလို့ ပိုးကောင်လေးတွေ ဒီလောက် အများကြီး ဖြစ်နေရတာလဲ... ကြည့်ရတာ သနားစရာလေး]
ထိုအချိန်တွင် ရွှီယန်၏ မျက်နှာက အနည်းငယ် တည်ကြက်သွား၏။
"မြေခွေး ဝဲပိုး ဖြစ်ရမယ်"
"မြေခွေး ရဲ့ အရေပြားပေါ်မှာ ပေါက်ဖွားတဲ့ ဝဲပိုး တွေလေ... ပြင်းထန်ရင် ဝဲနာ ဖြစ်လာနိုင်တယ်"
ရွှီယန်က ခန့်မှန်းလိုက်သည်။
ကံကောင်းစွာဖြင့် စောစောစီးစီး သိလိုက်ရသဖြင့် သိပ်မပြင်းထန်သေးချေ။ ဤမြေခွေးအထီးကလည်း လည်ပေသည်။
ထိုအချိန်တွင် မြေခွေးလေး လေးကောင်က အနားကပ်၍ ကြည့်ချင်နေကြသည်။
ရွှီယန်က အလျင်အမြန် လက်ကာပြလိုက်သည်။
"သွား သွား သွား... မင်းတို့ အနားမလာနဲ့... မင်းတို့ကို ကူးသွားဦးမယ်... ဟိုဘက်သွားဆော့ကြ"
ရွှီယန် ပြောလိုက်သည်နှင့် မြေခွေးလေးများ ချက်ချင်း စကားနားထောင်ကာ ပြေးထွက်သွားကြ၏။
ထို့နောက် ရွှီယန်က တိရစ္ဆာန်ဆရာဝန် ရှန်ကျန်းကော် ထံသို့ ဖုန်းဆက်လိုက်သည်။ ရှန်ကျန်းကော် က လယ်ယာခြံဝင်း၏ ပြင်ပ ဝန်ထမ်း ဖြစ်ပြီး ပုံမှန်အားဖြင့် ဤနေရာတွင် မရှိပေ။ အပတ်စဉ် ပုံမှန် လာရောက်လေ့ရှိသလို လိုအပ်ပါကလည်း လာရောက်တတ်သည်။ နှစ်ဖက်စလုံးက အဆင်ပြေကြ၏။
ရှန်ကျန်းကော် က ဤကိစ္စကို ကြားသောအခါ နာရီဝက်ခန့်ကြာလျှင် ရောက်မည်ဟု ပြောသည်။ အချိန် အနည်းငယ် လိုသေးပြီး မြေခွေးအထီး၏ အခြေအနေကလည်း အနည်းငယ် နေရခက်နေပုံရသဖြင့် ရွှီယန်က သူ့ဘာသာ အရင် ကုသပေးရန် ရည်ရွယ်လိုက်သည်။
သူက လယ်ယာခြံဝင်း၏ ပိုးသတ်ခန်း သို့ သွားရောက်ကာ လက်အိတ် စွပ်ပြီး ဆေးဘက်သုံး အရက်ပြန် အနည်းငယ် ယူ၍ မြေခွေးအထီးကို ပိုးကောင် ဖယ်ရှားပေးကာ ယားယံမှု သက်သာအောင် အရင် လုပ်ပေးရန် ပြင်ဆင်လိုက်၏။
ရွှီယန်က မြေခွေးအထီးကို ပွေ့ချီကာ စားပွဲပေါ် တင်၍ ပက်လက် လှန်ခိုင်းလိုက်သည်။ မြေခွေးအထီးက ရွှီယန်ကို အလွန် ယုံကြည်သဖြင့် လှဲချပြီးသည်နှင့် လုံးဝ မလှုပ်တော့ချေ။
ဤမြင်ကွင်းကို တိုက်ရိုက် လိုက်ဖ်လွှင့်နေသည်။ လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံး လာရောက်၍ ပွဲကြည့်နေကြ၏။
"ခြံပိုင်ရှင် ဘာလုပ်နေတာလဲ"
ဝမ်ဝူ က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မြေခွေးကို ဆေးကုပေးနေတာ... ပိုးဝင်သွားလို့ ထင်တယ်"
လီဆန်း က ပြန်ဖြေလိုက်၏။
"ပိုးဝင်တာ... ပိုးသတ်ပြီး ဆေးလိမ်းရမယ်"
မာဝန် က ဖြည့်စွက် ပြောလိုက်သည်။
ရွှီယန်က ညှပ်ဖြင့် ဂွမ်းလုံး တစ်လုံးကို ညှပ်ကာ အရက်ပြန်ထဲ နှစ်လိုက်ပြီး မြေခွေး၏ ဗိုက်ပေါ်တွင် ညင်သာစွာ လိမ်းပေးနေသည်ကို တွေ့လိုက်ရသည်။
အေးမြသော အရက်ပြန်က ဗိုက်ပေါ်သို့ ရောက်သွားသောအခါ မြေခွေးလေးက ပြောမပြတတ်သော ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ ယားယံနေသည့် ဗိုက်က ဤအချိန်တွင် နာကျင်မှုများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ တစ်ကိုယ်လုံး အလွန်ကို သက်သောင့်သက်သာ ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်က ပြေလျော့သွားပြီး အီအီအီးအီး ဟူသော အသံများ ထွက်လာတော့သည်။
ဤကောင်လေးက အစပိုင်းတွင်တော့ ပုံမှန်သာ အော်သော်လည်း နောက်ပိုင်းတွင် ပိုပိုပြီး လွန်လာကာ အနည်းငယ်ပင် လွတ်လပ်လွန်းသည့် အသံများ ဖြစ်လာ၏။ ဤကောင်က မြေခွေးအထီးပင်။ ဤကောင်များက တကယ်ကို ချွဲတတ်ကြသည်သာ။
ရွှီယန်က သတိထားပြီး ဆေးဘက်သုံး အရက်ပြန်ကို ဆက်လက် လိမ်းနေရင်း ပိုးကောင်လေးများ အားလုံးကို သန့်စင်ပေးလိုက်သည်။ ဤသို့ဖြင့် အလုပ်ရှုပ်ပြီးသွားသောအခါ မြေခွေး၏ ဗိုက်က သန့်ရှင်းသွားပြီး အနီရောင် အစက်အပြောက်လေးများသာ ကျန်ရှိတော့၏။
လိုက်ဖ်ထဲမှ ပရိသတ်များက ဤမြင်ကွင်းကို မြင်သောအခါ အသီးသီး ပြောကြတော့သည်။
[ကြည့်ရတာ တကယ် မိုက်တာပဲ... လောင်ရွှီ့ လက်ရာ မဆိုးဘူး]
[နောက်ဆုံးတော့ သက်သာသွားပြီ... ခုနက ပိုးကောင်လေးတွေကို ကြည့်ပြီး ငါတောင် အရမ်း နေရခက်နေတာ]
[အစ်ကိုယန် ကတော့ မိုက်တုန်းပဲ]
ထိုအချိန်တွင် ရွှီယန်က ပြောလိုက်သည်။
"ကျွန်တော် ဒါက အပေါ်ယံ ကုသတာပဲ ရှိသေးတယ်... မြေခွေးကို ပိုးသတ်ပြီး ယာယီ သန့်ရှင်းရေး လုပ်ပေးတာပါ"
"နောက်ပိုင်းကျရင် အထူးကုဆေး လိမ်းရဦးမယ်လေ"
"ကျွန်တော်တို့ဆီက တိရစ္ဆာန်ဆရာဝန် က ဆေးယူပြီး လာနေပြီ... ခဏနေရင် ရောက်တော့မှာပါ"
သိပ်မကြာခင်မှာပင် ရှန်ကျန်းကော် က လယ်ယာခြံဝင်းသို့ ရောက်လာသည်။ သူက ဝဲပိုး ကုသသည့် ဆေးများ ယူဆောင်လာခဲ့၏။
ရှန်ကျန်းကော် က မြေခွေးကို မြင်သောအခါ တော်တော်လေး အံ့ဩသွားသည်။
"ငါ တိရစ္ဆာန်ဆရာဝန် လုပ်လာတာ အနှစ်လေးဆယ်လောက် ရှိတော့မယ်... မြက်ခင်းပြင်မှာ နွားတွေ သိုးတွေ ကို ဆေးကုပေးတာ... ကြောင်တွေ ခွေးတွေလည်း ပါတာပေါ့... မြေခွေးကို ဝဲပိုး ကုပေးတာကတော့ ဒါ ပထမဆုံးပဲ"
"ဒါပေမယ့် ခွေးမျိုးရင်းဝင် တိရစ္ဆာန်တွေရဲ့ ရောဂါလက္ခဏာတွေနဲ့ ကုသနည်းတွေက အတူတူပါပဲ"
"ပြဿနာတော့ မကြီးပါဘူး"
ရှန်ကျန်းကော် က မြေခွေးကို ကြည့်ကာ အတော်လေး စိတ်ဝင်စားနေ၏။
"အဲဒါဆိုလည်း ပြီးတာပါပဲ... ကျွန်တော် ကြည့်ရသလောက် သူလည်း ဒီရောဂါ ဖြစ်တာ သိပ်မကြာသေးဘူး ထင်တယ်"
"သိပ်မဆိုးလို့ တော်သေးတာပေါ့"
ရွှီယန်က မြေခွေးအထီးကို ပွတ်သပ်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။
မြေခွေးအထီးက အလွန် စကားနားထောင်ပြီး လိမ္မာစွာဖြင့် တစ်ချက်မျှ မလှုပ်ဘဲ ရွှီယန်ကိုသာ လှဲ၍ ကြည့်နေ၏။ သို့သော် ရှန်ကျန်းကော် က မြေခွေးကို ပိုးသတ်ဆေး လိမ်းပေးရန် ပြင်သောအခါ မြေခွေးက ချက်ချင်း ရှောင်ဖယ်သွားပြီး ထရန်ပင် ကြိုးစားသေးသည်။
"ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်... တောရိုင်း မြေခွေးဆိုတော့ သူစိမ်းတွေကို ကြောက်လို့ပါ"
ဤမြင်ကွင်းကို တွေ့သောအခါ ရွှီယန်က ပိုးသတ်ဆေးကို လှမ်းယူကာ ပြောလိုက်သည်။
သူ၏စကားကို ကြားသောအခါ ရှန်ကျန်းကော် က ခေါင်းညိတ်လိုက်သည်။
"ကြားဖူးပါတယ်... ဒီလယ်ယာခြံဝင်းက တိရစ္ဆာန်တွေက မင်းကိုပဲ မှတ်ထားကြတာဆို"
"ဒါကလည်း ပုံမှန်ပါပဲ... ငါ အရင်က မြက်ခင်းပြင် တိရစ္ဆာန်ဆေးကု စခန်းမှာ စစ်ဆေးရေး လုပ်တုန်းကလည်း မြက်ခင်းပြင်က တိရစ္ဆာန် တော်တော်များများက သူတို့ မွေးမြူရေးခြံက လူတွေကိုပဲ မှတ်ထားကြတာ"
"ဒါပေမယ့် သူတို့ဆီက ဟာတွေက သူတို့ကိုယ်တိုင် ငယ်ငယ်ကတည်းက ကျွေးမွေးလာတာလေ... မင်းဆီကဟာတွေက တောရိုင်းတွေဆိုတော့ မတူဘူးပေါ့"
ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းသာ ညိတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။
လိုက်ဖ်ထဲတွင် လူအရေအတွက် အလွန် များပြားလှသည်။ ဤအဖြစ်အပျက်လေးက လိုက်ဖ် အကြောင်းအရာအတွက် တက်ကြွမှု အနည်းငယ် ယူဆောင်လာပေး၏။
သိပ်မကြာခင်မှာပင် ရွှီယန်က မြေခွေးအထီးကို ပိုးသတ်ဆေး လိမ်းပေး၍ ပြီးသွားသည်။ ရွှီယန်က ၎င်းကို လျှောက်မပြေးရန်နှင့် လယ်ယာခြံဝင်းတွင် ရက်အနည်းငယ်ခန့် အနားယူရန် ပြောလိုက်သည်။
မြေခွေးအထီးက အီအီအီးအီး ဟု နှစ်ခွန်းခန့် အော်ပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားကာ တောင်ထဲတွင် သွားဆော့နေပြန်၏။ ကိုယ်ပိုင် ကလေး လေးကောင်ကိုပင် တစ်ချက်လေးမျှ လှည့်မကြည့်တော့ချေ။