← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) ကိုယ့်အတွက် နေရာရဖို့ ကြိုးစားနေတဲ့ ဝက်ဝံမည်းကြီး

"ဒီလို ငါးဖမ်းတာက အကြောင်းပြချက် ရှိပါတယ်"

"ပင်လယ်ပြင်မှာဆို တချို့ ငါးဖမ်းသင်္ဘောတွေက တူနာငါး တွေနဲ့ ဝေလငါး တွေကို ဖမ်းဖို့ ဝေလငါးဖမ်း သေနတ် ကို တပ်ဆင်ထားတတ်ကြတယ်"

"အဲဒါကလည်း အချွန်အတက် ပါတဲ့ မြား ကို ပစ်လွှတ်လိုက်တာပါပဲ"

"သူတို့ရဲ့ မြားက ပိုကြီးတာလေးပဲ ကွာတာပါ"

ရွှီယန်က လေးနှင့်မြားကို ကိုင်ထားရင်း အင်တာနက်သုံးစွဲသူများကို ပြောပြလိုက်သည်။

သူ၏စကားကို ကြားသောအခါ အားလုံး အနည်းငယ် အံ့ဩသွားကြတော့၏။

[အစ်ကိုယန်... ကျွန်တော်တို့ ယုတ္တိကျကျလေး စဉ်းစားကြည့်ရအောင်လေ... လေးနဲ့မြားက ဝေလငါးဖမ်း သေနတ်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ]

[သူတို့ သေနတ်ထိပ်က ဘယ်လောက်တောင် ကြီးပြီး ပစ်လွှတ်လိုက်တဲ့ အားက ဘယ်လောက်တောင် ပြင်းလဲဆိုတာ စဉ်းစားကြည့်လေ]

[မှန်တာ ပြောရရင် ယှဉ်လို့တော့ ရပါတယ်... အခြေခံ သဘောတရားကတော့ အတူတူလောက်ပါပဲ]

[ဪ... ဒီလို သဘောတရားမျိုးလည်း ရှိသေးတာကိုး]

ရွှီယန်က အသက်ရှူအောင့်ထားပြီး သားကောင် ထွက်လာမည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

ဝက်ဝံမည်း ကလည်း သူ၏ဘေးတွင် အတူတကွ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ လူတစ်ယောက်နှင့် ဝက်ဝံ တစ်ကောင်က လုံးဝ မလှုပ်ရှားကြချေ။

ထိုအချိန်မှာပင် လေပြင်း တစ်ချက် တိုက်ခတ်လာပြီး ရွှီယန်၏ အဝတ်စများကို လွှင့်ခါသွားစေကာ ဝက်ဝံမည်း၏ အမွေးများကိုလည်း ရှုပ်ပွသွားစေသည်။

သူတို့ကတော့ မလှုပ်မယှက် ဆက်လက် ရှိနေဆဲပင်။

မိနစ်အနည်းငယ်ခန့် ကြာသွားသော်လည်း ငါး ထပ်မံ ထွက်မလာတော့ချေ။

ရွှီယန်က မလှုပ်မယှက် အနေအထားဖြင့် ဆက်လက် ရှိနေသော်လည်း ဝက်ဝံမည်းကတော့ စောင့်ရန် စိတ်မရှည်တော့သဖြင့် ကိုယ်တိုင် လျှောက်လာပြီး ခေါင်းကြီးကို မြစ်ရေပြင်ပေါ်သို့ တိုးကာ မြစ်ထဲတွင် ငါးရှိမရှိ သေချာ စိုက်ကြည့်နေတော့သည်။

၎င်းက ရွှီယန်နှင့် အလွန် နီးကပ်စွာ ရှိနေပြီး ထိလုနီးပါးပင် ဖြစ်နေ၏။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူ အတော်များများ အနည်းငယ် စိုးရိမ်လာကြတော့သည်။

သို့သော် ရွှီယန်ကတော့ အလွန် အေးဆေးနေပြီး ခြေထောက်ကိုပင် မြှောက်ကာ ဝက်ဝံမည်းကို ညင်သာစွာ ထိလိုက်သေး၏။

"သွား... ဒီမှာ မနေနဲ့... ငါးတွေ လန့်ပြေးကုန်လိမ့်မယ်"

သူက ပြောလိုက်သည်။

ငါးများက ရေပြင်ပေါ်မှ အခြေအနေကို အကဲခတ်တတ်ကြသဖြင့် ရေကြည်လွန်းလျှင် ငါးမရှိ ဟူသော စကားပုံ ရှိလာခြင်းပင် ဖြစ်၏။

အကယ်၍ ဝက်ဝံမည်းသာ ရေပြင်ပေါ်တွင် မှောက်နေပါက ရေမှော်များထဲတွင် ပုန်းနေသော ငါးများက အစောကြီးကတည်းက ထွက်ပြေးသွားကြပေလိမ့်မည်။

ဝက်ဝံမည်းက ရွှီယန်၏ ခြေသလုံးဖြင့် အသာအယာ အကန်ခံလိုက်ရသည်နှင့် ချက်ချင်းပင် စကားနားထောင်စွာဖြင့် ဘေးဘက်သို့ ပြေးထွက်သွားပြီး ထပ်၍ အနားသို့ မကပ်လာတော့ချေ။

ရွှီယန်က လေးနှင့်မြားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ အသင့်အနေအထားဖြင့် ဆက်လက် ရှိနေလိုက်သည်။

ထိုအချိန်တွင် သူ၏ အကြည့်က အဝေးသို့ ရောက်သွား၏။

မြစ်ကမ်းဘေးမှ အကွာအဝေး ရှစ်မီတာ ကိုးမီတာခန့်ရှိ နေရာတွင် ငါးမည်းကြီး တစ်ကောင် ပေါ်လာပြီး ရေပြင်အောက်တွင် ကူးခတ်သွားလာနေသည်ကို သူ မြင်လိုက်ရသည်။

ဤငါးမည်းကြီး၏ အရွယ်အစားကလည်း မသေးငယ်လှချေ။

"ဟိုမှာ ငါးမည်းကြီး တစ်ကောင် ရှိတယ်... အကွာအဝေးက နည်းနည်း ဝေးတော့ အားဘယ်လောက် သုံးရမလဲနဲ့ ပစ်လွှတ်ရမယ့် လားရာကို သေချာ တွက်ချက်ရမယ်"

"မတူညီတဲ့ ထောင့်ကနေ ကြည့်ရင် အလင်းရဲ့ အလင်းယိုင်မှုက မတူညီကြဘူးလေ"

"ဒီလို အကွာအဝေး မျိုးမှာဆိုရင် ငါးရဲ့ အောက်ဘက် နည်းနည်းကို ချိန်ရမယ်"

ရွှီယန်က အဝေးကို ကြည့်ရင်း ပြောနေစဉ်မှာပင် ကျွမ်းကျင်စွာ လေးကို ဆွဲကာ မြားကို ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။ သူက အနည်းငယ် ချိန်ရွယ်ရုံမျှသာ ချိန်ရွယ်လိုက်ပြီး လက်ကို လွှတ်လိုက်ရာ အရှိန်က အလွန်ကို မြန်ဆန်လှ၏။

“ရွှစ်…”

လေခွဲသံ တစ်ချက် ထွက်ပေါ်လာပြန်သည်။

နောက်တစ်စက္ကန့်တွင်တော့ မြားတံက ရေပြင်ပေါ်သို့ စောင်းလျက် စိုက်ဝင်သွားသည်ကို တွေ့လိုက်ရတော့၏။

“ဖွပ်…”

ရေစက်ရေပေါက်များ အများအပြား လွင့်စင်လာပြီး ရေလှိုင်းဂယက်များလည်း ပြန့်ကျဲသွားတော့သည်။

မြစ်ရေက အဆက်မပြတ် စီးဆင်းနေသဖြင့် ရေလှိုင်းဂယက်များက အလျင်အမြန်ပင် ပြန်လည် ငြိမ်သက်သွား၏။

သို့သော် လေးနှင့်မြားကတော့ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

[မြားကော... ပျောက်သွားပြီလား]

[မထိလိုက်တာလား]

[လောင်ရွှီ့ ရဲ့ လေးပစ်စွမ်းရည်က အလုပ်မလုပ်တော့ဘူးလား]

အင်တာနက်သုံးစွဲသူများက သိချင်စိတ် ပြင်းပြနေကြစဉ် နောက်တစ်စက္ကန့်တွင်တော့ မြားတံက ဖြည်းဖြည်းချင်း အပေါ်သို့ ပေါလောပေါ်လာပြီး ငါးမည်းကြီး တစ်ကောင်က မြားတံတွင် စိုက်ဝင်နေသည်ကို တွေ့လိုက်ရတော့၏။

"လာအိုဟေး... ကြောင်မနေနဲ့လေ... အလုပ်လုပ်တော့"

ရွှီယန်က ဘေးနားရှိ ဝက်ဝံမည်းကို ကြည့်ကာ မြစ်ထဲမှ ငါးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ ဝက်ဝံမည်းက ချက်ချင်း သဘောပေါက်သွားပြီး ဖင်ကြီးကို လှုပ်ခါကာ မြစ်ရေထဲသို့ အမြန် ပြေးဝင်သွားပြီး ရေစက်ရေပေါက်များ အများအပြား လွင့်စင်လာစေတော့၏။

မည်သို့ပင်ဖြစ်စေ ဝက်ဝံမည်းက ရေကိုလည်း မကြောက်သလို စိုမည်ကိုလည်း မကြောက်ချေ။

ရွှီယန် ကိုယ်တိုင် အဝတ်အစားများ စိုမသွားစေရန် ဝက်ဝံမည်းကိုသာ မြစ်ထဲသို့ ငါးဆင်းကောက်ခိုင်းလိုက်ခြင်းပင်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းသွားကြတော့သည်။

[ဝက်ဝံမည်း... မင်း ဘာလုပ်နေတာလဲ... မင်းက ခိုင်မာတဲ့ ရပ်တည်ချက် ရှိရမှာလေ]

[မင်းက ဂုဏ်သိက္ခာရှိတဲ့ ဝက်ဝံမျိုးရင်းဝင် တိရစ္ဆာန်လေ... ခွေး မဟုတ်ဘူးကွ]

[ဘယ်လိုလုပ် အမဲလိုက်ခွေး ရဲ့ တာဝန်ကို ယူလိုက်ရတာလဲ]

[လခွမ်း... လောင်ရွှီ က ဝက်ဝံမည်း ကိုတောင် အမိန့်ပေးလို့ ရနေပြီပေါ့]

[ဒီဝက်ဝံမည်းက ဘယ်လိုဖြစ်လို့ ခွေးနဲ့ သွားတူနေရတာလဲ]

ဝက်ဝံမည်းက ပျော်ရွှင်စွာဖြင့် မြစ်လယ်ခေါင်သို့ ပြေးသွားပြီး မြားစိုက်နေသော ငါးမည်းကြီးကို ကိုက်ချီလိုက်သည်ကို တွေ့လိုက်ရ၏။

မြစ်ရေက မနက်လှသဖြင့် ဝက်ဝံမည်းက ရေထဲတွင် အလွယ်တကူပင် ပြေးလွှား ဆော့ကစားနိုင်ပေသည်။ ဝက်ဝံမည်းမှာ သိသာစွာ ပျော်ရွှင်နေပြီး မျက်လုံးများထဲတွင်လည်း တောက်ပနေ၏။

'ဟီးဟီးဟီး... စားစရာ ငါး ထပ်ရပြီ' ဟု ပြောနေသည့် အလားပင်။

ဝက်ဝံမည်းက မြစ်ကမ်းဘေးသို့ တောက်လျှောက် ပြေးလာပြီး ငါးကို မြေပြင်ပေါ်သို့ ချထားလိုက်သည်။ ရွှီယန်က လျှောက်သွားကာ မြားတံ၏ အနောက်ဘက်ကို ကိုင်၍ ငါးကို ဆွဲတင်လိုက်ပြီးနောက် မြားတံမှ ငါးကို ဖြုတ်ယူလိုက်၏။

ထို့နောက် ရွှီယန်က ငါးကို ဝက်ဝံမည်းထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။

ဝက်ဝံမည်းက ချက်ချင်းပင် အားပါးတရ စတင် စားသောက်တော့၏။

ရွှီယန်က ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရသဖြင့် မြစ်ကမ်းဘေးတွင် ထပ်မံ လှည့်ပတ်သွားလာနေလိုက်သည်။

ဤရာသီတွင် ငါးဖမ်းသူများ အတော်လေး များပြားပေသည်။ ငါးမျှားချိတ် သုံးသူလည်း ရှိသလို ပိုက်ကွန် သုံးသူများလည်း ရှိကြ၏။ လူအချို့ကမူ အမေရိကန်စတိုင် အလျင်အမြန်ဓားထုတ်နည်း ဖြင့် ငါးဖမ်းသည်ဟု နောက်ပြောင်ပြောဆိုတတ်ကြပြီး လက်တွေ့တွင်တော့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ရွှီယန်၏ ငါးဖမ်းနည်းနှင့် သိပ်မကွာခြားလှချေ။ ရွှီယန်က တကယ်ကို သတ္တိကောင်းလှပေသည်။

ထို့နောက် သူက မြစ်ကမ်းဘေးတွင် ရေပြင်အောက်မှ ပေါ်လာမည့် ရေချိုငါးများကို ဆက်လက် ရှာဖွေနေလိုက်၏။

ငါးပေါ်လာသည်ကို မြင်သည်နှင့် ပေါ့ပေါ့ပါးပါးလေး လေးတစ်ချက် ပစ်လိုက်သည်။ ထို့နောက် ဝက်ဝံမည်းကို ငါးသွားကောက်ခိုင်းလိုက်၏။

ဤအခိုက်အတန့်တွင် ရွှီယန်က ခံစားချက်မဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြောမပြတတ်အောင် အပူအပင်ကင်းပြီး သက်သောင့်သက်သာ ရှိလှပေသည်။

ထိုအချိန်မှာပင် ကြမ်းတမ်းသော ငါးရံ့ကြီး တစ်ကောင် ထပ်မံ ပေါ်လာပြန်ရာ ၎င်း၏ ကံကြမ္မာကလည်း ယခင် ငါးများနှင့် တစ်ပုံစံတည်းပင် ဖြစ်သွားတော့၏။

သို့သော် ရွှီယန်က ဝက်ဝံမည်းကို သွားကောက်ခိုင်းခြင်း မရှိဘဲ ဤတစ်ကြိမ်တွင်တော့ ဖိနပ်ချွတ်ကာ ဘောင်းဘီကို ခေါက်တင်ပြီး ကိုယ်တိုင် သွားကောက်ခဲ့သည်။

ငါးကို ကောက်ယူပြီးနောက် ရေပုံးထဲသို့ ထည့်လိုက်၏။

ငါးရံ့က အသားစား ငါးအမျိုးအစားဖြစ်ပြီး စရိုက်က ကြမ်းတမ်းပေသည်။ တောရိုင်း ငါးရံ့ များက ပို၍ပင် ကြမ်းတမ်းသဖြင့် အသားက အထူး ကျစ်လစ်ပေသည်။

ဤကဲ့သို့သော အစားအသောက်မျိုးကိုတော့ ရွှီယန်က ကိုယ်တိုင် စားသုံးရန် ရည်ရွယ်ထား၏။

ညဘက်တွင် ငါးရံ့ချဉ်စပ် ဟင်းရည်တစ်ခွက် ချက်ပြုတ်ပြီး အန်တီကျန်း ကိုလည်း ဝက်အူပြုတ် ခေါက်ဆွဲ တစ်အိုး ချက်ခိုင်းလိုက်မည်။ နှစ်ခု တွဲဖက် စားသောက်လိုက်ပါက ပြောမပြတတ်အောင် အရသာ ရှိပေလိမ့်မည်။

ဤသို့ဖြင့် ရွှီယန်က မြစ်ကမ်းဘေးတွင် အလုပ်ရှုပ်နေကာ ရေပုံးထဲတွင် ငါးရံ့ သုံးကောင် ရရှိသွားခဲ့၏။

ဤငါးရံ့များက ဒဏ်ရာရထားလျှင်တောင် မငြိမ်မသက်ဖြစ်နေပြီး ရေပုံးထဲတွင် လှုပ်ရှားနေကြဆဲပင်။ အချိန်အနည်းငယ် ကြာသောအခါမှသာ တဖြည်းဖြည်း ငြိမ်သက်သွားကြတော့သည်။

ရွှီယန်က ပစ္စည်းများကို သိမ်းဆည်းပြီး ရေပုံးကို ဆွဲကာ အနောက်သို့ ပြန်လှည့်လာခဲ့၏။ ယနေ့ အပြင်ထွက် ဆော့ကစားရသည်မှာလည်း တကယ်ကို ပျော်စရာ ကောင်းလှသည်။

ဝက်ဝံမည်း က ငါးအကောင် အတော်များများ စားလိုက်ရသော်လည်း အနည်းငယ်မျှသာ ဗိုက်ဝသေးပြီး သူ၏ပုံစံကို ကြည့်ရသည်မှာ ထပ်စားချင်နေသေးသည့် ပုံပေါ်သည်။

"ကဲ... မင်းဘာသာမင်း သွားဖမ်းတော့လေ... ငါ့ကိုချည်း အားကိုးနေလို့ မရဘူး"

"တောရိုင်း တိရစ္ဆာန် ဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်တတ်အောင် သင်ယူရတယ်"

ရွှီယန်က သူ့ကို လက်လှမ်းပြပြီး လှည့်ထွက်လာခဲ့သည်။

ဝက်ဝံမည်းက လူလိုသူလို ခေါင်းညိတ်ပြပြီး နေရာမှာပင် ရပ်လျက် ရွှီယန်၏ ကျောပြင်ကို အချိန်အတော်ကြာအောင် ကြည့်နေလိုက်၏။

ထို့နောက် သူက တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သည့် အလား ရွှီယန် ရှိရာဘက်သို့ ဖြည်းဖြည်းချင်း တွားသွား၍ လိုက်လာတော့သည်။

ရွှီယန် လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ လယ်ယာခြံဝင်း၏ ကိစ္စများကို စီစဉ်ရသည်။ ဖမ်းလာသည့် ငါးရံ့များက အတော်လေး များပြားပြီး လူခြောက်ယောက် ခုနစ်ယောက်ခန့် စားရန် လုံလောက်သဖြင့် အားလုံး ညဘက်တွင် လတ်ဆတ်သော ငါးရံ့ချဉ်စပ် ဟင်းရည်ကို အတူတကွ စားသောက်ကြမည် ဖြစ်၏။

ငါးရံ့ကို လှီးဖြတ်ပြီး အိုးထဲသို့ မုန်ညင်းချဉ်နှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို ထည့်ကာ ရေဆူအောင် တည်လိုက်သည်။ ထို့နောက် ငါးသားများကို တစ်ချပ်ချင်းစီ ထည့်လိုက်၏။ ထိုကဲ့သို့သော ခံစားချက်က အထူးပင် ဇိမ်ကျလှပေသည်။

ဝန်ထမ်းများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ ဤသည်က လယ်ယာခြံဝင်းတွင် အလုပ်လုပ်မှသာ ခံစားရနိုင်မည့် အခွင့်အရေးမျိုး မဟုတ်ပါလား။

တောရိုင်း ငါးရံ့ က မွေးမြူရေး ငါးရံ့များထက် အများကြီး ပို၍ ဈေးကြီးပြီး တစ်ကောင်ကို ယွမ်တစ်ရာကျော်ခန့် ပေးရပေသည်။

ယနေ့ ညစာကတော့ တကယ်ကို အားရပါးရ စားရတော့မည်မှာ သေချာနေပြီ ဖြစ်၏။ ထို့အပြင် ပူငွေ့လေး တထောင်းထောင်း ထနေသော ဝက်အူပြုတ် ခေါက်ဆွဲ တစ်အိုးလည်း ပါသေးသည်။ ခေါက်ဆွဲက လုံးဝန်းပြီး အနည်းငယ် တုတ်သော ခေါက်ဆွဲများဖြစ်ကာ အလွန် ကျစ်လစ်ပြီး စားရသည်မှာလည်း အရသာ အလွန် ကောင်းမွန်ပေသည်။

အားလုံး စုရုံးကာ ထမင်းစားရင်း စကားစမြည် ပြောဆိုနေကြပြီး ရယ်မောသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

ခွေးများကလည်း အပြင်ဘက်တွင် လည်ပင်းတဆန့်ဆန့်ဖြင့် အစာကျွေးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

မြေခွေးလေးများလည်း ရောက်လာပြီး ပွဲလာကြည့်ကြ၏။

ထမင်းစားချိန် ရောက်တိုင်း လူများနှင့် တိရစ္ဆာန်များ အားလုံး စားသောက်ဆောင် ဧရိယာတွင် စုရုံးလာကြသဖြင့် အလွန်ကို စည်ကားနေတော့သည်။

ညစာ စားပြီးသည်နှင့် အခြေခံအားဖြင့် လယ်ယာခြံဝင်းတွင် ဘာအလုပ်မှ မရှိတော့ချေ။ အားလုံးကလည်း စတင် အနားယူကြတော့သည်။

လေ့ကျင့်ခန်း လုပ်သူက လုပ်... ဖုန်းသုံးသူက သုံး... လမ်းလျှောက်သူက လျှောက်ပေါ့။

မြို့နယ်သို့ ပြန်ချင်လျှင်လည်း ရပေသည်။ မာဝန် ကတော့ နေ့တိုင်း မြို့နယ်သို့ ကားမောင်းပြီး ပြန်လေ့ရှိပြီး အလုပ်ဆင်းသည့် အတိုင်းပင် ဖြစ်၏။

အခြား လူအနည်းငယ် ကတော့ အိမ်ပြန်လည်း ဘာအလုပ်မှ မရှိသဖြင့် ဤနေရာတွင်သာ ဆက်နေလိုက်ကြသည်။

ဝန်ထမ်း အရေအတွက်က သိပ်မများသေးဘဲ နောက်ပိုင်းတွင်တော့ ပုံမှန် အလုပ်တက် အလုပ်ဆင်း အတိုင်း ဖြစ်လာမည် ဖြစ်၏။ ဤသူများ အားလုံးက ရိုးရာ အလုပ်သမားများပင် ဖြစ်သည်။

ယခုအချိန်တွင် လီဆန်း က လမ်းလျှောက်ရန် အပြင်သို့ ထွက်လာခဲ့သည်။ သူက လယ်ယာခြံဝင်း၏ မြေကွက်လပ်ဘက်သို့ သွားရောက်ကာ ထူးခြားသည့် အခြေအနေ ရှိမရှိ စစ်ဆေးနေလိုက်၏။

ထိုအချိန်မှာပင် လီဆန်း က အစိမ်းရောင် ခြံစည်းရိုး အပြင်ဘက်တွင် အမည်းရောင် အရိပ်တစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ လူတစ်ယောက် ခြံစည်းရိုးကို တွယ်ကပ်နေသကဲ့သို့ပင်။

လီဆန်း က လက်ထဲတွင် လက်နှိပ်ဓာတ်မီး ကိုင်ထားသဖြင့် ချက်ချင်းပင် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်၏။ လက်နှိပ်ဓာတ်မီး အလင်းရောင် အောက်တွင် တစ်ဖက်လူက အမည်းရောင် အရိပ်တစ်ခု ဖြစ်နေဆဲပင်။

လီဆန်း က သေချာ မမြင်ရဘဲ အမည်းရောင် ဖြစ်နေသည်ကိုသာ မြင်လိုက်ရသဖြင့် ချက်ချင်းပင် လန့်ဖြတ်သွားတော့သည်။

"သရဲဟေ့"

လီဆန်း က အနောက်သို့ ပြေးရင်း အကျယ်ကြီး အော်လိုက်၏။

သူက မူလက လမ်းလျှောက်ရာတွင် အနည်းငယ် ထော့နင်းထော့နင်း ဖြစ်နေသော်လည်း ဤအခိုက်အတန့်တွင်တော့ ပြေးလိုက်သည်မှာ အလွန်ကို မြန်ဆန်လှပေသည်။ ခြေထောက် ရောဂါ ပျောက်ကင်းသွားသကဲ့သို့ပင်။

လီဆန်း ဤသို့ အော်လိုက်သဖြင့် ဝန်ထမ်းများ အားလုံး ကြားသွားကြတော့သည်။

ဝမ်ဝူ နှင့် ကျိန့်ရှန်ချန် တို့က အခြေအနေကို လာကြည့်ရန် ပြေးထွက်လာကြ၏။ ရွှီယန် လည်း ထွက်လာခဲ့သည်။

"လီဆန်း... ဘာဖြစ်တာလဲ"

ဝမ်ဝူ က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ခြံစည်းရိုးဘက်မှာ အကောင် တစ်ကောင် ရှိနေတယ်... လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အမည်းရောင် အရိပ်ကြီးပဲ"

လီဆန်း က အကြောက်မပြေသေးဘဲ ပြန်ဖြေလိုက်၏။

"မင်းက သတ္တိကောင်းတယ် မဟုတ်ဘူးလား... ဘာကြောက်နေတာလဲ"

ဝမ်ဝူ က မယုံကြည်သဖြင့် သွားရောက် ကြည့်ရှုရန် ပြင်လိုက်သည်။

ကျိန့်ရှန်ချန် နှင့် လီဆန်း တို့လည်း နောက်မှ လိုက်ပါသွားကြ၏။

ရွှီယန်လည်း ထွက်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် ခန့်မှန်းမိနေသော်လည်း သိပ်တော့ မသေချာလှပေ။

'ဟို တုံးအအ ဝက်ဝံမည်းကြီး တော့ မဖြစ်လောက်ပါဘူး'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်မိသည်။

လူတစ်စုက လယ်ယာခြံဝင်း၏ မြေကွက်လပ်ဘက်သို့ ရောက်ရှိလာခဲ့၏။ သူတို့က အရှေ့ဘက်သို့ ကြည့်လိုက်ရာ ခြံစည်းရိုးပေါ်မှ အမည်းရောင် အရိပ်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

လေထုက ချက်ချင်းပင် ထူးဆန်းသွားပြီး ဝမ်ဝူ လည်း အနည်းငယ် စိုးရိမ်သွားတော့သည်။

"ဘယ်သူက အဲဒီမှာ သွားကပ်နေတာလဲ"

သူက အရှေ့သို့ လျှောက်သွားကာ လက်နှိပ်ဓာတ်မီးကို ကိုင်၍ ထိုးကြည့်လိုက်၏။

လက်နှိပ်ဓာတ်မီး အလင်းရောင်က အဲဒီလောက် မလင်းသဖြင့် အဝေးကို ထိုးကြည့်လျှင် မမြင်ရဘဲ မည်းမည်းသည်းသည်း အကောင် တစ်ကောင် လှုပ်ရှားနေသည်ကိုသာ မြင်ရပေသည်။

"နည်းနည်းတော့ ထူးဆန်းနေတယ်"

ကျိန့်ရှန်ချန် က တိုးတိုးလေး ပြောလိုက်၏။

ထိုအချိန်မှာပင် ရွှီယန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ဘာမှ မဖြစ်ပါဘူး... ဝက်ဝံမည်း တစ်ကောင်ပါ... မျက်မမြင် ဝက်ဝံ လေ... ကျွန်တော့်ကို လာရှာတာ"

'ဟင်'

ရွှီယန်၏ စကားကြောင့် လူသုံးယောက်လုံး ကြောင်အမ်းသွားကြတော့သည်။

မျက်မမြင် ဝက်ဝံ တဲ့လား။

ရွှီယန်က လက်နှိပ်ဓာတ်မီးကို ကိုင်ကာ ခြံစည်းရိုးဘေးသို့ တောက်လျှောက် လျှောက်သွားလိုက်၏။

သူ သေချာ ကြည့်လိုက်ရာ တကယ်ပင် ထိုဝက်ဝံမည်း ဖြစ်နေပြီး လယ်ယာခြံဝင်း ဘက်သို့ ခိုးကြောင်ခိုးဝှက် ရောက်လာခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ဤကောင်ကြီးကလည်း ကိုယ့်အတွက် နေရာတစ်ခု ရဖို့ ကြိုးစားနေပုံရ၏။

ယခင်က ဝက်ဝံမည်းများ မွေးမြူရေးသမားများ၏ အိမ်သို့ ရောက်ရှိလာသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးပြီး နောက်ပိုင်းတွင် ရဲများက မောင်းထုတ်ခဲ့ရသည်။ ဤသည်က ဤကောင်ကြီးများလည်း လျှောက်သွားရသည်ကို သဘောကျကြောင်း ပြသနေခြင်းပင်။

"လာအိုဟေး... ပြန်တော့... ငါ ဝက်ဝံမည်း မမွေးနိုင်ဘူး... နောက်ပိုင်းမှ တောထဲ လာကြည့်မယ်ကွာ"

ရွှီယန်က ခြံစည်းရိုးကို ခြားလျက် ဝက်ဝံမည်းကို ကြည့်ကာ ပြောလိုက်သည်။

မတတ်နိုင်ချေ။ ဤကောင်ကြီးက တောရိုင်း ဝက်ဝံမည်း ဖြစ်ပြီး ရွှီယန်ကို အန္တရာယ် မပေးသော်လည်း အခြား လူများနှင့် တိရစ္ဆာန်များကို အန္တရာယ် မပေးဘူးဟု အာမမခံနိုင်သဖြင့် သေချာပေါက် မွေးထား၍ မရပေ။

အကယ်၍ ငယ်ငယ်လေးကတည်းက မွေးလာပြီး ၎င်း၏ စရိုက်ကို သိထားလျှင်တော့ တစ်မျိုးပေါ့။

ရှောင်ဟွာ ကဲ့သို့သော အကောင်မျိုးကိုတော့ ရွှီယန် ကောင်းကောင်း သိထားသည်။ အမြဲတမ်း အမဲလိုက်ဖို့ကိုပင် မသိချေ... သို့မဟုတ်ပါကလည်း ဤကောင်လေးက ဘယ်တော့မှ အမဲမလိုက်ခြင်းပင် ဖြစ်မည်။ ထိုကဲ့သို့သော အကောင်မျိုးကို မွေးထားလျှင် ပြဿနာ မရှိပေ။

ဝက်ဝံမည်းကတော့ တိုက်ခိုက်လိုစိတ် ရှိနေသေးသည်။

ရွှီယန်၏ စကားကို ကြားသောအခါ ဝက်ဝံမည်းက ရွှီယန်ကို အကြိမ်အနည်းငယ် လှမ်းကြည့်ပြီးနောက် လှည့်ထွက်ကာ တောင်ထဲသို့ တိတ်တဆိတ် လျှောက်သွားတော့၏။

သူ့အတွက်ကတော့ အလုပ်လျှောက်ရာမှာ အင်တာဗျူး မအောင်သည့် သဘောမျိုးပင် ဖြစ်သွားသည်။ သို့သော် နောင်တွင် အခွင့်အရေး ရကောင်း ရနိုင်သေးသည် မဟုတ်ပါလား။

All Chapters