အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) ရှောင်ဟွာ : မင်းမိသွားပြီပဲ
လယ်ယာခြံဝင်း၏ အနောက်ဘက်တောင်ကို ရွှီယန်က ပို၍ ရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်သည်။
ရှားပါးသော အကောင်ကြီးများဆိုလျှင် ထိုအကောင် အနည်းငယ်သာ ရှိသည်။
ကျားသစ်... ဝက်ဝံမည်း... ဒရယ်ပြောက် နှင့် တောသမင်ငယ်။
အကောင်သေးများဆိုလျှင်တော့ အရေအတွက်က အလွန်များပြားလွန်းပြီး လျှောက်ပြေးနေတတ်ကြသဖြင့် ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။
ရွှီယန်က တောင်ပေါ်သို့ တစ်ခါတရံ တက်၍ ကြည့်ရှုလေ့ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် သူ့အား အလွန် အံ့ဩသွားစေမည့် ကိစ္စတစ်ခုကို ရွှီယန် တွေ့ရှိခဲ့ရသည်။
ရှောင်ဟွာ အမဲလိုက်နေသည်ကို သူ မြင်လိုက်ရခြင်းပင်။
လှုပ်ရှားမှုများက အလွန် ကျွမ်းကျင်ပြီး လျင်မြန်ဖြတ်လတ်ကာ ခုန်အုပ်လိုက်သည်နှင့် တောယုန် တစ်ကောင်ကို ကိုက်ချီလိုက်နိုင်၏။
ရွှီယန်က နေရာမှာပင် မှင်တက်သွားတော့သည်။
ထိုအချိန်တွင် ရှောင်ဟွာက အနောက်သို့ လှည့်ကြည့်လိုက်ရာ ရွှီယန်ကို သတိထားမိသွား၏။
ရှောင်ဟွာလည်း သိသိသာသာ ကြောင်အမ်းသွားသည်။
ပါးစပ်ထဲမှ ယုန်ကိုပင် လွှတ်ချလိုက်ပြီး မြေပြင်ပေါ်သို့ ကျသွားစေတော့၏။
"ရှောင်ဟွာ... မင်းက..."
ရွှီယန်က အလွန် အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
ရှောင်ဟွာက ရေလည်နေသော မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် အနေရခက်သွားကာ ယုန်ကိုလည်း ထပ်မကြည့်တော့ဘဲ ရွှီယန် ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။
ထိုပုံစံလေးက ချစ်စရာကောင်းပြီး တုံးအအလေး ဖြစ်နေဆဲပင်။
ရှောင်ဟွာက ရွှီယန်၏ အနားသို့ ရောက်လာရာ ရွှီယန်က ရှောင်ဟွာ၏ မျက်နှာကြီးကို ဆွဲညှစ်ပြီး ပြုံးကာ ဆူပူလိုက်သည်။
"မင်းကောင်လေး... မင်းက အမဲလိုက်တတ်သားပဲ"
"ငါက မင်း မတတ်ဘူး ထင်ပြီး အပြင်မှာ ဘာစားမလဲဆိုတာကို အမြဲတမ်း စိတ်ပူနေခဲ့တာ"
"ငါ့ကိုတောင် လိမ်ထားသေးတယ်ပေါ့"
ရွှီယန်၏ စကားကို ကြားသောအခါ ရှောင်ဟွာက တုံးအအ အမူအရာကို ထပ်မံ ပြသလာပြန်သည်။
ထိုအချိန်ကျမှသာ ဤကောင်လေးက အမဲမလိုက်တတ်ခြင်း မဟုတ်ဘဲ အမဲမလိုက်ချင်ခြင်းသာ ဖြစ်ကြောင်း ရွှီယန် သဘောပေါက်သွားတော့၏။ တော်တော်လေးတော့ ဟန်ဆောင်တတ်ပေသည်။
ရှောင်ဟွာက အားနာနေသည့် ပုံစံဖြင့် ရွှီယန်ကို ခေါင်းဖြင့် ပွတ်သပ်ကာ... မင်း သိသွားပြီပဲ... ဟု ပြောနေသည့် အလားပင်။
ရွှီယန်လည်း သူ့ကို ဘာမှ မပြောနိုင်တော့ချေ။
သို့သော် ဤသို့ဆိုလျှင်လည်း ကောင်းပေသည်။ ရှောင်ဟွာ အမဲလိုက်တတ်ကြောင်း သိရသဖြင့် ရွှီယန်လည်း အများကြီး စိတ်အေးသွားရပြီ ဖြစ်၏။
အနည်းဆုံးတော့ ရှောင်ဟွာ ငတ်နေမည်ကို မစိုးရိမ်ရတော့ချေ။
တကယ်တမ်းတွင်လည်း မှန်ကန်ပေသည်။ ရှောင်ဟွာ၏ ခန္ဓာကိုယ်က အလွန် သွက်လက်ပြီး လှုပ်ရှားမှုများကလည်း ပေါ့ပါးကြောင်း ရွှီယန် သတိထားမိခဲ့ဖူးသည်။
အမဲလိုက်ခြင်းဆိုသည်မှာ သားကောင်ကို လိုက်လံ ဖမ်းဆီးခြင်းသာ မဟုတ်ပါလား။
ရှောင်ဟွာ အတွက်တော့ မခက်ခဲလှပေ။ သူ အမဲလိုက်ချင် မလိုက်ချင်ဆိုသည် အပေါ်တွင်သာ မူတည်၏။
"ကဲပါ... ကိစ္စမရှိပါဘူး... ငါ့ဆီလာရင် ကျွေးသင့်တာတော့ ဆက်ကျွေးရမှာပေါ့"
ရွှီယန်က သူ့ကို ပွတ်သပ်ပေးရင်း ထပ်ပြောလိုက်သည်။
ရွှီယန် ထိုသို့ ပြောသည်ကို ကြားတော့မှသာ ရှောင်ဟွာက ပျော်ရွှင်သည့် ပုံစံကို ပြန်လည် ရရှိသွားတော့၏။
ရှောင်ဟွာက တောယုန်ကို ကိုက်ချီကာ ရွှီယန်နှင့်အတူ လူးနား ကို သွားကြည့်ကြသည်။
ရှောင်ဟွာက ဝဖြိုးနေဆဲဖြစ်ပြီး တစ်ကိုယ်လုံး လုံးဝန်းနေ၏။ လူးနား ၏ ဗိုက်ကလည်း ပို၍ ကြီးလာပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း အလွန် ကောင်းမွန်ပေသည်။
ရွှီယန်က သူတို့နှင့်အတူ ခဏမျှ ဆော့ကစားပြီး ကျားသစ်များကို ပွတ်သပ်ကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့တော့၏။
လယ်ယာခြံဝင်းတွင်တော့ အလုပ်များနေဆဲပင်။
သို့သော် ဧပြီလ ကုန်လုနီးပါး ဖြစ်နေသော်လည်း လယ်ယာခြံဝင်း၏ ဝင်ငွေကတော့ သိပ်ပြီး မကောင်းလှချေ။
နွေဦးရာသီ ဖြစ်သဖြင့် ရိတ်သိမ်းချိန် မရောက်သေးရာ သေချာပေါက် ဝင်ငွေ မရှိခြင်းပင်။
ထို့အပြင် ရေဖိုး မီးဖိုးများနှင့် ဝန်ထမ်းများ၏ အသုံးစရိတ်များကလည်း အတော်လေး ကုန်ကျပေသည်။
ရွှီယန် တွက်ချက်ကြည့်ရာ ဧပြီလတွင် အရှုံးပေါ်နေ၏။
ဒိန်ချဉ်နှင့် လက်လုပ် ရေခဲချောင်းများ ရောင်း၍ ငွေအနည်းငယ် ရခဲ့သလို ထွန်စက် ငှားရမ်း၍ အလုပ်လုပ်ပေးသဖြင့် ငွေအနည်းငယ် ရခဲ့သည်မှလွဲ၍ အခြား ဘာမျှမရှိတော့ချေ။
လက်ခံနိုင်ဖွယ် ရှိသော်လည်း စိတ်ထဲတွင်တော့ လစဉ် အမြတ်အစွန်း ရချင်နေမိသည်။ လယ်ယာခြံဝင်း၏ သယံဇာတများကို သေချာ အသုံးချရမည် ဖြစ်၏။
ရွှီယန်က တည်ငြိမ်သော ဝင်ငွေ တစ်ခုကို စတင် စဉ်းစားလာခဲ့သည်။ သူက ဝန်ထမ်းများကို လက်လုပ် ဒိန်ချဉ် ပြုလုပ်ရန် ခေါ်ယူနေသည်နှင့် အကြုံကြုံသဖြင့် လက်လုပ်ပစ္စည်း လမ်းကြောင်းကို အတည်တကျ လုပ်ဆောင်ရန် စဉ်းစားလိုက်၏။
"လက်လုပ် အလုပ်ရုံ တစ်ခု ဖွင့်ပြီး လက်လုပ်ပစ္စည်း တချို့ လုပ်ချင်တယ်"
"ငါတို့ လယ်ယာခြံဝင်းမှာ လုပ်လို့ရတဲ့ အရာတွေ အများကြီး ရှိတယ်လေ"
"အဲဒီအခါကျရင် ကြက်မတွေ ထပ်ဝယ်ပြီး ကြက်ဥတွေ ဥခိုင်းမယ်"
"ကြက်ဥရော နွားနို့ပါ ရှိတယ်... ငါတို့ဆီမှာ ကောက်ပဲသီးနှံလည်း မရှားဘူးဆိုတော့ ကိတ်မုန့် တွေ ဘာတွေ လုပ်လို့ ရတယ်"
"အဲဒါတွေကို ဈေးမှာ သွားရောင်းမယ်"
ရွှီယန်က ဝန်ထမ်းများကို သူ၏ အကြံအစည်များ ပြောပြလိုက်သည်။
သူ ဤသို့ ပြောသည်ကို ကြားသောအခါ ဝန်ထမ်းများက သေချာပေါက် သဘောတူကြပေသည်။
မည်သို့ပင်ဆိုစေ အားလုံးက ငွေထုတ်စရာ မလိုသည့်အပြင် လက်လုပ် အလုပ်ရုံမှ အရသာရှိသော အစားအသောက်များ လုပ်လာပါက သူတို့လည်း သေချာပေါက် စားရမည် မဟုတ်ပါလား။
အလုပ်ကိုတော့ သေချာပေါက် လုပ်ရမည်သာ ဖြစ်၏။
"ခြံပိုင်ရှင်... ရပါတယ်... မအားတဲ့ အချိန်ကလွဲရင် အားလုံး လာကူညီလို့ ရပါတယ်"
"ကျွန်တော် ထင်တာကတော့ တော်တော်လေး ကောင်းပါတယ်... ဒီလိုဆိုရင် ပိုပြီး ဝင်ငွေ ရနိုင်တာပေါ့"
"လက်လုပ် အလုပ်ရုံမှာ ဘာလုပ်ရင် သင့်တော်မလဲ... လူတစ်ယောက်လောက် ထပ်ငှားရဦးမလား"
"တကယ်လို့ သာမန် ကိတ်မုန့် တွေ ပြောင်းဖူးပေါက်ပေါက် တွေလောက်ပဲ ဆိုရင် ပိုက်ဆံ သိပ်မရနိုင်ဘူးနော်"
အားလုံးက အသီးသီး အကြောင်းပြန်ကြသည်။ ဤကိစ္စကို သေချာ စဉ်းစားရဦးမည် ဖြစ်၏။
သို့သော် လယ်ယာခြံဝင်း တိုးတက်လာပြီးနောက် ကိုယ်ပိုင် အလုပ်ရုံ ရှိခြင်းက သေချာပေါက် ပိုကောင်းပေသည်။ ဥပမာအားဖြင့် မြက်ခင်းပြင် ဒေသရှိ အကြီးစား နို့ထွက်ပစ္စည်း ကုမ္ပဏီ အများအပြားတွင် ကိုယ်ပိုင် မြက်ခင်းပြင်များ ရှိပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို တစ်ထိုင်တည်း လုပ်ဆောင်ကြသည်။ ကိုယ်တိုင် ထုတ်လုပ်၍ ကိုယ်တိုင် ရောင်းချပါက အမြတ်အစွန်းက အဆများစွာ တိုးလာနိုင်၏။
"အခုက စဉ်းစားရုံ သက်သက်ပါပဲ... မသတ်မှတ်ရသေးပါဘူး"
"နောက်ပိုင်းမှ ကျွန်တော် ပြန်စဉ်းစားကြည့်မယ်"
ရွှီယန်က ထပ်ပြောလိုက်သည်။
ဤကိစ္စအတွက် သူ၏ စိတ်ထဲတွင် ပုံကြမ်းတစ်ခု ရှိနေပြီ ဖြစ်သော်လည်း ဘာလုပ်မည်နှင့် မည်သို့လုပ်မည် ဆိုသည်ကိုတော့ သေချာ စီစဉ်ရဦးမည် ဖြစ်၏။
ထို့အပြင် အရေးအကြီးဆုံးမှာ လက်လုပ် အစားအသောက်များ ပြုလုပ်နိုင်သည့် မုန့်ဖုတ်ဆရာ တစ်ယောက် လိုအပ်နေခြင်းပင်။
ထို့ကြောင့် ထိုအချိန်ရောက်လျှင် လယ်ယာခြံဝင်းတွင် လူထပ်ငှားရဦးမည် ဖြစ်သည်။
ရွှီယန်က သူ၏ လယ်ယာခြံဝင်းကို လှမ်းကြည့်လိုက်ရာ လယ်ယာခြံဝင်းက တိုးတက်လာနေပြီး ယခုနှစ်တွင် ငွေရှာနိုင်ပါက ပြန်လည် ပြင်ဆင်မွမ်းမံသင့်ပြီ ဖြစ်၏။
အလုပ်များလိုက် ဆူညံလိုက်ဖြင့် မေလသို့ ရောက်ရှိလာခဲ့သည်။ နေ့ရက်များက အလွန် အလျင်အမြန် ကုန်ဆုံးနေ၏။
နေ့တိုင်း လယ်ယာခြံဝင်းတွင် နှစ်ပတ်ခန့် လှည့်ပတ်ပြီး အလုပ်အနည်းငယ် လုပ်ကာ တိရစ္ဆာန်လေးများကို စနောက်ရင်း တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။
အဓိကအားဖြင့် သူ စနောက်သည့် တိရစ္ဆာန်များကလည်း အများအပြား ရှိသည်။ ကောင်းကင်ယံမှ ပျံသန်းနေသည့် စွန်နက်၊ မြေပြင်ပေါ်မှ ပြေးလွှားနေသည့် ဒရယ်ပြောက် အစရှိသဖြင့် အစုံအလင် ရှိ၏။
ဤရက်ပိုင်းများတွင် တောင်ထဲမှ ဝက်ဝံမည်းက အတော်လေး တက်ကြွနေပြီး လယ်ယာခြံဝင်းဘက်သို့ အမြဲ လာပြေးနေတတ်သည်။
ဤကောင်ကြီးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပေသည်။ အမြဲတမ်း ခြံစည်းရိုး အပြင်ဘက်တွင် ရပ်လျက် လယ်ယာခြံဝင်းထဲမှ ဝန်ထမ်းများကို တုံးအအဖြင့် လက်လှမ်းပြတတ်၏။
အစပိုင်းတွင် ဝန်ထမ်းများက အနည်းငယ် ကြောက်လန့်နေကြသည်။ ဝက်ဝံမည်းက သူတို့ကို အပြင်ထွက်အောင် လှည့်စားပြီး စားပစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။
နောက်ပိုင်းတွင် ဝက်ဝံမည်းက အစာလာတောင်းရုံ သက်သက်သာ ဖြစ်ကြောင်း ရွှီယန်က ပြောပြလိုက်သောအခါ အားလုံးလည်း တဖြည်းဖြည်း မကြောက်ကြတော့ချေ။
တစ်ခါတရံ သူ့ကို မြင်လျှင် အစားအသောက် အချို့ပင် သွားရောက် ကျွေးမွေးတတ်ကြသေးသည်။
သေချာသည်ကတော့ ဤဝက်ဝံမည်းက အလုပ်တစ်ခု ရရှိခြင်း၏ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားပြီး လယ်ယာခြံဝင်း၏ ရာထူးတစ်ခုကို ကြိုးစား၍ လျှောက်ထားနေခြင်းပင်။
ရွှီယန်က ခြံစည်းရိုးကို ခြားလျက် သူ့ကို အဝေးမှ လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ကျွေးလို့တော့ ရတယ်... ဝင်လာလို့တော့ မရဘူး"
"လယ်ယာခြံဝင်းထဲကို ဝက်ဝံမည်း ပေးဝင်လို့ မရဘူး"
သူ၏စကားကို ကြားသောအခါ ဝက်ဝံမည်းက စိတ်ဓာတ်မကျဘဲ ဆက်လက်၍ ပျော်ရွှင်စွာ လက်လှမ်းပြကာ နွေးထွေးစွာ တုံ့ပြန်လေသည်။
ဤဝက်ဝံမည်းနှင့် အကြိမ်အနည်းငယ် ဆက်ဆံပြီးနောက် ဤကောင်ကြီးက သတ္တိ ပိုပိုကောင်းလာကြောင်းကို ရွှီယန် လုံးဝ မထင်မှတ်ထားခဲ့ချေ။ ထို့အပြင် လူများနှင့် မည်သို့ ဆက်ဆံရမည်ကိုလည်း တတ်ကျွမ်းနေပေသည်။
ယေဘုယျအားဖြင့် တောရိုင်း ဝက်ဝံမည်းများက တော်တော်လေး ကြမ်းတမ်းတတ်ကြသော်လည်း ဤတစ်ကောင်ကတော့ လုံးဝ မတူညီချေ။
တိရစ္ဆာန်များ၏ အတွေးအမြင်များကလည်း တဖြည်းဖြည်း ပြောင်းလဲသွားတတ်သည်ဟုသာ ဆိုရမည် ဖြစ်၏။
ဥပမာအားဖြင့် တိဗက်မှ ဝံပုလွေများ၊ ပင်လယ်ပြင်မှ ဇင်ယော်များနှင့် ဆောင်းရာသီမှ မြေခွေးများ ကဲ့သို့ပင် ဖြစ်သည်။
လူများကို မကြမ်းတမ်းဘဲ လက်လှမ်းပြရုံဖြင့် အရသာရှိသော အစားအသောက်များ ရရှိနိုင်ကြောင်း ဝက်ဝံမည်းက သေချာပေါက် သဘောပေါက်သွားခြင်းပင်။
ယခုအခါ သူက လယ်ယာခြံဝင်း၏ ပြင်ပ အဖွဲ့ဝင် တစ်ဦးဟု အကြမ်းဖျင်း သတ်မှတ်၍ ရနေပြီ ဖြစ်၏။
ဝန်ထမ်းများလည်း သူ့ကို မကြောက်ကြတော့ဘဲ တစ်ခါတရံ သူ့ကို တွေ့လျှင် လာအိုဟေး ဟုပင် လှမ်းခေါ်တတ်ကြသေးသည်။
ဝက်ဝံမည်းက ပျော်ရွှင်စွာဖြင့် ပြေးလာပြီး အစာကျွေးသည်ကို ခံယူတော့၏။
အစာဝသွားလျှင် ဝက်ဝံမည်းက တောထဲသို့ ပြန်သွားပြီး ဆော့ကစားတတ်သည်။
တကယ်တမ်းတွင် ငယ်ငယ်လေးကတည်းက မွေးမြူထားမည် ဆိုပါက ဝက်ဝံက အိမ်မွေးတိရစ္ဆာန် ကောင်း တစ်ကောင် ဖြစ်နိုင်ပြီး အဓိက အချက်ကတော့ လူကို သိတတ်ခြင်းပင် ဖြစ်၏။
ရုရှားတွင် ဤကဲ့သို့သော ဥပမာများ အများအပြား ရှိသည်။ မိသားစု တစ်စုက ဝက်ဝံနှင့် အလွန် အဆင်ပြေစွာ နေထိုင်ကြခြင်း ဖြစ်၏။
သေချာသည်ကတော့ ဝက်ဝံက ဝက်ဝံပင် ဖြစ်ရာ အရွယ်အစားက ကြီးမားလှသဖြင့် ပိုင်ရှင်ကို စားပစ်သည့် ထူးခြားသော ဖြစ်ရပ်များကလည်း မရှိသည်တော့ မဟုတ်ချေ။
ထိုအချိန်အတောအတွင်း ရွှီယန်က တောနက်ထဲသို့ တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး ရတနာရှာဖွေရေး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ဆုလာဘ်များကတော့ အတော်လေး သာမန်ပင် ဖြစ်၏။
လယ်ယာခြံဝင်းက အဆက်မပြတ် တိုးတက်နေပြီး နေ့စဉ် လယ်ယာခြံဝင်း ဘဝနှင့်အတူ လယ်ယာခြံဝင်းတွင် မွေးမြူထားသော တိရစ္ဆာန်များလည်း အများအပြား တိုးလာခဲ့သည်။
ဥပမာအားဖြင့် ကြက်မများပင်။
အားလုံးက ကြက်ဥကို ပိုမို လိုအပ်လာသဖြင့် ကြက်မကြီး အကောင် သုံးဆယ်ကို ဝယ်ယူခဲ့ပြီး ဥလည်း ဥနိုင်သလို စား၍လည်း ရပေသည်။
သို့သော် သိပ်မကြာခင်မှာပင် ကြက်ဥများ လုံးဝ စားမကုန်တော့ကြောင်း အားလုံး သိရှိသွားကြတော့၏။ ကြက်မများက အရမ်း ဥနိုင်ကြလွန်းသည်။
နှစ်ရက် တစ်ခါခန့် ရွှီယန်က ကြက်ဥ တစ်ခြင်းကို သူတို့၏ ဆိုင်ဘက်သို့ သွားပို့ပေးရပြီး မိဘများကို ကူညီ၍ ရောင်းချခိုင်းရသည်။
ကြက်ဥနှင့် နွားနို့များ များပြားလာသောအခါ ရွှီယန်က ကိတ်မုန့် ပြုလုပ်ရန် စဉ်းစားလာခဲ့၏။
မည်သို့ပင်ဆိုစေ ဤအရာများက ကိတ်မုန့် ပြုလုပ်ရန် အခြေခံ ပစ္စည်းများပင် ဖြစ်သည်။
နောက်ထပ် လိုအပ်နေသည်က မုန့်ဖုတ်ဆရာ တစ်ယောက်သာ ဖြစ်၏။
တကယ်တမ်းတွင် ရွှီယန် ကိုယ်တိုင်လည်း လုပ်နိုင်သော်လည်း သူက အခြား လုပ်စရာ ကိစ္စများ အများအပြား ရှိနေသေးသဖြင့် နေ့တိုင်း လက်လုပ် ကိတ်မုန့်များ မလုပ်နေနိုင်ချေ။ ထို့ကြောင့် လူငှားရမည်သာ ဖြစ်သည်။
ယခုအခါ မုန့်ဖုတ်သမားများက အလွန် များပြားလှပေသည်။ လူအများအပြားက အလုပ်မဆင်းချင်ဘဲ ကိတ်မုန့်ဆိုင် ဖွင့်ရန်သာ တွေးနေကြသော်လည်း ဆိုင်ဖွင့်လိုက်သည်နှင့် ထင်သလောက် မလွယ်ကူကြောင်း သိသွားကြတော့၏။
သူက ဤကဏ္ဍအတွက် သင့်တော်မည့်သူကို စတင် ရှာဖွေနေခဲ့သည်။ ထို့အပြင် လူနေဆောင် ဧရိယာ၏ အပြင်ဘက်ဆုံး အိမ်ကို အသုံးပြု၍ လက်လုပ် အစားအသောက်များ ပြုလုပ်ရန် ရည်ရွယ်ထား၏။ ရေခဲချောင်းများနှင့် ဒိန်ချဉ် များကို ဤနေရာတွင် ပြုလုပ်မည် ဖြစ်သည်။
မုန့်ဖုတ်သမား အများအပြား ရှိသော်လည်း အဓိက လိုအပ်ချက်မှာ လက်ရာကောင်းပြီး သေသေချာချာ လုပ်တတ်သူကို ရှာရန်ပင်။
ရွှီယန်က ဤကိစ္စများကို ဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးရာ အားလုံးက ဝိုင်းဝန်း အကြံပေးကြသဖြင့် ကိစ္စများက ပို၍ သေချာသွားတော့၏။
"ခြံပိုင်ရှင်... သာမန် ကြက်ဥ နွားနို့ ကိတ်မုန့် တွေ လုပ်မယ်ဆိုရင်တော့ အမြတ် သိပ်မရနိုင်ဘူး... ကျွန်တော်တို့မှာက နေရာစရိတ် ရော လုပ်အားခ ရော ရှိသေးတယ်... အပြင်ကို ထွက်ရောင်းဖို့လည်း လိုသေးတယ်... အများကြီး ရောင်းရမှာ မဟုတ်ဘူး"
မာဝန် က အတွေ့အကြုံ ပိုများသဖြင့် သူ၏ အကြံပြုချက်ကို တင်ပြလာသည်။
"မွေးနေ့ ကိတ်မုန့် ဆိုင်မျိုး ဖွင့်ရင်ကော... မြို့နယ် ထဲမှာလည်း အဆင့်မြင့် ကိတ်မုန့်ဆိုင် တွေ ရှိတာပဲ"
ဝမ်ဝူ က အကြံပေးလိုက်၏။
"ဘယ်သူက လာဝယ်မှာလဲ ဆိုတာ ပြဿနာပဲ... ကျွန်တော်တို့ လယ်ယာခြံဝင်းက နေရာ ခေါင်တယ်လေ... ဈေးထဲမှာ ရှိတာလည်း မဟုတ်ဘူး... အပြင်ထွက် ရောင်းရုံပဲ ရမှာ... ကိတ်မုန့်ဆိုင် ဖွင့်လို့တော့ သေချာပေါက် မရဘူး"
ကျိန့်ရှန်ချန် က ဆက်လက် ဖြည့်စွက် ပြောဆိုလိုက်သည်။
အားလုံး အတူတကွ တိုင်ပင်ဆွေးနွေးကြသဖြင့် ကိစ္စများက ပို၍ ရှင်းလင်းလာတော့၏။
"ပိုပြီး ကြာကြာ ထားခံတဲ့ ဟာတွေ လုပ်ဖို့ အကြံပြုချင်တယ်... ဥပမာ အရက်ချက် တာတို့... သစ်သီးယို လုပ်တာတို့ပေါ့"
မာဝန် က ထပ်ပြောလိုက်ပြန်သည်။
တစ်ခါတရံ အစည်းအဝေး ခေါ်ယူခြင်းက အလွန် လိုအပ်ပေသည်။
ရွှီယန်က အားလုံး၏ အကြံပြုချက်များကို နားထောင်ရင်း စဉ်းစားနေလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျွန်တော်တို့ဆီမှာ ကြက်ဥ နဲ့ နွားနို့ ထွက်နှုန်းက တော်တော် များတယ်... နေ့တိုင်း သုံးလို့ မကုန်ဘူး... အပြင်ထွက် ရောင်းရင်လည်း သိပ်မတန်ဘူး... အဲဒါကြောင့် ကိတ်မုန့် လုပ်ဖို့ တွေးလိုက်တာ"
"လတ်လတ်ဆတ်ဆတ် ဖုတ်တဲ့ ကိတ်မုန့် တွေက တော်တော် လူကြိုက်များတယ်လေ"
"ကျွန်တော် စဉ်းစားထားတာက ဆိုင်ဖွင့်ဖို့ မဟုတ်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လယ်ယာခြံဝင်းက အလုံပိတ်ထားတာကိုး"
"လက်ကျန် ကိတ်မုန့် တွေကို အပြင်ထွက် ရောင်းဖို့ သီးသန့် တာဝန်ယူမယ့် သူတစ်ယောက် ရှာဖို့ စဉ်းစားထားတယ်"
"အဲဒီအခါကျရင် စားသောက်ကုန် ထုတ်လုပ်ခွင့် လိုင်စင် တွေ ဘာတွေ သွားလုပ်ပြီး လယ်ယာခြံဝင်းရဲ့ ဘေးထွက် လုပ်ငန်း တစ်ခု ဖန်တီးချင်တယ်"
"ကျွန်တော်တို့က လယ်ယာခြံဝင်း ထဲမှာ ကုန်ကြမ်းတွေ ထုတ်လုပ်မယ်... ပြီးရင် အပြင်ထွက်ပြီး လတ်လတ်ဆတ်ဆတ် ကိတ်မုန့်တွေ သွားလုပ်မယ်... အဲဒီလိုဆိုရင် ကြက်ဥ နဲ့ နွားနို့ တွေကို တိုက်ရိုက် ရောင်းတာထက်တော့ ဝင်ငွေ ပိုကောင်းမှာ သေချာတယ်"
ရွှီယန် တွင် အတွေးအခေါ်များ ရှိနေသည်။ ဤကိစ္စက လုပ်ဆောင်၍ ရနိုင်ပေသည်။
လတ်လတ်ဆတ်ဆတ် ဖုတ်သည့် ကိတ်မုန့်လေးများကို ယခုအခါ ဈေးကွက်ထဲတွင် တွေ့ရခဲလှ၏။ ရွှီယန် မှတ်မိသေးသည်... သူ ငယ်ငယ်က ရှိခဲ့ဖူးပြီး ထိုအချိန်က ဈေးထဲသွားလျှင် လတ်လတ်ဆတ်ဆတ် ကိတ်မုန့် ဖုတ်သည့် ဈေးသည်ကို တွေ့ပါက လူများ အမြဲတမ်း ပြည့်ကြပ်နေတတ်သည်။
ကြက်ဥနှင့် မုန့်နှစ်များကို နေရာမှာပင် ဖျော်စပ်ပြီး မီးဖိုထဲတွင် ဖုတ်လိုက်ရာ ကိတ်မုန့်က ပူပူနွေးနွေးနှင့် နူးညံ့နေပြီး အရသာလည်း အလွန် ကောင်းမွန်ပေသည်။
ဤကဲ့သို့သော ကိတ်မုန့် လုပ်ငန်းက အရောင်းအဝယ် အလွန် ကောင်းမွန်၏။
"လယ်ယာခြံဝင်းမှာ အခု အလုပ်တွေ တော်တော် များနေတယ်... နောက်ထပ် စားဖိုမှူး တစ်ယောက် ထပ်ငှားပြီး နောက်တန်း ကို တာဝန်ယူခိုင်းမယ်"
"အန်တီကျန်း လည်း အခု မနိုင်တော့ဘူး"
ရွှီယန်က ထပ်ပြောလိုက်သည်။
သူ ပြောသည့်အတိုင်းပင် လယ်ယာခြံဝင်း တွင် ဟင်းချက်မည့် စားဖိုမှူး တစ်ယောက် လိုအပ်နေသည်။ မည်သို့ပင်ဖြစ်စေ ယောကျာ်းကြီး ငါးယောက် ခြောက်ယောက်ခန့် ရှိနေပြီး စားနိုင်သောက်နိုင်ကြသည် မဟုတ်ပါလား။
မကြာခင်မှာပင် ရွှီယန်က လူရွေးချယ်ခြင်းနှင့် အလုပ်ခေါ်ယူခြင်းများကို စတင် ပြုလုပ်တော့၏။
သူ၏ ကံကောင်းမှုနှင့် အကဲခတ်နိုင်စွမ်းက အမြဲတမ်း အလွန် ကောင်းမွန်ပေသည်။ အလွန် ကြိုးစားပမ်းစား လုပ်ကိုင်တတ်သော ဇနီးမောင်နှံ တစ်စုံ လာရောက် အလုပ်လျှောက်ကြပြီး တစ်ယောက်က မီးဖိုချောင် ကိစ္စများကို တာဝန်ယူကာ နောက်တစ်ယောက်ကတော့ ကိတ်မုန့် ဖုတ်ရန် သင်ယူမည် ဖြစ်သည်။
သူတို့က ခရိုင် မြို့ ထဲတွင် စီးပွားရေး လုပ်ငန်း စတင်ရာမှ ရှုံးသွားသဖြင့် အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
ဇနီးမောင်နှံ နှစ်ယောက်လုံးက နောက်တန်းကို တာဝန်ယူမည်ဖြစ်ရာ ရွှီယန်ကလည်း သူတို့အကြောင်းကို ပိုမို လေ့လာရမည်ဖြစ်ပြီး သူတို့ အရင်က အလုပ်လုပ်ခဲ့ဖူးသည့် နေရာများသို့ သွားရောက် မေးမြန်းခဲ့သေးသည်။ ဤလူနှစ်ယောက်၏ စိတ်ထားက မဆိုးချေ။ အလွန် ကြိုးစားပမ်းစား လုပ်ကိုင်တတ်ပြီး ရိုးသားကြပေသည်။
ရိုးသားလွန်းပြီး ဆိုင်ဖွင့်ရာတွင်လည်း အနည်းငယ် အဆင်မပြေသဖြင့် နောက်ဆုံးတွင် ရှုံးသွားခဲ့ကြခြင်း ဖြစ်၏။
ရိုးသားသူများက ဆိုင်ဖွင့်ရန် မသင့်တော်ချေ။ အမြတ်ငွေဆိုသည်မှာ နည်းနည်းချင်း စုဆောင်းယူရခြင်း ဖြစ်သည်။ အရာအားလုံးကို တိတိကျကျ လုပ်ကိုင်နေပါက ငွေမရှာနိုင်ပေ။
အန်တီကျန်း ကိုလည်း ရွှီယန်က ဆက်လက် ခန့်ထားပြီး နေ့တိုင်း လာရောက်ခိုင်းကာ မီးဖိုချောင်တွင်လည်း ကူညီခိုင်းထား၏။
ဤသို့ဖြင့် လယ်ယာခြံဝင်း၏ နောက်တန်း အထောက်အပံ့ ပြဿနာ ပြေလည်သွားတော့သည်။ ဈေးသွားရောင်းသည့် အချိန်တိုင်းတွင်လည်း ပစ္စည်း အချို့ သွားရောက် ရောင်းချရန် အားလပ်သွားပြီ ဖြစ်၏။ လယ်ယာခြံဝင်း၏ အရောင်း လမ်းကြောင်းများလည်း ပွင့်သွားပြီဟု ဆိုရမည် ဖြစ်သည်။