ကံကြမ္မာအဆက်များကို ဖြေရှင်းခြင်း (၃)
Vol. 020 Ch. 954
ကြက်သွေးရောင်ဘိုးဘေးသည် သတိရှိသည့်လူမျိုး ဖြစ်၏။ သူက သူ့လက်အောက်ရှိ တပည့်များအားလုံးပေါ်၌ ထိန်းချုပ်နိုင်သည့် ချိပ်တံဆိပ်များ ချမှတ်ထားသည်။ သူ့ထိန်းချုပ်မှုအောက်၌ သူ့တပည့်နှစ်ယောက်၏ ခန္ဓာကိုယ်သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကာ ဝမ်လင်းရှိရာသို့ တိုးဝင်သွားသည်။
ထိုအခွင့်အရေးကို အသုံးချကာ သူသည် လွတ်မြောက်ရန် ပြင်သည်။သူ့စိတ်သည် ဗလာကျင်းနေ၏။ သူ့ထံ၌ ထွက်ပြေးဖို့ အတွေးတစ်ခုသာ ရှိလေသည်။
သူ့စိတ်နှလုံးထဲ၌ ကြောက်ရွှံ့မှုသာ ကြီးစိုးနေသည်။သူ့စိတ်ထဲ၌ ဆူးတစ်ချောင်းသည် အမြဲလိုလို ရှိနေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ အတိတ်တုန်းက သူသည် အမျိုးသမီးကျင့်ကြံသူနောက်သို့ ဟော်ဖန်နိုင်ငံနှင့်နတ်ဆိုးပင်လယ်တို့ကြား နယ်စပ်တွင် လိုက်လံနေ၏။ထိုအချိန်က ထိုအမျိုးသမီးကို ကယ်တင်ပေးသွားကာ နတ်ဆိုးပင်လယ်ထဲသို့ လွတ်မြောက်သွားသည့် သူ့ဂျူနီယာအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ဆုံခဲ့ဖူးသည်။
ပုံမှန်အားဖြင့် သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ ဂရုမစိုက်ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စန်နူး ဆိုသည့်နာမည်သည် ပို၍ ကျော်ကြားလာခဲ့သည့်အတွက် သူသည် တုန်လှုပ်မိလာသည်။သူက စန်နူးသည် ထိုအမျိုးသမီးကျင့်ကြံသူအား ကယ်တင်ပေးခဲ့သူမှန်း သိထားခဲ့သည်။
ထိုစန်နူးမှာ စွန့်ပစ်ခံမသေမျိုးကလန်နှင့် ဟင်္သာပြဒါးနိုင်ငံတို့ကြား စစ်ပွဲ၌ တောက်ပလာခဲ့၏။ သည့်နောက် ခုလက်ရှိ ဟင်္သာပြဒါးခေါင်းစီးနေရာအတွက် လွှဲပေးခဲ့သူမှာ ဝမ်လင်း လို့ခေါ်တွင်သည့် စန်နူးမှန်း တွေ့ရှိလာခဲ့သည်။ ထိုအဖြစ်အပျက်အားလုံးက သူ့အား အတော်လေး သတိထားမိစေ၏။ ဝမ်လင်း ဟင်္သာပြဒါးဂြိုဟ်မှ ထွက်ခွာသွားမှသာ သူသည် စိတ်သက်သာရာ ရခဲ့တော့သည်။
သို့သော်လည်း ခုချိန်၌ သူသည် ဝမ်လင်းနှင့် မမျှော်လင့်ဘဲ ပြန်တွေ့ဆုံခဲ့ရပေသည်။
“သူ ငါ့ကို မမှတ်မိလောက်ပါဘူး…” သူက မျှော်လင့်ချက်တစ်ခု ထားနေမိသည်။
“မင်းပဲ…” ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ဝမ်လင်း၏ ဉာဏ်ရည်ဖြင့် သူက မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချက်ခြင်း မှတ်မိပေသည်။ဝမ်လင်းက ထိုလူသည် လီမူဝမ်၏အစ်ကို သတ်ရန် သည်နေရာသို့ ရောက်လာသည်အား သိသွားခဲ့၏။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြတ်ပြေးသွား၏။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူနှစ်ယောက်၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် သွေးမြူသည် ထိုအဘိုးအို(ကြက်သွေးရောင်သွေးဘိုးဘေး)ထံသို့ တန်ပြန် တိုးဝင်သွားလေ၏။
ထိုအဘိုးအိုသည် ကြောက်လန့်တကြားဖြင့် တည်နေရာ ရွှေ့ပြောင်းရန် ပြင်၏။ သို့သော် နောက်ကျလွန်းခဲ့လေပြီ။ သွေးမြူနှင့် ထိတွေ့သွားသည်နှင့် သွေးမြူထဲမှ အော်ဟစ်သံများ ပေါက်ကွဲထွက်လာချေသည်။ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။
ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးမြူများ ပို၍ ပေါ်ထွက်လာသည်။တဖြည်းဖြည်းဖြင့် သွေးများအားလုံးသည် နတ္ထိအဖြစ်သို့ လွင့်ပြယ်ပျောက်ကွယ်သွားတော့၏။
အစကနေ အဆုံးထိ လီချီချင်းသည် ခေါင်းမော့မကြည့်ပေ။ သူက ပတ်ဝန်းကျင်ကို သတိမမူမိသည့်အလား။ သူ့အကြည့်သည် လီမူဝမ်ထံတွင်သာ ရှိနေ၏။
အချိန်သည် ကုန်ဆုံးလာ၏။ အချိန်အတန်ကြာပြီးမှ လီချီချင်သည် အသက်ဝဝရှုသွင်းကာ နိုးထလာ၏။သူက ခေါင်းတလားထဲရှိ လီမူဝမ်ကို စူးနစ်စွာ ကြည့်သည်။သည့်နောက် မတ်တပ်ထရပ်ကာ ဝမ်လင်းကိုပင် မကြည့်ဘဲ အကွာအဝေးတစ်ခုထံသို့ လျှောက်လှမ်းသွားတော့သည်။
ကြက်သွေးရောင်သွေးဘိုးဘေး၏ သေဆုံးမှုနှင့်အတူ လီချီချင်းမျက်နှာပေါ်ရှိ အနီရောင်အကြောင်းများသည် ပျက်စီးသွားတော့၏။
ဝမ်လင်းသည် လီချီချင်း၏ပုံရိပ်ကို ကြည့်သည်။သို့သော် သူက စကားမဆိုပေ။ သူက လီချီချင်း၏အတွေးများကို နားလည်နေသည်။လီချီချင်း၏ မထူးခြားနားဟန် လုပ်ဆောင်မှုများမှာ သူသည် ဝမ်လင်းနှင့် မည်သို့မျှ မပတ်သတ်လိုဟု ဆိုလိုနေပေသည်။
သက်ပြင်းချလိုက်ပြီးနောက် ဝမ်လင်းသည် ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားကို ပြန်သိမ်းကာ လေထဲသို့ ပျံတက်သွားတော့၏။
“ကံကြမ္မာရေစက်အားလုံးကို ရင်ဆိုင် ဖြေရှင်းရမယ်…” ဝမ်လင်းသည် လေထဲကနေ သူ့အောက်ရှိ ဟင်္သာပြဒါးဂြိုဟ်အား ကြည့်၏။ သည်ဂြိုဟ်သည် တစ်ဝက်တစ်ပျက် အပျက်အစီးဂြိုဟ်ဟု ယူဆ၍ ရ၏။ စိတ်ဝိညာဉ်စွမ်းအင်များ နည်းပါးလွန်းလှသည် မဟုတ်လား။
“ကျိုးဝုထိုင်….မင်း ဟင်္သာပြဒါးခေါင်းစီး ဖြစ်တာတဲ့အချိန်ကစပြီး ငါက ဟင်္သာပြဒါးဂြိုဟ်ကို မင်းနဲ့ငါ့ကြားက ကံကြမ္မာရေစက် ပြီးပြည့်စုံဖို့အတွက် အသုံးပြုရလိမ့်မယ်….” ဝမ်လင်း၏မျက်လုံးသည် တည်ငြိမ်လျက်ပင်။ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာပြီးနောက် သူသည် ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း၏ပုံရိပ်က မဟာမိတ်ကြယ်အဖွဲ့အစည်း၏ လူသူအရောက်အပေါက်မရှိသည့် ဂြိုဟ်တစ်ခုဘေးနားတွင် ပေါ်လာသည်။ ထိုဂြိုဟ်ရှိရာသို့ ကြည့်ကာ သူက သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် ပေါ်ထွက်လာ၏။ သည့်နောက် သူ့ညာလက်ကို ရှေ့သို့ ညွှန်ကာ ခပ်ကြမ်းကြမ်း ပြန်ဆွဲယူ၏။
ထိုဂြိုဟ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ခဏအကြာတွင် ဂြိုဟ်ထံမှရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာကာ မမြင်သော လက်ကြီးတစ်ဖက်က ၎င်းအော်ရာကို ဆွဲငင်ခေါ်ယူလိုက်သည့်အလား။
ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်း။
ဝမ်လင်းသည် ၎င်း ဂြိုဟ်စိတ်ဝိညာဉ်အားလုံးကို ထုတ်ယူခြင်း မဟုတ်ဘဲ သုံးပုံတစ်ပုံကိုသာ ထုတ်ယူပေ၏။ဂြိုဟ်၏ စိတ်ဝိညာဉ် သုံးပုံတစ်ပုံ ဆုံးရှုံးသွားမှုက ဂြိုဟ်အပေါ်သို့ သက်ရောက်မှု ရှိသော်လည်း သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပေ။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် ဂြိုဟ်အချို့ထံမှ စိတ်ဝိညာဉ်များကို ထုတ်ယူ၏။သ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက ပင်ပန်းမှုကို ခံစားရသည်။ကံမကောင်းစွာနှင့် ခေါင်းကြီးကောင်လေးသည် လောကနှင့်တစ်သားတည်း နစ်မြုပ်နိုင်ခြင်း မရှိသည့်အတွက် သူဘာသာသူသာ ထိုကဲ့သို့ ပြုလုပ်ရတော့သည်။
တစ်ရက်တိတိကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ သူထုတ်ယူခဲ့သည့် ဂြိုဟ်စိတ်ဝိညာဉ်များကို ကိုင်ဆိုင်ထားကာ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ရောက်ရှိလာ၏။
သူ ဂြိုဟ်ပေါ်သို့ ပြန်ရောက်ရှိလာသည့်အခါတွင် သူ့လက်ထဲမှ ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်နေ၏။ သူ့လက်ဝါးထက်၌ အလင်းလုံးများစွာ ရှိနေသည်။အလင်းလုံးတစ်ခုစီသည် ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ၏။ထိုအလင်းလုံးများမှာ သူ ထုတ်ယူခဲ့သည့် ဂြိုဟ်စိတ်ဝိညာဉ်များပင်။
အသက်ဝဝရှုသွင်းပြီးသည့်နောက် ဝမ်လင်းသည် ဘယ်လက်ဖြင့် အလင်းလုံးတစ်လုံးကို ပင့်မြှောက်ကာ ဖျပ်ခနဲ တောက်ထုတ်၏။ ထိုအလုံးလုံးသည် အဆုံးစွန်အမြန်နှုန်းဖြင့် ဟင်္သာပြဒါးဂြိုဟ်နှင့် ပေါင်းစပ်သွားလေသည်။
ဟင်္သာပြဒါးဂြိုဟ်သည် ရုတ်တရက် တုန်ယင်သွားသည်။ထိုအရာက ဂြိုဟ်ကိုယ်တိုင် တုန်ခါခြင်းမဟုတ်၊ဂြိုဟ်၏ စိတ်ဝိညာဉ် တုန်ခါခြင်း မည်၏။
သည်အခိုက်အတန့်၌ စိတ်ဝိညာဉ်သွေးကြောမြောက်များစွာသည် ဂြိုဟ်အတွင်းဘက်၌ ပေါ်လာ၏။ ၎င်းဂြိုဟ်၏ အသက်ဓာတ်ပင် ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာခဲ့သည်။
ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။ သူက ဒုတိယစိတ်ဝိညာဉ်အလုံးကို ပင့်ယူကာ တောက်ထုတ်ပြန်၏။ဟင်္သာပြဒါးဂြိုဟ်၏ စိတ်ဝိညာဉ်သည် နောက်ထပ် တုန်ခါသွားကာ စိတ်ဝိညာဉ်သွေးကြောများ အရူးအမူး စတင် ဖြစ်ပေါ်လာသည်။ နဂိုရှိနှင့်ပြီးသော တောင်များ၌ ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်လာ၏။
သေမျိုးများအားလုံးသည် ကမ္ဘာမြေကြီးထံမှ နွေးထွေးမှုကိုသာ ခံစားမိ၏။သူတို့သည် လန်းဆန်းသွားကာ ဖျားနာမှုပင် ကင်းစင်သွားသလို ခံစားလိုက်ရသည်။
တတိယ၊စတုတ္ထ၊ငါးခုမြောက် စိတ်ဝိညာဉ်များကိုလည်း ဝမ်လင်းက ဂြိုဟ်ရှိရာသို့ ပစ်လွှတ်သည်။သည်အခိုက်၌ ဟင်္သာပြဒါးဂြိုဟ်မှ ထွက်ပေါ်လာသည့် ဖီးနစ်အော်မြည်သံကို ကျင့်ကြံသူအနည်းငယ်က ကြားလိုက်ရလေ၏။
ဟင်္သာပြဒါးသည် ၎င်း၏ အသက်ဓာတ်အပြည့်အဝ ရရှိလာသည့်အလား။မြေကြီးထဲ၌ စိတ်ဝိညာဉ်စွမ်းအင်များသည် စိတ်ဝိညာဉ်သွေးကြောများကို ပေါ်ထွက်လာစေသည်။သည်အခိုက်အတန့်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်အမြောက်အများသည် မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိလာတော့၏။
ထိုမျှသာမကသေးပါ။ ကျင့်ကြံသူများသည်လည်း ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပို၍ အသက်ဝင်လာသည်ကို ခံစားမိကြ၏။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားရင်း ဝမ်လင်းသည် ခြောက်ခုမြောက်စိတ်ဝိညာဉ်အလုံးကို ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ပစ်သွင်းသည်။သည်အခိုက်၌ တောင်တန်းများသည် ပိုမို၍ စိမ်း၊ရေထုသည် ပိုကြည်လင်လာကာ ဂြိုဟ်ထံမှ သင်းပျံ့သော ရနံ့တစ်ခုပင် ထွက်ပေါ်လာသလား မှတ်ရသည်။ရှင်သန်ခြင်းလှိုင်းများသည် ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ ပျံ့လွင့်သည်။
နောက်ဆုံးစိတ်ဝိညာဉ်အလုံးကို ဂြိုဟ်ထံသို့ ပစ်သွးလိုက်သည့်အခါ ဟင်္သာပြဒါးဂြိုဟ်၏ စိတ်ဝိညာဉ်တုန်ခါမှုမှာ အထွတ်အထိပ်သို့ ရောက်၏။ ကျင့်ကြံခြင်း၌ပါရမီ ထင်ထင်ရှားရှား မရှိသေးသည့် သေမျိုးပါရမီရှင်များပင် များစွာ သန်မာလာကြသည်။
သည်အပြင် မရေမတွက်နိုင်သော အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း ဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင်များ တိုးပွားလာသည့်အတွက် တစ်ဆို့မှုများကို ချိုးဖျက်သွားနိုင်ကြသည်။
ကလန်မျိုးစုံမှ မြောက်များစွာသော ကျင့်ကြံသူများသည် လုပ်လက်စများကို ရပ်တန့်ကာ ကျင့်ကြံခြင်း၌သာ နစ်မြုပ်ထားလေတော့၏။သူတို့က ဂြိုဟ်ထံမှ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူကုန်ကြသည်။
ဟင်္သာပြဒါးဂြိုဟ်သည် ထိပ်တန်းဂြိုဟ်တစ်ခုအဆင့်သို့ မရောက်သေးသော်လည်း ၎င်းက အစုတ်အပဲ့ဂြိုဟ်တစ်ခုတော့ မဟုတ်တော့ပေ။၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်လား။
ကျိုးဝုထိုင်က ဟင်္သာပြဒါးတောင်ထိပ်ပေါ်၌ ရပ်နေရင်း သူသည် ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။သူက အသက်ဝဝရှိုက်သွင်းကာ ခပ်တိုးတိုး ရေရွတ်သည်။ “ကျေးဇူးတင်ပါတယ်…အစ်ကိုဝမ်…”
ဟင်္သာပြဒါးနိုင်ငံထဲရှိ ဂြိုဟ်တစ်ခုရှေ့၌ ဟောင်လုံနှင့်ရုပ်ချင်း ချွတ်ဆွတ်တူသည့် အသက်ကြီးကြီးကျင့်ကြံသူ တစ်ယောက်သည် ပြုံး၍ ခေါင်းယမ်း၏။ “ဂြိုဟ်တစ်ခုကို အားဖြစ်စေဖို့ ဂြိုဟ်ခုနစ်ခုရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုတာဟာ အရမ်းကြီး အကျိုးသက်ရောက်မှုတော့ မရှိဘူး။ဒါပေမဲ့ ဒါက ဒီကလေးဟာ သူ့မွေးရပ်မြေကို အတော်လေး ဂရုစိုက်တာကို ပြသနေတယ်။ကောင်းတယ်။ သူက မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှစ်ခုကြားမှာ ဘယ်ဘက်ကို ရပ်တည်မလဲတော့ ငါလည်း မသိဘူး…”
ဝမ်လင်းသည် မြေပြင်ထုကို ကြည့်၏။သည့်နောက် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ တောင်ကြားတစ်ခုထဲသို့ ရောက်နေသည်။ထိုတောင်ကြားသည် သူအရင်တုန်းက ထွက်ခွာသွားသည့် အတိုင်းသာ အခုထိ ရှိနေပေသည်။
“ကံကြမ္မာရေစက်ကို ဖြေရှင်းပြီးသွားပြီဆိုတော့ ငါ ထွက်ခွာရတော့မယ့် အချိန်ပဲ။ဒါပေမဲ့လည်း ငါ မထွက်ခွာခင် ငါက စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ နေရာတစ်ခုရှိ သွားရဦးမယ်။ဒါပေမဲ့လည်း ငါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကောင်းကင်ဘုံမူလစွမ်းအင်ကို တိုးတက်အောင် လုပ်ဖို့ နည်းလမ်းတစ်ခုကို မရှာနိုင်သေးဘူး။မဟုတ်ရင် ငါက ဆန်းကြယ်လက်နက်ကို လေ့လာနိုင်မှာ…”
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံသို့ တည်ငြိမ်စွာ ကြည့်နေလေ၏။
မဟာမိတ်ကြယ်အဖွဲ့အစည်း၌ မရေမတွက်နိုင်သော အနက်ရောင်အဆောက်အဦများ ရှိနေသည့် တသီးတသန့်အဖွဲ့အစည်းတစ်ခု ရှိလေ၏။ထိုအဆောက်အဦများသည် ပုံစံကွဲများ ဖြစ်ကြသည်။၎င်းတို့က ဓားကြီးများကို လေဟာနယ်ထဲသို့ ထိုးစိုက်ထားသည်နှင့် ဆင်တူလေသည်။
ထိုအဆောက်အဦများ၏ ဗဟို၌ မျှော်စင်တစ်ခု ရှိနေသည်။ထိုမျှော်စင်မှာ ပေသောင်းချီ မြင့်မား၏။ အနက်ရောင်ချိန်းကြိုးများသည် မျှော်စင်ကို ခြုံလွှမ်းကာ အနီးအနားရှိ အဆောက်အဦများနှင့် ချိတ်ဆက်ထားသည်။
ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကို ကလန်နှစ်ခု၊ဘုရားကျောင်းလေးခုနှင့် နယ်မြေရှစ်ခုဟူ၍ ပိုင်းခြားထားသည်။သည်နေရာက သတ်ဖြတ်ခြင်းနယ်မြေပင်။
ဟင်းလင်းပြင်ထဲ၌ တစ္ဆေပုံရိပ်တစ်ခုခုသည် ထွက်ပေါ်လာသည်။၎င်းက အလင်းတန်းတစ်ခုအလား လှုပ်ရှားကာ အဆောက်အဦးတစ်ခုအပေါ်သို့ ရောက်ရှိလာသည်။ထိုပုံရိပ်က ဒူးထောက်ချလိုက်ရာ အဘိုးအိုတစ်ယောက်၏အသွင် ထွက်ပေါ်လာ၏။သူက ဗဟိုချက်ရှိ မျှော်စင်ရှိရာသို့ ဦးညွတ်ကာ ပြောသည်။ “အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ရှုမူရဲ့ အရိပ်အမြွက်ကို တွေ့ရှိခဲ့ပါပြီ…”
“ရှုမူရဲ့ ခေါင်းကို ငါ့အတွက် ယူလာခဲ့ပါ…။ဒါက အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေအတွက် ဒိသတ်ဖြတ်ခြင်းနယ်မြေရဲ့ လက်ဆောင်တစ်ခု ဖြစ်လာလိမ့်မယ်…”
အေးစက်စက်နှင့်ချောက်ခြားဖွယ်အသံတစ်ခုသည် မျှော်စင်ရှိရာကနေ ပျံ့လွင့်လာသည်။
***