အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) လက်နက်သွန်းလုပ်ရာနေရာ
ထုံမြို့…
ရှန်းကော် အခြေစိုက်စခန်း၏ အပြင်ဘက်ပိုင်းမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် စက်ဆုပ်စရာ ကောင်းနေသည်။ ဇွန်ဘီကောင်ရေ တစ်သောင်းကျော်၏ အလောင်းများမှ အသက်ရှူကြပ်လောက်အောင် ပြင်းထန်သော ပုပ်ဟောင်နံ့များ ထွက်ပေါ်နေသည်။ အခြေစိုက်စခန်း အစွန်ပိုင်းရှိ ပန်းခြံဧရိယာဆိုလျှင် လုံးဝ သွေးစိမ်းအိုင်ကြီးအဖြစ် ပြောင်းလဲနေချေပြီ။
ထိုအထဲသို့ ခြေတစ်လှမ်း ချမိသည်နှင့် ပြန်ထွက်နိုင်ရန် နေ့ဝက်ခန့် အချိန်ယူရပေလိမ့်မည်။ အချို့နေရာများဆိုလျှင် လူတစ်ကိုယ်လုံးကိုပင် ဝါးမြိုသွားနိုင်လောက်အောင် နက်ရှိုင်းလှသည်။ ထိုနေရာကား ချူဟန် ဖောက်ခွဲခဲ့သော နေရာဟောင်းပင်။ မြေကျင်းကြီးမှာ ဧရာမ အရွယ်အစားရှိပြီး ထပ်နေသော ဇွန်ဘီအရေအတွက်မှာလည်း အလွန်အမင်း များပြားလှသည်။ ပုပ်ပွနေသော အသားစများ၏ စက်ဆုပ်ဖွယ် မြင်ကွင်းမှာလည်း တခြားနေရာများထက် များစွာ ဆိုးရွားနေတော့သည်။
ဇွန်ဘီလှိုင်းလုံးကြီး၏ အန္တရာယ် ပြီးဆုံးသွားပြီးနောက် ရှန်ကော် အခြေစိုက်စခန်းတွင် ဆက်လက်နေထိုင်မည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက် သိပ်မများတော့ချေ။
ယဲ့ချန် က လူအများအပြားကို ဦးဆောင်ကာ ဤမြို့မှ အုပ်စုလိုက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
လူအများစုမှာ သံယောဇဉ်နှင့် စိုးရိမ်ပူပန်မှုများ ရှိနေကြသော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဤအခြေအနေအောက်တွင် မည်သို့မျှ မတတ်နိုင်ကြချေ။ ၎င်းတို့သည် မထွက်ခွာမီ ထုံမြို့အတွင်းရှိ စူပါမားကတ်များကို အကုန်အစင် ရှင်းလင်းခဲ့ပြီး ကုန်တင်ကားကြီးများစွာကို သိမ်းပိုက်ကာ လမ်းခရီးအတွက် စားနပ်ရိက္ခာများကို စုဆောင်းထားခဲ့ကြသည်။
ဤသည်မှာ အားလုံး၏ ဆန္ဒသဘောတူ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ယဲ့ချန် သည် ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ယွဲ့ဇီ နှင့် ချန်ရှန်ကော် တို့မှာ ၎င်းတို့နှင့် အတူမလိုက်ဘဲ ဤနေရာတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သောကြောင့် ဖြစ်လေသည်။
ရှန်းကော် အခြေစိုက်စခန်းနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းလေးတစ်ခု…
ပေါင်းပင်များနှင့် အပင်များအားလုံး ရှင်းလင်းခံထားရပြီး အဝါရောင် မြေသားများ တူးဆွထားသည်ကို တွေ့ရသည်။
ထိုမြေကျင်း၏ အောက်ခြေတွင် အရိုးအိုးတစ်လုံးကို အထီးကျန်စွာ ထားရှိထားသည်။
နေရောင်ခြည်က သိပ်မပြင်းထန်သော်လည်း ချန်ရှန်ကော် သည် ရေတံခွန်ပမာ ချွေးများ ထွက်နေတော့သည်။ နေလောင်ထားသော အသားအရေရှိသည့် သူ၏ ခန္ဓာကိုယ်မှာ ဤရက်ပိုင်းအတွင်း သိသိသာသာ ပိန်ချုံးသွားခဲ့ချေပြီ။ သူသည် ယွဲ့ဇီ ၏ အကူအညီကို ငြင်းပယ်ကာ တစ်ဦးတည်း တိတ်ဆိတ်စွာဖြင့် ကျင်းထဲသို့ မြေများ ဖုံးအုပ်နေလေသည်။
ယွဲ့ဇီ မှာ ဘေးနားတွင် ငြိမ်သက်စွာ ရပ်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ချေ။ မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် သူမ စဉ်းစား၍မရတော့ပေ။
နာရီအနည်းငယ် ကြာမြင့်သွားသည်။
ချန်ရှန်ကော် က ကျင်းကို လုံးဝ ဖုံးအုပ်လိုက်ပြီး မြေစာများဖြင့် သင်္ချိုင်းကုန်းလေးတစ်ခု ဖန်တီးပြီးသွားချိန်တွင် သူ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်သည်။
မြေပြင်ပေါ်သို့ ခွေကျသွားပြီး ရှေ့မှောက်ရှိ မြေပုံလေးကိုသာ တွေဝေငေးမောကာ စူးစိုက်ကြည့်နေမိသည်။ သူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ရှုပ်ထွေးပွေလီနေတော့သည်။
သူ မှတ်တိုင် မစိုက်ထူခဲ့ချေ။ ဤနေရာသို့ နောက်တစ်ကြိမ် လာရောက်ဖြစ်မည် မဟုတ်ကြောင်းကို သိထားသောကြောင့် ဖြစ်သည်။
ဤကမ္ဘာလောကကြီးတွင် တစ်ဦးတည်းသော ဆွေမျိုးသားချင်းဖြစ်သည့် ချန်ဇီဟောင် သေဆုံးသွားခဲ့ပြီ။ ဆွေမျိုး မရှိတော့ချေ။ သူငယ်ချင်းလည်း မရှိတော့ချေ။ ဤမြို့ကြီးကိုယ်တိုင်က မကြာမီ အကြွင်းမဲ့ သေဆုံးခြင်းမြို့တော်ကြီးအဖြစ် ပြောင်းလဲသွားတော့မည်။
သင်္ချိုင်းလာရောက် ဂါရဝပြုခြင်းဆိုသည်မှာ မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ချေ။
"မုယဲ့ လက်ချက်ပဲ"
ရုတ်တရက် ယွဲ့ဇီ က စကားစလိုက်သည်။
"အဲဒီကောင်ကလွဲရင် တခြားလူ မရှိဘူး"
"ငါ သိတယ်"
ချန်ရှန်ကော် ၏ အသံမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည်။ ထိုအသံထဲတွင် ဝမ်းနည်းမှု အနည်းငယ်မျှ မရှိသလို ဒေါသတရားပင် လုံး၀ မပါဝင်ပေ။
ယွဲ့ဇီ ထပ်မံ၍ နှုတ်ပိတ်သွားပြန်သည်။
ချန်ဇီဟောင် ၏ အလောင်းကို တွေ့ရှိပြီးကတည်းက ချန်ရှန်ကော် သည် ရုတ်တရက် လူစားထိုးလိုက်သကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ လှိုင်းကင်းစင်သော ရေပြင်ပမာ တည်ငြိမ်နေသည့် သူ၏ မျက်နှာအောက်တွင် မည်သည့် ခံစားချက်ကိုမျှ ခန့်မှန်း၍မရနိုင်ချေ။ ဤအတိုင်းဆိုပါက သူ ရူးသွပ်သွားမည်ကို ယွဲ့ဇီ အမှန်တကယ် စိုးရိမ်မိတော့သည်။
"မင်း သွားတော့"
ချန်ရှန်ကော် က ရုတ်တရက် ပြောလိုက်သည်။
"ငါ့အတွက် သေနတ်တစ်လက် ထားခဲ့ပေး"
ထုံမြို့၏ နာမည်ကြီး ခရီးသွားနေရာတစ်ခု အစွန်အဖျားရှိ ဟိုတယ်တစ်ခု…
အထပ်မြင့်များမှနေ၍ အောက်ခြေရှိ လမ်းမကြီးကို ငုံ့ကြည့်လိုက်ရာ ယခင်က ပုံရိပ်များ လုံးဝ ပျောက်ကွယ်နေခဲ့လေပြီ။ ကွန်ကရစ် လမ်းမကို လုံး၀ မမြင်ရတော့ပေ။ လမ်းမတိုင်းတွင် ခြောက်ခြားဖွယ်ကောင်းသော အနက်ရောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။
မိစ္ဆာဘုရင်ကြီး၏ ဧရာမ ရေဘဝဲလက်တံများပမာ ၎င်းတို့သည် တွားသွားလှုပ်ရှားနေကြပြီး အဆက်မပြတ် ရွေ့လျားလျှက် ရှိနေသည်။
ဇွန်ဘီလှိုင်းလုံးကြီး ဖြစ်သည်။
ဟိုတယ်အတွင်းသို့ ထွက်ပြေးပုန်းအောင်းလာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူ နှစ်ထောင်ခန့်မှာ ကြောက်ရွံ့လွန်းသဖြင့် အရုပ်ကြိုးပြတ် ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။ ပြတင်းပေါက်မှ မြင်တွေ့ရသော မြင်ကွင်းမှာ အိပ်မက်ဆိုးတစ်ခုပမာပင်။
ဒီလောက်များပြားလှတဲ့ ဇွန်ဘီတွေ ဘယ်နေရာကများ ရောက်လာပါလိမ့်။ ဘာကြောင့်များ ဒီနေရာကို ပြိုင်တူ ဦးတည်လာနေကြတာလဲ။
မျှော်လင့်ချက်မဲ့နေသော ငိုကြွေးသံများ ဆက်တိုက် ထွက်ပေါ်နေတော့သည်။ မူလက တိတ်ဆိတ်နေရမည့် အခြေစိုက်စခန်းသည် ယခုအခါ ရူးသွပ်မှုများ ပြည့်နှက်နေသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
လူအများစုမှာ အခန်းတံခါးများကို တင်းကျပ်စွာ ပိတ်ထားပြီး အပြင်သို့ တစ်လှမ်းမျှ မထွက်ဝံ့ဘဲ ဆုတောင်းစာများကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေကြတော့သည်။
'ဒီဟိုတယ်က အရမ်း ခိုင်ခံ့တယ်။ အဆင်ပြေမှာပါ။ ဇွန်ဘီတွေ လုံးဝ ဝင်လာနိုင်မှာ မဟုတ်ဘူး...'
အခြားတစ်ဖက်တွင် ထိတ်လန့်ခြောက်ချားနေသော လူအများအပြားသည် အထပ်မြင့်များဆီသို့ အလုအယက် ပြေးတက်သွားကြသည်။ ၎င်းတို့သည် အခြေစိုက်စခန်း၏ ခေါင်းဆောင်များ နေရာယူထားသော အခန်းရှေ့တွင် စုရုံးကာ တံခါးကို ဒေါသတကြီး ဆောင့်ကန်ရင်း လက်သီးဖြင့် ထုနှက်နေကြတော့သည်။
"ထွက်ခဲ့စမ်း...အထဲမှာ ရှိနေတာကို သိတယ်နော်"
"မြန်မြန် တံခါးဖွင့်စမ်း... ဇွန်ဘီတွေ လာနေပြီကွ"
"တောင်းပန်ပါတယ်... ကျွန်တော်တို့ကို ကယ်ပါဦးဗျာ"
သို့သော် ပြန်ထူးသံ မရှိချေ။ လုံခြုံစွာ ပိတ်ထားသော အခန်းတံခါးကြီး နောက်ကွယ်မှ မည်သည့် အသံမျှ ထွက်ပေါ်မလာခဲ့ပေ။
ငါးရက်အကြာ…
ချူဟန် တို့အဖွဲ့သည် အမြန်လမ်းမကြီးပေါ်တွင် ငါးရက်တိုင်တိုင် မောင်းနှင်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကုန်တင်ကားပေါ်တွင် စားနပ်ရိက္ခာများ လုံလောက်စွာ ပါရှိလာသဖြင့် ရိက္ခာဖြည့်တင်းရန်အတွက် ရပ်နားရန် မလိုအပ်ခဲ့ချေ။
သူတို့သည် ရှိအန်းမြို့ အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအရှိန်အတိုင်းသာ ဆိုလျှင် ရောက်ရှိရန် အချိန်သိပ်မလိုတော့ပေ။
သို့သော် ချူဟန် သည် ရှိအန်းမြို့သို့ တိုက်ရိုက် မသွားခဲ့ပေ။သူသည် အဖွဲ့ကို ဦးဆောင်ကာ အမြန်လမ်းမကြီးမှ ဆင်းလျက် မြေရိုင်းပြင်များ ဝိုင်းရံထားသော နေရာတစ်ခုဆီသို့ ခရီးစဉ်ကို ပြောင်းလဲလိုက်သည်။
ထိုနေရာကား ဖြောင့်တန်းသော လမ်းမကြီးတစ်ခု ဖြစ်သော်လည်း အမြန်လမ်းမကြီးကဲ့သို့ အကာအကွယ်တံတိုင်းများ မရှိချေ။ ကမ္ဘာပျက်ကပ် စတင်ကတည်းက လမ်းမကြီးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ဆိုးရွားသော လမ်းကြမ်းကြီးအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ မီတာတစ်ရာခန့် အကွာအဝေးတိုင်းတွင် အတားအဆီး မျိုးစုံ ပိတ်ဆို့နေပြီး လမ်းဘေးရှိ ပေါင်းပင်များမှာ အသိဉာဏ်ရှိသော နွယ်ပင်များပမာ ထူးဆန်းစွာ ကြီးထွားနေကြသည်။ ၎င်းတို့ကို မြက်ပင် ဟု ခေါ်ဆို၍ မရနိုင်တော့လောက်အောင် လူတစ်ရပ်ထက်မက မြင့်မားစွာ ပေါက်ရောက်နေကြသည်။
အရှေ့ဆုံးမှ ပြေးနေသော G55 ၏ အရှိန်မှာ လုံးဝ လျော့ကျသွားခြင်း မရှိချေ။ ပြန့်ကျဲနေသော အတားအဆီးများကို ချူဟန် က လီဗာကို ဆက်နင်းထားလျက် အတင်းအကျပ် ဖြတ်ကျော်သွားတော့သည်။
ဝုန်း... ဒိုင်း...
ပြင်းထန်လှသော တိုက်ခိုက်သံကြီးများနှင့်အတူ ဧရာမ ကားကိုယ်ထည်ကြီးဖြင့် လမ်းကြောင်းကို အတင်းအကျပ် ရှင်းလင်းသွားခြင်း ဖြစ်သည်။
သူ့နောက်မှ ကုန်တင်ကားဖြင့် လိုက်ပါလာသော ချန်ရှောက်ရယ် မှာ အသက်ရှူပင် မှားနေတော့သည်။
'ဘော့စ်ရယ် နံရံကို ဝင်တိုက်ပြီး သေဖို့များ ရည်ရွယ်ထားတာလား...'
အဖွဲ့သည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ရာ နောက်ဆုံး၌ နေမဝင်မီလေးတွင် ကျယ်ဝန်းလှသော မြေကွက်လပ်တစ်ခုရှိ ဧရာမ အဆောက်အအုံကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြတော့သည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော မြေရိုင်းပြင်ကြီး ဖြစ်သည်။ အဝေးဆုံးအထိ ကြည့်လျှင်ပင် လူသားတို့ ဖန်တီးထားသော အရာဟူ၍ ဤအဆောက်အအုံ တစ်ခုသာ ရှိလေသည်။
ခြံဝင်းအတွင်းသို့ ကားများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အမှောင်ရိပ်ထဲမှနေ၍ ဇွန်ဘီအချို့ ခုန်ထွက်လာကြတော့သည်။ သို့သော် ၎င်းတို့သည် G55 ၏ ဧရာမ ကိုယ်ထည်ကြီးကြောင့် တိုက်မိလွင့်စင်သွားကြပြီး ဦးခေါင်းများ ကြေမွကာ အနက်ရောင် သွေးများနှင့် ပုပ်ပွနေသော အသားစများ လွင့်စင်လျက် လမ်းမပေါ်ရှိ အစက်အပြောက်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
ကားကို ရပ်တန့်လိုက်ပြီးနောက် လူအချို့က သတိထားလျက် အပြင်သို့ ဆင်းလာကြသည်။ ထိုနေရာကား စွန့်ပစ်ခံထားရသော စက်ရုံဟောင်းတစ်ခု ဖြစ်သည်။ ကမ္ဘာပျက်ကပ် စတင်ပြီး ဇွန်ဘီများ ပျံ့နှံ့လာမှုကြောင့် အဆောက်အအုံမှာ စုတ်ပြတ်သတ်နေချေပြီ။ နံရံများပေါ်တွင် ဇွန်ဘီနှင့် လူသားတို့၏ သွေးများ ရောနှောကပ်ငြိနေပြီး အနီရင့်ရောင်များ ခြောက်သွေ့နေသဖြင့် ခွဲခြား၍ပင် မရနိုင်တော့ချေ။ နံရံဘေးရှိ မြေပြင်တွင် အဝါရောင် ပြောင်းနေသော လူ့အရိုးစုများ ပြန့်ကျဲနေပြီး အများအပြားမှာ ကျိုးပဲ့နေသည်။
"နည်းနည်းတော့ ထူးဆန်းနေတယ်"
လော့ရှောင်ရှောင် က မျက်မှောင်ကြုတ်လိုက်သည်။
"ဇွန်ဘီတွေ နည်းလွန်းမနေဘူးလား"
"မင်းက ဇွန်ဘီသတ်ရတာကို စွဲလမ်းနေတာလား"
ချန်ရှောက်ရယ် က နှာခေါင်းရှုံ့လိုက်သည်။
"ဟိုတစ်ခေါက် ထုံမြို့က ဇွန်ဘီလှိုင်းလုံးကြီးက ထူးခြားနေလို့လေ။ ဒီလို တောကြိုတောင်ကြားမှာ ဇွန်ဘီတွေ အုံခဲနေစရာ အကြောင်းမှ မရှိတာ"
"ချန်ရှောက်ရယ် ပြောတာ မှန်တယ်။ ဒီလို လူသူဝေးတဲ့ စက်ရုံမှာ ကမ္ဘာပျက်ကပ် စတင်တုန်းကတောင် လူသိပ်များများ ရှိခဲ့မှာ မဟုတ်ဘူး။ အန္တရာယ် ရှိမယ် မထင်ပါဘူး"
ရှန်ကျိုတီ က လော့ရှောင်ရှောင် ကို နှစ်သိမ့်ပေးရင်း ချူဟန် ထံသို့
အကြည့်ရွှေ့လိုက်သည်။
"ဒါနဲ့... ငါတို့ ဒီနေရာကို ဘာလာလုပ်တာလဲ"
ချူဟန် သည် G55 ကားကိုယ်ထည်မှ အကြည့်လွှဲလိုက်ပြီး တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
"ဒီနေရာက သတ္တုကြိုစက်ရုံပဲ။ ငါ့ရဲ့ လက်နက်ကို နည်းနည်းပါးပါး ပြုပြင်မလို့"
ခွန်အား စွမ်းရည်ကို ရရှိပြီးကတည်းက သူ နှစ်သက်စွာ အသုံးပြုနေသော ပုဆိန်မှာ အလွန်ပင် ပေါ့ပါးလွန်းနေသည်ဟု ခံစားနေရသည်။
လက်ရှိအချိန်တွင် သူသည် ပိုမိုကြီးမားပြီး ပိုမိုလေးလံကာ သတ်ဖြတ်မှုစွမ်းအား ပိုမိုပြင်းထန်သော လက်နက်တစ်ခုကို လိုအပ်နေသည်။ အကောင်းဆုံး လက်နက်တစ်ခု ရှိနေပါက တိုက်ပွဲအချိန်ကို များစွာ လျှော့ချနိုင်ရုံသာမက ပိုမိုများပြားသော အန္တရာယ်များကိုလည်း ကြိုတင် တားဆီးနိုင်ပေလိမ့်မည်။
ထို့အပြင်...
ချူဟန် က G55 ထံသို့ ထပ်မံ ကြည့်လိုက်သည်။
'ဒီကားကိုလည်း နည်းနည်းပါးပါး အဆင်မြင့်ဖို့ ရနိုင်သေးတယ်'
"ကိုကို ချူဟန် က အရမ်းမိုက်တာပဲ"
လော့ရှောင်ရှောင် က လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ချူဟန် အသုံးပြုနေသော လေးလံလှသည့် သံပုဆိန်ကြီးကို သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ လက်တစ်ဖက်တည်းဖြင့် မလွှဲရမ်းနိုင်ကြချေ။ လော့ရှောင်ရှောင် ဆိုလျှင် မြေပြင်ပေါ်တွင် ဆွဲသွားရန်ပင် မဖြစ်နိုင်ပေ။
"ဟင်... ပိုင်ယွန့်အာ ရော"
ရှန်ကျိုတီ က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
"ခဏလေး မျက်ခြေပြတ်သွားတာနဲ့ ထပ်ပျောက်သွားပြန်ပြီရော"
ချူဟန် သည် အလင်းရောင် တစ်စက်မျှ မထွက်ပေါ်လာသော သတ္တုကြိုစက်ရုံ၏ အမှောင်ပိန်းပိန်း တံခါးဝကို စူးစိုက်ကြည့်လိုက်သည်။
"သူ အထဲရောက်နေပြီ"
"တကယ်ပါပဲ။ အဖွဲ့အစည်း စိတ်ဓာတ်လည်း မရှိဘူး။ စည်းကမ်းလည်း မရှိဘူး" လော့ရှောင်ရှောင် က အခွင့်အရေး ရသည်နှင့် ပိုင်ယွန့်အာ အပေါ် မကျေနပ်ချက်များကို ပေါက်ကွဲထုတ်တော့သည်။
သူမ မည်မျှပင် ညည်းတွားနေစေကာမူ အခြေအနေမှာ ပြောင်းလဲသွားမည် မဟုတ်ချေ။ မူလကတည်းက ရေခဲပမာ အေးစက်သော ထိုမိန်းကလေးက ဤမျှအထိ အတူလိုက်ပါလာခြင်းကပင် အံ့ဩစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ ဤသည်မှာလည်း သူမက ချူဟန် အပေါ် ထားရှိသော နားလည်ရခက်သည့် စူးစမ်းလိုစိတ်များကြောင့်သာ ဖြစ်ပေလိမ့်မည်။
ချက်...
"ကျည်ထည့်ထား"
ချူဟန် က သံပုဆိန်ကြီးကို တင်းကျပ်စွာ ပြန်ကိုင်လိုက်ပြီး တိုတိုတုတ်တုတ် အမိန့်ပေးလိုက်သည်။
"ငါတို့လည်း အထဲဝင်မယ်"
အခန်း (၉၂) သွေး
အမှောင်တိတိကျနေသော စင်္ကြံလမ်း။ ထိုနေရာတွင် လူအနည်းငယ်၏ ခြေသံများသာ ရှိနေပြီး အခြားမည်သည့် အသံမျှ မရှိချေ။
ဤစက်ရုံမှာ အပြင်ပန်းမှ ကြည့်လျှင် စွန့်ပစ်ခံထားရသည့်အတိုင်း အမှန်တကယ်ပင် သေဆုံးခြင်းတိတ်ဆိတ်မှုက လွှမ်းမိုးနေတော့သည်။
ချူဟန် က လက်နှိပ်ဓာတ်မီးကို ကိုင်ဆောင်လျက် အရှေ့ဆုံးမှ ဦးဆောင်လာသည်။ သူ၏ နောက်ကွယ်တွင် ရှန်ကျိုတီ နှင့် လော့ရှောင်ရှောင် တို့က လိုက်ပါလာပြီး ချန်ရှောက်ရယ် က အနောက်ဆုံးမှနေ၍ အဖွဲ့ကို စောင့်ရှောက်လာခဲ့သည်။
တိတ်ဆိတ်နေသော စင်္ကြံလမ်းတွင် ချန်ရှောက်ရယ် ၏ အသက်ရှူသံမှာ ထူးဆန်းစွာ ကျယ်လောင်နေတော့သည်။ အလွန်အမင်း တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် သူသည် မာရသွန်ပြေးပွဲတစ်ခု ပြီးဆုံးလာသည့်အလား အသက်ရှူသံများ ပြင်းထန်နေခြင်းပင်။
ကြမ်းပြင်မှာ ချောိချိချိ ဖြစ်နေသည်။
လက်နှိပ်ဓာတ်မီး အလင်းရောင်က ထိုအရာ၏ အကြောင်းရင်းကို ဖော်ပြနေသည်။ ကြမ်းပြင်အနှံ့အပြားတွင် ပုပ်ပွနေသော အသားစများနှင့် အနက်ရောင် သွေးကွက်များ ပြန့်ကျဲနေသည်။
တစ်ခါတစ်ရံတွင် ကြမ်းပြင်ပေါ်၌ လဲကျနေသော ဇွန်ဘီများသည် တွားသွားထလာတတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများကို ထုတ်လွှတ်တတ်သည်။ သို့သော် ၎င်းတို့ မတ်တတ်မရပ်နိုင်ခင်မှာပင် ချူဟန် ၏ သံပုဆိန်ကြီးက လျှပ်စီးပမာ ခုတ်ပိုင်းသွားပြီး ဦးခေါင်းများကို အမှုန့်ကြိတ်ပစ်တော့သည်။
လွင့်စင်လာသော အနက်ရောင် သွေးစက်များက ကြမ်းပြင်ကို ထပ်မံ ညစ်ညမ်းသွားစေသည်။ ဤလောက၏ ငရဲခန်းဆိုသည်မှာ လက်တွေ့တွင် ဤအရာပင် ဖြစ်တော့သည်။
စင်္ကြံလမ်းတစ်လျှောက်တွင် ဤအခြေအနေအတိုင်းသာ ဖြစ်သည်။
ပုံမှန် ခြေသံများ။ တစ်ခါတစ်ရံ ပေါ်လာတတ်သည့် ဇွန်ဘီ တစ်ကောင် နှစ်ကောင်။ အဆုံးမရှိသကဲ့သို့ ရှည်လျားလှသော အမှောင်ထု လျှောက်လမ်း။ ယိမ်းထိုးနေသော လက်နှိပ်ဓာတ်မီး အလင်းရောင်။
တူညီသော မြင်ကွင်းများသာ အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတော့သည်။
အနောက်ဆုံးမှ လိုက်လာသော ချန်ရှောက်ရယ် သည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်မိသည်။ သူ၏ ပြင်းထန်သော အသက်ရှူသံက သူ၏ သတ္တိကြောင်မှုကို အထင်အရှား ဖော်ပြနေတော့သည်။ ယခုပင် ကြောက်ရွံ့လွန်းသဖြင့် မေ့လဲသွားမည့်အလား ဖြစ်နေချေပြီ။
ဝုန်း...
နောက်ထပ် ဇွန်ဘီနှစ်ကောင်သည် ချူဟန် ၏ ပုဆိန်ခုတ်ချက်အောက်တွင် တစ်ပြိုင်နက်တည်း ဦးခေါင်းများ ပေါက်ကွဲသွားပြန်သည်။
နံရံများပေါ်သို့ အနက်ရောင် သွေးကွက်များ လွင့်စင်သွားပြီး ခြောက်ခြားဖွယ်ကောင်းသော ပုံရိပ်များကို ဖန်တီးပေးနေသည်။
ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် ချန်ရှောက်ရယ် ၏ အသက်ရှူသံမှာ ပိုမို ပြင်းထန်လာခဲ့လေပြီ။ နဖူးပြင်မှနေ၍ ချွေးများ ရေတံခွန်ပမာ စီးကျနေသည်။ သေနတ်ကို ကိုင်ထားသော လက်မှာ ပြင်းထန်စွာ တုန်ရီနေပြီး မျက်လုံးများမှာလည်း မငြိမ်မသက်ဖြင့် အရပ်မျက်နှာ အနှံ့အပြားသို့ စူးစမ်းကြည့်ရှုနေမိတော့သည်။ ပြင်းထန်လှသော ရင်ခုန်သံများမှာ ခြေသံများကိုပင် ဖုံးလွှမ်းသွားတော့မည့်အလားပင်။
ဒီစင်္ကြံလမ်းက အဆုံးရော ရှိပါသေးရဲ့လား။
ဆက်တိုက် လျှောက်လာခဲ့သည်မှာ အချိန်မည်မျှ ကြာသွားမှန်းပင် မသိတော့ချေ။
"ဟိတ်..."
ရုတ်တရက် လော့ရှောင်ရှောင် ၏ ခေါင်းလောင်းသံလေးပမာ ကြည်လင်သော အသံက တိတ်ဆိတ်မှုကို ဖြတ်သန်းသွားသည်။
"အား..."
ချန်ရှောက်ရယ် က အလန့်တကြား အော်ဟစ်လိုက်ပြီး ခြေခွေကျကာ ချော်လဲလုနီးပါး ဖြစ်သွားတော့သည်။
အလွန်အမင်း ကျယ်လောင်လှသော ထိုအော်ဟစ်သံကြောင့် ရှေ့မှ လျှောက်နေသော ချူဟန် နှင့် ရှန်ကျိုတီ တို့က တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။
"ကို၀တုတ်... လမ်းလျှောက်ရင် အသံမထွက်ဘဲ လျှောက်စမ်းပါ။ ဝက်တစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့ အသက်ရှူသံကြီးက ဆူညံနေတာပဲ"
လော့ရှောင်ရှောင် က နောက်သို့ လှည့်ကာ ချန်ရှောက်ရယ် ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အဲဒါအပြင် နင့်တံတွေးတွေ ငါ့ကို လာစင်နေတယ်"
လော့ရှောင်ရှောင် ၏ ဆဲရေးတိုင်းထွာမှုကြောင့် ချန်ရှောက်ရယ် ၏ အလန့်တကြား ဖြစ်မှုမှာ အနည်းငယ် ပြေလျော့သွားသည်။ စောစောက အားလုံး စက်ရုပ်များပမာ စကားတစ်ခွန်းမျှ မဟဘဲ လျှောက်နေရသည့် အခြေအနေမှာ အလွန်အမင်း ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။ အဆုံးမရှိသော ဝင်္ကပါအတွင်း ပိတ်မိနေသည့်အလား ထင်မှတ်မှားစရာ ဖြစ်ခဲ့ရသည်။
ရှေ့မျက်နှာစာကို ကြည့်လိုက်ရာ ပွင့်ဟနေသော တံခါးတစ်ချပ်ကို တွေ့ရသည်။
နောက်ဆုံးတွင် စင်္ကြံလမ်း၏ အဆုံးသတ်ကို မြင်တွေ့ရပြီ ဖြစ်သည်။
ချန်ရှောက်ရယ် သည် မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီး အနေခက်စွာဖြင့်
ပြန်လည်ဖြေရှင်းလိုက်သည်။
"တံတွေး လာစင်တာ မဟုတ်ပါဘူးဟ။ ဒါက ချွေးတွေ... ချွေးတွေဟ"
"လာလိမ်မနေနဲ့"
လော့ရှောင်ရှောင် က အလျှော့မပေးချေ။
"သေချာပေါက် တံတွေးစင်တာပဲ... ငါ့လည်ပင်းမှာ စိုစိစိကြီး ခံစားလိုက်ရတယ်"
ထိုသို့ ပြောရင်း သူမသည် လည်ပင်းကို လက်ဖြင့် သုတ်လိုက်ပြီး သေးငယ်သော လက်ဖဝါးလေးကို ချန်ရှောက်ရယ် ရှေ့သို့ ထိုးပြလိုက်သည်။
"ဒီမှာကြည့်...ဒီလောက်တောင် စိုနေတာ... ဒါ ဘယ်လိုလုပ် ချွေး ဖြစ်နိုင်မှာလဲ"
"ဟဲဟဲ... ဆောရီး... ဆောရီး။ ငါတောင် မသိလိုက်ဘဲ တံတွေးတွေ စင်သွားတာ နေမှာပါ"
ချန်ရှောက်ရယ် က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။
သို့သော် သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ မျက်လုံးမှေးမှေးများမှာ အဆုံးစွန်အထိ ပြူးကျယ်သွားတော့သည်။
"အာ... အား... အား..."
"ဘာလို့ အော်နေပြန်တာလဲ"
လော့ရှောင်ရှောင် က ထပ်မံ အော်ဟစ်ရန် ပြင်လိုက်သည့် တစ်ခဏ၌ပင်... သူမ၏ အသံမှာလည်း ထူးဆန်းစွာ ပြောင်းလဲသွားတော့သည်။
"အမလေး..."
"ဘာဖြစ်တာလဲ"
ရှန်ကျိုတီ က အလျင်အမြန် ပြေးလာသည်။ သူမ၏ အသံတွင် ထင်ရှားလှသော တုန်လှုပ်မှုများ ပါဝင်နေသည်။
"အား..."
"အမေ့..."
ချန်ရှောက်ရယ် နှင့် လော့ရှောင်ရှောင် တို့သည် ရှန်ကျိုတီ ၏ မေးခွန်းကို အာရုံမထားနိုင်တော့ဘဲ အကြောက်လွန်ကာ ဆက်တိုက် အော်ဟစ်နေကြတော့သည်။ နားစည်ကွဲမတတ် ပြင်းထန်လှသော အော်ဟစ်သံများပင်။
"ဘာဖြစ်တာလဲ... ဘာတွေ ဖြစ်ကုန်တာလဲ ပြောကြလေ"
ရှန်ကျိုတီ သည် စိုးရိမ်ပူပန်မှုကြောင့် ရူးသွပ်မတတ် ဖြစ်နေချေပြီ။
"သွေး... သွေးတွေ"
ချန်ရှောက်ရယ် က တုန်ရီနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"သွေး... ဘယ်မှာလဲ"
အမှောင်ထုကြောင့် ဘာမျှ မမြင်ရချေ။ ရှန်ကျိုတီ သည် နောက်သို့ လှည့်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ အခြေအနေကို စောင့်ကြည့်နေသော ချူဟန် ထံသို့ လှမ်းအော်လိုက်သည်။
"ချူဟန်... ဓာတ်မီးလေး ထိုးပေးပါဦး"
သို့သော် ချူဟန် သည် ရှန်ကျိုတီ ၏ စကားကို နားမထောင်ခဲ့ပေ။
သူသည် လက်နှိပ်ဓာတ်မီးကို ရှေ့မျက်နှာစာရှိ ပွင့်ဟနေသော တံခါးဆီသို့ ချိန်ရွယ်လိုက်သည်။
"အဲဒီနေရာကနေ ခွာလိုက်။ ငါ့နောက်ကို လာခဲ့ကြ"
"ဟင်..."
ဆက်တိုက် ဖြစ်ပေါ်နေသော အော်ဟစ်သံများကြောင့် ဇဝေဇဝါ ဖြစ်နေသော ရှန်ကျိုတီ သည် အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်ခဲ့ချေ။
သို့သော် သူမ ခေါင်းမော့ကာ ချူဟန် ၏ မျက်ဝန်းများကို ကြည့်လိုက်မိသည့် တစ်ခဏ၌ပင်။
ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော ခြောက်ခြားဖွယ် အအေးဓာတ်တစ်ခုက တစ်ကိုယ်လုံးကို ထိုးဖောက်သွားတော့သည်။
ချောက်နက်ကြီးပမာ နက်ရှိုင်းပြီး အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော မျက်ဝန်းနက်ကြီးများ။
ထိုအထဲတွင် အဆုံးစွန်သော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။
သူ ဤကဲ့သို့သော မျက်ဝန်းမျိုးဖြင့် ကြည့်လေ့ကြည့်ထ မရှိချေ။
ဘာများ ဖြစ်သွားတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။
ချူဟန် သည် သံပုဆိန်ကြီးကို ဖြည်းညင်းစွာ မြှောက်ကိုင်လိုက်သည်။
ထက်မြက်လှသော သံပုဆိန်သွားက အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူသည် ဘယ်ဘက်လက်မှ လက်နှိပ်ဓာတ်မီးကို ရှန်ကျိုတီ ထံသို့ ကမ်းပေးလိုက်ပြီး မုန်တိုင်းမလာမီ တိတ်ဆိတ်မှုပမာ အသံဖြင့် ပြောလိုက်သည်။
"အနောက်ကို လှည့်မကြည့်နဲ့။ ဒီဘက်ကို လာခဲ့"
ရှန်ကျိုတီ ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့သည်။
သူမသည် ကြောက်ရွံ့လွန်းသဖြင့် မလှုပ်မယှက် ဖြစ်နေသော လော့ရှောင်ရှောင် ကို အားပြင်းစွာ ဆွဲယူလိုက်ပြီး ညာဘက်ခြေထောက်ဖြင့် ချန်ရှောက်ရယ် ၏ ကျောပြင်ကို အစွမ်းကုန် ကန်ပစ်လိုက်သည်။
ကီလိုတစ်ရာခန့် အလေးချိန်ရှိသော ချန်ရှောက်ရယ် ၏ ခန္ဓာကိုယ်ကြီးမှာ အရှိန်ဖြင့် တံခါးအတွင်းသို့ လိမ့်ဝင်သွားတော့သည်။
ရှန်ကျိုတီ ကိုယ်တိုင်လည်း အရှိန်ဖြင့် တံခါးအတွင်းသို့ ခုန်ဝင်သွားရင်း ချူဟန် ၏ လက်ထဲမှ ဓာတ်မီးကို အလုအယက် ဆွဲယူလိုက်သည်။
နောက်တစ်ခဏ၌ ချန်ရှောက်ရယ် ၊ ရှန်ကျိုတီ နှင့် လော့ရှောင်ရှောင် တို့ သုံးဦးမှာ တံခါးအတွင်းဘက်သို့ လုံခြုံစွာ ရောက်ရှိသွားကြလေပြီ။
လက်နှိပ်ဓာတ်မီး အလင်းရောင်က စင်္ကြံလမ်းကို ထွန်းလင်းပေးလိုက်သည်။ သူတို့ ဖြတ်သန်းလာခဲ့သော လမ်းကြောင်းမှာ ထင်ရှားစွာ ပေါ်လွင်လာတော့သည်။
တောက်... တောက်...
တိတ်ဆိတ်မှုကြားတွင် ရေစက်ကျသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
လက်နှိပ်ဓာတ်မီး အလင်းရောင်ကို အပေါ်သို့ ရွှေ့လိုက်သည်။
ထိုနေရာတွင် သံမဏိထုပ်တန်း တစ်ခု ရှိနေသည်။ ထိုနေရာမှနေ၍ အနီရောင် အရည်များ တစ်စက်ပြီးတစ်စက် ကျဆင်းနေသည်။
တောက်ပသော အနီရောင်။ လူသားတို့၏ သွေးပင်။
လူသွေး ဟုတ်လား။
တံခါးအတွင်းဘက်ရှိ လူသုံးယောက်၏ မျက်နှာပေါ်မှ သွေးရောင်များ ချက်ချင်း ဆုတ်ခွာသွားခဲ့ချေပြီ။
တစ်ပြိုင်နက်တည်းမှာပင် ၎င်းတို့၏ အကြည့်များမှာ ရှေ့တွင် ရပ်နေသော ချူဟန် ၏ ကျောပြင်ထံသို့ စူးစိုက်သွားကြတော့သည်။
သူ၏ ကျောပြင်မှာ ခြေတစ်လှမ်းမျှ မရွေ့လျားဘဲ ပုဆိန်ကို ကိုင်ထားသော လက်တွင် အားအင်များ ပြည့်နှက်နေကြောင်း သိသာလှသည်။
ဇွန်ဘီတို့၏ သီးသန့်ဖြစ်သော သွားချင်းရိုက်သံများ သဲ့သဲ့လေး ထွက်ပေါ်လာသည်။
တစ်ခါတစ်ရံတွင် ခေါင်းထက်မှ။ တစ်ခါတစ်ရံတွင် အဝေးတစ်နေရာမှ။
အကွာအဝေးနှင့် အရပ်မျက်နှာကို တိတိကျကျ မခန့်မှန်းနိုင်ဘဲ ဆက်တိုက် ထွက်ပေါ်နေသည်။ အသံတော့ ကြားရသည်။ သို့သော် အရိပ်အယောင်ကို မတွေ့ရချေ။
ခေါင်းထက်ရှိ ထုပ်တန်းမှ သွေးများ ဆက်တိုက် ကျဆင်းနေဆဲပင်။ ကြမ်းပြင်ပေါ်တွင် သွေးအိုင်ငယ်လေးတစ်ခုပင် ဖြစ်ပေါ်နေလေပြီ။
ချူဟန် သည် သံပုဆိန် လက်ကိုင်ကို ဖြည်းညင်းစွာ လှည့်လိုက်သည်။
ငြိမ်သက်စွာ ရပ်နေသော သူ၏ မျက်ဝန်းများထဲမှ တားဆီး၍မရနိုင်သော သတ်ဖြတ်လိုစိတ်များ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။
ပြင်းထန်လှသော ဒေါသ အရှိန်အဝါများက တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး သက်စောင့်လှိုင်းများ အဆုံးစွန်အထိ မြင့်တက်လာတော့သည်။
ဝုန်း...
မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ဧရာမ သံပုဆိန်ကြီးကို ဘေးတိုက် အားပြင်းစွာ ခုတ်ပိုင်းလိုက်သည်။
ဗျီ...
နွေးထွေးသော အရည်များ ပန်းထွက်လာပြီး ချူဟန် ၏ ပတ်ဝန်းကျင်ရှိ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ရွှီး... ရွှီး... ရွှီး...
လေထုကို ခွဲဖြတ်သွားသော အသံများ အကြိမ်အနည်းငယ် ထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ချူဟန် ၏ ရှေ့မျက်နှာစာ သုံးမီတာခန့် အကွာအဝေးတွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
မီးခိုးပြာရောင် လုပ်ငန်းခွင်ဝတ်စုံ ပွပွကြီးကို ဝတ်ဆင်ထားသော ဇွန်ဘီတစ်ကောင် ဖြစ်သည်။ အသက်ရှင်စဉ်က ဤစက်ရုံမှ အလုပ်သမားတစ်ဦး ဖြစ်ပေလိမ့်မည်။
၎င်း၏ ဘယ်ဘက်လက်မောင်းတွင် ချူဟန် ၏ သံပုဆိန်ဖြင့် ခုတ်ပိုင်းခံထားရသော နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခု ရှိနေပြီး ထိုနေရာမှနေ၍ အနက်ရောင် သွေးများ ဒလဟော စီးကျနေတော့သည်။
သို့သော် ဤဇွန်ဘီမှာ အခြားဇွန်ဘီများနှင့် လုံးဝ ကွာခြားနေသည်။
ပုပ်ဟောင်နံ့များ သိပ်မထွက်ပေါ်ချေ။ ထို့အပြင် ချူဟန် ၏ သံပုဆိန်ဖြင့် ခုတ်ပိုင်းခံထားရသော ဒဏ်ရာမှ ပုပ်ပွနေသော အသားစများ လွင့်စင်မလာခဲ့ချေ။
ပုဆိန်ကို ဆုပ်ကိုင်ထားသော လက်မှာ အရိုးသံများ ထွက်ပေါ်လာသည်အထိ အားပြင်းစွာ ဆုပ်ကိုင်ထားမိတော့သည်။
ချူဟန် ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်သွားချေပြီ။
သူ၏ အကြည့်များမှာ ထိုဇွန်ဘီ၏ လက်မောင်းမှတစ်ဆင့် ထက်မြက်လှသော လက်သည်းများထံသို့ စူးစိုက်သွားတော့သည်။
ထိုလက်သည်းများကြားတွင် စုတ်ဖြဲခံထားရသော အဝတ်စတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။