← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) မွေးရာပါကံကြမ္မာ

အတုံးအတစ်လိုက် ကိုက်ဖြတ်ခံထားရသည့်ကြားမှ ကျန်ရစ်သော အသားဖြူဖြူလေးက ဤရုပ်အလောင်းပိုင်ရှင်မှာ ငယ်ရွယ်သူတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ ဆံပင်ရှည်ရှည်နှင့် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦး။

" ပိုင်ယွန့်အာလား..."

ချန်ရှောက်ရယ်၏ တုန်ရီနေသော အသံက ကြောက်လန့်တကြား ထွက်ပေါ်လာသည်။ သူသည် မြေပြင်ပေါ်၌ လဲကျနေသည့် ခန္ဓာကိုယ်အထက်ပိုင်းမျှသာ ကျန်သော ရုပ်အလောင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

"ဒါ... ဒါ တကယ်ပဲ ပိုင်ယွန့်အာလား..."

လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီတို့ ရင်ထဲတွင်လည်း ထပ်တူကျသော အတိတ်နိမိတ်ဆိုးကြီးက ဝုန်းကနဲ ထက်သန်လာသည်။ ဝတ်ဆင်ထားပုံ၊ ဆံပင်ရှည်များနှင့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေခြင်းက ပိုင်ယွန့်အာ၏ ပုံရိပ်နှင့် ရက်စက်စွာ ထပ်တူကျနေတော့သည်။

သူမ သေဆုံးသွားခဲ့ပြီလား...

ဗိုင်း... ဗိုင်း... ဗိုင်း...

ရှေ့ဘက်မှ ပြင်းထန်သော အသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ တစ်ခုခုနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသံ၊ ပစ္စည်းကိရိယာများ လဲပြိုပျက်စီးသံများ ရောနေသော်လည်း မှောင်မိုက်နေသည့် စက်ရုံတွင်း၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့ လေးဦးလုံး သဲသဲကွဲကွဲ မမြင်ရပေ။

ချုဟန် မျက်မှောင်ကြုတ်လိုက်ရင်း ပြေးဝင်လာသော အဆင့်တစ် ဇွန်ဘီအချို့ကို မျက်တောင်တစ်ခတ်အတွင်း ရှင်းလင်းလိုက်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

နောက်တွင် ကျန်ရစ်သော သုံးဦးမှာ ရှေ့ဘက်မှ ထွက်ပေါ်နေသည့် အသံများကိုပင် မကြားနိုင်တော့ချေ။ သူတို့သည် မြေပြင်ပေါ်ရှိ လတ်လတ်ဆတ်ဆတ် ရုပ်အလောင်းရှေ့၌ မှင်သက်စွာ ရပ်တန့်နေကြပြီး ခြေတစ်လှမ်းပင် မရွေ့နိုင်ကြတော့ပေ။ ထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများက ရင်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီ။ အဆုံးသတ်လည်းမရှိ၊ မျှော်လင့်ချက်လည်း မကျန်တော့ပေ။ ပိုင်ယွန့်အာသည် လူများနှင့် သဟဇာတမဖြစ်တတ်ဘဲ စကားပြောခဲလှသည်။ သို့သော်လည်း ရက်ပေါင်းများစွာ အတူတူစား၊ အတူတူအိပ်ခဲ့ကြသည့် ရဲဘော်ရဲဘက်တစ်ဦး ဖြစ်သည်မှာ မပြောင်းလဲပါ။ အတူတူတိုက်ခိုက်ခဲ့ကြပြီး ဇွန်ဘီများကို နှိမ်နင်းကာ ခေါက်ဆွဲခြောက်များကို မြိန်ယှက်စွာ စားခဲ့ဖူးကြသည်။

လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီအတွက်မူ သူမနှင့် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြသူများဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် ကျရောက်လာသော ကြေကွဲစရာ နိဂုံးကို လက်ခံရန် အလွန်ပင် ခက်ခဲနေတော့သည်။သူမ မသေနိုင်ပါ။ ထိုပိုင်ယွန့်အာက ဤမျှလွယ်လွယ်နှင့် မသေဆုံးနိုင်ချေ။

သို့သော် ချုဟန်က သူတို့ကို စောင့်မနေခဲ့ပေ။ ရှေ့ရှိ အတားအဆီးများကို ကျော်ဖြတ်ကာ အသံများ ထွက်ပေါ်နေသည့် နေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုနေရာမှာ ကျယ်ဝန်းလှသော လုပ်ငန်းခွင်ကြမ်းပြင်ကြီးတစ်ခု ဖြစ်သည်။ ကြီးမားသော စက်ယန္တရားကြီးများက အမြင်ကို ပိတ်ဆို့ထားပြီး ကြမ်းပြင်ပေါ်တွင် နှစ်မီတာခန့်ရှိသော ခိုင်မာသည့် သံပိုက်လုံးအများအပြား ပြန့်ကျဲနေသည်။ တစ်နေရာရာမှနေ၍ အရှိန်အဟုန်ဖြင့် ပစ်ချလိုက်သည့်အလား တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိကာ စူးရှသော သတ္တုသံများ တင်ဆက်နေကြသည်။

ချုဟန် မျက်နှာကျက်ကို မော့ကြည့်လိုက်သော်လည်း မည်သည့်အရာမျှ မရှိချေ။ ထို့နောက် ပတ်ဝန်းကျင်သို့ စူးရှသော မျက်လုံးများဖြင့် အကဲခတ်လိုက်သည်။ ကြမ်းပြင်ပေါ်၌ လိမ့်နေသော သံပိုက်လုံးများ ပွတ်တိုက်သံမှလွဲ၍ အခြားမည်သည့် သက်ရှိအရိပ်မျှ မရှိတော့သကဲ့သို့ ငြိမ်သက်သွားသည်။

ထူးဆန်းလှသည်။

အပြင်ဘက် လျှောက်လမ်းတွင် ဇွန်ဘီများ ကျန်ရှိနေသေးပြီး ၎င်းတို့၏ ဟိန်းဟောက်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ သို့ပါလျက် ဤမျှကျယ်ဝန်းသော နေရာ၌ ဇွန်ဘီတစ်ကောင်မျှ မရှိခြင်းက မည်သို့မှ မဖြစ်နိုင်ပေ။ ဉာဏ်ပညာမဲ့သော သာမန်ဇွန်ဘီများက ပုန်းကွယ်တိုက်ခိုက်တတ်သည့် အလေ့အထ မရှိကြပေ။ ၎င်းတို့၏ နှာခေါင်းမှာ အလွန်စူးရှသဖြင့် လူနံ့ရသည်နှင့် သွေးရူးသွပ်ရူး ထကြွလာရမည် ဖြစ်သည်။

ရှူးကနဲ လေညင်းသံမျှသာရှိသော အသံတစ်ခု နားစည်ကို ဖြတ်သန်းသွားရာ ချုဟန်၏ အာရုံခံစားမှုများ တင်းမာသွားပြန်သည်။ သူသည် ထိုနေရာ၌ပင် ငြိမ်သက်လျက် လက်ထဲမှ ပုဆိန်ကို အားကုန် ဆုပ်ကိုင်ထားလိုက်သည်။

ထိုစဉ်မှာပင်...

ဝုန်း...

ပြင်းထန်လှသော ထိမှန်သံကြီးက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော ရိုက်ခတ်သံများမှာ မြန်ဆန်လွန်းလှသဖြင့် သာမန်လူသားတို့၏ နားဖြင့်ဆိုလျှင် အဆက်မပြတ် မြည်ဟည်းနေသော မိုးခြိမ်းသံကြီးတစ်ခုကဲ့သို့ ခံစားရပေလိမ့်မည်။ ထိုအသံမှာ မျက်စိရှေ့မှောက် သူ့ကို ပိတ်ဆို့ထားသည့် စက်ယန္တရားကြီး၏ အနောက်ဘက်ဆီမှ ဖြစ်သည်။

ချုဟန် ကြမ်းပြင်ကို အားပြုနင်းကာ ရှေ့သို့ ဝုန်းကနဲ ပြေးဝင်လိုက်သည်။ လက်ထဲရှိ သံပုဆိန်ကြီးကို အသင့်အနေအထားဖြင့် မြှောက်ကိုင်ထားပြီး ဖြစ်သည်။

ထိုခဏ၌ မြင်ကွင်းက ရုတ်တရက် ရှင်းလင်းသွားသည်။

နွဲ့နှောင်းသော ပုံရိပ်တစ်ခုက ဘေးဘက်လမ်းကြားမှနေ၍ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ လျင်မြန်လှသော အရှိန်အဟုန်ကြောင့် ခြေသံပင် မထွက်ပေါ်ချေ။ လွင့်ပျံနေသော ဆံနွယ်အချို့က ရဲရဲနီနေသော နှုတ်ခမ်းအစုံတွင် ငြိတွယ်နေပြီး ဆီးခုံကို ဖုံးရုံမျှသာ ကျန်တော့သည့် စုတ်ပြတ်နေသော အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။

အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသော်လည်း ချုဟန်၏ ပုံရိပ်ကို မြင်လိုက်ရသည့် ခဏ၌ ထိုမျက်ဝန်းများထဲတွင် နွေးထွေးမှုအချို့ ဖြတ်သန်းသွားသည်။

‘ပိုင်ယွန့်အာ...’

ချုဟန် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသော်လည်း အရှိန်ကို အနည်းငယ်မျှ လျှော့ချခြင်းမရှိဘဲ ရှေ့သို့ အားကုန်တိုးဝင်ကာ သံပုဆိန်ကြီးကို လွှဲခုတ်ပစ်လိုက်သည်။

ရွှင်း...

ပူနွေးသော သွေးမည်းများ ပန်းထွက်လာပြီး ချုဟန်၏ ပါးပြင်၊ လည်ပင်းနှင့် လျှပ်တစ်ပြက် ဖြတ်ကျော်သွားသော ပိုင်ယွန့်အာ၏ အဖြူရောင်အဝတ်အစားများပေါ်သို့ စွန်းထင်းသွားတော့သည်။

ဂါး...

ကြီးမားသော အရိပ်မည်းကြီးက အနောက်သို့ အရှိန်ပြင်းပြင်းဖြင့် ဆုတ်ခွာသွားသည်။ ၎င်း၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မြင်ခွင့်မရလိုက်ဘဲ ကြမ်းပြင်ပေါ်၌ အမည်းရောင် သွေးလမ်းကြောင်းတစ်ခုသာ ကျန်ရစ်လျက် ထွက်ပြေးသွားတော့သည်။

ချက်ခြင်းဆိုသလို ပိုင်ယွန့်အာက ကိုယ်ကို လှည့်လိုက်သည်။ သွယ်လျသော ခြေတံအစုံကို အားပြုကာ နွဲ့နှောင်းစွာ လှည့်လိုက်ပုံမှာ စစ်တလင်းပြင်ထက်၌ ကပြနေသော လှပသည့် လိပ်ပြာတစ်ကောင်ပမာပင်။ သူမသည် လက်ထဲရှိ နှစ်မီတာရှည်သော သံပိုက်လုံးကို လွှဲယမ်းလိုက်ရာ လေခွဲသံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ချုဟန်ကို ဂရုမစိုက်အားဘဲ ထွက်ပြေးသွားသော အရိပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

ထပ်တူပင် ချုဟန်သည်လည်း အနောက်သို့ လိုက်လံတိုက်ခိုက်ရင်း ပိုင်ယွန့်အာဘက်သို့ မျက်လုံးလွှဲမကြည့်မိပေ။ သူတို့နှစ်ဦးလုံး လိုက်လံဖမ်းဆီးနေသည့် ပစ်မှတ်မှာ အဆင့်နှစ် ဇွန်ဘီ ဖြစ်သည်။ ချုဟန်၏ အာရုံကြောများ အမြင့်ဆုံးအထိ တင်းမာနေမိသည်။ ဤနေရာ၌ အဆင့်နှစ်ဇွန်ဘီ ရှိနေလိမ့်မည်ဟု သူ လုံးဝတွေးမထားခဲ့မိပေ။ ထို့ပြင် ထိုအကောင်၏ ထွက်ပြေးနှုန်းကို ကြည့်ခြင်းအားဖြင့် လမ်းကြားတွင် သတ်ခဲ့သည့် အကောင်ထက် ပို၍ လက်ပေါက်ကတ်မည့်ပုံ ရှိသည်။

ဤတိရစ္ဆာန် စုတ်များ၊ ဆင့်ကဲပြောင်းလဲမှု အရှိန်က မြန်လွန်းလှပေသည်...

ဆံနွယ်အချို့ ချုဟန်၏ ပါးပြင်ကို ဖြတ်သန်းသွားရာ သူသည် မျက်မှောင်ကြုတ်လျက် ဘေးနားတွင် အရှိန်ပြင်းစွာ ပြေးလွှားနေသည့် ပိုင်ယွန့်အာကို တစ်ချက်ကြည့်လိုက်မိသည်။ ကောင်မလေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ပေါက်ကွဲအားပြင်းသည့် စွမ်းဆောင်ရည်ကြောင့် ချုဟန်ပင် အံ့အားသင့်သွားရသည်။ သို့သော် သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ အဆင့်တစ် ဆင့်ကဲပြောင်းလဲသူဖြစ်သော သူ၏ အာရုံခံစားမှုဖြင့်ပင် သူမထံမှ မည်သည့် အစွမ်းထက်လှိုင်း မျှ မခံစားရခြင်းဖြစ်သည်။

မိမိထက် များစွာအစွမ်းထက်နေ၍ အာရုံမရခြင်း မဟုတ်ပေ။ ဤမိန်းကလေးမှာ ယခုထက်ထိ ဆင့်ကဲပြောင်းလဲသူ မဖြစ်သေးခြင်းကြောင့်သာ ဖြစ်သည်။

ပိုင်ယွန့်အာသည် သာမန်လူသားတစ်ဦးမျှသာ ဖြစ်နေသေးသည်။

သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်ဖြင့် ဤမျှများပြားသော ဇွန်ဘီများကို ရင်ဆိုင်နေခဲ့သည်လား။ သာမန်လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှအထိ မြင့်မားနေခြင်းမှာ မည်သို့သော ဟာသမျိုးပါလိမ့်။

ခုနက ချုဟန်နှင့် ဖြတ်ကျော်သွားသည့် ခဏ၌ ပြသခဲ့သော လျှပ်စီးပမာ တုံ့ပြန်မှုနှုန်းမှာ ချုဟန်ကိုပင် လန့်ဖျပ်သွားစေရန် လုံလောက်လှသည်။ ချုဟန်သည် သူမကို အဆင့်တစ် ဆင့်ကဲပြောင်းလဲသူဟု တွေးထင်ထားခဲ့၍သာ ထိုတိုက်ကွက်ကို တွေဝေခြင်းမရှိဘဲ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တုံ့ပြန်မှု နှေးကွေးသော သာမန်လူသာဆိုလျှင် ဓားစာခံဖြစ်ကာ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပေသည်။ သို့သော် ပိုင်ယွန့်အာက မျက်တောင်တစ်ခတ်အတွင်း ချုဟန်၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သွားပြီး တွေဝေခြင်းမရှိဘဲ ဘေးသို့ ရှောင်တိမ်းကာ တိုက်ကွက်လမ်းကြောင်းကို ဖယ်ပေးခဲ့ခြင်းဖြစ်သည်။

‘မဖြစ်နိုင်တာ...’

ချုဟန် စိတ်ထဲမှနေ၍ အော်ဟစ်လိုက်မိသည်။ နောက်နောင်တွင် သူမ ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ မဆန်းတော့ပေ။ ဆင့်ကဲမပြောင်းလဲမီ ခန္ဓာကိုယ် စွမ်းဆောင်ရည်ကပင် ဤမျှအထိ ရူးသွပ်ဖွယ် ကောင်းနေသည်မှာ မွေးရာပါပါရမီက သာမန်ထက် ကျော်လွန် လွန်းနေသည်။

ထို့ပြင် ဤတိုက်ခိုက်ရေးဗီဇမှာ စနစ်က ပေးအပ်ထားခြင်း မဟုတ်ဘဲ မွေးရာပါ ပြီးပြည့်စုံနေခြင်းပင် ဖြစ်သည်။ သူမသည် အသက် ၁၇နှစ်အရွယ်သာ ရှိသေးသည်မဟုတ်ပါလား။

ယခုအခါ ပိုင်ယွန့်အာနှင့် ချုဟန်၏ လှုပ်ရှားမှုများမှာ တစ်ထေရာတည်း ထပ်တူကျနေသည်။ ခြေလှမ်းအကွာအဝေး၊ ခြေလှမ်းအလှည့်အပြောင်းများကအစ အပြည့်အဝ တိုက်ဆိုင်နေပြီး နှစ်ဦးလုံး အသံတိတ် အရှိန်ပြင်းစွာ ပြေးလွှားနေကြသည်။

ဝုန်း...

ဝုန်း...

ရှည်လျားသော အရိပ်မည်းကြီးနှင့် သေးသွယ်သော အဖြူရောင်ပုံရိပ်…

ခန္ဓာကိုယ်နှစ်ခုလုံး တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြပြီး ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော လေပွေလှိုင်းနှစ်ခုလည်း တစ်ပြိုင်နက် ကွယ်ပျောက်သွားသည်။

လမ်းပိတ်နေပြီ ဖြစ်သည်။ ချုဟန်နှင့် ပိုင်ယွန့်အာတို့သည် ကျဉ်းမြောင်းသော ထောင့်ချိုးတစ်ခုတွင် ခြေလှမ်းရပ်လိုက်ကြပြီး သူတို့၏ အရှေ့တည့်တည့်၌ ကြီးမားလှသော အဆင့်နှစ်ဇွန်ဘီကြီးက ပိတ်ဆို့ထားသည်။ ထိုအကောင်က နံရံကို ကျောမှီထားပြီး သာမန်ဇွန်ဘီများကဲ့သို့ အရည်များဖြင့် ပြည့်နှက်နေသော မျက်လုံးမျိုးမဟုတ်ဘဲ ပါးလွှာသော အမြှေးပါး ဖုံးအုပ်နေသည့် နောက်ကျိကျိ မျက်လုံးအစုံဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။ ချွန်ထက်သော လက်သည်းများကို ဖြဲထုတ်ထားပြီး ပုခုံးပေါ်ရှိ ဒဏ်ရာမှ သွေးမည်းများ စီးကျလျက် ခန္ဓာကိုယ်ရှိ ကြွက်သားများကို ဖြန့်ကားကာ ခုန်အုပ်ရန် ပြင်ဆင်နေတော့သည်။

ချူဟန်က ခြေလှမ်းကျဲကြီးများဖြင့် မြေပြင်ကို အားပြင်းစွာ ဆောင့်နင်းကာ လက်မောင်းနှစ်ဖက်လုံးကို အားကုန်လွှဲလိုက်သည်။ လေထုကို ဖြတ်သန်းသွားသော သံပုဆိန်ကြီးက ညှာတာမှုကင်းမဲ့စွာဖြင့် ဝှေ့ခုတ်ချလိုက်တော့သည်။

ရွှီး...

နှစ်မီတာရှည်သော သံပိုက်လုံးက ပိုင်ယွန့်အာ၏ လက်ထဲတွင် ပြင်းထန်သော လေလှိုင်းများကို ဖန်တီးလိုက်ပြီး သူမ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်လေးက ချုဟန်၏ ပုံရိပ်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။

သူတို့နှစ်ဦးလုံး၏ မျက်ဝန်းများက ရှေ့ရှိ ဇွန်ဘီတစ်ကောင်တည်းဆီသို့သာ အေးစက်စွာ စိုက်ကြည့်နေကြသည်။ တစ်ဦးမျက်နှာ တစ်ဦး ကြည့်မနေကြပေ။ သူတို့နှစ်ဦးကြားတွင် စကားလုံးတစ်လုံးမျှ မလိုဘဲ အမြင့်ဆုံးသော နားလည်မှုတစ်ခု တည်ဆောက်ပြီးသား ဖြစ်နေခဲ့လေပြီ။

အခန်း (၉၆) ပူးပေါင်းတိုက်ခိုက်ခြင်း

"ဂါး..."

ဒေါသတကြီး ဟိန်းဟောက်လိုက်သော အဆင့်နှစ်ဇွန်ဘီက ၎င်း၏ အသားစများကို ခုတ်ဖြတ်ခဲ့သည့် ချူဟန်ထံသို့ အရှိန်အဟုန်ပြင်းစွာ ခုန်အုပ်လာသည်။ ချွန်ထက်လှသော လက်သည်းများကို တန်းမတ်စွာ ဆန့်ထုတ်ထားပြီး ဟက်ဟက်ပက်ပက် ဟဖြဲထားသော မေးရိုးကြီးအတွင်းမှ နံရံကို ကိုက်ခွဲပစ်နိုင်စွမ်းရှိသည့် အစွယ်များက ကြောက်မက်ဖွယ် ပေါ်လွင်နေတော့သည်။

သို့တိုင် ချူဟန်က နောက်မဆုတ်ပေ။ အကွာအဝေးကို ပိုမိုကျဉ်းမြောင်းစေလိုက်ပြီး လက်ထဲရှိ သံပုဆိန်ဖြင့် ထိပ်တိုက်ခုတ်ချလိုက်သည်။ လေထုကို ပြင်းထန်စွာ ခွဲဖြာသွားသော ပုဆိန်သွားက ကြမ်းတမ်းသော လေပြင်းတစ်ရပ်ကို ဖြစ်ပေါ်စေတော့သည်။

ချွင်း...

ဇွန်ဘီ၏ လက်သည်းများနှင့် သံပုဆိန်တို့ ရိုက်ခတ်မိကာ မီးပွားများ တဖျတ်ဖျတ် ပွင့်ထွက်သွားသည်။ ထိုစူးရှလှသော အလင်းတန်းကို တည့်တည့်ကြည့်မိပါက မျက်လုံးများပင် ကျိန်းစပ်သွားနိုင်သည်။ ဤအခိုက်အတန့်တွင် ချူဟန်သည် ဇွန်ဘီများ၏ ဆုတ်ယုတ်နေသော အမြင်အာရုံကို အလွန်ပင် မနာလိုဖြစ်မိသွားသည်။

လက်သည်းများဆီမှ ဖြတ်သန်းလာသော ထိတ်လန့်ဖွယ်ရာ ခွန်အားကြီးကြောင့် သံပုဆိန်မှာ တဖြည်းဖြည်း လေးလံလာသည်။ ချူဟန်၏ နဖူးပေါ်မှ ချွေးပေါက်ကြီးများ ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုခဏမှာပင် ရှေ့မှောက်ရှိ ဇွန်ဘီ၏ မေးရိုးကြီးမှာ ပိုမိုရုပ်ပျက်ဆင်းပျက် တွန့်လိမ်ကာ ပါးစပ်ကြီး ပြဲအာသွားတော့သည်။

"ဂါး..."

အဆင့်နှစ် ဇွန်ဘီက ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်သည်။ အဆုံးစွန်ထိ ပွင့်အာလာသော သွေးညှီစော်နံ နံနေသည့် သွားဖုံးနီနီကြီးများက ချူဟန်၏ ဦးခေါင်းကို တစ်ပြိုင်နက်တည်း မျိုချရန် ပြေးဝင်လာတော့သည်။

‘ဒုက္ခပဲ’

ချူဟန်၏ စိတ်ထဲ၌ ထိတ်လန့်သွားသည်။ ချက်ချင်းဆိုသလို ကိုယ်ကိုနောက်ဆုတ်ရန် ပြင်လိုက်သော်လည်း လက်ထဲရှိ သံပုဆိန်မှာ ဇွန်ဘီ၏ လက်သည်းများကြားတွင် မြဲမြံစွာ ညှပ်နေသဖြင့် လက်တစ်လုံးမျှပင် ဆွဲနှုတ်၍မရနိုင်ချေ။ ထို့ပြင် ပုဆိန်ရိုးဆီမှ တကျွတ်ကျွတ် မြည်သံများ ထွက်ပေါ်လာကာ ယခုပင် ကျိုးပြတ်တော့မည့်အလား ပျက်စီးသံများ ပဲ့တင်ထပ်နေသည်။

ပုဆိန်ကို စွန့်လွှတ်ရမလား၊ သို့မဟုတ် ဦးခေါင်းကို အကိုက်ခံရမလား။

ထိုသို့ ဆံချည်မျှင်မျှသာ လိုတော့သည့် အန္တရာယ်ရှိသော အခြေအနေတွင် အနောက်ဘက်မှ နှင်းပွင့်ပမာ ပုံရိပ်တစ်ခုက အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာခဲ့သည်။ နှစ်မီတာခန့်ရှည်လျားသော သံပိုက်လုံးကြီးက ချူဟန်၏ နားရွက်ဘေးမှ ဖြတ်သန်းသွားကာ အားကုန် ထိုးစိုက်လိုက်သည်။

"ဇွက်"

ပြင်းထန်လှသော ရိုက်ခတ်မှုနှင့်အတူ သံပိုက်လုံးက အဆင့်နှစ် ဇွန်ဘီ၏ ပွင့်နေသော ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားတော့သည်။ ထိုအစွမ်းထက်လှသော တိုက်ကွက်ကြောင့် ဇွန်ဘီမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားသွားသည်။

အမည်းရောင် လျှာရှည်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ပြတ်တောက်သွားပြီး ပန်းထွက်လာသော သွေးမည်းများက ချူဟန်၏ မျက်နှာတစ်ခုလုံးကို စွန်းထင်းသွားစေသည်။ သို့သော် ထိုလုပ်ရပ်ကြောင့် ဇွန်ဘီ အကိုက်ခံရမည့် ဘေးမှ လုံးဝ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။

ရူးသွပ်သွားသော ဇွန်ဘီက ခေါင်းကို နောက်သို့ အတင်းလန်လိုက်သည်။ ၎င်းသည် ပါးစပ်တွင် စိုက်နေသော သံပိုက်လုံးကို အတင်းဆွဲနှုတ်ကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ လွှတ်ပစ်လိုက်သည်။ သံပိုက်လုံးအစွန်းကို ကိုင်ထားသော ပိုင်ယွန့်အာမှာ ထိုအံ့မခန်း ခွန်အားကို မတွန်းလှန်နိုင်ဘဲ အလွန်ပေါ့ပါးလှသော သူမ၏ ခန္ဓာကိုယ်လေးမှာ လေထုထဲသို့ လွယ်ကူစွာ လွင့်ပျံသွားတော့သည်။

လေထဲတွင် လွင့်ပျံနေသော အမည်းရောင် ဆံနွယ်များနှင့် တဖျတ်ဖျတ် လွင့်ဝဲနေသော အဖြူရောင် ဂါဝန်လေး…

အကယ်၍ မော့ကြည့်ရင် တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းမယ့် မိန်းကလေးရဲ့ အလှအပ မြင်ကွင်းမျိုး ရှိနေပေမဲ့လည်း၊ ချူဟန်ကတော့ အဲ့ဒါတွေကို ငေးမော စိတ်ကူးယဉ်မနေဘဲ အသက်ရှင်ဖို့အတွက် တိုက်ပွဲကိုပဲ ရာနှုန်းပြည့် အာရုံစိုက်နေတော့သည်။

လက်ထဲရှိ သံပုဆိန်ပေါ်မှ ဖိအားများ ချက်ချင်း ပေါ့ပါးသွားသည်ကို အာရုံရလိုက်သည်နှင့် တွေးတောခြင်းထက် ခန္ဓာကိုယ်က အရင် လှုပ်ရှားသွားခဲ့သည်။ ပုဆိန်ကို အတင်းဆွဲနှုတ်လိုက်ပြီးနောက် အမြန်ဆုံး လမ်းကြောင်းဖြင့် ပုဆိန်သွားကို ဘယ်မှညာသို့ အလျားလိုက် လွှဲခုတ်ပစ်လိုက်သည်။

"ဝုန်း..."

ပြင်းထန်သော ရိုက်ခတ်သံကြီး ဟိန်းထွက်လာသည်။ အဆင့်နှစ် ဇွန်ဘီ၏ တုံ့ပြန်နှုန်းကလည်း နှေးကွေးမနေပေ။ လက်သည်းနှစ်ဖက်ကို ဆန့်ထုတ်ကာ ပုဆိန်သွားကို ထပ်မံ ခုခံလိုက်ပြန်သည်။ ၎င်းမှာ စွမ်းအားချင်း ထိပ်တိုက် ရင်ဆိုင်အားပြိုင်ခြင်း သက်သက်သာ ဖြစ်သည်။

လမ်းပိတ်နေသော လျှောက်လမ်းမှာ အလွန်ကျဉ်းမြောင်းလွန်းလှသည်။ နှစ်ဦးသား အတူတူတိုက်ခိုက်ရန် ခြေလှမ်းရန်ပင် နေရာမရှိချေ။ မျက်ကွယ်နေရာ ဖြစ်သဖြင့် အရှေ့အနောက် ညှပ်ပိတ်တိုက်ခိုက်ရမည့် အားသာချက်ကိုလည်း အသုံးမချနိုင်ပေ။ ချူဟန် ပုဆိန်ကို အကြိမ်ကြိမ် လွှဲယမ်းသော်လည်း အကြိမ်တိုင်းတွင် ပုဆိန်သွားက ဘေးရှိ နံရံကို ခြစ်မိလုနီးနီး ဖြစ်နေခဲ့သည်။

ထိုစဉ်…

ရုတ်တရက် မိမိ၏ လည်ပင်းပေါ်သို့ လေးလံသော အလေးချိန်တစ်ခု သက်ရောက်လာသည်။ နောက်စေ့မှသည် လည်ပင်းအထိ အလွန်နူးညံ့ကာ ပူနွေးသော ခံစားမှုတစ်ခု ကူးစက်လာသည်။ ထို့နောက် ချူဟန်၏ မျက်လုံးထောင့်မှနေ၍ မိမိ၏ ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲနေသော ဖိနပ်တစ်စုံကို မြင်လိုက်ရသည်။

ပိုင်ယွန့်အာက လေထဲမှ ကျဆင်းလာသော အရှိန်ဖြင့် သူ၏ ပုခုံးနှစ်ဖက်ပေါ်သို့ ခွစီးလိုက်ခြင်း ဖြစ်သည်။ မိမိကိုယ်တိုင် ယခု မည်မျှအန္တရာယ်ရှိသော ကိုယ်နေဟန်ထား ဖြစ်နေသည်ကို ဤမိန်းကလေး သိပါလေသလား။

သို့သော် တွေဝေနေရန် အချိန်မရှိပေ။ ချူဟန်သည် လက်မောင်းနှစ်ဖက်လုံးသို့ ပြင်းထန်သော စွမ်းအားများ စုစည်းကာ ပိုင်ယွန့်အာကို တိုက်ခိုက်ရန် ပြင်နေသော အဆင့်နှစ် ဇွန်ဘီ၏ တိုက်ကွက်ကို အပြတ်အသတ် နှိမ်နင်းလိုက်သည်။ တကျွတ်ကျွတ် မြည်သံများနှင့်အတူ သံပုဆိန်မှာ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သံမဏိဖြင့် ပြုလုပ်ထားသော ပုဆိန်ရိုးရှည်ကြီးမှာ စတင်ကွေးညွတ်လာပြီး ကြီးမားလှသော ပုဆိန်မျက်နှာပြင်မှာ ယခုပင် ပွင့်ထွက်တော့မည့်အလား ဖြစ်နေသည်။

ချူဟန်က ဇွန်ဘီနှင့် စွမ်းအားပြိုင်နေသည့် ထိုခဏချင်းအတွင်း သူ၏ ပုခုံးပေါ်တွင် ရှိနေသော ပိုင်ယွန့်အာက နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပြန်သည်။

သူမ၏ ဖြူနုသွယ်လျသော လက်မောင်းနှစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး ချူဟန်၏ မေးစေ့ကို သိုင်းဖက်လိုက်သည်။ ထို့နောက် နွဲ့နှောင်းသော လှုပ်ရှားမှုဖြင့် ရှေ့သို့ ဇောက်ထိုး လှန်ချလိုက်ကာ ချူဟန်၏ ရင်ဘတ်ပေါ်တွင် တွဲလောင်းကျနေသည့် ပုံစံဖြင့် ခန္ဓာကိုယ်ကို ပစ်လှန်လိုက်သည်။ ထို့ပြင် လက်မောင်းများကို ပို၍ တင်းကျပ်စွာ ဆွဲယူလိုက်ပြီး ချူဟန်၏ မျက်နှာကို သူမ၏ အဝတ်အစားများကြားထဲသို့ အတင်းအဓမ္မ မြှုပ်နှံပစ်လိုက်တော့သည်။

‘နောက်နေတာလား’

ချူဟန် အံ့အားသင့်လွန်းသဖြင့် ပုဆိန်ကိုပင် လွှတ်ချမိလုနီးနီး ဖြစ်သွားသည်။ ဤမိန်းကလေး ဘာကို တွေးနေသနည်း။ အမြင်အာရုံတစ်ခုလုံး ပိတ်ဆို့သွားသဖြင့် မည်သည့်အရာမျှ မမြင်ရတော့ပေ။

သို့သော် ချက်ချင်းဆိုသလို ပိုင်ယွန့်အာ၏ ခြေတံနှစ်ဖက်က အနောက်သို့ အရှိန်အဟုန်ဖြင့် ကန်ထုတ်လိုက်သည်။

"ဖုန်း…ဖြန်း..."

ပြင်းထန်လှသော ထိမှန်သံနှစ်ခုက ကျဉ်းမြောင်းသော နေရာလေးတွင် ပဲ့တင်ထပ်သွားသည်။

သူမ ဝတ်ဆင်ထားသည်မှာ ဒေါက်မြင့် စစ်ဖိနပ်များ ဖြစ်သည်။ ချူဟန် ယခင်ကတည်းက မည်သို့မျှ နားမလည်နိုင်ခဲ့သည့် အချက်တစ်ခုဖြစ်သည်။ ဤမိန်းကလေးသည် အဘယ်ကြောင့် ထိုကဲ့သို့သော ချွန်ထက်လှသည့် ဒေါက်မြင့်ဖိနပ်ကို စီးကာ ပြေးလွှားနိုင်ရသနည်း၊ ထို့ပြင် ဤမျှ လျှပ်စီးပမာ မြန်ဆန်လှသော်လည်း အဘယ်ကြောင့် ခြေသံတစ်ချက်မျှ မထွက်ရသနည်း။

သို့သော် အသားကို ဖောက်ဝင်သွားသည့် ထိုဖျက်ဆီးသံကို ကြားလိုက်ရသည့် ခဏ၌ အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထိုဖိနပ်မှာ သူမ၏ လက်နက်ပင် ဖြစ်ပေတော့သည်။

စိုးရိမ်တကြီး ပြေးလွှားလာသော ခြေသံများ ထွက်ပေါ်လာပြီး နောက်ကျမှ ရောက်ရှိလာသော ချန်ရှောက်ရယ်၊ လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီတို့ သုံးဦးက ထောင့်ချိုးကို ကွေ့ဝင်လာကြသည်။ ထို့နောက် မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသော လူနှစ်ဦး တင်းကျပ်စွာ ဖက်လဲတကင်း ဖြစ်နေသော ထူးဆန်းသည့် မြင်ကွင်းကို မြင်လိုက်ရသည့် ခဏ၌ ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်တို့၏ ပါးစပ်များမှာ အံ့အားသင့်လွန်းသဖြင့် အဟောင်းသား ပွင့်သွားကြတော့သည်။

‘တကယ်ကြီးလား... ဒီနှစ်ယောက်က...’

ပိုင်ယွန့်အာ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်လေးမှာ ကမ္ဘာမြေဆွဲအားအတိုင်း ညင်သာစွာ ကြမ်းပြင်ပေါ်သို့ သက်ဆင်းသွားခဲ့ပြီ ဖြစ်ပြီး ချူဟန်ကို ကျောခိုင်းလျက် အရှေ့တွင် ပိတ်ဆို့ရပ်တန့်လိုက်သည်။

အဝတ်အစားများကြားမှ လွတ်မြောက်သွားသဖြင့် ချူဟန်၏ အမြင်အာရုံက ပြန်လည်ကြည်လင်လာသည်။ သူ မျက်လုံးပင့်ကြည့်လိုက်သည့် ခဏ၌ ရှေ့မှောက်ရှိ ဇွန်ဘီမှာ ပြင်းထန်သော နာကျင်မှုကြောင့် ရူးသွပ်မတတ် အော်ဟစ်ညည်းတွားနေသည်ကို ကြားလိုက်ရသည်။ ၎င်း၏ နောက်ကျိနေသော မျက်လုံးဖြူကြီးနှစ်လုံးထဲမှ အမည်းရောင် သွေးပုပ်များစွာ အဆက်မပြတ် စီးကျနေသည်။

ခုနက လျှပ်တစ်ပြက် ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင် ပိုင်ယွန့်အာက ညှာတာခြင်းမရှိဘဲ ဒေါက်ဖိနပ်ဖြင့် ဆောင့်ကန်လိုက်ကာ ၎င်း၏ မျက်လုံးအိမ်နှစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

ထိုဆန်းပြားလှသော တိုက်ခိုက်ရေးနည်းလမ်းကို ခဏဖယ်ထားဦးတော့၊ ဤမိန်းကလေးငယ်၏ ခြေထောက်စွမ်းအားမှာ သာမန်ထက် အဆမတန် ပြင်းထန်လွန်းလှသည်။ ၎င်းသည် သာမန်ဇွန်ဘီများထက် အဆတစ်ရာခန့် ပိုမိုအစွမ်းထက်သော်လည်း ဆင့်ကဲပြောင်းလဲခြင်း၏ ပေးဆပ်မှုအနေဖြင့် နာကျင်မှုအာရုံကို ပြန်လည်ရရှိထားခြင်း ဖြစ်သည်။ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ၎င်းသည် ဗီဇအရ အားအင်များ ဆုတ်ယုတ်သွားကာ သံပုဆိန်ကို ညှပ်ထားသော လက်သည်းများကို လွှတ်လိုက်ပြီး ၎င်း၏ မျက်လုံးနှစ်ဖက်ကို အုပ်လိုက်တော့သည်။ ထို့နောက် ပါးစပ်မှ စူးစူးဝါးဝါး အဆက်မပြတ် အော်ဟစ်ရင်း မြေပြင်ပေါ်၌ လူးလှိမ့်နေတော့သည်။

ဤမျှတိုတောင်းလှသော အခွင့်အရေးကို လွဲချော်သွားလောက်အောင် ချူဟန်၏ မျက်လုံးများက မှုန်ဝါးမနေပေ။ သူ၏ မျက်ဝန်းအစုံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းလာသည်။

"အခုပဲ..."

ရွှီ...

ပြင်းထန်လှသော လေခွဲသံနှင့်အတူ သံပုဆိန်ကြီးဖြင့် မညှာမတာ တစ်ချက်တည်း ခုတ်ချလိုက်တော့သည်။ ပစ်မှတ်ကတော့ ဇွန်ဘီ၏ ဦးခေါင်းခွံပင် ဖြစ်သည်။

သို့သော် ချူဟန်၏ မျက်စိရှေ့တည့်တည့်တွင် ရပ်နေသော ပိုင်ယွန့်အာသည်လည်း ထိုပုဆိန်၏ တိုက်ခိုက်မှု နယ်ပယ်ထဲတွင် ရှိနေခဲ့သည်။ သတိပေးရန် သို့မဟုတ် နောက်ဆုတ်ခိုင်းရန် အချိန်မရှိချေ။ သို့သော် အစမှအဆုံးအထိ ချူဟန်နှင့် စကားတစ်ခွန်းမျှ မပြောခဲ့ဖူးသော ပိုင်ယွန့်အာက ကျောပြင်တွင် မျက်လုံးပါနေသည့်အလား လျှပ်တစ်ပြက်အတွင်း ခန္ဓာကိုယ်ကို ဝပ်ချလိုက်တော့သည်။

ထို့နောက် ချူဟန်၏ ခြေထောက်ကြားမှနေ၍ အနောက်ဘက်သို့ ချောမွေ့စွာ လျှောဝင်သွားသည်။ ဤတစ်ဆက်တည်း လှုပ်ရှားမှုတစ်ခုလုံးမှာ အလွန်လျင်မြန်ကာ ထိရောက်လှပြီး သူမ၏ ခန္ဓာကိုယ်က ချူဟန်၏ နုနယ်လှသော နေရာများနှင့် ပွတ်တိုက်သွားခြင်းကို သူမက အနည်းငယ်မျှ ဂရုစိုက်ဟန်မပြပေ။

ဝုန်း...

အသားနှင့် သံမဏိတို့ ပြင်းထန်စွာ ဆောင့်မိသွားသည့် ရိုက်ခတ်သံကြီး ဟိန်းထွက်သွားတော့သည်။ လေးလံလှသော သံပုဆိန်ကြီးက ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ထိမှန်သွားရာ ပျက်စီးသွားသော မျက်လုံးအိမ်နှစ်ခုမှာ လေထဲသို့ လွင့်စင်သွားပြီး နံရံပေါ်သို့ သွားရောက်ကပ်ငြိသွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် နားပေါက်များထဲမှ သွေးမည်းများ ပြင်းထန်စွာ ပန်းထွက်လာပြီး ၎င်း၏ ဦးခေါင်းခွံကြီးမှာလည်း နှစ်ခြမ်းကွဲထွက်သွားလေတော့သည်။

ဘုန်း...

ကြီးမားလှသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဤနေရာသို့ ရောက်မှသာ ချူဟန်သည် ထိုအဆင့်နှစ် ဇွန်ဘီ၏ ရုပ်အလောင်းကို အကဲခတ်ရန် အချိန်ရတော့သည်။ ခုနက လျှောက်လမ်းတွင် သတ်ခဲ့သော အကောင်ထက် ခန္ဓာကိုယ် တည်ဆောက်ပုံက ပိုမိုကြီးမားပြီး အရှိန်နှင့် စွမ်းအားကလည်း သိသိသာသာ သာလွန်လှသည်။ အပြည့်အဝ ဆင့်ကဲပြောင်းလဲထားသော အဆင့်နှစ် ဇွန်ဘီအစစ်အမှန်ပင် ဖြစ်သည်။

ချူဟန် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ပိုင်ယွန့်အာကို တစ်ချက်ကြည့်လိုက်သည်။ ကောင်မလေး၏ မျက်ဝန်းများထဲတွင် ယခင်အတိုင်း မည်သည့်ခံစားချက်မျှ ရှိမနေဘဲ တိကျလှသော စက်ရုပ်တစ်ရုပ်ပမာ ဖြစ်နေဆဲပင်။ သို့သော် ချူဟန်သည် ခုနက သူမ၏ ရဲရင့်ပြတ်သားကာ တွေဝေခြင်းမရှိသော လှုပ်ရှားမှုများကို တစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်ပေ။

အောက်သို့ အနည်းငယ် ငုံ့ကြည့်လိုက်ရာ ပြင်းထန်လှသော တိုက်ပွဲကြောင့် ဖြစ်ရမည်၊ ပိုင်ယွန့်အာ၏ ဂါဝန်အောက်နား အစလေးမှာ အနည်းငယ် လန်တက်ကာ ဖရိုဖရဲ ဖြစ်နေသည်။ ချူဟန် ကိုယ်ကို လှည့်လိုက်ပြီး ဇွန်ဘီအလောင်းကို စစ်ဆေးချင်ယောင်ဆောင်ကာ နောက်စေ့ထဲမှ အမည်းရောင် ပုံဆောင်ခဲ ကို လျင်မြန်စွာ ဆွဲနှုတ်လိုက်သည်။

ဤပုံဆောင်ခဲမှာ အဆင့်တစ် ဇွန်ဘီများ၏ ခန္ဓာကိုယ်ထဲတွင် မရှိနိုင်သော အဖိုးတန်ပစ္စည်း ဖြစ်သည်။ ဦးနှောက်ထဲမှ ပြန်လည်စတင်ခြင်းစနစ် ၏ အမှတ် ၂ မှတ် တိုးလာသည်ကို အတည်ပြုပြီးနောက် ချူဟန်က အလွန်မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။ ဤမျှ ပင်ပန်းကြီးစွာ တိုက်ခိုက်ခဲ့ရသော်လည်း ရရှိလာသည်က ၂ မှတ်တည်းမို့ မကျေနပ်နိုင်ဖြစ်ရသည်။

"ဟို... ဟိုလေ... သမီးတို့ နှောင့်ယှက်မိသွားတာလားဟင်..."

တိတ်ဆိတ်နေသော အနေရခက်လှသည့် လေထုကြားမှ လော့ရှောင်ရှောင်၏ အနည်းငယ် တွန့်ဆုတ်နေသောအသံ ထွက်ပေါ်လာသည်။ သူမက မဝံ့မရဲ ပြုံးပြရင်း အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာနေသည်။

"ပိုင်ယွန့်အာ... နင် အဆင်ပြေနေလို့ တကယ်ဝမ်းသာတာပဲ... အယ်... ဟိုလေ... ကိုကြီးတို့... လုပ်စရာရှိတာ ဆက်လုပ်နော်"

ချန်ရှောက်ရယ်သည်လည်း ထပ်တူကျသော မျက်နှာပေးမျိုး ဖြစ်နေသည်။

မကြည့်သင့်သော လူကြီးများ၏ အရှုပ်အထွေးမြင်ကွင်းကို မြင်လိုက်ရသည့်အလား အနေရခက်စွာဖြင့် မျက်လုံးများ ကစားနေတော့သည်။

All Chapters