← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇) ဘော့စ်... နည်းနည်းလောက် ပြုံးပြပါဦး

"အဟမ်း... အဟမ်း..."

အနေရခက်နေသော ချောင်းဟန့်သံအချို့ ထွက်ပေါ်လာသည်။

ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်တို့မှာ သိသိသာသာပင် အကြည့်လွှဲသွားကြပြီး ပတ်ဝန်းကျင်ရှိ အရေးမပါသော အရာများကို ငေးကြည့်နေဟန် ဆောင်နေကြသည်။ သို့သော် သူတို့၏ အကြည့်များက ဤဘက်သို့ ခိုးခိုးပြီး ရောက်လာတတ်သည်။

အဝတ်အစား ဖရိုဖရဲဖြစ်နေသော ပိုင်ယွန့်အာနှင့် ခေါင်းငုံ့လျက် တိတ်ဆိတ်နေသော ချူဟန်။ ဘယ်လိုကြည့်ကြည့် တစ်ခုခုတော့ တစ်ခုခုပဲ။ ခုနက မြင်လိုက်ရသည့် ကိုယ်နေဟန်ထားက သွေးဆူချင်စရာ ကောင်းလွန်းသည် မဟုတ်ပါလား။

‘ထိများ ထိသွားကြသလား၊ နမ်းများ နမ်းလိုက်ကြသလား မသိဘူး’

ချူဟန်က ခေါင်းငုံ့ထားလျက် စိတ်ထဲ၌ အမှတ်များကို တွက်ချက်နေသဖြင့် ဘေးပတ်ဝန်းကျင်မှ အကြည့်များကို အနည်းငယ်မျှ သတိမထားမိပေ။ အိတ်ကပ်ထဲသို့ ထည့်လိုက်သော ပုံဆောင်ခဲနှစ်ခုက အေးစက်စက် နိုင်လှသည်။ အဆင့်နှစ် ဇွန်ဘီကို သတ်၍ရသော အမှတ်က နည်းလွန်းလှသည်။ ဤမျှပင်ပန်းခံ၍ တိုက်ခိုက်မည့်အစား သာမန်ဇွန်ဘီများကိုသာ အများအပြား သတ်ဖြတ်လိုက်ခြင်းက ပို၍ တွက်ခြေကိုက်ပေလိမ့်မည်။

ချူဟန် စကားမပြောသဖြင့် သူတို့ငါးဦးကြားတွင် ထူးဆန်းသော လေထုတစ်ခုက တဖြည်းဖြည်း ကြီးစိုးလာတော့သည်။ ပိုင်ယွန့်အာမှာ ခံစားချက်များ မပါရှိသည့်အလား အေးတိအေးစက် နိုင်နေသော်လည်း လော့ရှောင်ရှောင်နှင့် ချန်ရှောက်ရယ်တို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် စပ်စုချင်စိတ်များ အပြည့်အဝ ဖုံးလွှမ်းနေသည်။

"ဒီဇွန်ဘီက ဘာအကောင်လဲ... ပြီးတော့ ခုနက အပြင်ဘက် လျှောက်လမ်းမှာ တွေ့ခဲ့တဲ့ အလောင်းက ဘယ်သူ့အလောင်းလဲ။ သေသွားတာ သိပ်မကြာသေးဘူးနော်..."

ပုံမှန်အတိုင်း စကားပြောနိုင်သူမှာ ရှန်ကျိုတီ တစ်ဦးတည်းသာ ကျန်တော့သည်။ ပိုင်ယွန့်အာ အန္တရာယ်ကင်းကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်၏ ထူးခြားမှုများကို သူမ သတိပြုမိသွားခြင်း ဖြစ်သည်။ ပိုင်ယွန့်အာနှင့် အလွန်တူသော ထိုအလောင်းကို ခနထားလိုက်ဦး၊ ခုနက လျှောက်လမ်းတွင် တွေ့ခဲ့ရတဲ့ အကောင်ရော၊ ယခု ကြမ်းပြင်ပေါ်တွင် လဲကျနေသော အကောင်ပါ ချူဟန် ဤမျှအသေအလဲ တိုက်ခိုက်မှသာ သတ်နိုင်သည့် အဆင့်မျိုးဖြစ်သည်။ သေချာပေါက် တစ်ခုခု လွဲချော်နေပြီ ဖြစ်သည်။

ချူဟန်က အိတ်ကပ်ထဲရှိ ပုံဆောင်ခဲများကို ကိုင်တွယ်နေရင်းမှ ခေါင်းမော့ကြည့်လိုက်သည်။ အဓိပ္ပာယ်ဖော်မရသော ထိုအကြည့်က မိန်းကလေးသုံးဦးနှင့် ယောက်ျားလေးတစ်ဦးကို အကဲခတ်လိုက်ရာ ပိုင်ယွန့်အာမှလွဲ၍ ကျန်သုံးဦး၏ ကျောရိုးထဲသို့ အေးစိမ့်သွားတော့သည်။

ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်တို့မှာ တစ်ပြိုင်နက်တည်း တုန်တက်သွားကြသည်။ သူတို့က ရှန်ကျိုတီ၏ စကားများကို နားထဲမဝင်ကြပေ။ စပ်စုချင်စိတ် လွန်ကဲနေကြသဖြင့် လက်ရှိအခြေအနေ၏ သဘာဝမကျမှုများကို လုံးဝလျစ်လျူရှုထားပြီး စိုးရိမ်ပူပန်မှု တစ်ခုတည်းကိုသာ တွေးတောနေကြသည်။ ထိုအရာမှာ သူတို့နှစ်ဦး၏ အရေးကြီးသော အခိုက်အတန့်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ဤကဲ့သို့သော နေရာမျိုးတွင် ဝင်ရောက် နှောင့်ယှက်မိပါက သာမန်အားဖြင့် ဒေါသပေါက်ကွဲတတ်သည် မဟုတ်ပါလား။

"ဘော့စ်... ဘော့စ်..."

ချန်ရှောက်ရယ်၏ အသံက တုန်ရီနေသည်။

"ဘာ... ဘာလို့ အဲဒီလို အကြည့်ကြီးနဲ့ ကြည့်နေတာလဲဟင်။ ကျ... ကျွန်တော် မှားသွားပါတယ်။ ဘာမှ မမြင်လိုက်ပါဘူး။ တကယ် ဘာမှ မမြင်လိုက်ပါဘူးလို့ ကျိန်ရဲပါတယ်ဗျာ...!"

"နင် အရူးလား..."

လော့ရှောင်ရှောင်က ချန်ရှောက်ရယ်ကို ချက်ချင်း ဟောက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ချူဟန်ကို အတင်းဖားယားတော့သည်။

"ကိုကိုချူဟန်က သိပ်တော်တာပဲ... အဲဒီလောက် ကြီးမားတဲ့ ဘီလူးကြီးကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်လိုက်နိုင်တယ်။ အရမ်း မိုက်တာပဲ"

ရှန်ကျိုတီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ပိုင်ယွန့်အာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ထပ်မံ၍ စကားပြောလိုက်သည်။

"ပိုင်ယွန့်အာ... ဒီကိုလာတဲ့လမ်းမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ မတွေ့ခဲ့ဘူးလား။ ပြီးတော့ ဒီဇွန်ဘီရဲ့ ပုံစံက ပုံမှန်မဟုတ်ဘူးနော်..."

ပိုင်ယွန့်အာက ဘာမှပြန်မပြောချေ။ သူမ၏ အကြည့်များက ချူဟန် အိတ်ကပ်ထဲသို့ နှိုက်ထည့်လိုက်သော လက်ဆီသို့သာ စူးစိုက်ကျရောက်နေတော့သည်။ အားလုံး၏ လစ်လျူရှုခြင်းကို ခံလိုက်ရသဖြင့် ရှန်ကျိုတီ၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

ဤမျှ အန္တရာယ်ကြီးမားလှသော အခြေအနေတွင် ဒီလူတွေက ဘာတွေကို တွေးနေကြသနည်း။ အေးစက်စက်နိုင်လှသော ပိုင်ယွန့်အာပင် ယောက်ျားတစ်ယောက်ကို ငေးမောနေတာများလား။ ချူဟန်က ပတ်ဝန်းကျင်မှ အသံများကို နားထဲမသွင်းပေ။ သူ၏ အကြည့်များက ချန်ရှောက်ရယ်၏ ကြီးမားသော ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး သေချာစွာ အကဲခတ်နေမိသည်။

"ဘော့စ်..."

နောက်ဆုံးတွင် ချန်ရှောက်ရယ်မှာ သည်းမခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ကာ ချူဟန်၏ ပေါင်ကို ဖက်ထားလိုက်တော့သည်။

"ဘော့စ်... ကျွန်တော် တကယ် ဘာမှ မလုပ်ရပါဘူးဗျာ..."

‘ဟေ့ကောင်...’

ချူဟန်က စိတ်ထဲမှနေ၍ ပြန်လည်စတင်ခြင်း စနစ် ကို ညှာတာမှုကင်းမဲ့စွာ မေးမြန်းလိုက်သည်။

‘ဒီပုံဆောင်ခဲက အထူးစွမ်းအားတွေကို ပေါ်ထွက်လာစေဖို့အတွက် သုံးတာမလား...’

[အမည်းရောင် ပုံဆောင်ခဲတစ်ခုကို ၅ မှတ်ဖြင့် ပြန်လည်ရယူနိုင်ပါသည်။ ထို့ပြင် ပုံဆောင်ခဲ နှစ်ခုကို အသုံးပြုခြင်းဖြင့် အထူးစွမ်းအားကို ပေါ်ထွက်လာစေနိုင်ပါသည်]

စနစ်၏ စက်ရုပ်ဆန်ဆန် အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

‘ပြန်လည်ရယူရင် ၅ မှတ် ဟုတ်လား’

ချူဟန် မျက်လုံးပြူးသွားသည်။ အဆင့်နှစ် ဇွန်ဘီကို သတ်၍ရသော အမှတ် နည်းလွန်းရခြင်း၏ အကြောင်းရင်းမှာ ဤသည်ပင်။ ဇွန်ဘီကိုယ်ထည်မဟုတ်ဘဲ ဤပုံဆောင်ခဲများတွင် တန်ဖိုးများ စုစည်းနေခြင်း ဖြစ်သည်။

‘ငါ သုံးမယ်ဆိုရင်ရော အထူးစွမ်းအား ပေါ်လာနိုင်သလား...’

[လက်ခံသူ၏ ခန္ဓာကိုယ်မှာ အထူးစွမ်းအားနှင့် မကိုက်ညီသော ခန္ဓာကိုယ်ဖြစ်ပါသည်]

စနစ်က ညှာတာမှုကင်းမဲ့စွာ တုံ့ပြန်လာသည်။

‘တောက်... သောက်ကျိုးနည်း’

ချူဟန်က စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆက်လက်မေးမြန်းလိုက်သည်။

‘လက်ရှိအခြေအနေမှာ ချန်ရှောက်ရယ် အထူးစွမ်းအား ပေါ်ထွက်လာနိုင်တဲ့ ရာခိုင်နှုန်းက ဘယ်လောက်ရှိလဲ...’

ဤမေးခွန်းကို ချူဟန် စဉ်းစားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လက်ရှိအချိန်တွင် ချန်ရှောက်ရယ်၏ သေနတ်ပစ်စွမ်းရည်မှာ အလွန်ညံ့ဖျင်းလှသည်။ ဤမျှလောက်သာရှိသော ပါရမီဖြင့် မည်မျှပင် သွေးထွက်သံယို လေ့ကျင့်ပါစေ၊ နောင်အနာဂတ်တွင် လူသားတို့၏ အဆင့် ၂၀ မြောက် အထွတ်အထိပ်နေရာသို့ ရောက်ရှိနိုင်မည့် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိနိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ချန်ရှောက်ရယ်၏ အဓိကမှာ ထူးခြားသော စွမ်းအင် တစ်ခု ပေါ်တွင်သာ မူတည်နေသည်ဟု ချူဟန် ယူဆထားသည်။

အထူးစွမ်းအား ဟူသော စကားလုံးမှာ ကမ္ဘာပျက်ကပ် စတင်ပြီး နှစ်အနည်းငယ်ကြာမှသာ အတည်တကျ ဖြစ်လာခြင်းဖြစ်သည်။ ကနဦးအဆင့်တွင် ၎င်းကို စွမ်းရည်မြှင့်တင်ခြင်း ဟု ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြသည်။ လူသားတို့သည် (စွမ်းရည်မြှင့်တင်သူ) နှင့် (ဆင့်ကဲပြောင်းလဲသူ) ဟူ၍ မျိုးဆက်နှစ်ခု ကွဲပြားသွားကြသည်။ တူညီသော အချက်မှာ နှစ်မျိုးစလုံးသည် အဆင့်လိုက် ဆင့်ကဲပြောင်းလဲသွားကြပြီး လူသားဟူသော မျိုးစိတ်၏ ဗီဇကန့်သတ်ချက်များကို ချိုးဖျက်သွားကြခြင်း ဖြစ်သည်။

စွမ်းရည်မြှင့်တင်သူများ၏ အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းလှသည်။ သတ်မှတ်ထားသော စွမ်းရည်တစ်ခု၌ ပေါက်ကွဲအားပြင်းစွာ အကန့်အသတ်ကို ကျော်လွန်သွားခြင်း ဖြစ်သည်။

ဤသို့ ကျော်လွန်သွားမှုမှာ အလွန်အစွန်းရောက်လှသည်။ အများအားဖြင့် အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံစသည့် အာရုံငါးပါး စူးရှလာခြင်း သို့မဟုတ် ဉာဏ်ရည်နှင့် ဇီဝကမ္မဖြစ်စဉ်များ အထူးကောင်းမွန်လာခြင်းတို့ ဖြစ်တတ်သည်။ အမျိုးအစားများစွာ ကွဲပြားပြီး အချို့မှာ လက်သည်းများ ပုံမှန်မဟုတ်ဘဲ ရှည်ထွက်လာခြင်းကဲ့သို့သော ထူးဆန်းသည့် စွမ်းရည်မြှင့်တင်မှုများလည်း ရှိတတ်သည်။ သို့သော် ၎င်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါ ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကိုသာ အထူးစွမ်းအား ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ဆင့်ကဲပြောင်းလဲသူများမှာမူ ပို၍ နှေးကွေးပြီး ဘက်စုံဖွံ့ဖြိုးသည့် လမ်းကြောင်းကို လျှောက်လှမ်းကြသည်။ ကနဦးအဆင့် ပေါက်ကွဲအားတွင် စွမ်းရည်မြှင့်တင်သူများကို မယှဉ်နိုင်ပေ။ အကြောင်းမှာ မျက်တောင်တစ်ခတ်အတွင်း သတ်မှတ်ထားသော ကန့်သတ်ချက်များကို ရရှိသွားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူဆိုသည်မှာ ခန္ဓာကိုယ်စွမ်းဆောင်ရည်တစ်ခုလုံး တိုးတက်လာခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ညွှန်းကိန်းအားလုံး၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခြင်းကို ဆိုလိုသည်။

ဆင့်ကဲပြောင်းလဲသူ အများစုမှာ စွမ်းရည်မြှင့်တင်သူများထက် တိုက်ခိုက်ရေးစွမ်းရည် နိမ့်ကျတတ်သော်လည်း အကယ်၍ ဆင့်ကဲပြောင်းလဲသူများ နောက်ပိုင်းအဆင့်များသို့ ရောက်ရှိသွားပါက ၎င်းတို့၏ ပေါက်ကွဲအားမှာ စွမ်းရည်မြှင့်တင်သူများထက် များစွာ သာလွန်သွားပေမည်။ သေချာသည်မှာ ထိုကဲ့သို့သော အဆင့်သို့ ရောက်ရှိနိုင်သည့် ဆင့်ကဲပြောင်းလဲသူမှာ လူသောင်းချီလျှင် တစ်ဦးပင် မရှိနိုင်ပေ။ နောင်အနာဂတ်တွင် ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိမည့် ပိုင်ယွန့်အာမှာ ထိုရှားပါးသော ခြွင်းချက်များထဲမှ တစ်ဦးပင် ဖြစ်သည်။

[၁၀ ရာခိုင်နှုန်း]

စနစ်၏ စက်ရုပ်ဆန်ဆန် အသံက ဖြေကြားလာသည်။

‘၁၀ ရာခိုင်နှုန်းတည်းလား...’

ချူဟန် မျက်မှောင်ကြုတ်လိုက်သည်။ နည်းလွန်းလှသည်။

စွမ်းရည်မြှင့်တင်သူများ ပေါ်ထွက်လာမှုမှာ ဆင့်ကဲပြောင်းလဲသူများထက် နောက်ကျသည်။ အတိတ်ဘဝ မှတ်ဉာဏ်များအရ ကမ္ဘာပျက်ကပ် စတင်ပြီး သုံးလခန့်အကြာတွင် အလွန်ထူးဆန်းသော တိုက်ဆိုင်မှုတစ်ခုကြောင့် ပထမဆုံး စွမ်းရည်မြှင့်တင်သူ ပေါ်ထွက်လာခဲ့သည်။ ထိုသူမှာ မျှော်လင့်ချက်မဲ့ကာ မိမိကိုယ်ကို သတ်သေရန် ကြိုးစားရင်း အဆင့်နှစ် ဇွန်ဘီ၏ အမည်းရောင် ပုံဆောင်ခဲနှစ်ခုကို တစ်ပြိုင်နက် မျိုချခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သေဆုံးမသွားဘဲ အထူးစွမ်းအားကို ပိုင်ဆိုင်ထားသော ကမ္ဘာ့ပထမဆုံး စွမ်းရည်မြှင့်တင်သူ ဖြစ်လာခဲ့သည်။

ပြန်လည်စတင်ခြင်း စနစ် ပြောခဲ့သည့်အတိုင်း လူသားအားလုံးသည် အထူးစွမ်းအားကို ပိုင်ဆိုင်နိုင်သည့် အရည်အချင်းရှိကြသည်မဟုတ်ပေ။ ချူဟန်ကိုယ်တိုင်ကပင် ထိုအချက်ကို သက်သေပြနေသည်။

စွမ်းရည်မြှင့်တင်သူများ၏ အထူးစွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ပေါ်ထွက်လာစေရန် လိုအပ်သော အခြေအနေများမှာ အလွန်ကြမ်းတမ်းလှသည်။ အနည်းဆုံး အဆင့်နှစ် ဇွန်ဘီထံမှ ရရှိသော အမည်းရောင် ပုံဆောင်ခဲ နှစ်ခု လိုအပ်ပြီး ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ကျော်လွန်သော ပြင်းထန်သည့် တိုက်ပွဲအတွင်း၌ဖြစ်စေ၊ တိုက်ပွဲအပြီး ချက်ချင်းဖြစ်စေ မျိုချမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

မည်သည့်အရည်အချင်းမျှမရှိသော သာမန်လူတစ်ဦးက ပုံဆောင်ခဲတစ်ခုကို မျိုချလိုက်ပါက ချက်ချင်း ကူးစက်ခံရကာ ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး အရည်အချင်းရှိလျှင်ပင် တစ်ခုတည်းနှင့် အကျိုးသက်ရောက်မှု မရှိနိုင်ချေ။ ထို့ပြင် တိုက်ပွဲမရှိဘဲ ပုံမှန်အခြေအနေတွင် နှစ်ခုကို တစ်ပြိုင်နက် မျိုချပါကလည်း အထူးစွမ်းအား ပေါ်ထွက်လာရန် အကောင်းဆုံးအချိန်ကို ဆုံးရှုံးသွားပေလိမ့်မည်။

ထိုသို့ဖြစ်သွားပါက အရည်အချင်းရှိလျှင်ပင် နောက်တစ်ကြိမ် အောင်မြင်နိုင်ခြေမှာ မျှော်လင့်ချက်မဲ့လောက်အောင် ကျဆင်းသွားမည် ဖြစ်သည်။

ထို့ကြောင့် စွမ်းရည်မြှင့်တင်သူများ၏ တိကျသော ဖြစ်ပေါ်လာမှု ဖြစ်စဉ်နှင့် သေချာသော အဆင့်ဆင့်ကို နားလည်သဘောပေါက်ရန်မှာ အလွန်ဝေးကွာသေးသည့် ကိစ္စဖြစ်ပြီး ကမ္ဘာပျက်ကပ် ကနဦးအဆင့်တွင် စွမ်းရည်မြှင့်တင်သူများမှာ စာသားအတိုင်းပင် နိုင်ငံ့ရတနာ အဆင့်ရှိသော အလွန်ရှားပါးသည့် တည်ရှိမှုများ ဖြစ်ကြသည်။

"ဘော့စ်..."

ချန်ရှောက်ရယ်မှာ ချူဟန်၏ ခြေထောက်ကို ဖက်တွယ်လျက် အော်ဟစ်နေဆဲပင်။

"ငြိမ်နေတော့ ပိုကြောက်စရာကောင်းတယ်ဗျာ… ဘော့စ်က အမြဲတမ်း မျက်နှာကြီး တည်နေတာပဲ၊ နည်းနည်းလောက် ပြုံးပြပါဦးဗျာ..."

"ပါးစပ်ပိတ်ထားစမ်း..."

ချူဟန်က ချန်ရှောက်ရယ်၏ ဝိုင်းစက်နေသော ခန္ဓာကိုယ်ကြီးကို ညှာတာမှုကင်းမဲ့စွာ ကန်ထုတ်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင် အခြားအကြံအစည်များ ရှုပ်ထွေးနေသည်။

‘ဒီကောင်ကို အသေအကြေ တိုက်ပွဲထဲ ဘယ်လိုတွန်းပို့ပြီး အဲဒီအခိုက်အတန့်မှာ အထူးစွမ်းအား နိုးထလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်...’

ကမ္ဘာပျက်ကပ် ကနဦးအစောပိုင်းကာလတွင် စွမ်းရည်မြှင့်တင်သူ တစ်ဦး ရှိနေခြင်းက အလွန်ကြီးမားသော အားသာချက်များကို ယူဆောင်လာပေးနိုင်သည်။ ထိုပြင်းထန်လှသော စွမ်းရည်မြှင့်တင်မှုသာ အကောင်းဆုံးပုံစံဖြင့် နိုးထလာပါက ချန်ရှောက်ရယ်သည် အတိတ်ဘဝ၏ အမြင့်ဆုံးအချိန်ထက်ပင် သာလွန်သော ဘီလူးကြီးတစ်ကောင် ဖြစ်လာနိုင်ချေရှိနေသည်။

"နင်တို့တွေ..."

နောက်ဆုံးတွင် ရှန်ကျိုတီ၏ သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားတော့သည်။

"ငါ့ကို လျစ်လျူရှုထားတာ တော်သင့်ပြီနော်..."

"ဒုန်း..."

ဒေါသထွက်နေသော သူမ၏ လက်သီးက ဘေးရှိ ကွန်ကရစ်နံရံသို့ အရှိန်ပြင်းစွာ ထိမှန်သွားတော့သည်။

အခန်း (၉၈) မင်းက တကယ့်ယောကျ်ားကောင်းပါပဲ

ဒုန်း...

ထိုပြင်းထန်လှသော လက်သီးချက်ကြောင့် ပတ်ဝန်းကျင်ရှိ နံရံများပင် တုန်ခါသွားသလားဟု ထင်မှတ်ရသည်။

ရှန်ကျိုတီ၏ လက်ချောင်းများကြားမှ သွေးများ အဆက်မပြတ် စီးကျလာပြီး အနီရင့်ရောင်များ စွန်းထင်းသွားတော့သည်။ သို့သော် သူမသည် နာကျင်မှုကို အနည်းငယ်မျှ ဂရုမစိုက်ပုံရပေ။ ဒေါသတကြီးဖြင့် ပြောလိုက်သော အသံမှာ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ စူးရှနေသည်။

"နင်တို့ ငါပြောတာ မကြားဘူးလား"

ချန်ရှောက်ရယ်မှာ ထိုစကားသံကြောင့် ကြောက်လန့်တကြား တုန်တက်သွားသည်။

ရှန်ကျိုတီသည် တစ်ခါတစ်ရံ မာနကြီးတတ်သော်လည်း ယခုကဲ့သို့ အသိစိတ်လွတ်ကာ ဒေါသပေါက်ကွဲတတ်သည်မှာ အလွန်ရှားပါးလှသည်။

"အိုး... ဟိုး..."

ဤကဲ့သို့ အန္တရာယ်များလှသော အခြေအနေမျိုးတွင် သေမထူးနေမထူး လှောင်ပြောင်လိုက်သူမှာ လော့ရှောင်ရှောင်ပင် ဖြစ်သည်။

"အားကိုးရတဲ့ အစ်မကြီး ပြန်ရောက်လာပြီပေါ့"

ခေါင်းလောင်းသံလေးကဲ့သို့ သာယာသော ကောင်မလေး၏ အသံတွင် လှောင်ပြောင်မှုနှင့် ပွဲကြည့်ချင်သော အရိပ်အယောင်များ အပြည့်အဝ ပါဝင်နေသည်။ အပြစ်ကင်းစင်သည်ဟု ဆိုရမည်လော၊ ကြောက်ရွံ့မှုကင်းမဲ့သည်ဟု ဆိုရမည်လော။

သူမသည် တင်းမာနေသော လေထုကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

ချူဟန်၏ အကြည့်က ရှန်ကျိုတီ၏ လက်ပေါ်တွင် တစ်ခဏတာ ရပ်တန့်သွားပြီးနောက် ပေါ့ပေါ့တန်တန်ပင် လက်ညှိုးထိုးပြလိုက်သည်။

"သွေးထွက်နေတယ်နော်"

"သိတယ်"

ရှန်ကျိုတီက ဒေါသတကြီးဖြင့် သွားကြိတ်လိုက်သည်။

မိမိမှာ ဒဏ်ရာရနေပါလျက် ဤလူက အနည်းငယ်မျှ စိုးရိမ်ပူပန်မှုမရှိသည့်အပြင် ဤမျှ ဂရုမစိုက်သော အမူအရာကို ပြသနေသည်မှာ ရင်နာစရာ ကောင်းလွန်းလှသည်။

သူမက ခေါင်းမာစွာဖြင့် အသံကျယ်ကျယ် ပြန်ပြောလိုက်သည်။

"မနာပါဘူး"

ချူဟန်က လက်ထဲရှိ သံပုဆိန်ကို စစ်ဆေးနေသည်။ ဤပုဆိန်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခု ချက်ချင်း ပြုပြင်မွမ်းမံမှု မလုပ်ပါက နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင် အမှန်တကယ် ကျိုးပဲ့သွားနိုင်သည်။ ပုဆိန်သွားပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းငယ်များစွာ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ရှန်ကျိုတီ၏ ကလေးဆန်ဆန် ရန်တွေ့မှုကို ကြားလိုက်ရသော်လည်း သူက သေချာမစဉ်းစားဘဲ ပါးစပ်မှ ထွက်လာသည့်အတိုင်း ပြန်ပြောလိုက်သည်။

"မင်း နာတာ မနာတာက အရေးမကြီးဘူး။ အဓိကက သွေးနံ့ကြောင့် ဇွန်ဘီတွေ ရောက်လာမှာကိုပဲ"

ထိုနေရာရှိ လူအားလုံး တစ်ပြိုင်နက်တည်း မှင်သက်သွားကြသည်။

ချန်ရှောက်ရယ်က ချူဟန်၏ မျက်နှာကို အကြိမ်ကြိမ် စိုက်ကြည့်နေမိသည်။

‘ငါတို့ ဘော့စ်ရဲ့ အချစ်ရေးကိစ္စက တကယ်ပဲ အဆင်ပြေပါ့မလား’

လော့ရှောင်ရှောင်၏ မျက်နှာမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။ အရင်က ရှန်းကော်စခန်းတွင် ရှိနေစဉ်က အစ်ကိုချူဟန်မှာ ထိုကဲ့သို့ အမူအရာမျိုး ဖြစ်ခဲ့သည်။ ယခုကရော ချစ်သူရည်းစားများ ရန်ဖြစ်နေကြတာမျိုးလား။

ပိုင်ယွန့်အာက ချူဟန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ကျိုတီ၏ လက်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာဆီသို့ အကြည့်လွှဲလိုက်သည်။ ထို့နောက် သတိမထားမိနိုင်လောက်အောင် သေးငယ်သော လှုပ်ရှားမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်… ငါလည်း ဇွန်ဘီတွေ ရောက်လာမယ်လို့ ထင်တယ်”

ရှန်ကျိုတီက ဒေါသတကြီးဖြင့် သွားကြိတ်လိုက်သည်။ ချူဟန် ဂရုစိုက်နေသည်မှာ ဇွန်ဘီတွေကိုပဲလား။

"စိတ်မပူပါနဲ့"

သူမက ဒေါသတကြီးဖြင့် နံရံမှ လက်ကို ခွာလိုက်သည်။ ဒေါသကြောင့် ပြင်းထန်သော နာကျင်မှုများပင် ပျောက်ကွယ်သွားသည်။ သူမ၏ အသံတွင် အေးစက်မှုနှင့် အာဏာပါမှုများ ပြည့်နှက်နေသည်။

"ဇွန်ဘီတွေ ရောက်လာရင် ငါအကုန် ရှင်းပေးမယ်"

ချူဟန်က ခေါင်းညိတ်လိုက်ပြီး အလွန်လေးနက်သော မျက်နှာထားဖြင့် သူမကို ကြည့်လိုက်သည်။

"မင်းက တကယ့် ယောကျ်ားကောင်းပါပဲ။ လေးစားပါတယ်"

အေးခဲသွားသည်...

စက်ယန္တရားများ ရပ်တန့်သွားသကဲ့သို့ အားလုံးက သူ့ကို မှင်သက်စွာ ကြည့်နေကြပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြတော့ပေ။

တကယ့် ယောကျ်ားကောင်း ဟုတ်လား။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်ကဲ့သို့သော စိတ်ကူးမျိုးဖြင့် ထိုစကားကို ပြောထွက်ရသနည်း။

ရှန်ကျိုတီမှာ တွေးတောနိုင်စွမ်းများ လုံးဝ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သူမက မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ချူဟန်ကို စိုက်ကြည့်နေမိသည်။

ဒီလူက ပိုင်ယွန့်အာလိုပဲ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာခံစားချက်မှ မရှိတဲ့ သစ်တုံးကြီးများလား။ ဒါမှမဟုတ် ငါ့ခံစားချက်တွေကို မသိချင်ယောင် ဆောင်နေတာလား။

လော့ရှောင်ရှောင်၏ မျက်ဝန်းများမှာ တောက်ပလာတော့သည်။

‘ကိုကိုချူဟန်က တကယ် ထူးခြားတာပဲ။ ဒီလောက် စွမ်းနေတာတောင် မာနမကြီးတဲ့အပြင် ဒီလို ဟာသမျိုးကိုပါ ပြောတတ်သေးတယ်’

ချန်ရှောက်ရယ်မှာ ရယ်ချင်စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်ထားရသည်။ သူ၏ ဗိုက်ခေါက်များပင် တုန်ခါနေပြီ ဖြစ်သည်။

ပိုင်ယွန့်အာ၏ တုံ့ပြန်မှုက ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည်။ သူမက ရှန်ကျိုတီ၏ ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး သေချာစွာ အကဲခတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းကိုပါ ဖောက်ထွင်းမြင်နိုင်သည့်အလား စိုက်ကြည့်လိုက်သည်။ ထို့နောက် အမြဲတမ်းလိုလို အေးစက်နေသော အသံဖြင့် ရေရွတ်လိုက်သည်။

"ယောကျ်ား..."

ရှန်ကျိုတီက မျက်နှာလွှဲလိုက်သည်။ ဘာပြောရမှန်း လုံးဝမသိတော့ပေ။

ထိုစဉ်...

ရုတ်တရက် ကြီးမားသော လက်တစ်ဖက်က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ကြမ်းတမ်းစွာ ဆွဲယူလိုက်သော ထိုအပြုအမူက ညင်သာမှုမရှိဘဲ အနည်းငယ်ပင် နာကျင်စေသော်လည်း သူက ပွန်းပဲ့ဒဏ်ရာကို ပတ်တီးဖြင့် ကျွမ်းကျင်စွာ ပတ်ပေးနေသည်။

ရှန်ကျိုတီက သူမရှေ့တွင် တိတ်ဆိတ်စွာ အလုပ်လုပ်နေသော ချူဟန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူ၏ ငယ်ရွယ်သော မျက်နှာဘေးတစ်စောင်းတွင် အမြဲတမ်းလိုလို လေးနက်တည်ကြည်သော အမူအရာက နေရာယူထားသည်။ သူမ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုက တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။

‘ဘာပဲဖြစ်ဖြစ်... သူက ငါ့အတွက် နည်းနည်းတော့ စိုးရိမ်ပေးသားပဲ’

သို့သော် ထိုမျှော်လင့်ချက်လေးမှာ ခဏသာ ခံလိုက်သည်။ ချူဟန် ပြောလိုက်သော နောက်တစ်ခွန်းက ရှန်ကျိုတီကို မျှော်လင့်ချက်မဲ့ခြင်း ချောက်ကမ်းပါးဆီသို့ အပြတ်အသတ် တွန်းချလိုက်တော့သည်။

"ပတ်တီးတော့ ပတ်ထားလိုက်ဦး။ သွေးနံ့တွေ ပျံ့သွားလို့ ဇွန်ဘီတွေ ရောက်လာရင် ရှုပ်နေလိမ့်မယ်"

"ရှင်... ရှင်...တကယ်..."

ရှန်ကျိုတီက ချူဟန်၏ လက်ကို အရှိန်ပြင်းစွာ ခါချလိုက်သည်။

‘ဒီအလိုက်မသိတဲ့အကောင်...’

အလင်းရောင်မရှိသော မှောင်မိုက်သည့် စက်ရုံအတွင်းပိုင်းမှာ လုံခြုံသော နေရာတစ်ခုဟု မဆိုနိုင်ပေ။

ဤနေရာတွင် တတိယမြောက် အဆင့်နှစ် ဇွန်ဘီ ရှိမရှိ ချူဟန်ကိုယ်တိုင်ပင် သေချာမသိပေ။ လူအုပ်စုမှာ ခြေသံများကို ဖျောက်ထားလျက် တိတ်ဆိတ်နေသော စက်ရုံအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာကြသည်။

ရည်ရွယ်ချက်မှာ Mercedes Benz G55 ကို ပြုပြင်မွမ်းမံရန်အတွက် ပစ္စည်းကိရိယာများ ရှာဖွေရန် ဖြစ်သည်။ ထို့အပြင် ခုနက တွေ့ခဲ့ရသော သေဆုံးခါစ အမျိုးသမီးအလောင်းကိစ္စလည်း ရှိသေးသည်။ ဆိုလိုသည်မှာ ဤနေရာ၌ အခြားအသက်ရှင်ကျန်ရစ်သူများ ရှိနေနိုင်ခြေ များပြားလှသည်။

ရှုပ်ထွေးနေသော စက်ရုံအတွင်း၌ အတန်ကြာ လမ်းလျှောက်ပြီးနောက် ငါယောက်သား တစ်ပြိုင်နက်တည်း ခြေလှမ်းရပ်လိုက်ကြသည်။

ချူဟန်၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ပေါ်လွင်လာသည်။ အရှေ့ဘက်မှနေ၍ မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။

လူရှိနေတာလား။ အဆင့်နှစ် ဇွန်ဘီများ လှည့်လည်သွားလာနေသော သံရည်ကျိုစက်ရုံမျိုးတွင် အသက်ရှင်နေသော လူများ ရှိနေသေးသည်လော။ ယုတ္တိမရှိပေ။

အဆင့်နှစ် ဇွန်ဘီများ၏ စွမ်းအားကို ပြောနေရန်ပင် မလိုတော့ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ဤနေရာရှိ လူများမှာ အစောကြီးကတည်းက စားသောက်ခံရပြီး ဖြစ်ရမည်။ သို့မဟုတ် ထိုဇွန်ဘီများက မကြာသေးမီကမှ ဤနေရာသို့ ရောက်ရှိလာခြင်းများလား။

ရှုပ်ပွနေသော လျှောက်လမ်းတွင် သတ္တုပစ္စည်းအစိတ်အပိုင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး စူးရှသော သံချေးနံ့များ ထွက်ပေါ်နေသည်။ ရှေ့ဘက်မှ မှိန်ပျပျ အလင်းရောင်က အားလုံး၏ အရိပ်များကို အနောက်ဘက်သို့ ရှည်လျားစွာ ဆွဲဆန့်ထားသည်။ ထိုနေရာမှာ အတော်လေး ကျယ်ဝန်းလှပြီး မီးရောင်က အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေပုံရသည်။

"အရေးပေါ် ခြေရာခံမီးတွေပဲ"

လော့ရှောင်ရှောင်က ချူဟန်၏ ဘေးမှနေ၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒီမှာ မီးစက်ရှိတယ်ထင်တယ်"

မီးစက်ရှိနေခြင်းမှာ အဆန်းတော့မဟုတ်ပေ။ ချူဟန်က ရှေ့ဆုံးမှ ဦးဆောင်ကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသော်လည်း ခြေသံတစ်ချက်မျှ မထွက်ပေါ်ချေ။ အခြားအဖွဲ့ဝင်များကလည်း သူ၏ အနောက်မှ အသက်ပြင်းပြင်းမရှူရဲဘဲ လိုက်ပါလာကြသည်။ ဤသံရည်ကျိုစက်ရုံတွင် ခြောက်ခြားဖွယ်ရာ ထူးဆန်းသော လေထုတစ်ခုက ကြီးစိုးနေသည်။

"ချောက်"

ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲကာ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချူဟန် အရှိန်ပြင်းပြင်းဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ လက်ထဲရှိ သံပုဆိန်မှာ အချိန်မရွေး ခုတ်ချနိုင်ရန် အသင့်အနေအထားဖြစ်နေပြီ ဖြစ်သည်။ ပိုင်ယွန့်အာ၏ မျက်ဝန်းများထဲတွင်လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လျှပ်တစ်ပြက် ပေါ်ထွက်လာပြီး ရှန်ကျိုတီက လော့ရှောင်ရှောင်ကို ချက်ချင်း ဆွဲဖက်ထားကာ သေနတ်ပြောင်းဝကို အသံထွက်ပေါ်လာရာဆီသို့ ချိန်ရွယ်လိုက်သည်။

ထိုနေရာတွင် ရှိနေသူမှာ ချန်ရှောက်ရယ်ပင် ဖြစ်သည်။

ကီလိုဂရမ် တစ်ရာကျော် အလေးချိန်ရှိသော ထိုလူဝကြီးမှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာပေါ်ရှိ အရေပြားများပင် ဖြူရော်နေတော့သည်။ သူက သတိလွတ်ကာ လက်နှစ်ဖက်ကို ခေါင်းပေါ် မြှောက်ထားလိုက်ပြီး သူ့ထံသို့ သတ်ဖြတ်လိုစိတ်များ ဦးတည်ထားသော အဖွဲ့ဝင်များကို ကြောက်လန့်တကြား ကြည့်နေမိသည်။

"ကျ... ကျွန်တော်... ကျွန်တော်..."

ချူဟန်၏ နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်လိမ်သွားတော့သည်။ ချန်ရှောက်ရယ်မှာ ဝလွန်းသဖြင့် ကျဉ်းမြောင်းသော လျှောက်လမ်းကို ဖြတ်သန်းစဉ် တစ်နေရာရာရှိ ပစ္စည်းတစ်ခုခုနှင့် တိုက်မိသွားခြင်း ဖြစ်ပေသည်။

ရှန်ကျိုတီက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကြောက်ရွံ့မှုကြောင့် ထွက်လာသော ချွေးများကို သုတ်လိုက်သည်။

ပိုင်ယွန့်အာ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အကြည့်များက ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားတော့သည်။

"ဒီဝက်ကောင်..."

လော့ရှောင်ရှောင်က ကျင့်သားရနေသကဲ့သို့ ဆဲရေးလိုက်သည်။

"ဘာတွေ ကြောက်နေတာလဲကွာ..."

"ဟီးဟီးဟီး... ဆောရီး ဆောရီး"

ချန်ရှောက်ရယ်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်သည်။

"ခုနက တစ်ခုခုကို နင်းမိသွားလို့။ ဖိနပ်အောက်ကနေ ထိမိသွားတာ"

"စိတ်ဝင်စားစရာ တစ်ခုခုများ တွေ့ခဲ့လို့လား"

လော့ရှောင်ရှောင်မှာ စပ်စုချင်စိတ် ပြင်းပြနေဆဲ အရွယ်သာ ရှိသေးသည်။ အန္တရာယ်မရှိတော့ကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းပင် ရဲတင်းလာကာ မြေပြင်ကို စတင် ရှာဖွေတော့သည်။

"ဒီမှာလေ... ငါ့ခြေထောက်အောက်မှာ ရှိတဲ့ဟာ"

ချန်ရှောက်ရယ်က မြေပြင်မှ တစ်ခုခုကို ကောက်ယူလိုက်ပြီး လက်ဝါးဖြန့်ပြလိုက်သည်။ မှိန်ပျပျ အလင်းရောင်အောက်တွင် အားလုံးက သေချာစိုက်ကြည့်လိုက်ရာ ၎င်းမှာ သတ္တုပစ္စည်းအစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။

"အာ... ဘာများလဲလို့... ဝက်အူတိုင်လေး တစ်ခုကို"

လော့ရှောင်ရှောင်က မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။

"ငါက တစ်ယောက်ယောက်ရဲ့ လက်ချောင်းအရိုး ဒါမှမဟုတ် ခေါင်းခွံကွဲလေးများလားလို့ ထင်နေတာ"

"နင်ကလည်း... သတ္တိတေ ရှိနေတယ်ပေါ့"

ချန်ရှောက်ရယ်က လော့ရှောင်ရှောင်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သော်လည်း သူ၏ ရင်ထဲတွင် အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။ ဤအဖွဲ့ထဲတွင် မိမိက အကြောက်ဆုံးနှင့် အသုံးမကျဆုံး ဖြစ်နေပြီလော။ ဘော့စ်ကို ဒုက္ခပေးနေမိပြီလား ဟု တွေးတောနေမိသည်။

"ဟွန့်"

လော့ရှောင်ရှောင်က ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်သည်။

"ကိုကိုချူဟန် ရှိနေတာပဲ၊ ငါက ဘာကိုမှ မကြောက်ဘူး"

"အဲဒါလည်း ဟုတ်တာပဲ... ဘော့စ် ရှိနေမှတော့ လူတစ်ရာအားနဲ့ ညီမျှတယ်လေ"

ချန်ရှောက်ရယ်က ဖော်ရွေသော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ဂရုမစိုက်သကဲ့သို့ ထိုဝက်အူတိုင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"နေဦး"

သို့သော် ထိုခဏ၌ ချူဟန်၏ စူးရှသော အသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်လေးနက်နေသည်။

"အဲဒီ ပြုတ်ကျသွားတဲ့ဟာကို ငါ့ကို ပြစမ်း"

All Chapters