အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) တစ်ဝက်စီ အခွင့်အရေး
လော့ရှောင်ရှောင်မှာ ပတ်ဝန်းကျင်ကို စိတ်မဝင်စားသကဲ့သို့ ဟိုဟိုဒီဒီ ကြည့်နေရင်းမှ ရုတ်တရက် အမှောင်ထဲတွင် တစ်ခုခုကို တွေ့လိုက်ရသည့်အလား မျက်လုံးများ အရောင်လက်လာကာ တဖြည်းဖြည်း လျှောက်သွားတော့သည်။
ပိုင်ယွန့်အာက မျက်လုံးကို ကျဉ်းမြောင်းလျက် အဝေးမှ မှိန်ပျပျ အလင်းရောင်ကိုသာ စိုက်ကြည့်နေသည်။ လော့ရှောင်ရှောင် အမှောင်ထဲသို့ ထွက်သွားသည်ကို သူမ သတိထားမိပုံမရပေ။
ချန်ရှောက်ရယ်သည်လည်း ချူဟန်အနီးသို့ တိုးကပ်လာသည်။ သူက ချူဟန်ကို အပြည့်အဝ ယုံကြည်သူဖြစ်သည်။ ဘော့စ်က သံသယဖြစ်နေသည်ဆိုလျှင် သေချာပေါက် တစ်ခုခု ရှိရမည်။
"ဘော့စ်... တစ်ခုခု မှားနေလို့လား"
ချူဟန်က အသံကို နှိမ့်လိုက်သည်။ သို့သော် သူ၏ အသံတွင် အေးစက်သော အရိပ်အယောင်များ ပါဝင်နေသည်။
"ဝက်အူတိုင်ထိပ်က ကျိုးနေတယ်...ပြီးတော့ ဒီကပ်နေတဲ့ အစအနတွေက လူ့အရိုးစတွေပဲ"
‘အရိုးစတွေ ဟုတ်လား။ ဇွန်ဘီအရိုးလား၊ အသက်ရှင်နေတဲ့ လူရဲ့အရိုးလား’
တစ်ခဏချင်းအတွင်း လေထုက အေးခဲသွားပြီး အားလုံး၏ ခေါင်းထဲတွင် အဆိုးရွားဆုံး အတွေးများ ဝင်ရောက်လာတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း
ထိုစဉ် သေနတ်သံနှင့် လုံးဝမတူညီသော စူးရှမြန်ဆန်သည့် သတ္တုအသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
အားလုံးက ဗီဇအရ ဘေးသို့ ခုန်ရှောင်လိုက်ကြပြီး မြင့်မားစွာ စုပုံထားသော ပစ္စည်းများအနောက်သို့ ဝင်ရောက်ပုန်းအောင်းလိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်မှာပင်။
"အာ..."
အမှောင်ထဲမှ လော့ရှောင်ရှောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ရှောင်ရှောင်"
ရှန်ကျိုတီက အော်ဟစ်လိုက်ပြီး လော့ရှောင်ရှောင်ကို ပြန်ဆွဲခေါ်ရန် အပြင်သို့ ပြေးထွက်သွားတော့သည်။
‘ဒုက္ခပဲ’
ချူဟန် ရင်ထဲ၌ ထိတ်လန့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ရှောင်ရှောင်ကို မျက်ကွယ်ပြုမိသွားသည်။ သူက ဘယ်ဘက်လက်ကို အမြန်ဆန့်ထုတ်ကာ ရှန်ကျိုတီကို လှမ်းဆွဲလိုက်ပြီး ရုန်းကန်နေသော သူမကို မိမိ၏ ရင်ခွင်ထဲသို့ အတင်းအဓမ္မ ဖက်ထားလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ညာဘက်လက်ရှိ သံပုဆိန်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ ခါးမှ သေနတ်ငယ်ကို ဆွဲထုတ်ပြီး မောင်းတင်လိုက်သည်။ အေးစက်သော သတ္တုသံတစ်ချက် ထွက်ပေါ်လာသည်။
ဒိုင်း…
သေနတ်သံ ဟိန်းထွက်သွားပြီး ကျည်ဆန်က အသံထွက်ပေါ်ရာဆီသို့ ပျံသန်းသွားတော့သည်။
ချူဟန်က ထိုအသံမှာ မည်သည့်အသံဖြစ်ကြောင်း သိနေပြီဖြစ်သည်။ ထိုဆက်တိုက် ထွက်ပေါ်နေသော အသံမှာ ဆောက်လုပ်ရေးသုံး သံမှိုရိုက်စက် (Nail Gun) ပင် ဖြစ်သည်။ သူတို့က အလင်းရောင်ရှိရာသို့ ဦးတည်သွားနေသော်လည်း ရန်သူက အနောက်ဘက်တွင် ပုန်းအောင်းနေသည်။ မည်သည့်အချိန်ကတည်းက နောက်ယောင်ခံလိုက်နေသည်ကိုဖြစ်စေ၊ ရန်သူ မည်မျှရှိသည်ကိုဖြစ်စေ မသိရပေ။ သို့သော် တစ်ခုသေချာသည်မှာ တစ်ဖက်လူမှာ ဇွန်ဘီ မဟုတ်ခြင်းပင်။ ထိုမိစ္ဆာများတွင် သံမှိုရိုက်စက်ကို အသုံးပြုနိုင်စွမ်း မရှိချေ။
တကယ်ပဲ ဒီသံရည်ကျိုစက်ရုံမှာ အသက်ရှင်နေတဲ့ လူ ရှိနေတာပဲ။
သေနတ်သံ တိတ်သွားသည်နှင့် ပတ်ဝန်းကျင်မှာ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားပြန်သည်။ ခြိမ်းခြောက် ပစ်ခတ်လိုက်ခြင်းကြောင့် ရန်သူ၏ လှုပ်ရှားမှုကို ဟန့်တားနိုင်ခဲ့ပုံရသည်။ အဝေးမှ မှိန်ပျပျ အလင်းရောင်က ယခုထက်တိုင် ရှိနေဆဲဖြစ်သည်။ သားကောင်ကို မျှားခေါ်နေသည့် ထောင်ချောက်တစ်ခုပမာ။ အမှောင်ထဲတွင် ပုန်းအောင်းနေသော သားရဲက ကျူးကျော်သူများ ထိုနေရာသို့ ခြေချမိသည်နှင့် အစွယ်ထုတ်ကာ တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"ဟူး... ဟူး..."
ချူဟန်၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ထားသော ရှန်ကျိုတီ၏ ပြင်းထန်သော အသက်ရှူသံများကို ကြားနေရသည်။ သူမ၏ ရင်ခုန်သံမှာ အပြင်းအထန် ထိုးနှက်နေသော ခေါင်းလောင်းတစ်ခုပမာ ရူးသွပ်မတတ် မြန်ဆန်နေသည်။
ချူဟန်က မျက်မှောင်ကြုတ်လျက် နားစွင့်ကာ အမှောင်ထဲမှ လှုပ်ရှားမှုများကို အကဲခတ်နေရင်း အားလပ်နေသော ဘယ်ဘက်လက်ဖြင့် အမျိုးသမီး၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဤသည်မှာ သူ၏ မသိစိတ်မှ အပြုအမူတစ်ခု သက်သက်သာ ဖြစ်သည်။ အဆင့်တစ် ဆင့်ကဲပြောင်းလဲသူဖြစ်သော ချူဟန်၏ စူးရှလှသည့် အာရုံခံစားမှုများအတွက် အနီးကပ်နေရာမှ ထွက်ပေါ်နေသော အလွန်ကျယ်လောင်သည့် ရင်ခုန်သံကြီးမှာ ပတ်ဝန်းကျင်ကို အာရုံခံရာတွင် အနှောင့်အယှက်ဖြစ်စေသည်။ သူမ၏ စိတ်လှုပ်ရှားမှုကို ပြန်လည်တည်ငြိမ်သွားစေရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကြောက်ရွံ့မှုထဲမှ ရုန်းမထွက်နိုင်သေးသော ရှန်ကျိုတီမှာ ချူဟန်၏ လက်ဖဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရသည့်အခါ ရုတ်တရက် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ မူလကတည်းက သတိကြီးမားသော သူမ၏ ရင်ထဲသို့ အကြောက်တရားနှင့် မိန်းမပျိုလေးတစ်ဦး၏ စိတ်လှုပ်ရှားမှုတို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကာ ရင်ခုန်သံမှာ ပို၍ပင် ရူးသွပ်မတတ် မြန်ဆန်လာတော့သည်။
‘ဒီလူက... အခု ငါ့ကျောကို ကိုင်ထားတာလား’
ဒုတ်... ဒုတ်... ဒုတ်
ချူဟန်၏ လက်လှုပ်ရှားမှု ရပ်တန့်သွားသည်။
‘ဒီလူ... နောက်နေတာလား’
ဘာကြောင့်မှန်းမသိ အမျိုးသမီး၏ ရင်ခုန်သံက ပို၍ပင် ပြင်းထန်လာသည်။ နားထဲတွင် ဆူညံသံတစ်ခုကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။
ထိုစဉ်မှာပင်…
ဒိုင်း... ဒိုင်း... ဒိုင်း ဒိုင်း... ဒိုင်း... ဒိုင်း
ပြင်းထန်သော သံမှိုရိုက်စက် ပစ်သံများ ပြန်လည်ထွက်ပေါ်လာပြီး ထိုအသံများကြားတွင် တိုးညှင်းသော ငိုရှိုက်သံတစ်ခုကို ကြားလိုက်ရသည်။
‘ရှောင်ရှောင်ပဲ’
ချူဟန်က တွေဝေခြင်းမရှိဘဲ ရှန်ကျိုတီကို ဘေးသို့ တွန်းဖယ်လိုက်သည်။ တစ်ဖက်လူမှာ လူသားဖြစ်နေသဖြင့် ကြီးမားလှသော ပုဆိန်ကြီးထက် သုံးရလွယ်ကူသော သေနတ်က ပို၍ အသုံးဝင်ပေသည်။ သူသည် ခန္ဓာကိုယ်ကို လှည့်ကာ ပျံသန်းလာသော သံမှိုများကို ရှောင်တိမ်းလိုက်ပြီး နံရံတွင် ကပ်လျက် ကြမ်းပြင်ပေါ်မှ တွားသွားလိုက်သည်။
လော့ရှောင်ရှောင်က အနီးအနားတွင် ရှိနေသည်။ ပတ်ဝန်းကျင်၌ သွေးနံ့များ သဲ့သဲ့ရလာပြီး သူမ အတင်းအဓမ္မ ထိန်းချုပ်ထားသော ငိုရှိုက်သံများကို ကြားနေရသည်။
‘အသက်ရှင်နေသေးတယ်... တော်သေးတာပေါ့’
ချူဟန် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး အမှောင်နှင့် ကျင့်သားရနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ ထိုနေရာတွင် ပစ္စည်းကိရိယာများနှင့် အတားအဆီးများ ရှုပ်ပွစွာ စုပုံနေသဖြင့် မိမိနှင့် လော့ရှောင်ရှောင် ပုန်းအောင်းရန်အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သော်လည်း တစ်ဖက်လူအတွက်လည်း အတူတူပင် ဖြစ်သည်။
ဇွန်ဘီ ရာပေါင်းများစွာကိုဆိုလျှင် မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်သည်။ သို့သော် ဉာဏ်ပညာရှိသော လူသားများနှင့် ရင်ဆိုင်ရချိန်တွင် တစ်စက္ကန့်မျှ ပေါ့ဆ၍မရပေ။ လူသားများ၏ အကြီးမားဆုံး လက်နက်မှာ သူတို့၏ ကောက်ကျစ်စဉ်းလဲသော ဉာဏ်ပညာပင် မဟုတ်ပါလော။
သံမှိုရိုက်စက်အသံမှာ ရပ်တန့်မသွားချေ။ အရှေ့ဘက် ကြမ်းပြင်တွင် ချွန်ထက်လှသော သံမှိုများစွာ စိုက်ဝင်နေပြီး သတိမထားဘဲ ရှေ့ဆက်သွားပါက မိမိနေရာကို ဖော်ပြရာရောက်ပေလိမ့်မည်။ ချူဟန် တစ်ဦးတည်းဆိုလျှင် လွယ်ကူစွာ ရှောင်တိမ်းနိုင်သော်လည်း စိုးရိမ်ရသည်မှာ လော့ရှောင်ရှောင်၏ လုံခြုံရေးပင် ဖြစ်သည်။ သာမန်အချိန်တွင် မည်မျှပင် ဆိုးသွမ်းပြီး အကြမ်းဖက်တတ်သော ကလေးဆိုးလေး ဖြစ်နေပါစေ၊ သူမသည် အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ရှိသေးသည်မဟုတ်ပါလော။
အမှောင်ထဲတွင် ပုန်းအောင်းနေသော ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့မှာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကြသည်။ တစ်ဖက်လူမှာ မည်သူနည်း။ လူသားအချင်းချင်း ဖြစ်ပါလျက် အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်လာရသနည်း။ အစာလုနေခြင်းလည်း မဟုတ်၊ နယ်မြေကျူးကျော်ခြင်းလည်း မဟုတ်ဘဲ မည်သည့်အကြောင်းကြောင့် ဤသို့ ပြုမူရသနည်း။
အခြားတစ်ဖက်တွင် ပိုင်ယွန့်အာက ထောင့်တစ်နေရာတွင် မိမိနှင့် မသက်ဆိုင်သကဲ့သို့ လက်ပိုက်ရပ်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် လူသားဆန်သော ခံစားချက်များ လုံးဝကင်းမဲ့နေပြီး ချွေးအေးများပြန်ကာ ကြောက်လန့်နေသော ချန်ရှောက်ရယ်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားသကဲ့သို့ အကြည့်လွှဲသွားသည်။ သူမအတွက် သူတစ်ပါး၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဆိုသည်မှာ သင်္ကေတတစ်ခု ကွာခြားမှုမျှသာ ဖြစ်သည်။
လော့ရှောင်ရှောင် သေဆုံးသွားလျှင်ပင် သူမ၏ ရင်ထဲတွင် နာကျင်မှု တစ်စုံတစ်ရာ ရှိမည်မဟုတ်ချေ။ ဤအဖွဲ့တွင် လိုက်ပါလာခြင်းမှာ ချူဟန် ပြောခဲ့သော သူမ သိချင်သည့် အချက်အလက် ပိုင်မိသားစု ၏ လျှို့ဝှက်ချက်ကို စုံစမ်းရန်အတွက်သာ ဖြစ်သည်။
ချူဟန်က သေနတ်ပြောင်းဝကို အသံထွက်ပေါ်ရာဆီသို့ တန်းမတ်စွာ ချိန်ရွယ်လိုက်သည်။ ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ၏ အမြင်အာရုံမှာ သာမန်လူများနှင့် ယှဉ်၍မရအောင် စူးရှလှသည်။ သာမန်လူဆိုလျှင် လက်တစ်ကမ်းမျှပင် မမြင်ရသော အမှောင်ထဲတွင် သူက ထူးခြားမှုအချို့ကို ဖမ်းယူရရှိနေပြီ ဖြစ်သည်။
သံမဏိပြား အချပ်ချပ်ကို ထပ်ထားသည့်နေရာ။ ထိုနေရာရှိ ကွက်လပ်ငယ်လေး ဖြစ်သည်။ သံမှိုရိုက်စက်အသံကို ကြည့်ခြင်းအားဖြင့် ရန်သူမှာ တစ်ဦးတည်းသာ ဖြစ်သည်။ သံမှိုများ ပျံသန်းလာသော လမ်းကြောင်းအရ ထိုသံမဏိပြားနောက်တွင် ပုန်းအောင်းနေသည်မှာ သေချာသည်။
ချူဟန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ရန်သူ၏ ပုံသဏ္ဌာန်ကို ခေါင်းထဲတွင် ပုံဖော်ကြည့်လိုက်သည်။ မတ်တတ်ရပ်လျက် ခြေနှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ကားထားသည်။ ခန္ဓာကိုယ် ကြီးမားသော ယောက်ျားတစ်ဦးပင် ဖြစ်သည်။
သို့သော် သံမဏိပြားကြားမှ ကွက်လပ်ကို သေချာစွာ တွက်ချက်နေသော ချူဟန်၏ နဖူးမှ ချွေးအေးများ စီးကျလာတော့သည်။
‘တောက်... တစ်ချက်တည်းနဲ့ အပြတ်ရှင်းလို့ရမယ့် နေရာတွေ အကုန်လုံး ကွယ်နေတာပဲ’
အောက်သို့ ငုံ့ကြည့်လိုက်သည်။ ပစ်ခတ်နိုင်သော ကွက်လပ်နှစ်ခု ရှိသည်။ မည်မျှပင် သေနတ်ပစ်စွမ်းရည် ကောင်းမွန်ပါစေ၊ အမှောင်ထဲတွင် လုံးဝမမြင်ရသဖြင့် မည်သည့်ကွက်လပ်တွင် ရန်သူ၏ ခြေထောက်ရှိနေမည်မှာ ငါးဆယ်ရာခိုင်နှုန်းသာ ဖြစ်နိုင်ခြေ ရှိသည်။ မည်သည့်နေရာက အမှန်ဖြစ်မည်ကို အတည်မပြုနိုင်ပေ။
ရန်သူနှင့် အကွာအဝေးမှာ စနစ်ထံမှ ရရှိထားသော (တိကျသေချာမှု) စွမ်းရည်ကို အသုံးပြုနိုင်သည့် အကွာအဝေးထက် ကျော်လွန်နေသည်။ ၎င်းမှာ ပြန်လည်စတင်ခြင်း စနစ် ၏ ကန့်သတ်ချက် ဖြစ်သည်။ ကျွမ်းကျင်မှုအဆင့်ကို မမြှင့်တင်သရွေ့ အသုံးပြုနိုင်သော အကွာအဝေးမှာ တိုးလာမည် မဟုတ်ပေ။
ရွေးချယ်စရာ နှစ်ခု ရှိသည်။
ရှေ့တစ်လှမ်းတိုး၍ နေရာအတိအကျကို အတည်ပြုမည်လော။ သို့သော် အန္တရာယ်ကြီးလွန်းလှသည်။ တစ်ဖက်လူမှာ ဉာဏ်ပညာရှိသော လူသားဖြစ်သဖြင့် မိမိ၏ သေးငယ်သော လှုပ်ရှားမှုကို ရိပ်မိသွားနိုင်သည်။
သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ခြေကို စွန့်စားကာ ပစ်ခတ်မည်လော။ သို့သော် သံမဏိပြားကြားရှိ ကွက်လပ်မှာ အလွန်ကျဉ်းမြောင်းလွန်းသဖြင့် တစ်ချက်တည်းနှင့် သေချာပေါက် ထိမှန်နိုင်မည်ဟု အာမမခံနိုင်ပေ။ မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ အပြည့်အဝ စိတ်ချရမှု မရှိချေ။
ဒေါက်...
ရုတ်တရက် ပြင်းထန်သော သံမှိုရိုက်စက်အသံများကြားတွင် အလွန်တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရန်သူ ကိုယ်နေဟန်ထား ပြောင်းလိုက်ချိန်တွင် ခန္ဓာကိုယ်နှင့် သံမဏိပြား ထိခိုက်မိသွားသော အသံပင်။
‘အချိန်ကိုက်ပဲ’
ချူဟန်၏ မျက်ဝန်းများ အရောင်လက်သွားပြီး တစ်စက္ကန့်မျှပင် တွေဝေခြင်းမရှိဘဲ ခလုတ်ဆွဲလိုက်တော့သည်။
ဒိုင်း…
အခန်း (၁၀၀) ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
သေနတ်သံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သံမှိုရိုက်စက်၏ ဆက်တိုက်ပစ်ခတ်သံများကြားတွင် ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားသည်။
ချူဟန်၏ နဖူးမှ ချွေးတစ်ပေါက် စီးကျလာသည်။ သူ၏ အာရုံကြောများအားလုံးက ယခုလေးတင် ပစ်ခတ်လိုက်သည့် တိုက်ခိုက်မှုအပေါ် စူးစိုက်နေသဖြင့် ပစ်လွှတ်လိုက်သော ကျည်ဆန်သည် သံမဏိပြားများကြားရှိ ဟာကွက်ကို အတိအကျ ဖြတ်သန်းသွားလေသည်။
ဖောက်...
အသားကို ဖောက်ထွင်းသွားသော အသံနှင့်အတူ အမျိုးသားတစ်ဦး၏ အံကြိတ်အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
သံမှိုရိုက်စက်၏ ပြင်းထန်သော ပစ်ခတ်သံကြီး ရုတ်ချည်း ရပ်တန့်သွားသည်။ တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်၌ အသက်ငင်နေသကဲ့သို့ လေးလံသော အသက်ရှူသံများကိုသာ သဲ့သဲ့မျှ ကြားနေရသည်။
‘ထိသွားပြီ’
ချူဟန်သည် တစ်စက္ကန့်မျှပင် ရပ်တန့်မနေပေ။ ကျည်ဆန်ထိမှန်သွားကြောင်း သေချာသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ကို စပရင်တစ်ခုပမာ ကွေးဆန့်လိုက်လျက် ရှေ့သို့ ခုန်ထွက်သွားတော့သည်။
သူက ရှေ့ရှိ ကြမ်းပြင်ပေါ်၌ ကျနေသော သံမဏိပြားကို ကောက်ယူလိုက်သဖြင့် ဒိုင်း ခနဲ အသံထွက်ပေါ်သွားကာ နံရံနှင့် အပျက်အစီးများကြားတွင် ကာရံလိုက်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် အပျက်အစီးများကြား ထောင့်တစ်နေရာတွင် ကွေးကွေးလေး ပုန်းအောင်းနေသော လော့ရှောင်ရှောင်အတွက် ဘေးကင်းလုံခြုံသော တြိဂံပုံစံ အကာအကွယ်နေရာလေးတစ်ခု ဖြစ်သွားလေသည်။
ချက်ချင်းပင် ချူဟန်က အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားသည်။ မျက်စိဖြင့်ပင် မလိုက်နိုင်လောက်အောင် လျင်မြန်လွန်းသော ခြေလှမ်းများဖြင့် (Z) အက္ခရာပုံစံ ကွေ့ဝိုက်ပြေးလွှားကာ ရန်သူ့ထံသို့ ချဉ်းကပ်သွားသည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း…
သံမှိုသေနတ်က အဆက်မပျက် တစ်ဖန် ပြန်လည်ပစ်ခတ်လာပြန်သည်။ သို့သော် ထိုလူမှာ အကြောက်တရား၏ လွှမ်းမိုးမှုကို ခံနေရပြီဖြစ်သည်။ မျက်နှာချင်းဆိုင်မှ ပြေးဝင်လာသော ချူဟန်၏ပုံရိပ်ကြောင့် ထိတ်လန့်တုန်လှုပ်နေလျက် ပစ်လွှတ်လိုက်သော သံမှိုများမှာ တစ်ချောင်းမျှပင် မထိရှနိုင်ပေ။ ထို့အပြင် ပစ်မှတ်များမှာလည်း လုံးဝလွဲချော်နေကာ သေချာချိန်ရွယ်နိုင်စွမ်းပင် မရှိတော့ချေ။
ချူဟန်က ခြေရင်းရှိ အပျက်အစီးများကို အားကုန်ဆောင့်ကန်လိုက်ပြီး လေထဲသို့ ခုန်တက်သွားသည်။ အမှောင်ထုထဲတွင် တောက်ပနေသော သူ၏ မျက်ဝန်းအစုံ၌ သွေးအေးလှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ဝုန်း...
သန်မာတောင့်တင်းသော ခြေထောက်တစ်ဖက်ဆီမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ကန်ချက်က ကာရံထားသော သံမဏိပြားများကို လွင့်ထွက်သွားစေသည်။ လွင့်စင်သွားသော သံမဏိပြားများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလျက် နားကွဲမတတ် သံထည်ပစ္စည်းအသံများ ထွက်ပေါ်လာလေသည်။
သံမဏိပြား၏ အနောက်တွင် ပုန်းအောင်းနေသည့် အမျိုးသားမှာ ပစ်ခံထားရသော ညာဘက်ခြေထောက်မှ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလန့်တကြား လှည့်ပြေးတော့သည်။ ချူဟန်၏ပုံရိပ်ကို လှည့်ကြည့်ရန်ပင် အချိန်မရပေ။ အကြောက်တရားက သူ၏စိတ်ကို လုံးလုံးလျားလျား လွှမ်းမိုးထားလေပြီ။
'ဒီကောင်က ဘယ်လိုကောင်မျိုးလဲ။ ဒီလောက်များပြားတဲ့ သံမဏိပြားတွေကို ကန်ထုတ်ပစ်နိုင်ဖို့ ဘယ်လိုလုပ် ဒီလောက်ခွန်အားတွေ ရှိနေရတာလဲ'
သို့သော် သူ့အတွက် ဆက်တွေးနေရန် အချိန်မရှိတော့ချေ။ အံ့သြထိတ်လန့်မှုများ ခေါင်းထဲသို့ ဝင်ရောက်လာသည့် ထိုအချိန်လေး၌ပင်...
ဒိုင်း...
သေမင်းတမန်၏ သေနတ်သံ ရုတ်တရက် ဟိန်းထွက်လာလေသည်။
ကြမ်းပြင်ပေါ်သို့ သွေးများ ပန်းထွက်သွားသည်။ မီတာအနည်းငယ်ခန့် ပြေးထွက်သွားသော ထိုလူမှာ ကြမ်းပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားတော့သည်။ သွေးအိုင်ထဲတွင် လဲကျနေသော ခန္ဓာကိုယ်မှာ တက်နေသည့်အလား တဆတ်ဆတ် တုန်ရီနေလေသည်။
သေနတ်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်လျက် ချူဟန်က အေးစက်သော မျက်နှာထားဖြင့် ထိုလူ၏ အနီးသို့ လျှောက်သွားလိုက်သည်။ မှောက်လျက်လဲကျနေသော ထိုလူအား ပက်လက်လှန်လိုက်ပြီး မျက်နှာကို စစ်ဆေးကြည့်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သို့သော် သူ၏မျက်နှာသွင်ပြင်မှာ လွန်စွာ ထူးဆန်းနေပြီး ပါးရိုးများမှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ချွန်ထွက်နေလေသည်။
ထိုထူးဆန်းသော ပါးရိုးများကို မြင်လိုက်ရသည့်အခိုက် ချူဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။ ခေါင်းမော့ကြည့်လိုက်ရာ မလှမ်းမကမ်း မျက်နှာချင်းဆိုင်၌ တံခါးတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ယခုလေးတင်အထိ သံမဏိပြားများ၏ ကွယ်ရာတွင် ရှိနေခဲ့သဖြင့် မည်သူမျှ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
"ရှောင်ရှောင်"
အနောက်ဘက်မှ ရှန်ကျိုတီ၏ အလန့်တကြား အော်ခေါ်သံ ထွက်ပေါ်လာသည်။ သူမက လေးလံသော သံမဏိပြားများကို အားချင်းဖယ်ရှားလိုက်ပြီး အထဲတွင် ကွေးကွေးလေးဖြစ်နေသော လော့ရှောင်ရှောင်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ကောင်မလေး... ဘာဖြစ်သွားသေးလဲ"
ချန်ရှောက်ရယ် ကပျာကယာ ပြေးလာသည်။ သူ၏အသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"ဘယ်နား ထိခိုက်သွားသေးလဲ"
"ခြေထောက်... သမီး ခြေထောက်ကြီး... ဗျဲ…"
လော့ရှောင်ရှောင်မှာ ဆက်၍ တောင့်မခံနိုင်တော့ဘဲ အသံထွက်ကာ ငိုချလိုက်တော့သည်။
သူမက အလွန်အမင်း ထိတ်လန့်နေပြီး ဒဏ်ရာရထားသည်။ အနောက်ဘက်တွင် တံခါးတစ်ချပ်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်သာ ခိုးကြည့်ချင်ခဲ့ခြင်း ဖြစ်ပါလျက်နှင့် ယခုလို အဖြစ်ဆိုးနှင့် ကြုံလိုက်ရခြင်းပင် ဖြစ်သည်။
"အရင်ဆုံး သွေးတိတ်အောင် လုပ်ပေးလိုက်"
ချူဟန်က ချန်ရှောက်ရယ်ကို ညွှန်ကြားလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အမျိုးသားအား ဟန်မပျက် မှောက်လျက် ပြန်ထားလိုက်သည်။ ထိုပုံမှန်မဟုတ်သော မျက်နှာသွင်ပြင်အား အခြားသူများကို မမြင်စေချင်၍ ဖြစ်သည်။
ချန်ရှောက်ရယ်က ကျောတွင်လွယ်ထားသော ရှေးဦးသူနာပြုသေတ္တာကို ချလိုက်လျက် ပတ်ဝန်းကျင်ကို အပြေးအလွှား ကြည့်လိုက်သည်။
"အရမ်းမှောင်နေတော့ သေချာမမြင်ရဘူးဗျ။ လက်နှိပ်ဓာတ်မီး အလင်းလောက်နဲ့ မလုံလောက်ဘူး"
"ဟိုဘက်ကို သွားမယ်"
ချူဟန်က မျက်နှာချင်းဆိုင်ရှိ အမည်းရောင် တံခါးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
လူတိုင်း အသက်ရှူမှားသွားကြသည်။ ထိုတံခါး၏ အနောက်ဘက်တွင် မည်သည့်အရာများ ရှိနေမည်ကို လုံးဝ မသိနိုင်ပေ။ ထို့အပြင် ယခုလို ကမ္ဘာပျက်ကပ်ကြီးထဲ၌ မသိနိုင်ခြင်း ဆိုသည်မှာ အန္တရာယ် ဟု အဓိပ္ပာယ်ရလေသည်။
"ဒီလူက အဲ့ဒီထဲက ထွက်လာတာ။ သူ နေတဲ့နေရာ ဖြစ်လောက်တဲ့အတွက် အလင်းရောင် ရှိနိုင်တယ်"
ချူဟန်က အလွန်တည်ငြိမ်စွာ သုံးသပ်ပြလိုက်သည်။
"ဒါ့အပြင် ဒီနေရာက အရမ်းအန္တရာယ်များတယ်။ အလောင်းဆီက သွေးနံ့တွေကြောင့် ဇွန်ဘီတွေ စုဝေးလာလိမ့်မယ်"
"သွားကြစို့"
ရှန်ကျိုတီက လော့ရှောင်ရှောင်အား ပွေ့ချီလိုက်ပြီး တံခါးရှိရာဆီသို့ အပြေးအလွှား သွားတော့သည်။ လော့ရှောင်ရှောင်၏ တည်ရှိမှုက အလွန်အရေးပါသည်။ ဤကလေးမလေးအတွက် တစ်စုံတစ်ရာ ထိခိုက်မှု လုံးဝ အဖြစ်ခံ၍မရပေ။
ချူဟန်က ရှေ့ဆုံးမှ ဦးဆောင်ကာ လမ်းရှင်းပေးလိုက်သည်။ သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော သံပုဆိန်မှာ တစ်စက္ကန့်မျှပင် အားလျော့သွားခြင်း မရှိပေ။ ချန်ရှောက်ရယ်က လက်နှိပ်ဓာတ်မီးကို ထွန်းပြလိုက်ရာ မှိန်ဖျော့ဖျော့ အလင်းရောင်က ကြမ်းပြင်ကို ယိမ်းထိုးလင်းလက်သွားစေသည်။
တံခါး၏ အနောက်ဘက်မှာ ပစ္စည်းများ ညစ်ပတ် ပွစိတက်နေသော အခန်းတစ်ခန်း ဖြစ်သည်။ အပုပ်နံ့များလည်း လှိုင်လှိုင်ထနေသည်။ မကြာမီမှာပင် အခန်းထောင့်၌ အခြားတံခါးငယ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုတံခါးနောက်မှ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
ချူဟန်က တွန့်ဆုတ်မနေဘဲ ထိုတံခါးကို ကန်ဖွင့်လိုက်လေသည်။
ဗြုန်း...
ရုတ်တရက် မျက်စိထဲ ဝင်ရောက်လာသော စူးရှသည့် အလင်းရောင်ကြောင့် လူတိုင်း မျက်စိကျိန်းသွားကြသည်။ သို့သော် များမကြာမီမှာပင် လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ ထိုနေရာမှာ ရိုးရှင်းသော နေထိုင်ရာ အခန်းတစ်ခု ဖြစ်သည်။ ကုတင်တစ်လုံးနှင့် ချက်ပြုတ်စရာ အသုံးအဆောင် အချို့ရှိသည်။ အခန်းထောင့်တွင် ရေချိုးခန်းလေးတစ်ခုပင် ပါရှိသေးသည်။ ထင်သည့်အတိုင်းပင် ထိုအမျိုးသားက မီးစက်ကို အသုံးပြုကာ ဤအခန်းသို့ လျှပ်စစ်မီး သွယ်တန်းထားခြင်း ဖြစ်လေသည်။
"ဒဏ်ရာကို အမြန်ပြပါဦး"
ချန်ရှောက်ရယ်က ရှေးဦးသူနာပြုသေတ္တာကို ဖွင့်လိုက်သည်။ အလွန်အမင်း စိုးရိမ်နေသဖြင့် သူ၏ တစ်ကိုယ်လုံးမှ ချွေးများ ရေစီးသလို ကျဆင်းနေသည်။
"ဘယ်နား ထိသွားတာလဲ"
ရှန်ကျိုတီက လော့ရှောင်ရှောင်အား ကုတင်ပေါ်သို့ အမြန်တင်ပေးလိုက်ပြီး တင်းမာနေသော မျက်နှာထားဖြင့် သူမ၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။
"အို..."
ချက်ချင်းပင် ရှန်ကျိုတီ၏ အသံတုန်တုန်ယင်ယင် ထွက်ပေါ်လာသည်။
"ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း စူးဝင်သွားတာလား"
လော့ရှောင်ရှောင်မှာ ချွေးစေးများ ပြန်ကာ လဲလျောင်းနေရသည်။ မျက်ရည်များကြောင့် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေပြီး နှုတ်ခမ်းများမှာလည်း စက္ကူတစ်ရွက်ပမာ ဖြူရော်နေသည်။ ဒဏ်ရာရထားသည်မှာ ခြေကျင်းဝတ်တွင် ဖြစ်သည်။ သံမဏိမှိုချောင်းကြီးက အရိုးအဆစ်များထဲအထိ နက်ရှိုင်းစွာ စူးဝင်နေကာ အရိုးကိုပင် ထိသွားနိုင်ချေရှိသည်။
"ဒါ... ဒါကြီးကို ဘယ်လိုလုပ်ရမလဲ"
ချန်ရှောက်ရယ်မှာ ပြာယာခတ်သွားပြီး ခေါင်းကို ဆုပ်ကိုင်လိုက်တော့သည်။
"ဆွဲနုတ်လိုက်လေ"
ပိုင်ယွန့်အာက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မတွေ့ရချေ။
"ဒီကလေးမလေးက ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ။ ပြန်လည်ကောင်းမွန်နိုင်စွမ်း မြင့်မားတဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ ကျန်ခဲ့မှာ မဟုတ်ဘူး"
" ခြေကျင်းဝတ် အရိုးထဲအထိ စူးဝင်သွားတာလေ"
ရှန်ကျိုတီက ပိုင်ယွန့်အာအား အော်ဟစ်လိုက်သည်။
"သာမန်ဆေးရုံမှာဆိုရင် ခွဲစိတ်ပြီး ချုပ်ရမယ့် ဒဏ်ရာမျိုးလေ။ ဒီအတိုင်း ဆွဲထုတ်လိုက်လို့ ဘာမှမဖြစ်ဘဲ နေပါ့မလား"
"ဘော့စ်... ဘယ်လိုလုပ်ကြမလဲ"
အခန်းထဲရှိ ရေချိုးခန်းကို စိုက်ကြည့်နေသော ချူဟန်အား ချန်ရှောက်ရယ်က အားကိုးတကြီး မေးလိုက်သည်။
ချူဟန် စိုက်ကြည့်နေသည်မှာ ရေချိုးခန်းလေးပင် ဖြစ်သည်။ မှန်ဖြင့် ကာရံထားပြီး ရေနွေးလည်း ရနိုင်ချေရှိသည်။ ချန်ရှောက်ရယ်၏ အသံကို ကြားသောအခါ ချူဟန်က နောက်လှည့်ကာ လော့ရှောင်ရှောင်၏ ရှေ့သို့ ရောက်လာသည်။
ကလေးမလေး၏ ဝိုင်းစက်နေသော မျက်လုံးအစုံတွင် မျက်ရည်များ ပြည့်လျှံနေပြီး ငိုထားလွန်းသဖြင့် နှာခေါင်းထိပ်လေးမှာလည်း နီရဲနေလေသည်။ ခြေကျင်းဝတ်တွင် တုတ်ခိုင်သော သံမှိုကြီးတစ်ချောင်းက ရက်စက်စွာ စူးဝင်နေကာ မူလက သေးသွယ်လှပသော ခြေထောက်လေးမှာ ယခုအခါ ဖောရောင်နေတော့သည်။
ရွေးချယ်စရာ နှစ်လမ်းသာ ရှိသည်။ သံမှိုကို ဆွဲနုတ်မည်လား (သို့မဟုတ်) ပိုးဝင်ကာ ပုပ်ပွသွားသည်ကို စောင့်ကြည့်မည်လားပင်။
"မင်း...ငါ့ကို ယုံလား"
ချူဟန်က လော့ရှောင်ရှောင်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။
"အင်း"
ကလေးမလေးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။ သစ္စာရှိမှု (၉၀) ရာခိုင်နှုန်း။ ၎င်းက သူမအား ချူဟန်အပေါ် ခြွင်းချက်မရှိ ယုံကြည်စေခြင်း ဖြစ်လေသည်။
"ကောင်းပြီ... နည်းနည်းလောက် အောင့်ခံထားနော်"
ချူဟန်က လော့ရှောင်ရှောင်၏ ခြေကျင်းဝတ်ဆီသို့ အကြည့်ရွှေ့လိုက်ကာ လက်တစ်ဖက်ဖြင့် ခြေထောက်ကို သေချာစွာ ချုပ်ကိုင်လိုက်သည်။ ထို့နောက် ထွက်နေသော သံမှိုချောင်းကို လက်နှစ်ဖက်ဖြင့် ညှပ်ကိုင်လိုက်သည်။
ချူဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည့် အခိုက်အတန့်တွင် အားကုန်သုံးကာ သံမှိုကို ဆွဲနုတ်လိုက်တော့သည်။
"အား..."
လော့ရှောင်ရှောင်က အော်ဟစ်လိုက်သည်။ ခြေကျင်းဝတ် ဒဏ်ရာထဲမှ သွေးများ ပန်းထွက်လာလေသည်။
"ပတ်တီးစည်းလိုက်"
ချူဟန်၏ အသံမှာ အလွန်တည်ငြိမ်နေသည်။ ရှန်ကျိုတီ၏ နားထဲတွင်တော့ ၎င်းက သွေးအေးရက်စက်သော အမိန့်တစ်ခုအလား ထင်မှတ်ရလေသည်။
"ဘာလို့..."
ရှန်ကျိုတီ၏ မျက်ဝန်းများတွင် ဖော်ပြ၍မရသော ဒေါသများ ဖြစ်ပေါ်လာသည်။
"ဒီကလေးမလေး ဒုက္ခိတဖြစ်သွားလိမ့်မယ်"
"မဖြစ်စေရဘူး"
ချူဟန်က စိတ်လှုပ်ရှားနေသော ရှန်ကျိုတီကို စိုက်ကြည့်လိုက်သည်။
"ပိုင်ယွန့်အာ ပြောတာ မှန်တယ်။ လော့ရှောင်ရှောင် သေချာပေါက် အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်"
"လုံးဝမဖြစ်နိုင်ဘူး"
ရှန်ကျိုတီက လုံးဝမယုံကြည်နိုင်စွာဖြင့် ငိုသံပါကြီးနှင့် အော်ဟစ်လိုက်သည်။
"အရိုးတောင် ထိသွားပြီလေ"
"မဖြစ်နိုင်ဘူးလို့ ဘယ်သူက သတ်မှတ်ထားတာလဲ"
ပိုင်ယွန့်အာက ဝင်ပြောလိုက်သည်။
"ဇွန်ဘီတွေ သောင်းကျန်းနေတဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ မျိုးဗီဇက အရင်အတိုင်းပဲ ရှိနေဦးမယ်လို့ ထင်နေတာလား။ စဉ်းစားကြည့်ပါဦး... ချူဟန်က ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ပိုင်ဆိုင်ထားတာလဲဆိုတာကိုရော ရှင် တစ်ခါမှ မတွေးဖူးဘူးလား"
အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ ရှန်ကျိုတီမှာ ကြက်သေသေလျက် ရပ်နေမိတော့သည်။
"ဘာအဓိပ္ပာယ်လဲ"
"ငါတို့ရဲ့ မျိုးဗီဇတွေက ကန့်သတ်ချက်ကို ကျော်လွန်နေပြီ"
ချူဟန်က ထိုထက်ပို၍ ရှင်းမပြတော့ဘဲ မျက်မှောင်ကြုတ်ကာ ပိုင်ယွန့်အာအား တစ်ချက် ကြည့်လိုက်သည်။ တကယ်ကို အတိမ်အနက် မှန်းဆရခက်သော မိန်းမပင်။
"ငါ ရေနွေး သွားယူလိုက်ဦးမယ်"
လော့ရှောင်ရှောင်အား ရှေးဦးသူနာပြုစုကာ သွေးတိတ်အောင် လုပ်ပေးပြီးနောက် ချန်ရှောက်ရယ်က ရေချိုးခန်းဆီသို့ ခပ်သုတ်သုတ် ပြေးသွားလေသည်။
"ဟေ့... ဖက်တီး"
သို့သော် ချူဟန်က အနောက်မှ လှမ်းခေါ်လိုက်သည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် မည်သို့မျှ အဓိပ္ပာယ်ဖော်၍မရသော အန္တရာယ်ငွေ့များ ကိန်းအောင်းနေသည်။
"လက်နက် ယူသွား"