← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁) အဆုံးမဲ့ အကြောက်တရား

"ဟင်... ဟုတ်ကဲ့"

ချန်ရှောက်ရယ်သည် ချူဟန်က အဘယ်ကြောင့် ထိုသို့ပြောလိုက်မှန်း နားမလည်သော်လည်း စကားနားထောင်ကာ လှည့်ထွက်သွားလေသည်။ ကြမ်းပြင်ပေါ် ချထားသော သူ၏ အချစ်တော် မီးသတ်ပုဆိန်ကို ကောက်ယူလိုက်သည်။ ထို့နောက် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း သေနတ်ကိုပါ ကျောတွင် လွယ်ချလိုက်တော့သည်။

လော့ရှောင်ရှောင်၏ အခြေအနေ တည်ငြိမ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှန်ကျိုတီမှာ သက်ပြင်းချနိုင်သွားသည်။ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ လက်နက်များ အပြည့်အစုံ တပ်ဆင်ထားသော ချန်ရှောက်ရယ်ကို မြင်လိုက်ရသောကြောင့် သူမ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

"ချန်ရှောက်ရယ်... ရှင် ဘာလုပ်နေတာလဲ ရေနွေးသွားခပ်ရုံလေးပဲလေ"

တကယ်တမ်းလည်း ချန်ရှောက်ရယ်၏ အပြုအမူမှာ အလွန်အမင်း ရုတ်တရက်ဆန်လွန်းနေသည်။ ချူဟန် ညွှန်ကြားလိုက်သည်ဆိုလျှင်တောင် အနည်းငယ်တော့ ပိုမနေလွန်းဘူးလား။ ပုဆိန်ကို ကိုင်ထားပြီး သေနတ်ကိုပါ လွယ်ထားပါက ရေနွေးကို မည်သို့ ခပ်မည်နည်း။

ထို့အပြင် ရေချိုးခန်းလေးမှာ ဤနေရာမှ ဆယ်မီတာပင် မဝေးချေ။ မှန်ဖြင့် ကာရံထားသည် ဆိုသော်ငြား ဤမျှ ကျဉ်းမြောင်းသော နေရာလေးဖြစ်ရာ တစ်ခုခုဖြစ်ခဲ့လျှင်တောင် တစ်ချက်ကြည့်ရုံဖြင့် အခြေအနေကို သိမြင်နိုင်ပေသည်။

"ဘော့စ်က လက်နက် ယူသွားလို့ ပြောလို့လေဗျာ"

အကြောင်းရင်းကို စဉ်းစားမနေတော့ဘဲ ချန်ရှောက်ရယ်က ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သတိကြီးစွာထား၍ မှန်တံခါးကို တွန်းဖွင့်လိုက်သည်။

ထူးခြားမှု တစ်စုံတစ်ရာ မရှိချေ။ ထိုနေရာမှာ သာမန် ရေချိုးခန်းလေးတစ်ခုသာ ဖြစ်ပြီး ရေဆင်းပေါက်ကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးကြောထားသည်။

သူက ရေပိုက်ခေါင်းကို ဖွင့်လိုက်သည်နှင့် ရေနွေးများက ရွှဲ ခနဲ အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။

"တကယ်ပဲ... သူ့ခေါင်းထဲ ဘာတွေတွေးနေလဲ မသိဘူး"

ရှန်ကျိုတီက ကြမ်းပြင်ကို ဆောင့်နင်းလိုက်ကာ ချူဟန်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ရှင်လည်း အတူတူပဲ။ ဘာလို့ အဲဒီလောက်တောင် လွန်လွန်ကျူးကျူး သတိထားနေရတာလဲ"

ရှန်ကျိုတီ၏ စကားကို လျစ်လျူရှုလျက် ချူဟန်က လော့ရှောင်ရှောင် ခြေကျင်းဝတ်ကို ညင်သာစွာ ဆုပ်နယ်ပေးလိုက်သည်။ နာကျင်မှုကြောင့် ကလေးမလေးမှာ ရှိုက်ကြီးတငင် ငိုကျွေးနေရင်း နောက်ဆုံးတွင် ဒဏ်မခံနိုင်တော့ဘဲ သတိလစ်သွားတော့သည်။ ချူဟန်က စောင်ကို သေချာပြန်ခြုံပေးလိုက်ပြီး နောက်ထပ် ဘာမှ ဆက်မလုပ်တော့ချေ။

မူလကတည်းက ကလေးများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ လူကြီးများထက် ပိုမိုမြင့်မားပေသည်။ ထို့အပြင် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာမှုကြောင့် လူသားတို့၏ မျိုးဗီဇ ပြောင်းလဲလာမှုကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက လော့ရှောင်ရှောင်၏ ဒဏ်ရာမှာ အမြန်ဆုံး တစ်ပတ်အတွင်း အပြည့်အဝ ပျောက်ကင်းသွားမည်မှာ သေချာလှသည်။

ပိုင်ယွန့်အာက နံရံကို မှီထားလျက် စကားတစ်ခွန်းမျှ မဟဘဲ ချူဟန်ကိုသာ စိုက်ကြည့်နေသည်။

"တော်ပြီ... ရှင်တို့အကြောင်း နားကို မလည်နိုင်တော့ဘူး"

ရှန်ကျိုတီက ဒေါသတကြီး ခေါင်းခါလိုက်ပြီး ချန်ရှောက်ရယ်ကို ကူညီပေးရန် ရေချိုးခန်းဆီသို့ လျှောက်သွားလေသည်။

ထိုစဉ် ရုတ်တရက်ပင် ချန်ရှောက်ရယ်၏ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

"အား…"

ဒုန်း...

သူသည် အကြောက်လွန်ကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားသည်။ တုန်ယင်နေသော လက်ချောင်းများဖြင့် ရေချိုးခန်း၏ မှန် အနောက်ဘက်ကို လက်ညှိုးထိုးပြနေလေသည်။

"ဘာဖြစ်တာလဲ"

ရှန်ကျိုတီက အလန့်တကြား ပြေးသွားလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်၌ ဖြောင်း ခနဲ မြည်သံနှင့်အတူ ချန်ရှောက်ရယ် ခေါင်းကို မညှာမတာ ရိုက်ချလိုက်တော့သည်။

"ဘာတွေ အော်ဟစ်နေတာလဲ... နံရံတစ်ဖက်လုံးက မှန်ဖြစ်နေတာလေးကိုများ။ မှန်ကိုတောင် ကြောက်နေရလား"

ဆူညံသံကြောင့် ချူဟန်နှင့် ပိုင်ယွန့်အာတို့လည်း အနီးသို့ ရောက်လာကြသည်။

ရေချိုးခန်း၏ တည်ဆောက်ပုံ အနေအထားမှာ လုံးဝကို သာမန်သာ ဖြစ်သည်။ သို့သော် ကွယ်ထားသော နံရံတစ်ဖက်လုံးမှာ ဧရာမ မှန်ချပ်ကြီး တစ်ချပ် ဖြစ်နေလေသည်။ ထိုမှန်ချပ်ကြီးထဲတွင် ထိတ်လန့်တုန်လှုပ်နေသော ချန်ရှောက်ရယ်နှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော ရှန်ကျိုတီတို့၏ မျက်နှာများက အထင်းသား ပေါ်လွင်နေသည်။

"ဒီ ဝက်တုတ်ကတော့ တကယ် အသုံးမကျတာပဲ... မြန်မြန် ရေနွေးခပ်လိုက်စမ်းပါ"

ရှန်ကျိုတီ၏ မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ မှန်ကိုကြည့်ပြီး ကြောက်နေသည့် လူမျိုးကို သူမ တစ်သက်နှင့်တစ်ကိုယ် ယခုမှသာ မြင်ဖူးခြင်း ဖြစ်သည်။ သူမက ချူဟန်ဘက်သို့ လှည့်ကာ လက်ပြလိုက်သည်။

"ဘာမှမဖြစ်ဘူး။ ချန်ရှောက်ရယ်က သူ့ဘာသာသူ ကြောက်နေတာ"

သို့သော် သူမက ထိုသို့ပြောလိုက်သော်လည်း ချူဟန်က ထိုနေရာမှ ထွက်မသွားခဲ့ပေ။ ထိုမျှမက နားလည်ရခက်သော အကြည့်များဖြင့် မျက်မှောက်ရှိ မှန်ချပ်ကြီးကိုသာ စိုက်ကြည့်နေသည်။ လက်ထဲတွင် ဆုပ်ကိုင်ထားသော သံပုဆိန်ကိုလည်း တစ်စက္ကန့်မျှပင် အားမလျော့သေးချေ။ ပိုင်ယွန့်အာက ပုံမှန်အတိုင်း အေးတိအေးစက် မျက်နှာထားဖြင့် လက်ပိုက်ထားဆဲ ဖြစ်သော်လည်း မျက်မှောင်အနည်းငယ် ကြုတ်ကာ မှန်ချပ်နှင့် ချူဟန်ကို တစ်လှည့်စီ အကဲခတ်နေလေသည်။

"ဘော့စ်..."

ချန်ရှောက်ရယ်၏ မျက်နှာမှာ အကြောက်တရားကြောင့် ရှုံ့မဲ့နေဆဲ ဖြစ်သည်။ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား တုန်ယင်နေသော လက်ချောင်းများဖြင့် မှန်ချပ်ထဲမှ နေရာတစ်ခုကို လက်ညှိုးထိုးပြနေသည်။

"ဒါ... ဒါကြီးက ဘာကြီးလဲဗျာ"

ချန်ရှောက်ရယ်၏ ရူးသွပ်မတတ် အော်ဟစ်သံကြောင့် ရှန်ကျိုတီမှာ မနှစ်မြို့စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူမက ချန်ရှောက်ရယ် လက်ညှိုးထိုးပြနေသော နေရာဆီသို့ အကြည့်ရွှေ့လိုက်ရာ...

"အမလေး..."

ချက်ချင်းပင် သွေးဆုတ်သွားလျက် ရှန်ကျိုတီ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားတော့သည်။ သူမသည် စက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းခက်ထန်စွာ နောက်လှည့်လိုက်ပြီး မှန်ထဲတွင် အရိပ်ထင်နေသော အလင်းရောင်ရှိရာဆီသို့ မော့ကြည့်လိုက်လေသည်။

ထိုနေရာတွင် ဧရာမ ဗီရိုကြီးတစ်ခု ရှိနေသည်။ တံခါးများ ပွင့်ဟနေပြီး အတွင်း၌ အဝတ်အစားများက ဖရိုဖရဲ ပြည့်နှက်နေသည်။ အခန်းထဲသို့ ဝင်လာစဉ်က တစ်ချက်မျှသာ မြင်လိုက်ရပြီး သေချာ ဂရုမစိုက်မိခဲ့သော နေရာဖြစ်သည်။ သို့သော် ထိုဗီရိုကြီး၏ အပေါ်ဘက်တွင် မြင်သူတကာ ကျောချမ်းသွားစေမည့် ထိတ်လန့်ဖွယ်ရာ အရာတစ်ခုကို တင်ထားလေသည်။

စောစောက အနေအထားအရ ကွယ်နေသဖြင့် မမြင်ရသော်လည်း ယခုအခါ မှန်၏ အလင်းပြန်မှုမှတစ်ဆင့် ဗီရိုအပေါ်မှ မြင်ကွင်းက မျက်မှောက်တွင် ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေတော့သည်။

၎င်းမှာ လူတစ်ယောက်၏ ဦးခေါင်းပင် ဖြစ်သည်။

နံရံထောင့်တွင် နောက်စေ့ကို လှည့်ကာ တင်ထားပြီး မည်းနက်နေသော ဆံပင်များက ဖရိုဖရဲ ပြန့်ကျဲနေသည်။ တစ်ချက်မျှ လှည့်ကြည့်လိုက်ပါက မိစ္ဆာတစ်ကောင်၏ မျက်နှာကို မြင်လိုက်ရမည်လားဟု ထင်မှတ်မှားရလောက်အောင် ကြက်သီးမွေးညင်းထဖွယ် အငွေ့အသက်များက လွှမ်းမိုးနေလေသည်။

သွေးစိမ်းရှင်ရှင်များ သုတ်လိမ်းထားသည့်နှယ် ဖြစ်နေပြီး ထူးဆန်းသော အပုပ်နံ့ကြီးကလည်း လှိုင်လှိုင်ထနေတော့သည်။

"ဒါ... ဒါကြီးက ဘာလဲ။ အား..."

ရှန်ကျိုတီ၏ အသံမှာ အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သရဲကားတစ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခုအတွင်း ရောက်ရှိသွားသည့်အလား အသိစိတ်များပင် လွတ်ထွက်တော့မတတ် ဖြစ်နေသည်။

"ဒီထဲကို ဝင်လာတုန်းက ထူးဆန်းတဲ့ အနံ့မွှေးမွှေးလေး ရလိုက်တယ် မဟုတ်လား"

ချူဟန်က အေးစက်စက် ပြုံးလိုက်ကာ မိန်းမပျိုကို တစ်ချက်ကြည့်လိုက်ပြီး အနီးရှိ ဟင်းချက်စရာ အိုးကို ခပ်ပြင်းပြင်း ကန်ထုတ်လိုက်လေသည်။

ဝုန်း... ခွမ်း...

အိုးခွက်ပန်းကန်များ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားပြီး အတွင်း၌ အရည်ပျော်မတတ် ပြုတ်ထားသော အသားဟင်း များ ဖိတ်စင်ကုန်သည်။ ပမာဏက မနည်းလှချေ။ ထို့အပြင် အလယ်တည့်တည့်တွင် လုံးဝန်းသော အရာတစ်ခုက ဒလိမ့်ခေါက်ကွေး လိမ့်ထွက်လာသည်။

"ဒါ... ဒါက ဘာတွေလဲ"

ရှန်ကျိုတီ၏ မျက်နှာမှာလည်း ချန်ရှောက်ရယ်ကဲ့သို့ပင် အကြောက်တရားကြောင့် ရှုံ့မဲ့နေလေပြီ။ သူမက နောက်ဆုတ်သွားရင်း တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

"အလယ်က လုံးလုံးနဲ့... အဖြူရောင်ကြီးက... ဘာကြီးလဲ"

ချူဟန်က ပြန်မဖြေခဲ့ပေ။

မျက်မှောက်ရှိ အဖြစ်အပျက်ကို ကြည့်လိုက်ရုံဖြင့် ရှင်းလင်းနေပြီ ဖြစ်သည်။ တစ်ခုချင်းစီ ရှင်းပြနေရန် လိုအပ်မည် မဟုတ်ချေ။ အခန်းထဲတွင် ကြက်သီးထဖွယ်ရာ တိတ်ဆိတ်သွားတော့သည်။ ဖွင့်ထားဆဲဖြစ်သော ရေချိုးခန်း ပိုက်ခေါင်းဆီမှ ရွှဲ ဟူသော ရေကျသံကိုသာ အဆက်မပြတ် ကြားနေရသည်။

သတိလစ်နေသော လော့ရှောင်ရှောင်မှလွဲ၍ ကျန်သုံးယောက်လုံး စကားတစ်ခွန်းမျှ မဟကြချေ။ ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့မှာ သွေးဆုတ်နေသော မျက်နှာများဖြင့် ဖိတ်စင်နေသော အသားတုံးများကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ ယင်းမှာ သူတို့၏ အခြေခံ လူ့သဘာဝ ခံယူချက်များကို အမြစ်မှစ၍ လှန်လှောပစ်လိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို တစ်စစီ ရိုက်ချိုးပစ်လိုက်ခြင်းပင် ဖြစ်သည်။

တိရစ္ဆာန်များပင်လျှင် အလွန်အမင်း ဆာလောင်မွတ်သိပ်လာပါက အချင်းချင်း ပြန်လည်စားသောက်တတ်ကြသည်။ သို့သော် ထိုအရာက တိရစ္ဆာန်များအတွက်သာ ဖြစ်သည်။

"ဒါဆို..."

ရှန်ကျိုတီမှာ တွန့်ခနဲ တုန်သွားပြီး နောက်ထပ် တစ်လှမ်း ဆုတ်လိုက်ပြန်သည်။ သူမ၏ ကျောပြင်က မှန်ချပ်နံရံနှင့် ကပ်လျက်သား ဖြစ်သွားသည်။

"စောစောက လူက ငါတို့ကို တိုက်ခိုက်တာ... ငါတို့ကို ဘာလို့ ထင်လို့လဲ..."

"ဒါဆို ဇွန်ဘီတွေနဲ့ ဘာမှ မကွာတော့ဘူးပေါ့ဗျာ"

ချန်ရှောက်ရယ်မှာ ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အုံးအုံးမြည်နေတော့သည်။

"ဒီလိုကိစ္စမျိုးက လူတွေ လုပ်တဲ့ အလုပ်မှ မဟုတ်တာ"

"သတိပေးလိုက်မယ်... နောက်နောင် ဘယ်လောက်ပဲ ငတ်ပျက်နေပါစေ ဒီလိုအလုပ်မျိုး လုံးဝ မလုပ်ကြနဲ့"

ချူဟန်၏ မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ ရုတ်တရက် သတိပေးလိုက်ပြီး ရှန်ကျိုတီ၏ အနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်လေသည်။

"ပြီးတော့... အဲဒီ နံရံကို ဆက်မမှီထားတာ ပိုကောင်းမယ်"

ရွှဲ...

ရေများက ဆက်လက် စီးကျနေဆဲ ဖြစ်သည်။ ချန်ရှောက်ရယ် ဖွင့်ခဲ့သည်မှာ ရေနွေးပိုက်ခေါင်း ဖြစ်သောကြောင့် ရေချိုးခန်းအတွင်း၌ ရေနွေးငွေ့များ ပြည့်နှက်လာကာ မှန်ပြင်ပေါ်တွင် အခိုးအငွေ့များ ရေးရေးမျှ ဖုံးလွှမ်းလာလေပြီ။

ဆက်တိုက်ဆိုသလို ထိတ်လန့်တုန်လှုပ်မှုများကြောင့် စိတ်ဓာတ်ကျဆင်းနေသော ရှန်ကျိုတီမှာ ချူဟန်၏ စကားကို ကြားလိုက်ရချိန်တွင် မျက်နှာပြင်တစ်ခုလုံး ပိုမို ဖြူရော်သွားတော့သည်။ အသံများပင် တဆတ်ဆတ် တုန်ယင်နေသည်။

"ဘာ... ဘာဖြစ်လို့လဲ"

"ရတယ်... ဒီဘက်ကို လာခဲ့"

ချူဟန်က ထူးထူးဆန်းဆန်းပင် ရှန်ကျိုတီထံသို့ လက်ကမ်းပေးလိုက်လေသည်။

သူမ၏ ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားသည်။ စက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းစွာဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ချူဟန်ကို အားကိုးတကြီး စိုက်ကြည့်နေသည်။ နှလုံးကွဲထွက်မတတ် အကြောက်တရားများက သူမ၏ စိတ်နှလုံးကို ကိုက်ခဲစားသောက်နေလေပြီ။

ချန်ရှောက်ရယ်လည်း မျက်တောင်တစ်ချက်မျှ မခတ်ဘဲ မှန်ချပ်ကြီးကိုသာ စိုက်ကြည့်နေသည်။ အကြောက်လွန်ကာ ဖင်ထိုင်ကျနေသော သူ၏ ခြေထောက်နှစ်ဖက်မှာ တဆတ်ဆတ် တုန်ယင်နေပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

ရေနွေးငွေ့များကြောင့် ဖြူဝါးဝါး ဖြစ်နေသော မှန်ပြင်...

ယခုလေးတင်ကမှ ရှန်ကျိုတီ၏ ဘယ်ဘက်လက်မောင်း ထိတွေ့ထားခဲ့သော နေရာနှင့် ကပ်လျက် ဘေးနား၌...

သူမ၏ လက်ရာ မဟုတ်သည်မှာ ထင်ရှားလှသော လက်ဝါးရာ တစ်ခုက အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် မှန်ပြင်ထက်တွင် အထင်းသား ပေါ်လွင်နေလေတော့သည်။

အခန်း (၁၀၂) မင်း ဒီနေရာမှာပဲ သေရလိမ့်မယ်

လက်ဝါးရာ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် အရွယ်ရောက်ပြီးသော ယောက်ျားတစ်ယောက်၏ လက်ရာဖြစ်မှန်း သိသာလှသည်။ တစ်နေရာတည်းကို အကြိမ်ကြိမ် ဖိထောက်ထားခဲ့သဖြင့် အရာထင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေမည်။ လက်ဝါးပြင်ရှိ အရစ်အကြောင်းများကြောင့် မှန်ပြင်ထက်မှ ရေခိုးရေငွေ့များ မညီမညာဖြစ်သွားရာမှ သူတို့ရှေ့မှောက်၌ အထင်းသား ပေါ်လာခြင်း ဖြစ်လေသည်။

ရှန်ကျိုတီ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေလေပြီ။ နောက်လှည့်ကြည့်ရဲသော သတ္တိပင် မရှိတော့ဘဲ စက်ရုပ်တစ်ရုပ်ပမာ ရှေ့သို့ နောက်ထပ်တစ်လှမ်း တိုးလိုက်မိသည်။ သူမ၏ ဖြူဝင်းသော ညာဘက်လက်လေးမှာ ချူဟန်လက်ထဲတွင် ရှိနေပြီး အားကိုးတကြီး ဆုပ်ကိုင်ထားလေသည်။

ဂျောက်...

ရှန်ကျိုတီ၏ ကျောပြင် မှန်ချပ်နှင့် ကွာသွားသည့် ထိုခဏ၌ပင်... သော့ပွင့်သွားသည့်အလား ခပ်သဲ့သဲ့အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟင်"

ချန်ရှောက်ရယ်မှာ အကြောက်တရားကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားတော့သည်။

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ပိုင်ယွန့်အာက သူ့အား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ အကြည့်ထဲတွင် ထူးထူးခြားခြား ခံစားချက်အချို့ ရောယှက်နေသော်ငြား ယင်းမှာ အထင်အမြင်သေးမှု များသာ ဖြစ်နေကြောင်း သိသာလှသည်။

ရှန်ကျိုတီမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် လက်တစ်လုံးမျှပင် မလှုပ်ရှားရဲတော့ချေ။ ကျောဘက်ရှိ မှန်ချပ်ကြီးက ရုတ်တရက် ရှေ့သို့ ထွက်လာကာ သူမ ကျောပြင်ကို လာတိုက်မိသောကြောင့် ဖြစ်သည်။ မှန်ချပ်အနောက်ဘက်မှ စက်သွားများ ဖြည်းညင်းစွာ လည်ပတ်နေသကဲ့သို့သော အသံကိုလည်း ကြားနေရလေသည်။

"မကြောက်နဲ့"

ချူဟန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အနောက်ဘက်ရှိ မှန်ချပ်ဆီသို့ အလွန်တရာ အန္တရာယ်များသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ရှန်ကျိုတီ၏ လှပသော မျက်နှာလေးမှာ လုံးဝ သွေးဆုတ်ဖြူရော်နေပြီ ဖြစ်သည်။ သူမက ချူဟန်ကိုသာ စိုက်ကြည့်နေရင်း လက်ကို အစွမ်းကုန် အားယူကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

မျက်မှောက်ရှိ မိန်းမပျို၏ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေမှုကို ခံစားမိလိုက်သဖြင့် ချူဟန်က ရှန်ကျိုတီ၏ လက်ကို ပြန်လည်၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမကို ရင်ခွင်ထဲသို့ အရှိန်ဖြင့် ဆွဲသွင်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် လက်ထဲရှိ သံပုဆိန်ကို ဒိုင်းကာသဖွယ် ကာကွယ်လိုက်ပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် လှည့်ပတ်လိုက်သည်။

ခွမ်း...

မှန်ချပ်ကြီးက လုံးလုံးလျားလျား ကွဲအက်ပွင့်ထွက်သွားသည်။ ချက်ချင်းဆိုသလိုပင်။

ဒိုင်း... ဒိုင်း... ဒိုင်း...

သံမဏိမှိုများက သံပုဆိန်နှင့် ရိုက်ခတ်မိကာ ထွက်ပေါ်လာသော စူးရှသည့် သတ္တုသံများက နှစ်စက္ကန့်ခန့် ဆက်တိုက် ထွက်ပေါ်လာတော့သည်။

အသံများ ငြိမ်သက်သွားချိန်တွင်ကား ချူဟန်နှင့် တစ်မီတာပင် မကွာဝေးသော ကြမ်းပြင်ထက်၌ သံမဏိမှိုပေါင်း မြောက်မြားစွာ ပြန့်ကျဲနေလေသည်။ ထိုသံမှိုများ၏ ထက်ရှလှသော အဖျားများမှာ အရိုးကိုပင် အလွယ်တကူ ထိုးဖောက်သွားနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိပေသည်။

ချူဟန်၏ ရင်ခွင်ထဲတွင် ရှန်ကျိုတီမှာ တဆတ်ဆတ် တုန်ယင်နေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ ချူဟန်သာ မရှိခဲ့လျှင် သူမ ခန္ဓာကိုယ်တစ်ခုလုံး အပေါက်အပြဲ ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ကြမ်းပြင်ထက် ပြန့်ကျဲနေသော သံမှိုများကို ကြည့်ကာ ကျောချမ်းသွားစဉ်မှာပင် သူမနှင့် အလွန်နီးကပ်နေသော ချူဟန်၏ ဘေးတိုက်မျက်နှာလေးကို မော့ကြည့်လိုက်မိသည်။

'ဒီယောကျ်ားရဲ့ တုံ့ပြန်နိုင်စွမ်းက... ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ'

ချန်ရှောက်ရယ်မှာ ကြက်သေသေနေလေပြီ။ တံခါးတစ်ချပ်သဖွယ် ပွင့်ထွက်သွားသော မှန်ချပ်ကြီးကို ကြည့်လိုက်ပြီးနောက် အောက်ဘက်သို့ အကြည့်ရွှေ့လိုက်သည်။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည့် ထိုကြောက်မက်ဖွယ်ရာ လက်နက် များကို သူက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

ချူဟန်အပေါ် ထားရှိသော ကိုးကွယ်ယုံကြည်မှုများက သူ၏ ရင်ထဲ၌ တစ်ဖန် ပြန်လည် ကြီးထွားလာပြန်သည်။

'ဘော့စ်က နတ်ဘုရားများလားဗျာ။ ဒီလောက်များပြားတဲ့ သံမှိုတွေက ဒီလောက်အရှိန်နဲ့ ပျံသန်းလာတာကို... သူက ဘယ်လိုလုပ် အကုန်လုံးကို ကာကွယ်နိုင်ခဲ့တာလဲ'

ပိုင်ယွန့်အာက ပခုံးထက်မှ ဆံနွယ်များကို ညင်သာစွာ သပ်ချလိုက်သည်။ သူမ၏ အနောက်ဘက် နံရံထက်တွင် သံမှိုနှစ်ချောင်းက နက်ရှိုင်းစွာ စိုက်ဝင်နေလေသည်။ မှန်တံခါးကြီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိုအနောက်တွင် ဖုံးကွယ်ထားသော မြင်ကွင်းက လူတိုင်း၏ မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။ ချန်ရှောက်ရယ်မှာ အန်ဖတ်များပင် ထွက်ကျတော့မတတ် ဖြစ်သွားရသည်။

ထိုနေရာမှာ ပြတင်းပေါက် တစ်ပေါက်မျှ မရှိဘဲ လုံးဝ လုံခြုံပိတ်လှောင်ထားသည့် အလွန်ကျဉ်းမြောင်းသော အခန်းငယ်လေးတစ်ခု ဖြစ်သည်။ နံရံရှိ မှန်ချပ်မှာ နောက်မှ တပ်ဆင်ထားခြင်းဖြစ်ပြီး ဤအခန်း၏ တံခါးအဖြစ် အသုံးပြုထားဟန် တူသည်။ ထိုတံခါး၏ အပေါ်ဘက်တွင် ရိုးရှင်းသော ကိရိယာတစ်ခုကို မြင့်မားစွာ ချိတ်ဆွဲထားသည်။ ၎င်းမှာ ယခုလေးတင်က သံမှိုအမြောက်အမြား ပစ်လွှတ်လိုက်သော ထောင်ချောက်ပင် ဖြစ်သည်။ သေစေနိုင်စွမ်းက လုံးဝ မနိမ့်ကျလှသော်လည်း အကြိမ်ကြိမ် ပြုပြင်မွမ်းမံထားသည့် လက်ရာဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ထို့အပြင် အခန်း၏ ကြမ်းပြင်ထက်၌ မြင်တွေ့ရသော မြင်ကွင်းက ငရဲခန်းတစ်ခုနှင့် ခိုင်းနှိုင်းရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ နေရာအနှံ့တွင် လူ့အရိုးများ ပြန့်ကျဲနေသည်။ အဆီများ ရောနှောနေသော နီမည်းမည်း အသားစများက ဆွဲဆန့်ခံထားရပြီး စုတ်ပြတ်နေသော အသားမျှင်များကလည်း နေရာအနှံ့ ဖရိုဖရဲ ပြန့်ကျဲနေလေသည်။

လူ့ဦးခေါင်း အချို့လည်း လိမ့်ကျနေသည်။ သို့သော် ထိုဦးခေါင်းများ အားလုံးမှာ မူလပုံပန်းသဏ္ဍာန်ကိုပင် မမှတ်မိနိုင်လောက်အောင် ရက်ရက်စက်စက် ကိုက်ဖဲ့စားသောက်ခံထားရလေသည်။ သွေးနံ့များနှင့် ရောယှက်ကာ ပြင်းထန်သော အပုပ်နံ့ကြီးကလည်း နှာခေါင်းထဲသို့ စူးဝင်လာသည်။ ယင်းမှာ အလောင်းများ၏ အူလမ်းကြောင်းထဲမှ ထွက်ကျလာသော အညစ်အကြေးအနံ့များပင် ဖြစ်သည်။

ထိုအလောင်းများ သေဆုံးထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့အပြင် စားသောက်ထားပုံမှာလည်း အလွန်အမင်း ကြမ်းတမ်းဖရိုဖရဲနိုင်လှပြီး နေရာအတော်များများတွင် စားကြွင်းစားကျန် အသားများ ကျန်ရစ်နေသေးသည်။ မကြာမီမှာပင် လူတိုင်း၏ အကြည့်က အခန်းထောင့်တစ်နေရာဆီသို့ ရောက်ရှိသွားတော့သည်။ ထိုနေရာ၌ သံလှောင်အိမ်တစ်ခု ရှိနေပြီး အတွင်း၌ ဇွန်ဘီတစ်ကောင်ကို ပိတ်လှောင်ထားလေသည်။

ဂရား....

ထိုဇွန်ဘီမှာ ထူးဆန်းသော အသံကြီးဖြင့် အော်ဟစ်ကာ သူတို့အား အစွယ်များထုတ်ပြလျက် ခြိမ်းခြောက်လာသည်။

စားလက်စ လူလက်မောင်း ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီးနောက် သံတိုင်များကို လက်သည်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ လှောင်အိမ်ကို ရူးသွပ်နေသည့်အလား လှုပ်ခါတော့သည်။ လူတိုင်း၏ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ရောနှောလာကြသည်။ ဤဇွန်ဘီမှာ မသေဆုံးမီက အသက်ဆယ်နှစ်ပင် မပြည့်သေးသော ကလေးငယ်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုကလေးငယ်က ယခုအခါ လှောင်အိမ်ထဲတွင် မွေးမြူခံထားရသည်။ အခြေအနေက ရှင်းလင်းနေပြီ။

"သားအဖတွေ... ထင်တယ်"

ရှန်ကျိုတီက တိုးတိတ်စွာ ရေရွတ်လိုက်သည်။

ဤအခန်းထဲရှိ ကြောက်မက်ဖွယ် အခြေအနေနှင့် ယခုလေးတင် သူတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသား။ သူတို့၏ ဆက်စပ်မှုကို ခန့်မှန်းရ လွယ်ကူလှသည်။ လူတစ်ယောက်က မိမိနေထိုင်ရာ နေရာတွင် ဇွန်ဘီတစ်ကောင်ကို မွေးမြူထားရသည့် အကြောင်းရင်းမှာ ဤအချက်မှလွဲ၍ အခြား မရှိနိုင်တော့ချေ။

ချူဟန်၏ မျက်လုံးအစုံက သွေးအေးစွာ ကျဉ်းမြောင်းသွားသည်။ သားဖြစ်သူ ဇွန်ဘီ ဖြစ်သွားချိန်တွင် ဖခင်ဖြစ်သူက ကိုယ်ကျင့်တရားများကို စွန့်လွှတ်ကာ လူသားများကို အမဲလိုက်ပြီး အစာအဖြစ် ကျွေးမွေးခဲ့သည်။ နောက်ဆုံးတွင် မိမိကိုယ်တိုင်ပင် လူသားအသားကို စားသုံးလာခဲ့သည်ပေါ့လေ။ တကယ်ကို မျက်ရည်ကျရလောက်အောင် ကြည်နူးစရာကောင်းလှတဲ့ သားအဖ သံယောဇဉ်ပါလား။

ချူဟန်၏ နှုတ်ခမ်းထောင့်က ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ ကောင်းလိုက်လေခြင်း။ ဒါကမှ သူ ကောင်းကောင်းသိထားသည့် ကမ္ဘာပျက်ကပ်ကြီး ၏ အစစ်အမှန် သဘာဝပင် ဖြစ်တော့သည်။

"ရှင်းပစ်လိုက်မလား"

ပိုင်ယွန့်အာ၏ အေးစက်ကြည်လင်သော အသံက ချူဟန် နားနားတွင် ထွက်ပေါ်လာသည်။

"မကြာခင် အဆင့်တက်တော့မယ့် ပုံပဲ"

ချူဟန်က သူမထံသို့ စူးရှသော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။

‘ဇွန်ဘီတွေ အဆင့်တက်နိုင်မှန်း ဒီမိန်းမ ဘယ်လိုလုပ် သိနေရတာလဲ’

စောစောက လူသားတွေရဲ့ မျိုးဗီဇတွေ အဆင့်တက်နေပြီ ဆိုသည့် စကားကို ကြည့်လျှင်လည်း သိသာသည်။ ပိုင်ယွန့်အာက ဤသတင်းအချက်အလက်များကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။ ပိုင်ယွန့်အာ၏ အမေးကို ပြန်မဖြေဘဲ ချူဟန်က ဇွန်ဘီ၏ ခန္ဓာကိုယ်ကို အကဲခတ်သည့်အလား စူးစမ်းကြည့်လိုက်သည်။

တကယ်ပင် အဆင့်တက်မည့် လက္ခဏာများ တွေ့နေရသည်။ ဇွန်ဘီများမှာ လူသားအသားကို စားသုံးရလေလေ အဆင့်တက်နှုန်း ပိုမိုမြန်ဆန်လေလေ ဖြစ်သည်။ ဤဇွန်ဘီက ဤနေရာတွင် အချိန်မည်မျှ ကြာမြင့်ခဲ့ပြီး လူသားအသား မည်မျှ စားသုံးခဲ့သည်ကိုတော့ မသိနိုင်ချေ။ သို့သော် ထိုဖခင်ဖြစ်သူ၏ အလိုလိုက် အကြိုက်ဆောင်မှုများကို ထောက်ရှုကြည့်လျှင် ၎င်းမှာ ဆာလောင်မွတ်သိပ်မှုဟူသည်ကို တစ်ခါမျှ ကြုံဖူးမည် မဟုတ်ကြောင်း သေချာလှသည်။

ဒါတောင်မှ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည့်အပြင် ဤမျှ သေးငယ်သော ခန္ဓာကိုယ်လေးသာ ရှိသည်။ အဆင့်တက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေတွင် ရှိနေလျှင်တောင် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကန့်သတ်ချက်များ ရှိနေဦးမည်မှာ သေချာပေသည်။

"ဟေ့... ဖက်တီး"

ချူဟန်က လှမ်းခေါ်လိုက်သည်။

"မင်းတစ်ယောက်တည်း ရှင်းနိုင်မလား"

"ဗျာ..."

ချန်ရှောက်ရယ်မှာ လန့်ဖြတ်သွားပြီး လှောင်အိမ်ထဲမှ ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်များ ထုတ်လွှင့်နေသည့် ဇွန်ဘီကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိသည်။ ၎င်း၏ အစွယ်များက သာမန်ဇွန်ဘီများထက် ပိုမိုရှည်လျားချွန်ထက်နေပြီး လက်သည်းများကလည်း ရှည်လျားထက်မြက်နေသည်။ သံတိုင်များကို ကုတ်ခြစ်လိုက်တိုင်း သွားကျိန်းမတတ် အသံကြီးများ ထွက်ပေါ်လာသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာသွင်ပြင်မှာ ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်နှင့် အတိအကျပင်။

ချန်ရှောက်ရယ်မှာ ငိုမဲ့မဲ့ဖြစ်သွားတော့သည်။

"ဒီ... ဒီကောင်က အရင်တုန်းက ကျွန်တော်တို့ တွေ့ခဲ့တဲ့ အဲဒီ သောက်ရမ်းကြမ်းတဲ့ ဇွန်ဘီမျိုးနွယ်ထဲက မဟုတ်ဘူးလားဗျ"

"မကြမ်းပါဘူး"

ချူဟန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

" ခွန်အားအရ ပြောရရင်တော့ သာမန်ဇွန်ဘီ အကောင်သုံးဆယ်လောက် ဝိုင်းတိုက်ခံရတာနဲ့ အတူတူလောက်ပဲ ရှိမှာပါ"

" အကောင်... သုံးဆယ်တောင်"

ချန်ရှောက်ရယ် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"ကျွန်တော်က ဘောစ့် မတူဘူးလေဗျာ။ တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်တာက အများဆုံး ဆယ်ကောင်လောက်ပဲ ရှိတာကို။ အကောင်သုံးဆယ်ဆိုတာကြီးကတော့... တစ်ကောင်ချင်းစီ လာရင်တောင် တော်သေးတယ်။ မြေပြင်အနေအထားကို အသုံးမချဘဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူးဗျ"

ချူဟန်နှင့် အချိန်ကြာမြင့်စွာ အတူသွားလာခဲ့ရသဖြင့် ချန်ရှောက်ရယ်သည်လည်း မြေပြင်အနေအထားကို အခွင့်ကောင်းယူ တိုက်ခိုက်တတ်သည့် နည်းဗျူဟာများကို သဘာဝကျကျ တတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ချူဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။

"မင်းကို ဒီအခန်းထဲမှာ ပိတ်ထားခဲ့မယ်။ ဒီကောင်ကို သတ်နိုင်ရင်တော့ မင်းက ရှေ့ဆက်ပြီး ငါ့ရဲ့ ထာဝရ လုပ်ဖော်ကိုင်ဖက်ပဲ။ ဒါပေမဲ့ မသတ်နိုင်ခဲ့ရင်တော့..."

စကားကို တစ်ဝက်တစ်ပျက် ရပ်တန့်လိုက်ချိန်တွင် ချူဟန်၏ မျက်လုံးများ၌ ရက်စက်ပြီး သွေးအေးလှသော အရိပ်အယောင်များ ကိန်းအောင်းနေလေသည်။

"မင်း ဒီနေရာမှာပဲ သေရလိမ့်မယ်"

ရေခဲတမျှ အေးစက်လှသော ထိုစကားကြောင့် အခန်းတွင်း အပူချိန်ပင် ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှန်ကျိုတီမှာ မယုံကြည်နိုင်စွာဖြင့် ချူဟန်ကို စိုက်ကြည့်နေမိသည်။ ဤယောကျ်ားနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရသကဲ့သို့ ခံစားနေရသည်။ ဘာလို့များ ဒီလောက်တောင် သွေးအေးရက်စက်တဲ့ စကားမျိုး ပြောထွက်ရတာလဲ။

ချန်ရှောက်ရယ်မှာ အကြောက်တရားကြောင့် ချွေးအေးများပင် စီးကျလာတော့သည်။ ချူဟန်အပေါ် ရာခိုင်နှုန်းပြည့် သစ္စာရှိသော သူ့အနေဖြင့် မကျေနပ်မှု သို့မဟုတ် ရန်ငြိုးဖွဲ့မှု အလျဉ်းမရှိချေ။ ကြောက်ရွံ့နေရုံသာ ဖြစ်သည်။ သေဆုံးရမည်ကို စင်စစ်မလွဲ ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။

သူတို့၏ အနောက်တွင် ရပ်နေသော ပိုင်ယွန့်အာက မျက်လုံးများကို ညင်သာစွာ ကျဉ်းမြောင်းလိုက်သည်။ ချူဟန်၏ ဘေးတိုက်မျက်နှာကို စိုက်ကြည့်နေသော သူမ၏ နှုတ်ခမ်းထက်တွင် ခပ်ရေးရေး အပြုံးတစ်ခုက ဖျတ်ခနဲ ပေါ်ပေါက်လာသည်။

ချူဟန်က ရှေ့သို့ လှမ်းသွားကာ သံလှောင်အိမ်ကို ဖွင့်လိုက်ပြီး ဇွန်ဘီကို လက်တစ်ဖက်တည်းဖြင့် လေထဲသို့ မတင်လိုက်သည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင်ပင်လျှင် သူ၏ ရှေ့မှောက်၌ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။

"ငါ မင်းဆီက လိုချင်တာက အစွမ်းကုန် ထုတ်သုံးရမယ့် တိုက်ပွဲမျိုးပဲ"

ချူဟန်က ပြောလိုက်သည်။

"သေချာ မှတ်ထား။ အကုတ်ခံရတာပဲဖြစ်ဖြစ်၊ အကိုက်ခံရတာပဲဖြစ်ဖြစ် လုံးဝ မဖြစ်စေနဲ့"

All Chapters