← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) ပြဿနာ တစ်ခုခုများ ရှိနေလို့လား

မှန်တံခါးကြီးရှေ့တွင် လော့ရှောင်ရှောင်မှာ သတိလစ်နေဆဲဖြစ်သည်။ ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့မှာ အသံတိတ် ရပ်နေကြသည်။ ပိုင်ယွန့်အာသည် ကျောက်ဆင်းတု တစ်ရုပ်ပမာ နံရံကို မှီကာ ငြိမ်သက်နေသော်လည်း ရှန်ကျိုတီမှာ မည်သို့လုပ်ရမှန်းမသိဘဲ မျက်လုံးများ ကလယ်ကလယ်ဖြင့် ဘေးဘီဝဲယာသို့ ဂဏာမငြိမ် ကြည့်ရှုနေလေသည်။

လုံခြုံစွာ ပိတ်လှောင်ထားသော အခန်းငယ်လေးထဲမှ ပြင်းထန်သော တိုက်ခိုက်သံများနှင့်အတူ ဒေါသတကြီး အော်ဟစ်သံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်။

"သေစမ်း... မိစ္ဆာကောင်"

ချန်ရှောက်ရယ်၏ အော်ဟစ်သံကြီး ဟိန်းထွက်လာသည်။ လက်နက်ချင်း ရိုက်ခတ်သံများနှင့် ထိမှန်သံများလည်း အဆက်မပြတ် ဆူညံနေတော့သည်။

အခန်းအပြင်ဘက်၌လည်း တိတ်ဆိတ်မနေချေ။ ဂျီး… ဟူသော လျှပ်စစ်လွှစက်၏ အသံကြီးက မရပ်မနား ထွက်ပေါ်နေသည်။ အပြင်ဘက် ဂိုဒေါင်ထဲ၌ ချူဟန် မည်သည့်အရာများ လုပ်ဆောင်နေမှန်း မသိရသော်လည်း ချန်ရှောက်ရယ်ကို အခန်းထဲ ပစ်ထည့်ခဲ့ပြီးနောက် တစ်နာရီကြာသည်အထိ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ဤဘက်သို့ လုံးဝ အာရုံမစိုက်ဘဲ မိမိအလုပ်ကိုသာ တိတ်ဆိတ်စွာ အာရုံစိုက်နေလေသည်။

၀ုန်း...

နောက်ဆုံးတွင်တော့ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကွဲအက်နေသော မှန်တံခါးကြီးမှာ အသံကျယ်ကြီးမြည်ကာ တစ်စစီ ပြိုကျသွားတော့သည်။

တစ်ကိုယ်လုံး သွေးနက်များ ဖုံးလွှမ်းနေသော ချန်ရှောက်ရယ်က တံခါးဝတွင် ရပ်နေသည်။ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ လက်ထဲတွင် ဆုပ်ကိုင်ထားသော မီးသတ်ပုဆိန်မှာ အသွားများပင် ပဲ့ကြွေနေပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း တဆတ်ဆတ် တုန်ယင်နေသည်။ ၎င်းမှာ အကြောက်တရားကြောင့် မဟုတ်ဘဲ အသက်လုတိုက်ပွဲ ဆင်နွှဲထားရသဖြင့် ကြွက်သားများ အလိုအလျောက် တုံ့ပြန်နေခြင်းသာ ဖြစ်သည်။

သူ၏ အနောက်ဘက်တွင် အပိုင်းပိုင်း ပြတ်တောက်နေသော ဇွန်ဘီ၏ အကြွင်းအကျန်များ ပြန့်ကျဲနေသည်။ မူလပုံပန်းသဏ္ဍာန်ကိုပင် မမှတ်မိနိုင်လောက်အောင် ခုတ်ထစ်ခံထားရပြီး သွေးနက်များက နေရာအနှံ့ ဖိတ်စင်နေသည်။ မျက်နှာကြက်ထက်တွင် သွေးစက်များ အကွက်လိုက် စွန်းထင်းနေကာ နံရံလေးဘက်စလုံးမှာလည်း သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲနေလေပြီ။ ဇွန်ဘီ၏ ဦးခေါင်းမှာ လုံးဝ ကြေမွသွားပြီး အသားစများအဖြစ်သာ ကျန်ရစ်တော့သည်။

"အို..."

အလွန်အမင်း ရင်လေးဖွယ်ကောင်းသော ထိုမြင်ကွင်းကြောင့် ရှန်ကျိုတီမှာ အသက်ရှူမှားသွားရသည်။

ချန်ရှောက်ရယ်၏ တစ်ကိုယ်လုံးကို သူမက စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်မိသည်။ လက်ရှိ ချန်ရှောက်ရယ်မှာ လူ့သွေးများနှင့် ဇွန်ဘီသွေးများ ရောနှောနေပြီး သွေးလူသားတစ်ယောက်အဖြစ် ပြောင်းလဲနေလေပြီ။

ဇွန်ဘီကို သတ်ဖြတ်နိုင်ခဲ့သည်မှာ မှန်သော်လည်း သူကိုယ်တိုင်ရော ဒဏ်ရာရမသွားဘူးလား။ တကယ်လို့များ ပိုးကူးစက်ခံလိုက်ရရင်...

"စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ပွန်းပဲ့ဒဏ်ရာလေး တစ်ချက်တောင် မရခဲ့ဘူး"

ချန်ရှောက်ရယ်၏ လေသံမှာ ရုတ်တရက် အာဏာစက် ပါလာသကဲ့သို့ ခက်ထန်နေသည်။

"ဒါတွေက အဲဒီမှာ ပုံနေတဲ့ အလောင်းတွေဆီက သွေးတွေပါဗျာ"

"အာ... အင်း... ဟုတ်ပါပြီ"

ရှန်ကျိုတီက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ မျက်ဝန်းထဲမှ အကြောက်တရားများကား ပျောက်ကွယ်မသွားချေ။ မည်သို့ တုံ့ပြန်ရမည်ကိုပင် သူမ လုံးဝ မစဉ်းစားတတ်တော့ပေ။

"ဟင်း..."

ရုတ်တရက် ပိုင်ယွန့်အာထံမှ ခပ်သဲ့သဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ရယ်မောလိုက်ခြင်း ဖြစ်မှန်း သိသာသော်လည်း ထိုအသံမှာ ကျောချမ်းသွားရလောက်အောင် အေးစက်လွန်းလှသည်။

"ပြီးသွားပြီလား"

တံခါးဝတွင် ချူဟန်၏ ပုံရိပ်က ရုတ်ချည်း ပေါ်ထွက်လာသည်။ သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး မွန်းကြပ်ဖွယ်ကောင်းသော သံချေးနံ့များ ထောင်းခနဲ ထွက်ပေါ်နေ၏။

"ဘော့စ်..."

မူးဝေနေသော ခေါင်းကို အတင်းအဓမ္မ ကြည်လင်အောင် ထိန်းချုပ်လိုက်ရင်း ချန်ရှောက်ရယ်က အော်ခေါ်လိုက်သည်။ အလွန်အမင်း ခြောက်ကပ်နေသော လည်ချောင်းမှ အသံထွက်လာအောင် ကြိုးစားရင်း အဆီများနေသော လည်ပင်းတုတ်တုတ်ကြီးကို လှုပ်ခါကာ အော်ဟစ်လိုက်သည်။

"အသား... အသား စားချင်တယ်ဗျာ"

ချူဟန် နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ သူ၏ မျက်နှာထက်တွင် ရည်မှန်းချက်ကြီးမားမှုနှင့် ရူးသွပ်မှုများ ရောယှက်နေသော ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူ ကမ်းပေးလိုက်သော လက်ချောင်းများကြားတွင် မည်းနက်နေသည့် ပုံဆောင်ခဲ နှစ်ခု ပါလာလေသည်။

"ဒါကို စားလိုက်။ ပြီးမှ ထမင်းဝအောင် ကျွေးမယ်"

"ဟုတ်ကဲ့ပါဗျ"

ချန်ရှောက်ရယ်သည် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ ချူဟန်လက်ထဲမှ ပုံဆောင်ခဲများကို လုယူကာ တကျိုက်တည်း မျိုချပစ်လိုက်တော့သည်။

ဘေးနားမှ တားဆီးရန် လက်လှမ်းလိုက်သော ရှန်ကျိုတီမှာ အချိန်မမီတော့သဖြင့် လက်ကို လေထဲတွင် ရပ်တန့်ထားရင်း ကြက်သေသေသွားရသည်။ ချူဟန်၏ အပြုံးက ပိုမို နက်ရှိုင်းသွားသည်။

'ချန်ရှောက်ရယ်... အနာဂတ်ရဲ့ နတ်ဘုရားအဆင့် စနိုက်ပါသမားကြီးက နောက်ဆုံးတော့ သူ့ရဲ့ အစွယ်တွေကို စတင် ထုတ်ပြလာပြီပဲ'

နွေရာသီ၏ နေရောင်ခြည်က အေးစက်စက် အငွေ့အသက်များကို သယ်ဆောင်လာသည်။ ယခင် ပုံမှန်ကမ္ဘာကြီး၏ နွေးထွေးလှသော နံနက်ခင်း နေရောင်ခြည်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ကမ္ဘာပျက်ကပ်ကြီး၏ သြဂုတ်လလယ်ပိုင်း၌ နေရာအနှံ့တွင် အဖြစ်ဆိုးများ၏ အနံ့အသက်များသာ ပြည့်နှက်နေသည်။ ယမ်းငွေ့များနှင့် ပြတ်တောက်နေသော ခြေလက်အင်္ဂါများကို အန္တရာယ်များလှသည့် မြို့ပြများတွင်သာ တွေ့ရခြင်း မဟုတ်ပေ။ လူသူကင်းမဲ့သော တောရိုင်းဒေသများမှာလည်း ဇွန်ဘီများ ကျက်စားရာ နေရာအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

မူလပုံပန်းသဏ္ဍာန်ကိုပင် မမှတ်မိနိုင်လောက်အောင် အကြီးအကျယ် ပြုပြင်မွမ်းမံထားသော လမ်းကြမ်းသုံး ကားတစ်စီးက သတ္တုအရည်ကျိုစက်ရုံထဲမှ အရှိန်အဟုန်ပြင်းစွာ ထွက်ခွာလာသည်။ ဧရာမ စက်ရုံကြီးမှာ ကားနောက်ကြည့်မှန်ထဲတွင် တဖြည်းဖြည်း သေးငယ်သွားတော့သည်။ ထိုကားနောက်တွင်လည်း အလားတူ ထူးဆန်းစွာ ပြုပြင်ထားသော အဖြူရောင် ကုန်တင်ကားတစ်စီးက ကပ်ပါလာသည်။

ကားနှစ်စီးစလုံးတွင် သံမဏိချောင်း မြောက်မြားစွာကို ဂဟေဆက်ထားပြီး ကားရှေ့ပိုင်း ဘန်ပါတွင်လည်း ထက်ရှသော လခြမ်းပုံ သံမဏိပြားကြီးများ ထိုးထွက်နေသည်။ ပြတင်းပေါက် မှန်များကိုလည်း ကြံ့ခိုင်သော သံဇကာများဖြင့် ကာကွယ်ထားရာ ဧရာမ သံမဏိ သားရဲကြီး နှစ်ကောင်နှင့်ပင် တူနေတော့သည်။

ရှေ့ဆုံးမှ G55 ကားကို ချူဟန်က မောင်းနှင်နေပြီး ယာဉ်မောင်းဘေးခုံတွင် ပိုင်ယွန့်အာ လိုက်ပါလာသည်။ နောက်မှလိုက်လာသော ကုန်တင်ကားပေါ်တွင်မူ ချန်ရှောက်ရယ်၊ ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့ ပါလာကြသည်။

နံနက်ခင်း အချိန်လေးအတွင်းမှာပင် ချန်ရှောက်ရယ်က ထမင်းဆုပ် အခုနှစ်ဆယ်တိတိကို စားသောက်ပြီးသွားလေပြီ။ ထိုအမည်းရောင် ပုံဆောင်ခဲကို မျိုချပြီးကတည်းက သူ၏ အစာစားချင်စိတ်မှာ အဆုံးအစမရှိ ဖြစ်လာခဲ့သည်။ တစ်နပ်လျှင် ထမင်းတစ်ဆုပ်ဖြင့် လုံလောက်သော လော့ရှောင်ရှောင်မှာ မျက်လုံးပြူးကာ အံ့သြနေတော့သည်။

ကလေးမလေး၏ ဒဏ်ရာမှာ အတော်လေး သက်သာနေပြီ ဖြစ်သည်။ မိမိဖာသာ လမ်းမလျှောက်နိုင်သေးသော်လည်း အားအင်များ ပြည့်ဝနေပြီး ကုန်တင်ကားနောက်ခန်းထဲတွင် တစ်ချိန်လုံး ဆူညံနေလေသည်။ တစ်ဖက်တွင် ရှန်ကျိုတီမှာ အလွန်အမင်း တိတ်ဆိတ်နေသည်။

ရှေ့မှ အကြမ်းပတမ်း ပြေးထွက်နေသော G55 ကားကို သူမက ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ ချူဟန် ဘာတွေတွေးနေမှန်း သူမ တကယ်ကို နားမလည်တော့ချေ။ ထိုအမည်းရောင် ပုံဆောင်ခဲနှင့် ပတ်သက်၍လည်း နှစ်ရက်ကြာသွားသည့်တိုင်အောင် ချူဟန်ထံမှဖြစ်စေ၊ ချန်ရှောက်ရယ်ထံမှဖြစ်စေ မည်သည့်စကားမျှ မကြားရသေးပေ။

ဂျီ...

ရုတ်တရက် ရေဒီယို စကားပြောစက်ထဲမှ ချန်ရှောက်ရယ်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

"ဘော့စ်... ဒီနေ့ ကျွန်တော့် စိတ်အခြေအနေ သောက်ရမ်း ကောင်းနေတယ်။ သီချင်းတစ်ပုဒ်လောက် ဆိုခွင့်ပြုပါလား"

ကားမောင်းနေသော ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ တားဆီးချိန်ပင် မရလိုက်ဘဲ ဘဲတစ်ကောင်အလား အသံသြသြကြီးဖြင့် အော်ဟစ်လိုက်သော ချန်ရှောက်ရယ်၏ အသံကြီးက ရေဒီယိုထဲမှ ပေါက်ကွဲထွက်လာတော့သည်။

"ကောင်းကင်က ကြယ်လေးတွေ... မြောက်အရပ်က ကြယ်တံခွန်ကြီးကို မော့ကြည့်နေတယ်ဟေ့..."

ဂျောက်...

ချူဟန်က စကားတစ်ခွန်းမျှ မဟဘဲ ရေခဲတမျှ အေးစက်နေသော မျက်နှာဖြင့် ရေဒီယိုကို ပိတ်ပစ်လိုက်သည်။ ထို ဝက်တုတ်ကောင်က အသံကို လုံးဝ စည်းလွတ်ဝါးလွတ် အော်ဆိုနေခြင်းပင် ဖြစ်သည်။

"ကျွန်မ မောင်းပေးမယ်"

ပိုင်ယွန့်အာ၏ ပျင်းရိပျင်းတွဲ အသံလေး ထွက်ပေါ်လာသည်။ သူမ ယခုလေးတင်မှ အိပ်ရာနိုးလာပုံရသည်။ ချူဟန်က သူမကို မျက်လုံးထောင့်မှ တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ အိပ်ရာမှ နိုးကာစ သူမထံတွင် ပုံမှန် မြင်တွေ့နေကျ ရေခဲတမျှ အေးစက်စက် အငွေ့အသက်များ ကင်းမဲ့နေပြီး အပြစ်ကင်းစင်သော ကြောင်ပေါက်လေးတစ်ကောင်ပမာ ဖြူစင်လွန်းနေလေသည်။

"မင်းရဲ့ လက်စွမ်းက ဘယ်လိုလဲ"

ချူဟန်က ပေါ့ပေါ့ပါးပါးပင် ပြန်မေးလိုက်သည်။

"အရှိန်တော့ လျှော့လို့ မရဘူးနော်"

ပိုင်ယွန့်အာက အမေးကို ပြန်မဖြေဘဲ တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။

"ရှင်က ကျွန်မကို ပေးမောင်းရဲတဲ့ သတ္တိရှိတယ်ဆိုရင်တော့... ကျွန်မကလည်း မောင်းပြရမှာပေါ့"

ချူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ လက်ရှိ ပိုင်ယွန့်အာမှာ အသက် ၁၇ နှစ်သာ ရှိသေးသည်။ နောက်ဆယ်နှစ်အကြာ အသက် ၁၇ နှစ်အရွယ် သူမနှင့် မတူညီသေးချေ။ ကမ္ဘာမပျက်ခင် အချိန်က ယာဉ်မောင်းလိုင်စင် ဟူသည် ရှိပြီး အသက် ၁၈ နှစ် မပြည့်သေးဘဲ လိုင်စင် ယူခွင့်မရှိပေ။

"ဒါဆိုလည်း စမ်းကြည့်တာပေါ့။ ငါလည်း နည်းနည်း ပင်ပန်းနေပြီ"

ချူဟန်က ထိုသို့ပြောလိုက်ပြီးနောက် ကားကို ဘရိတ်ဆောင့်အုပ်ကာ ရပ်တန့်လိုက်သည်။ တကယ်တမ်း၌လည်း သူ အတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ နေ့စဉ် နေ့တိုင်း ဆယ်နာရီကျော်ကြာ ကားမောင်းလာရသည်မှာ ရက်အတန်ကြာပြီ ဖြစ်ရာ မည်မျှပင် အဆင့်တစ် ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပါစေ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ချေ။ အကယ်၍ သူသာ ဆယ်နှစ်တာ ကမ္ဘာပျက်ကပ်ကြီးကို ဖြတ်သန်းခဲ့ပြီး စိတ်ဓာတ်နှင့် ဇွဲလုံ့လကို အမြင့်ဆုံးအထိ လေ့ကျင့်ထားခဲ့ခြင်း မရှိပါက အလုပ်ဒဏ်ပိပြီး လဲကျနေသည်မှာ ကြာလှပြီ ဖြစ်ပေမည်။

G55 သည်လမ်းဘေးသို့ ထိုးရပ်သွားသည်ကို မြင်လိုက်ရသဖြင့် နောက်မှလိုက်လာသော ချန်ရှောက်ရယ်သည်လည်း အလန့်တကြား ဘရိတ်ဆောင့်အုပ်လိုက်မိသည်။

"ဘာဖြစ်လို့လဲ ဘော့စ်"

ချူဟန်က ယာဉ်မောင်းခုံမှ ဆင်းလိုက်ပြီး ယာဉ်မောင်းဘေးခုံဘက်သို့ သွားလိုက်သည်။ ပိုင်ယွန့်အာက ကားပေါ်မှ မဆင်းဘဲ ယာဉ်မောင်းခုံဆီသို့ တရွေ့ရွေ့ တိုးသွားသည်။ ချူဟန် တံခါးဖွင့်လိုက်ချိန်တွင် သူမက ကြောင်လေးတစ်ကောင်ပမာ လေးဖက်ထောက်လျက် အနေအထားဖြင့် ကျောပေးထားသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။ သို့သော် ချူဟန်က ဘာမှမမြင်လိုက်ရသည့်အလား စကားတစ်ခွန်းမျှ မဟဘဲ ယာဉ်မောင်းဘေးခုံသို့ ဝင်ထိုင်လိုက်ကာ တံခါးပိတ်ပြီး ခါးပတ် ပတ်လိုက်လေသည်။

ပိုင်ယွန့်အာမှာ ယာဉ်မောင်းခုံတွင် ထိုင်လိုက်ပြီဖြစ်ပြီး ကျွမ်းကျင်သော ဟန်ပန်ဖြင့် ညာဘက်ခြေထောက်ကို လီဗာပေါ်သို့ တင်လိုက်သည်။ နောက်ကုန်တင်ကားပေါ်မှ ရှန်ကျိုတီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးပြူးသွားတော့သည်။

"လူစားလဲမလို့လား"

"ဝါး..."

ချန်ရှောက်ရယ်က ကြက်ပေါင်တစ်ချောင်းကို ကိုက်ဖြတ်ရင်း ပလုတ်ပလောင်းဖြင့် ပြန်ဖြေလိုက်သည်။ ဒ

"ပြဿနာ တစ်ခုခုများ ရှိနေလို့လား။ ဘောစ့်လည်း တစ်ချိန်လုံး ကားမောင်းနေရတော့ ပင်ပန်းနေလောက်ပြီလေ"

"ဒါပေမဲ့..."

ရှန်ကျိုတီသည် မျက်ဝန်းထဲတွင် သိသာထင်ရှားသော အကြောက်တရားများ ပေါ်လွင်လာရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ပိုင်ယွန့်အာက ကားမောင်းတတ်တာမှ မဟုတ်တာ"

"ဟား..."

ချန်ရှောက်ရယ် လက်ထဲမှ ကြက်သားတုံးလေး ကြမ်းပြင်ပေါ်သို့ ဖုတ် ခနဲ ပြုတ်ကျသွားတော့သည်။

ထိုစဉ်မှာပင်...

ဝူး...

ကြောက်မက်ဖွယ်ကောင်းသော စက်နှိုးသံကြီး ဟိန်းထွက်လာပြီး ရှေ့မှ G55 ကားကြီးက အမြောက်ဆံတစ်ပမာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။ လွင့်စင်လာသော ဖုန်တလုံးလုံးက နောက်မှလိုက်လာသည့် ကုန်တင်ကား၏ လေကာမှန်တစ်ခုလုံးကို မီးခိုးရောင်အဖြစ် ဖုံးလွှမ်းသွားတော့သည်။

အခန်း (၁၀၄) အမျိုးသမီး စစ်ဆရာဝန်

G55 ကား၏ ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ချူဟန်မှာ ကိုယ်နေဟန်ထားပင် သေချာမပြင်ရသေးချေ။ ပြင်းထန်သော အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိုင်ခုံကျောမှီနှင့် ဆောင့်မိသွားသည်။ မျက်စိရှေ့မှ ရှုခင်းများက ရူးသွပ်နေသော အရှိန်အဟုန်ဖြင့် နောက်သို့ ပြေးထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြန်နှုန်းပြဒိုင်ခွက်က တစ်နာရီလျှင် ကီလို မီတာ ၁၈၀ သို့ ရောက်ရှိသွားသည်။

ချူဟန်က ခေါင်းကို ရုတ်တရက် လှည့်ကာ ပိုင်ယွန့်အာကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ ဘေးတိုက်မျက်နှာလေးမှာ အလွန်တည်ငြိမ်နေပြီး မည်သည့်ခံစားချက်ကိုမျှ ဖတ်ရှု၍မရနိုင်ပေ။

"ဟိုဟာလေ... ဘယ်ဘက်ကဟာက ဘရိတ်လား"

ရုတ်တရက် မိန်းကလေး၏ ခပ်အေးအေး အသံလေး ထွက်ပေါ်လာသည်။

"ဟေ့... နောက်နေတာလား"

ချူဟန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။

"မင်း ကားမမောင်းတတ်ဘူးလား။ မမောင်းတတ်ဘဲနဲ့ ဘာလို့ စတီယာရင်ကို ကိုင်ရတာလဲ"

"ဝက်သား မစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးပါတယ်"

ပိုင်ယွန့်အာ၏ ဟန်ပန်မှာ အရင်အတိုင်း အေးစက်နေဆဲပင်။

"မြန်မြန် ဖြေစမ်းပါ။ ဒါက ဘရိတ်လား။ ဝင်တိုက်တော့မယ်နော်"

"နင်းလိုက်လေ"

ချူဟန်၏ အသံမှာ လုံးဝ ပြာယာခတ်နေလေပြီ။

"မဟုတ်သေးဘူး... အရူးမရဲ့။ ဖြည်းဖြည်းချင်း နင်းလို့ ပြောနေတာ"

ကျီ...

"ဟေ့ ဟေ့ ဟေ့... ဘယ်ကို... ညာဘက်ကို... ရပ် ရပ် ရပ်"

ဝုန်း... ဒိုင်း... ကျီ...

"တောက်..."

ထိုနေရာသည် မြို့ပြဆီသို့ ဦးတည်နေသော အဓိက ကားလမ်းမကြီး ဖြစ်သည်။ ကတ္တရာလမ်းမပေါ်တွင် ခြောက်သွေ့နေသော သွေးကွက်များက ကျယ်ပြန့်စွာ စွန်းထင်းနေပြီး ရှေ့ဘက်တွင် လဲကျနေသော သစ်ပင်ကြီးများက လမ်းကို ပိတ်ဆို့ထားသည်။ မီးရှို့ဖျက်ဆီးခံရမည့် အမှိုက်ပုံကြီးတစ်ခုပမာ ဖရိုဖရဲ ထပ်နေသည်။

လမ်းမပေါ်တွင် စွန့်ပစ်ထားသော ကားများ အစီအရီ ရှိနေသည်။ ကားဆယ်စီးကျော်ခန့် ဆင့်ကဲ ဝင်တိုက်ထားသော ယာဉ်တိုက်မှု အရာများကိုလည်း နေရာအနှံ့ တွေ့မြင်ရသည်။ ကားအတော်များများမှာ အရှေ့အနောက် ညပ်ကာ ပိပြားနေပြီး မူလအရွယ်အစား၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။ အဝေးသို့ လှမ်းကြည့်လိုက်လျှင် လမ်းမကြီးတစ်ခုလုံး ထိုကဲ့သို့သော အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။ ခြေလျင်လျှောက်ရန်ပင် ခက်ခဲလှရာ ကားဖြင့် ဖြတ်သန်းသွားရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ကားအများစု၏ အတွင်းပိုင်း၌ ဇွန်ဘီများ၏ ကိုက်ဖြတ်စားသောက်ခံထားရသဖြင့် မူလပုံပန်းသဏ္ဍာန် ပျောက်ကွယ်နေသော အကြွင်းအကျန်များနှင့် မံမီရုပ်အလောင်းများကဲ့သို့ ခြောက်သွေ့နေသော အလောင်းများ ကျန်ရစ်နေသည်။

ယနေ့သည် ဩဂုတ်လ ၂၁ ရက်နေ့ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီး စတင်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့လေပြီ။

ကားအချို့က တစ်တန်းတည်း မောင်းနှင်လာခဲ့သော်လည်း ဤပိတ်ဆို့မှုကို မြင်သောအခါ မလွှဲမရှောင်သာ ရပ်တန့်လိုက်ရသည်။ တံခါးပိတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး သတ္တိကောင်းသော အမျိုးသားအချို့က ကားပေါ်မှ ဦးစွာ ဆင်းလာကြသည်။ အခြေအနေကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

"လုံးဝ ပိတ်နေတာပဲ"

ထိုသို့ ရေရွတ်လိုက်သူမှာ အသက် ငါးဆယ်ဝန်းကျင်အရွယ် လူကြီးတစ်ဦး ဖြစ်သည်။ နာမည်မှာ ဟယ်ဖေးယွမ် ဟုခေါ်သည်။ အရောင်လွင့်နေသော စစ်ဝတ်စုံဟောင်းကို ဝတ်ဆင်ထားပြီး စနစ်ကျလွန်းသော သူ၏ ဟန်ပန်မှာ စစ်သားတစ်ဦး၏ ခိုင်မာတောင့်တင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဟယ်ဖေးယွမ်က မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး စွန့်ပစ်ကားများစွာဖြင့် ပိတ်ဆို့နေသော ရှေ့မှလမ်းမကြီးကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော စိုးရိမ်မှုများနှင့် စိတ်ပျက်မှုများ ပေါ်လွင်နေသည်။

"ကျက်သရေမရှိတဲ့ ကမ္ဘာပျက်ကပ်ကြီး။ ကီလိုမီတာ တစ်ရာလောက် ခရီးကို ဒီလောက် အချိန်အကြာကြီး ယူပြီးမှ မြို့အဝင်ဝကို ရောက်လာတာ... အခု ထပ်ပြီး ပိတ်မိနေပြန်ပြီ"

"မတတ်နိုင်ဘူးလေ။ တစ်စီးချင်းစီ ဘေးကို ဖယ်ထုတ်သွားရုံပဲ ရှိတော့တာပေါ့"

ထိုသို့ပြောကာ သူ့ကို နှစ်သိမ့်လိုက်သူမှာ အသက်သုံးဆယ်မပြည့်တပြည့်အရွယ် လုဟုန်ရှန်း အမည်ရသော အမျိုးသားတစ်ဦး ဖြစ်သည်။ အားကစားသမားဟောင်း တစ်ဦးဖြစ်သည့်အလျောက် အရပ်မြင့်မြင့်နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

"ရှီမြို့ထဲကို ဝင်ဖို့ဆိုရင် ဒီလမ်းကလွဲပြီး မရှိတော့ဘူးဗျ။ တခြားလမ်းကနေ ကွေ့သွားမယ်ဆိုရင်လည်း ဒီလိုပဲ ပိတ်နေဖို့ သေချာသလောက်ပဲ။ အခုချိန်ထိ ကျွန်တော်တို့ ဒီလိုအခြေအနေတွေချည်း ကြုံခဲ့ရတာပဲ မဟုတ်လား"

"ဟူး..."

ဟယ်ဖေးယွမ်က လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

"ငါ့ရဲ့ သားမိုက်လေးကော ဘေးကင်းပါ့မလား မသိဘူး"

"ဘေးကင်းမှာပါဗျ"

လုဟုန်ရှန်းက ဟယ်ဖေးယွမ်၏ ပခုံးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

"ဦးလေးရဲ့သားက ရှီမြို့ စစ်ဒေသမှာ တာဝန်ကျနေတာ မဟုတ်လား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေဒီယိုကနေ ကြေညာသွားတာမှာ စစ်တပ်စခန်းတွေက အလုံခြုံဆုံးလို့ ပြောသွားတယ်လေ"

ဟယ်ဖေးယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အခြားသူများကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"အားလုံး ကားပေါ်က ဆင်းကြ။ ဝိုင်းပြီး ဒီကားတွေကို ဖယ်ထုတ်ကြမယ်။ ညမတိုင်ခင် ရှီမြို့ထဲကို ဝင်ရမယ်"

"အရူးတွေပဲ။ ဒါကြောင့် တခြားလမ်းက သွားပါလို့ ပြောနေတာကို။ နည်းနည်းလေး ကွေ့သွားရုံနဲ့ သေမသွားပါဘူး"

ရုတ်တရက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော Land Rover ကားဘေးတွင် ခပ်စောင်းစောင်း ရပ်နေသူမှာ ခွမ်းကျိရန် ဟုခေါ်သော လူရွယ်တစ်ဦး ဖြစ်သည်။ သူက ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကို ခဲထားပြီး လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ကို အထင်အမြင်သေးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ခွမ်းကျိရန်... မင်း... ဘာသဘောနဲ့ ပြောတာလဲ"

လုဟုန်ရှန်းမှာ ဒေါသကြောင့် သွေးဆောင့်တက်သွားသည်။

"ပြောတဲ့အတိုင်းပဲလေ။ နားမလည်ဘူးလား။ ကြွက်သားတွေပဲ ရှိတဲ့ အရူးက ဦးနှောက်ထဲမှာလည်း ကြွက်သားတွေပဲ ရှိနေတာကိုး"

ခွမ်းကျိရန်က အင်္ကျီရင်ဘတ်ပေါ် ကျလာသော ဆေးလိပ်ပြာများကို ဖြည်းညင်းစွာ ခါချလိုက်သည်။ ထို့နောက် တန်ဖိုးကြီး နာရီပတ်ထားသော လက်ဖြင့် ဆေးလိပ်တိုကို ဘေးသို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။ အလုပ်ရှုပ်နေကြသော လူများကို လုံးဝ လျစ်လျူရှုလျက် ကားထဲသို့ အေးအေးလူလူ ဝင်ထိုင်လိုက်တော့သည်။

"ဒီကောင်... လွန်လွန်းနေပြီ"

လုဟုန်ရှန်း၏ မျက်လုံးများ နီရဲသွားပြီး တုတ်ခိုင်သော လက်မောင်းပေါ်၌ သွေးကြောများ ထောင်ထလာကာ ပြေးထိုးရန် ပြင်လိုက်သည်။ သို့သော် ယာဉ်မောင်းခုံတွင် ထိုင်နေသော ခွမ်းကျိရန်က အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ကားမှန်ပြတင်းပေါက်မှတစ်ဆင့် သူ့ကို လှောင်ပြောင်နေဆဲပင်။

"နေပါစေ"

ဟယ်ဖေးယွမ်က ကပျာကယာပင် လုဟုန်ရှန်း၏ လက်မောင်းကို ဆွဲကာ တားဆီးလိုက်သည်။

"ရှီမြို့ စစ်တပ်စခန်းကို ရောက်ရင် လူရှာဖို့ သူ့အဆက်အသွယ်တွေ လိုအပ်လိမ့်မယ်။ အခု ပြဿနာ မရှာပါနဲ့"

"တောက်... ဒေါသထွက်စရာကောင်းလိုက်တာ"

လုဟုန်ရှန်းက သွားကို ကျိတ်လိုက်သည်။

"ဘာအချိုးလဲဗျာ။ အဖေဖြစ်သူရဲ့ အရှိန်အဝါကို အသုံးချပြီး မိုက်ရိုင်းနေတာကို"

ဟယ်ဖေးယွမ်က မသိမသာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခွမ်းကျိရန်ကို မျက်လုံးထောင့်မှ ကြည့်ကာ ခေါင်းခါလိုက်ပြန်သည်။

သူနှင့် ခွမ်းကျိရန်တို့ ဆုံတွေ့ခဲ့သည်မှာ ရှီမြို့နှင့် နီးကပ်လာချိန်မှ ဖြစ်သည်။ ပထမဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က ခွမ်းကျိရန်တွင် ကိုယ်ရံတော် စစ်သားနှစ်ဦး ပါလာခဲ့သည်။ သို့သော် ဇွန်ဘီအုပ်၏ တိုက်ခိုက်မှုကို ခံရချိန်တွင် ထိုစစ်သားနှစ်ဦးစလုံး အသက်ပေးသွားခဲ့ရသည်။ ခွမ်းကျိရန်၏ ဖခင်မှာ ရှီမြို့စစ်ဒေသမှ ရာထူးကြီးအရာရှိတစ်ဦး ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဟယ်ဖေးယွမ်က သူ၏ ကိုယ်ရံတော်အဖြစ် ချက်ချင်း တာဝန်ယူပေးခဲ့သည်။ ဤအရာအားလုံးမှာ မိမိ၏ သားဖြစ်သူ ဟယ်ဖုန်း၏ အလုပ်အကိုင် ရာထူးအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဤအဖွဲ့သည် လူဦးရေ ငါးဆယ်ကျော်ပါဝင်သော အလယ်အလတ်စား အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော ဘဝမျိုး မဟုတ်သော်ငြား ဟယ်ဖေးယွမ်၏ စီမံအုပ်ချုပ်မှုအောက်တွင် အနည်းဆုံးတော့ အငတ်ဘေးနှင့် အအေးဒဏ်ကို မခံစားရချေ။ အဖွဲ့ဝင်အများစုမှာ လမ်းခရီးတစ်လျှောက် ဟယ်ဖေးယွမ် ကယ်ဆယ်ခဲ့သော လူငယ်အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။ သူတို့ကို ကယ်တင်ခဲ့ရသည့် အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ မိမိသားနှင့် ရွယ်တူ လူငယ်များကို တတ်နိုင်သမျှ ကူညီဖေးမပေးချင်သောကြောင့်ပင် ဖြစ်သည်။

စွန့်ပစ်ထားသော ကားများကို တစ်စီးပြီးတစ်စီး ဘေးသို့ ဖယ်ရှားနေကြသည်။ မွန်းလွဲပိုင်းက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ယခုဆိုလျှင် နာရီပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ လူဆယ်ဂဏန်းကျော်ခန့် ဝိုင်းဝန်းလုပ်ဆောင်နေကြသော်လည်း စစ်သားဟောင်းဖြစ်ကာ ခွန်အားကောင်းသော ဟယ်ဖေးယွမ်ပင်လျှင် ချွေးသီးချွေးပေါက်များ ကျလာပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။

အခြားတစ်ဖက်တွင်မူ ခွမ်းကျိရန်မှာ အစမှအဆုံးတိုင် ကားပေါ်မှ တစ်ကြိမ်မျှ ဆင်းမလာခဲ့ချေ။ ဆေးလိပ်ကို ခဲထားကာ လေအေးပေးစက် ဖွင့်ထားသော ကားထဲ၌ ဇိမ်ကျကျ ထိုင်ကြည့်နေရုံသာ ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားရသည့် အရိပ်အယောင်လေးမျှပင် မရှိပေ။ ဤအရာမှာ ဖြစ်သင့်ဖြစ်ထိုက်သည် ဟု သူက ယူဆထားပုံရသည်။

ဖခင်ဖြစ်သူမှာ စစ်တပ်၏ ရာထူးကြီးပိုင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် မင်းသားတစ်ပါးကဲ့သို့ ဆက်ဆံခံရခြင်းမှာ သဘာဝကျသော အခွင့်အရေးပင် မဟုတ်ပါလား။ ထို့အပြင် သူသည် စစ်တပ်၏ အရေးကြီး ကာကွယ်စောင့်ရှောက်ရမည့် စာရင်းထဲတွင် ပါဝင်နေသည်။ စစ်တပ်က သူ့ကို ကယ်ဆယ်ရန် တပ်ဖွဲ့များကို အဆက်မပြတ် စေလွှတ်လာမည်မှာ သေချာသည်။ သူ၏ အသက်အတွက် စစ်သားများ အသေခံသွားရခြင်းကိုလည်း ဂရုစိုက်နေမည် မဟုတ်ပေ။ ဤကမ္ဘာပျက်ကပ်ကြီးကို သူ မကြောက်ရွံ့ခဲ့ချေ။ အနည်းဆုံးတော့ ဤတစ်လတာ ကာလအတွင်း သူ၏ ဘေးပတ်လည်၌ အသားတုံး ဒိုင်းကာ များ အမြဲတမ်း ရှိနေခဲ့သည် မဟုတ်ပါလား။

"အား... အား..."

ရုတ်တရက် အမျိုးသမီးတစ်ဦး၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ နောက်ဘက်တွင် ရပ်ထားသော ပစ်ကပ်ကားထဲမှ ဖြစ်သည်။

"ဘာဖြစ်တာလဲ"

ဟယ်ဖေးယွမ် မျက်နှာပျက်သွားပြီး အလန့်တကြား ပြေးသွားလိုက်သည်။

" ခွေးမ...ဆူညံလိုက်တာ"

ခွမ်းကျိရန်က ကားပြတင်းပေါက်ကို ဖွင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဆေးလိပ်တိုကို အပြင်သို့ အားပါပါ လွှင့်ပစ်လိုက်သည်။

"ဘာတွေ ဖြစ်နေကြတာလဲ... ဒီလောက် အသံကျယ်ကြီး အော်နေရင် ဇွန်ဘီတွေ ရောက်လာတော့မှာပေါ့ကွ"

"ဦးလေးဟယ်..."

ပစ်ကပ်ကားပေါ်မှ စစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ခုန်ဆင်းလာသည်။ စိုးရိမ်ပြာယာခတ်နေသော မျက်နှာဖြင့် ခပ်သုတ်သုတ် ပြေးလာသည်။ သံလွင်စိမ်းရောင် စစ်သုံးရှပ်အင်္ကျီက သူမ၏ ဖွံ့ဖြိုးသော ရင်သားအလှကို ပိုမို ပေါ်လွင်စေသည်။

"ဗိုက်နာလာပြီတဲ့"

"အခုလား"

ဟယ်ဖေးယွမ် အသက်ရှူမှားသွားသည်။ အခြေအနေကို သွားကြည့်ရန် ပြင်လိုက်သော်လည်း ယောကျ်ားတစ်ယောက် ဝင်ရောက်ရန် မသင့်တော်သော နေရာဖြစ်ကြောင်း သတိရသွားသည်။ သူက ထိုအမျိုးသမီးကို လှမ်းအော်လိုက်သည်။

"ယွီရှင်း... မင်းက စစ်ဆရာဝန်ပဲ။ ကိစ္စရပ်တွေကို မင်းပဲ တာဝန်ယူလိုက်တော့။ လိုအပ်တာရှိရင် ဘာမဆို ပြော"

"ဟုတ်ကဲ့"

လူငယ် အမျိုးသမီးစစ်ဆရာဝန်လေး ယွီရှင်းက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး ခပ်မြန်မြန် ပြောလိုက်သည်။

"ဆေးပစ္စည်း ကိရိယာတွေ မလုံလောက်ဘူး။ ရေထဲမှာ မွေးတဲ့နည်းနဲ့ပဲ အဆင်ပြေအောင် လုပ်ရမယ်။ သန့်ရှင်းတဲ့ ရေသန့်ဘူးတွေ စုပေးပါ။ တတ်နိုင်သမျှ အများဆုံးနော်"

All Chapters