အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း (၁၀၅) တဖြည်းဖြည်း နီးကပ်လာသော အရိပ်အယောင်
"ကြားတယ်မလား။ မြန်မြန်လုပ်ကြ။ ကုန်တင်ကားနောက်ခန်းထဲက ရေသန့်ဘူးတွေ အကုန်လုံး သယ်ချလာခဲ့"
ဟယ်ဖေးယွမ်က ပြာယာခတ်နေသော အသံဖြင့် အမိန့်ပေးလိုက်ပြီးနောက် ချက်ချင်း နောက်လှည့်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"သမီး ယွီရှင်း... တခြား လိုအပ်တာရှိရင် ချက်ချင်းပြော။ အရေးပေါ်အခြေအနေဆိုရင် ဘာမှ နှမြောနေစရာ မလိုဘူး "
"ဟုတ်ကဲ့"
အမျိုးသမီး စစ်ဆရာဝန်လေးက နဖူးမှ ချွေးများကို သုတ်လိုက်လျက် အနောက်ဘက်ရှိ ပစ်ကပ်ကားဆီသို့ ခပ်သုတ်သုတ် ပြေးသွားလေသည်။
ကားနောက်ခန်းထဲရှိ မွေ့ရာပေါ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လဲလျောင်းနေပြီး ချွေးများ ရေစီးသလို ကျကာ နာကျင်စွာ အော်ဟစ်နေသည်။ သူမ၏ ဘေးတွင် မျက်မှန်အထူကြီး တပ်ထားသော အမျိုးသားတစ်ဦးက သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အလွန်အမင်း စိုးရိမ်ပြာယာခတ်နေသော မျက်နှာဖြင့် စောင့်ကြည့်နေသည်။ သူ၏ တစ်ကိုယ်လုံးတွင်လည်း ချွေးများ ရွှဲနစ်နေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မတူဘဲ ထိုချွေးများမှာ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများကြောင့် ထွက်ပေါ်နေခြင်းသာ ဖြစ်သည်။
အမျိုးသမီး စစ်ဆရာဝန်လေးက စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အဖြူရောင် ဆေးဘက်ဆိုင်ရာ လက်အိတ်များကို စွပ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
"ကျန်းဇို... ကားပေါ်က ဆင်းပေးပါ။ ရှင် ဒီမှာရှိနေရင် ကျွန်မ အလုပ်လုပ်ရတာ အနှောင့်အယှက် ဖြစ်နေလို့ပါ"
ကျန်းဇို ဟုခေါ်သော လူရွယ်မှာ တုန်ယင်နေသော လက်များကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ထူထဲသော မှန်ဘီလူးနောက်ကွယ်ရှိ သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
" ဒေါက်တာ ရှန်ကွမ်း... ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီမှာပဲ နေခွင့်ပြုပါဗျာ။ မိန်းမဘေးမှာ နေပေးချင်လို့ပါ"
"တောင်းပန်ပါတယ်ရှင်။ ရှင် ဒီမှာ နေလို့ မရပါဘူး"
စစ်ဆရာဝန်လေး၏ မျက်ဝန်းများက ထူးထူးခြားခြား အေးစက်တည်ကြည်နေသည်။
"တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် ကူညီပေးပါ့မယ်။ လုံးဝ အနှောင့်အယှက် မပေးပါဘူး"
ကျန်းဇိုက ဇနီးသည်၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း အသနားခံလိုက်သည်။
" ဒေါက်တာရှန်ကွမ်းယွီရှင်း... ခင်ဗျား သဘောကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျေးဇူးပြုပြီး မိန်းမဘေးမှာ နေခွင့်ပြုပါဗျာ"
"ဒီမှာ ရှင့်အတွက် နေရာ မရှိဘူး။ ရှင့်မိန်းမကို မသေစေချင်ရင် အခုချက်ချင်း ဆင်းသွားစမ်း"
အမျိုးသမီး စစ်ဆရာဝန်လေးက မညှာမတာ အော်ဟစ်လိုက်သည်။ ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ကူညီရန် ရောက်လာကြသော အမျိုးသမီးအချို့ကို လှမ်း၍ ညွှန်ကြားလိုက်သည်။
"သူ့ကို အပြင် ဆွဲထုတ်သွားကြစမ်း"
အမျိုးသမီးအချို့က ကျန်းဇိုအား ကားနောက်ခန်းထဲမှ အတင်းအဓမ္မ ဆွဲထုတ်သွားကြလေသည်။ ထိုအချိန်အတွင်း ကားထဲ၌ လဲလျောင်းနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ နာကျင်လွန်းသဖြင့် သတိလစ်တော့မတတ် ဖြစ်နေသည်။ ဤကဲ့သို့သော အချိန်ကာလ၊ ဤမျှ ဆိုးရွားလှသော ပတ်ဝန်းကျင် အခြေအနေမျိုး၌ ကလေးမွေးဖွားရမည် ဖြစ်ရာ ရှန်ကွမ်းယွီရှင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များဖြင့် ချွေးစေးများပင် ပြန်နေလေပြီ။
ယေဘုယျ တွက်ချက်မှုများအရ ဆိုရလျှင် မိခင် သို့မဟုတ် ကလေး... အနည်းဆုံး တစ်ယောက်တော့ အသက်ဆုံးရှုံးရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
"ရေတွေ ယူလာပြီဟေ့"
ထိုစဉ် အပြင်ဘက်မှ ဟယ်ဖေးယွမ်၏ ပြာယာခတ်နေသော အသံ ထွက်ပေါ်လာသည်။
"အဲဒီ ဇလုံထဲကို လောင်းထည့်လိုက်"
ရှန်ကွမ်းယွီရှင်းက ဘေးပတ်လည်ရှိ လူများကို ညွှန်ကြားလိုက်သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အခြေအနေကိုတော့ တစ်စက္ကန့်မျှပင် မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ သူမက ကိုယ်ဝန်ဆောင် အမျိုးသမီး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ လေသံမှာလည်း မသိမသာပင် စစ်သားတစ်ဦး၏ ပြတ်သားသော ဟန်ပန်သို့ ပြောင်းလဲသွားလေသည်။
"သေချာနားထောင်။ အခု ကျွန်မတို့ဆီမှာ ဆေးပစ္စည်းတွေ မရှိဘူး။ ရေနွေးလည်း တည်လို့ မရဘူး။ ရေအေးထဲမှာပဲ မွေးရလိမ့်မယ်။ စကားပြောနိုင်သေးရင် ပြန်ဖြေပါ။ အခု ချက်ချင်း စတော့မယ်"
"က... ကလေးကို... ကယ်ပေးပါ..."
ကိုယ်ဝန်ဆောင် အမျိုးသမီးက ခန္ဓာကိုယ်ရှိ အားအင်အားလုံးကို စုစည်းကာ တစ်လုံးချင်း အားယူ၍ ပြောလိုက်သည်။
ရှန်ကွမ်းယွီရှင်း၏ ပြတ်သားသော မျက်ဝန်းများပင် ရုတ်တရက် နီရဲသွားရသည်။ သူမက ရင်ထဲတွင် ဆို့နင့်လာသော ဝမ်းနည်းမှုများကို အတင်းဖိနှိပ်လိုက်ပြီး ကလေးမွေးဖွားရန် ပြင်ဆင်မှုများကို စတင်လိုက်တော့သည်။
ကားအပြင်ဘက် လွတ်လပ်သော နေရာတွင် ကျန်းဇိုတစ်ယောက် မီးပူတိုက်ခံထားရသော ပုရွက်ဆိတ်တစ်ကောင်ပမာ ဂဏာမငြိမ်ဘဲ ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ပါးစပ်မှလည်း တစ်စုံတစ်ရာကို တတွတ်တွတ် ရေရွတ်နေသည်။
"ရေနွေး... ရေနွေး မရှိဘူး... ထုံးအစိမ်း... စောစောက အမြန်လမ်းမပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဖြတ်လာခဲ့တာပဲ... ကီလိုမီတာ သုံးဆယ်လောက် အကွာမှာလေ။ အဲဒီမှာ ထုံးအစိမ်းတွေ ရှိတယ်။ ဘာလို့ နည်းနည်းလေးမှ ယူမလာခဲ့ရတာလဲ။ ဘာဖြစ်လို့လဲ။ တောက်... နည်းနည်းလေးသာ ရှိခဲ့ရင်တောင် ရေနွေး လုပ်လို့ ရနေပြီကိုကွာ"
ထုံးအစိမ်းသည် ရေနှင့်ထိတွေ့ပါက ပြင်းထန်စွာ ဆူပွက်ပြီး အပူရှိန်အလွန်ထွက်တတ်သဖြင့် အရေးပေါ်အခြေအနေတွင် မီးမလိုဘဲ ရေနွေးဖျော်ရန် သုံးနိုင်သည်ကို သူ သိနေသည်။
ထိုသို့ပြောရင်း မိမိ၏ ဆံပင်များကို ရူးသွပ်နေသူတစ်ဦးပမာ အတင်း ဆွဲဖွနေလေသည်။ မိမိကိုယ်ကို အပြစ်တင်မှုနှင့် နောင်တတရားများက သူ့အား နက်ရှိုင်းလှသော မျှော်လင့်ချက် ကင်းမဲ့ခြင်း ချောက်ကမ်းပါးဆီသို့ ဆွဲချသွားတော့သည်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရတော့မည့်အလား ခံစားနေရသော စွမ်းဆောင်ရည်မဲ့မှုများကြောင့် သူသည် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး ကျသွားသည်။
ဘုန်း...
ရုတ်တရက် သူက ကြမ်းပြင်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
"ဒီလောက် အများကြီး စာတွေသင်လာခဲ့တာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ နောက်ဆုံးတော့ ဘာမှ လုပ်မပေးနိုင်ဘူးလေ။ ဓာတုဗေဒကို လေ့လာခဲ့ပေမဲ့ ကိုယ့်မိန်းမနဲ့ ကလေးကိုတောင် မကာကွယ်ပေးနိုင်ဘူး"
"မင်းပြောတာ မှန်တယ်"
ရုတ်တရက် ဒေါသသံပါနေသော ခွမ်းကျိရန်၏ အသံ ထွက်ပေါ်လာသည်။
သူက ဇလုံကြီးထဲသို့ တဖွဲဖွဲ လောင်းထည့်နေသော ရေသန့်ဘူးများကို လက်ညှိုးထိုးကာ မျက်နှာကို ခက်ထန်စွာ ရှုံ့မဲ့လိုက်သည်။
"ဘယ်သူက ရေတွေကို သုံးခွင့်ပေးလိုက်တာလဲ။ အခုက သောက်ရေတောင် လုံလောက်အောင် မရှိတဲ့ အခြေအနေကွ။ အဲဒါကို ဒီလောက် တန်ဖိုးရှိတဲ့ရေတွေကို ဇလုံထဲ လောင်းထည့်နေတယ်ပေါ့လေ"
"ရဲဘော် ခွမ်းကျိရန်"
ဟယ်ဖေးယွမ်က အနီးသို့ ရောက်လာပြီး ဒေါသကို မြိုသိပ်ကာ ပြောလိုက်သည်။
"အခုက ကိုယ်ဝန်ဆောင် တစ်ယောက်ရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာလေ။ မလွှဲမရှောင်သာလို့ လုပ်ရတာပါ"
"ချီးကို မလွှဲမရှောင်သာတာလား"
ခွမ်းကျိရန်က မြေပြင်ပေါ်သို့ တံတွေး ထွေးချလိုက်သည်။
"ငါ အစကတည်းက ပြောခဲ့သားပဲ။ ဗိုက်ကြီးသည်ကို ခေါ်မလာသင့်ဘူးလို့။ ထင်တဲ့အတိုင်းပဲ ဒီလိုဖြစ်လာပြီလေ... ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ခရီးနှောင့်နှေးရတဲ့အပြင် ဒီလိုနေရာမျိုးမှာ ကလေးမွေးမယ်တဲ့လား"
"မင်းပါးစပ်ပိတ်ထားစမ်း"
လုဟုန်ရှန်းက အော်ဟစ်လိုက်သည်။
"မင်းအတွက် သောက်ရေ ဖယ်ထားပြီးသား။ မဆိုင်တဲ့လူက ဝင်မပါနဲ့"
"ဟက်..."
ခွမ်းကျိရန်က လှောင်ပြုံး ပြုံးလိုက်ပြီး လုဟုန်ရှန်းအား ခေါင်းမှ ခြေဖျားအထိ အထင်အမြင်သေးစွာ အကဲခတ်ကြည့်လိုက်သည်။
"မင်း ငါ့ကို ဒီလို လေသံမျိုးနဲ့ ပြောရဲတယ်ပေါ့လေ။ ငါ့အဖေက ဘယ်သူလဲဆိုတာ သိလျက်နဲ့ ပြောနေတာမလား"
"တော်ကြတော့... အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း"
ရုတ်တရက် ကျန်းဇို၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။ သာမန်အချိန်များ၌ တွေ့ရလေ့ရှိသော သဘောကောင်းသည့် စာပေပညာရှင်တစ်ဦး၏ အသွင်အပြင်မျိုး လုံးဝ မရှိတော့ဘဲ ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်ပမာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ငါ့မိန်းမနဲ့ ကလေးကို ငါ ကယ်မယ်။ လာနှောင့်ယှက်တဲ့ကောင်က ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်မယ်"
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဒေါသအဟုန်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ မိုးကြိုးပစ်မည်ကိုပင် မကြောက်တတ်သော ခွမ်းကျိရန်ပင်လျှင် ကျန်းဇို၏ အလွန်အမင်း ပြင်းထန်လှသော ခြိမ်းခြောက်မှုအောက်၌ အနည်းငယ် လန့်သွားရသည်။ အမြဲတမ်း ငြိမ်ငြိမ်ဆိမ်ဆိမ် နေတတ်သော စာဂျပိုး ကျန်းဇို၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားသဖြင့် မည်သူကမျှ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
ဝူး... ဝူး...
အဖွဲ့တစ်ခုလုံး၏ လေထုမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေချိန်တွင်။
အဝေးဆီမှ နားကွဲမတတ် ကျယ်လောင်လှသော ကားအင်ဂျင်သံကြီး ဟိန်းထွက်လာသည်။ ထို့နောက် မူလပုံပန်းသဏ္ဍာန် ပျောက်ကွယ်သည်အထိ အကြီးအကျယ် ပြုပြင်မွမ်းမံထားသော ဧရာမ ကားကြီးနှစ်စီးက အရှိန်အဟုန်ပြင်းစွာဖြင့် ဤဘက်သို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုရူးသွပ်လုမတတ် မြန်ဆန်လှသော အရှိန်ကြောင့် လမ်းမပေါ်၌ ပြည့်နှက်နေသော ကားတန်းကြီးကို တိုက်ရိုက် ဝင်တိုက်တော့မည့်အလား ထင်မှတ်ရလေသည်။
"အမလေး..."
"ဝါး... ကယ်ကြပါဦး"
လူအများအပြားမှာ အကြောက်လွန်သွားကြပြီး ပင့်ကူအုပ်ကြီး ကွဲသွားသည့်အလား ဟိုဟိုဒီဒီ ထွက်ပြေးကြတော့သည်။ ရေသယ်နေသော လူအချို့မှာလည်း ထိတ်လန့်လွန်းသဖြင့် လက်ထဲမှ ရေသန့်ဘူးဖာများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ ကုန်တင်ကားဘေးတွင် ရပ်နေသော ကျန်းဇို၊ ဟယ်ဖေးယွမ်နှင့် ခွမ်းကျိရန်တို့ သုံးယောက်စလုံးမှာလည်း ကျောချမ်းသွားကြသည်။ ဟယ်ဖေးယွမ်က အလန့်တကြား လက်နှစ်ဖက်ကို မြှောက်ကာ အသံကုန် အော်ဟစ်လိုက်သည်။
"ရပ်... ရပ်... လူတွေ ရှိတယ်ဟေ့... ကားကို ရပ်လိုက်"
သို့သော် ပြေးဝင်လာသော ကားနှစ်စီးမှာ အရှိန်လျှော့မည့် အရိပ်အယောင် လုံးဝ မပြချေ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို ထိန်းသိမ်းထားလျက် သူတို့ကို လာတိုက်တော့မည့်အလား တဟုန်ထိုး နီးကပ်လာလေပြီ။ ခွမ်းကျိရန်၏ ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားတော့သည်။ သူ ရပ်နေသော နေရာမှာ ပြေးဝင်လာသော ကားနှစ်စီးနှင့် ကလေးမွေးနေသည့် ကုန်တင်ကားကြား တည့်တည့်တွင် ဖြစ်သည်။ သံချပ်ကာများ တပ်ဆင်ထားသော လမ်းကြမ်းသုံး ကားကြီးက သူ၏ နှာခေါင်းဝသို့ပင် ရောက်ရှိနေလေပြီ။
'မဖြစ်ဘူး... ငါ မသေချင်သေးဘူး'
ရုတ်တရက် ခွမ်းကျိရန်က ဘေးနားရှိ ကျန်းဇို၏ လက်မောင်းကို ဆွဲကာ မိမိအတွက် ဒိုင်းကာအဖြစ် အသုံးပြုရန် ရှေ့သို့ တွန်းထုတ်လိုက်သည်။
'ဒီကောင်ကို အစား အတိုက်ခံခိုင်းလိုက်မယ်။ ဒီ စာဂျပိုးကောင် သေသွားတာပဲ ကောင်းတယ်။ ငါ့ကို ဒီလို လာစော်ကားတဲ့ အပြစ်ပဲ'
မမျှော်လင့်ဘဲ အရှေ့သို့ တွန်းထုတ်ခံလိုက်ရသော ကျန်းဇို ခေါင်းမော့ကြည့်လိုက်ချိန်တွင် မျက်စိရှေ့၌ ပြေးဝင်လာသော ဧရာမ လမ်းကြမ်းသုံး ကားကြီးက သူ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုကားကြီး၏ ကြီးမားလှသော အရွယ်အစားနှင့် ဖိအားများက သူ့အား အရိပ်အယောင်ပင် မကျန်တော့သည်အထိ ကြိတ်ချေပစ်တော့မည့်အလားပင် ဖြစ်သည်။
ကျွီ... ကျွီ...
နားစည်ကွဲမတတ် ပြင်းထန်လှသော ဘရိတ်ဆောင့်အုပ်သံကြီး ဟိန်းထွက်လာသည်။
ကားနှစ်စီးစလုံးမှာ ကျန်းဇို၏ မျက်စိရှေ့ တစ်မီတာပင် မပြည့်သော အကွာအဝေး၌ ချက်ချင်းဆိုသလို ထိုးရပ်သွားလေသည်။ ကတ္တရာလမ်းမပေါ်တွင် မည်းနက်စွာ လောင်ကျွမ်းနေသော တာယာရာ အနက်ကြီးများ ထင်ကျန်ရစ်တော့သည်။ ကျန်းဇိုမှာ ချွေးအေးများ ရေစီးသလို ကျဆင်းနေသည်။ ဘာလုပ်ရမည်နည်း၊ ဘာပြောရမည်နည်း ဆိုတာကိုပင် သူမသိတော့ချေ။ ရင်ထဲတွင် တင်းကျပ်နေသော ကြိုးတစ်ချောင်းက အမြင့်ဆုံး အခြေအနေအထိ ဆွဲဆန့်ခံလိုက်ရပြီး ယခုပင် ပြတ်တောက်သွားတော့မည့်အလား။
ခွမ်းကျိရန်မှာ ခြေထောက်နှစ်ဖက်လုံး တဆတ်ဆတ် တုန်ယင်နေပြီး စဉ်းစားနိုင်စွမ်းများ လုံးဝ ရပ်တန့်နေလေပြီ။ ဟယ်ဖေးယွမ်မှာလည်း အကြောက်တရားကြောင့် အသက်ရှူမှားသွားရသည်။ သူတို့၏ အကြည့်အောက်၌ ဂျလောက်... ဂျလောက်... ဟူသော တံခါးဖွင့်သံ နှစ်ချက် ထွက်ပေါ်လာပြီး ရှေ့ဆုံးကားပေါ်မှ လူငယ် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ဆင်းလာကြသည်။
တစ်ချိန်တည်းမှာပင် နောက်မှလိုက်လာသော အဖြူရောင် ကုန်တင်ကား၏ မှန်ပြတင်းပေါက် ကျသွားပြီး ကြည့်ရဆိုးလောက်အောင် ဝဖြိုးနေသော လူတစ်ယောက်က ခေါင်းပြူလာသည်။ သူ၏ ပါးစပ်ထဲတွင် ဘဲတောင်ပံ တစ်ခုကို ခဲထားသည်။ ယာဉ်မောင်းဘေးခုံတွင်မူ ဆွဲဆောင်မှုရှိသော မိန်းမချောလေး တစ်ဦး ထိုင်နေပြီး နောက်ခန်းထဲမှ ကလေးမလေး တစ်ယောက်ကလည်း စိတ်ဝင်တစားဖြင့် ခေါင်းပြူကြည့်နေလေသည်။
"ဟေ့ကောင်... သောက်ရူး... စောစောက သူ့ကို ရှေ့တွန်းထုတ်လိုက်တာ မင်းမလား။ မင်း ဦးနှောက် ပျက်နေတာလား"
အခန်း (၁၀၆) အရူးငါးကောင်လား
ဟယ်ဖေးယွမ် အပါအဝင် ထိုနေရာရှိ လူအားလုံးမှာ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။ အကြီးအကျယ် ပြုပြင်မွမ်းမံထားသော ဧရာမ ကားကြီးနှစ်စီး၏ ကြီးမားလှသော အရွယ်အစားထက် သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာ ထိုကားများပေါ်မှ ဆင်းလာသော လူများပင် ဖြစ်သည်။
"တောက်..."
လူအတော်များများက မဆဲဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
"ဒါက ဘာတွေလဲဟ..."
"နောက်ထပ် အမှိုက်တွေ ရောက်လာပြန်ပြီ"
ထိုသို့ လှောင်ပြောင်သံများလည်း ထွက်ပေါ်လာသည်။ ယင်းမှာ ဟယ်ဖေးယွမ်က အမြဲတမ်း အားနည်းသူများကို ကာကွယ်ပေးလေ့ရှိသည်ကို မကျေနပ်သော သူများထံမှ ဖြစ်သည်။ ထိုစကားများကြောင့် ဟယ်ဖေးယွမ်မှာ မျက်နှာပူသွားရသည်။ သို့သော် ထိုသူများ ပြောသည်ကလည်း မမှားပေ။ အသစ်ရောက်လာသော ဤလူစုကို ကြည့်ရသည်မှာ တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိပုံပေါ်သည်။ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်၊ အစားမက်သော ဝက်တုတ်တစ်ယောက်၊ လှပသော မိန်းမချောလေး နှစ်ယောက်နှင့် ကလေးမလေး တစ်ယောက်။ စုစုပေါင်း ငါးယောက်။
မည်သူကမှ ကိုယ်တိုင် ဇွန်ဘီများကို ရင်ဆိုင်တိုက်ခိုက်နိုင်မည့်ပုံ မပေါ်ချေ။ ပုဆိန်တစ်လက်ကိုပင် နိုင်အောင် ကိုင်နိုင်ပါမည်လား။ လူများ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်ပေါက်လာကြသည်။ သူတို့က အားနာခြင်း၊ စာနာခြင်း လုံးဝ မရှိဘဲ ချူဟန်တို့ကို အထင်အမြင်သေးစွာဖြင့် စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေကြသည်။
'ဒီငါးယောက်က ဒီအထိ ဘယ်လိုရောက်လာတာလဲ။ သတ္တိကလည်း သောက်ရမ်းကောင်းတာပဲ'
'ဒီလောက် အားနည်းတဲ့ပုံစံနဲ့ အခုချိန်ထိ အသက်ရှင်နေတာ ကံကောင်းလွန်းလို့ပဲ ဖြစ်ရမယ်။ ဒီလို ကားကြီးတွေကိုတောင် ရထားသေးတယ်ဆိုတော့ ကံကောင်းတယ် ဆိုတာထက်တောင် ပိုသေးတယ်'
'ဒါပေမဲ့ အဲဒီ မိန်းမချောလေး နှစ်ယောက်က ဘာလို့ ဒီလောက် အားနည်းတဲ့ကောင်တွေနဲ့ အတူတူ ရှိနေရတာလဲ'
ကားပေါ်မှ ဆင်းလာသော ချူဟန်ကမူ မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ချေ။ချန်ရှောက်ရယ်လို ဒေါသတကြီး ဖြစ်မနေဘဲ မျက်မှောက်ရှိ လူစုကို လုံးဝ လျစ်လျူရှုလျက် ရှေ့မှ ပိတ်ဆို့နေသော လမ်းမကြီးကိုသာ ကြည့်ကာ မကျေမနပ် မျက်မှောင်ကြုတ်နေလေသည်။ ရှေ့ဆက်သွားမည့်လမ်းမှာ လုံးဝ ပိတ်ဆို့နေသည်။
အပျက်အစီးများကို ဖယ်ရှားနေသည်မှာ တစ်ဝက်ခန့်သာ ပြီးစီးသေးပြီး နေရာအနှံ့တွင် စွန့်ပစ်ကားများနှင့် သစ်ပင်သစ်ကိုင်းများ ပြန့်ကျဲနေသဖြင့် အတင်းအဓမ္မ ဖြတ်သန်းသွားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ လမ်းက တစ်လမ်းတည်းသာ ရှိသည်။ မြန်မြန် ဖယ်ရှားမည်လား၊ သို့မဟုတ် အခြားလမ်းမှ ကွေ့သွားမည်လား။ ရွေးချယ်စရာ နှစ်ခုသာ ရှိလေသည်။ ချူဟန်က မျက်လုံးကို ကျဉ်းမြောင်းကာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
ဤလူစုမှာ အလွန်အမင်း စိုးရိမ်ပြာယာခတ်နေပြီး အကြောက်လွန်နေပုံရသည်။ ဟယ်ဖေးယွမ်က သူ့ရှေ့မှ လူငယ်ကို အလိုအလျောက် စိုက်ကြည့်နေမိသည်။ ပိန်သွယ်သော လက်မောင်းနှင့် ခြေထောက်များ။ အရင်က သူနေထိုင်ရာ တိုက်ခန်းရှေ့တွင် မုန့်လာရောင်းတတ်ပြီး လှည်းကိုပင် နိုင်အောင် မတွန်းနိုင်သော အားနည်းသည့် လူငယ်လေးများကို သွား၍ သတိရမိသည်။ သို့သော် ထိုသို့သော ရုပ်ရည်မျိုးရှိသည့် လူငယ်က ယခုလေးတင် အလွန်အမင်း အန္တရာယ်များလှသော ဘရိတ်အုပ်မှုကို ပြုလုပ်သွားခဲ့သည် မဟုတ်ပါလား။
ဟယ်ဖေးယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ တကယ်ပါပဲ။ အခုခေတ် လူငယ်တွေက အမြဲတမ်း ဇွတ်တရွတ် လုပ်တတ်ကြတယ်။ စတီယာရင်ကို နည်းနည်းလေး မှားကွေ့လိုက်တာနဲ့ အကြီးအကျယ် ယာဉ်တိုက်မှု ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီလူငယ်က ကံအရမ်းကောင်းပုံရတယ်။ အဲဒီလို အန္တရာယ်များလွန်းတဲ့ အခြေအနေမှာ ကားကို အတိအကျ ရပ်တန့်နိုင်ခဲ့တာကိုး။ လက်ရှိ ဟယ်ဖေးယွမ်မှာ အများကြီး စဉ်းစားနေရန် အချိန်မရှိသဖြင့် ဒီလူငယ်က ကံအရမ်းကောင်းတာပဲ ဟုသာ မှတ်ယူလိုက်တော့သည်။
"ဟေ့ကောင်တွေ... မင်းတို့ ဘာလုပ်တာလဲ"
သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်သော လုဟုန်ရှန်းက သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ချူဟန်ရှေ့တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"မင်းတို့ ငါတို့ကို တိုက်သတ်တော့မလို့ လုပ်နေတာ မသိဘူးလား"
ထိုအော်သံကြောင့် အသိပြန်ဝင်လာသော ချူဟန်က အရပ် နှစ်မီတာနီးပါး မြင့်သော ထိုလူထွားကြီးကို ခပ်အေးအေး တစ်ချက်ကြည့်လိုက်သည်။ သို့သော် တကယ်ကို တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်ပြီး လုံးဝ စိတ်ဝင်စားမှု မရှိသည့်အလား ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အလား ရှေ့သို့ နှစ်လှမ်း တိုးလိုက်ပြီး လုဟုန်ရှန်း၏ ဘေးမှ ဖြတ်သွားလေသည်။ သူ၏ ခြေလှမ်းများတွင် တုံ့ဆိုင်းမှု လုံးဝ မရှိဘဲ ထိုလူထွားကြီးကို လေဟာနယ်တစ်ခုပမာ လျစ်လျူရှုသွားခြင်းပင် ဖြစ်သည်။
ဘေးတွင် ရပ်နေသော ပိုင်ယွန့်အာမှာလည်း လုဟုန်ရှန်းထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ချွေးနံ့ကို ကာကွယ်ရန် နှာခေါင်းကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ကွယ်လိုက်ရုံသာ ပြုလုပ်လေသည်။ လုဟုန်ရှန်းမှာ မူလကတည်းက ခွမ်းကျိရန်၏ ရိုင်းစိုင်းသော အပြုအမူများကြောင့် ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။ ယခု ချူဟန်၏ လုံးဝ လျစ်လျူရှုမှုနှင့် ပိုင်ယွန့်အာ၏ ရွံရှာသော အမူအရာတို့ကို မြင်လိုက်ရချိန်တွင် သူ၏ ဒေါသများက ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။ ဧရာမ ခန္ဓာကိုယ်ကြီးကို အရှိန်ဖြင့် လှည့်လိုက်ပြီး ဝေးကွာသွားပြီဖြစ်သော ချူဟန်၏ ကျောပြင်ကို လှမ်း၍ အော်ဟစ်လိုက်သည်။
"ဟေ့ကောင်... ရပ်လိုက်စမ်း"
ချူဟန်၏ ခြေလှမ်းများက ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မရှိချေ။ အေးအေးလူလူပင် ရှေ့ဆက်လျှောက်နေပြီး နောက်လှည့်ကြည့်ရန်ပင် မကြိုးစားခဲ့ပေ။
"မင်း သေချင်နေတာလား"
လုဟုန်ရှန်းက လက်ထဲရှိ ရေသန့်ဘူးကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး ခြေနှစ်လှမ်း သုံးလှမ်းခန့်ဖြင့် ချူဟန်အနီးသို့ ပြေးသွားကာ ထိုးကြိတ်ရန် ပြင်လိုက်သည်။
"မလုပ်နဲ့... စိတ်လိုက်မာန်ပါ မလုပ်နဲ့"
ဟယ်ဖေးယွမ်က အလန့်တကြား ရှေ့သို့ ခုန်ထွက်လာပြီး သူ့ကို အားကုန်သုံးကာ နောက်မှ ဖက်၍ တားဆီးလိုက်သည်။
"လူငယ်တွေက ရိုင်းစိုင်းတာ အဆန်းမှ မဟုတ်တာ။ သူတို့က အထက်တန်းကျောင်းသား ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားလေးတွေပဲ ရှိဦးမှာပါ။ နည်းနည်းလောက် သည်းခံလိုက်ပါ။ အခုက ပြဿနာ ရှာနေရမယ့် အချိန်မဟုတ်ဘူးလေ။ ကျန်းဇိုရဲ့ မိန်းမက အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေသေးတယ်"
လုဟုန်ရှန်းက ဟယ်ဖေးယွမ်၏ လက်များကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြုတ်ချလိုက်ပြီး အသက်ကို ပြင်းပြင်း နှစ်ချက်ခန့် ရှူသွင်းလိုက်သည်။ ထို့နောက် ချူဟန်၏ ပိန်သွယ်သော လက်မောင်းနှင့် ခြေထောက်များကို အကဲခတ်ကြည့်လိုက်ပြီး ဟယ်ဖေးယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်သာ တစ်ချက်ထိုးလိုက်ရင် အဲဒီ ပိန်ပိန်ပါးပါး ကောင်လေး အရိုးတွေတောင် ကျိုးသွားမှာ သေချာတယ်။ အဲဒီလို ပိန်ပိန်လေးနဲ့ ဒီနေ့အထိ ဘယ်လို အသက်ရှင်နေတာလဲ မသိဘူး။ ဇွန်ဘီတွေ ဆွဲဖြဲတာ မခံရတာ ကံကောင်းပဲ"
"ထားလိုက်ပါတော့"
ဟယ်ဖေးယွမ်က သက်ပြင်းချလိုက်ပြီး ချူဟန်၏ ကျောပြင်ကို လွမ်းဆွတ်တမ်းတနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သူကလည်း ငါ့သားနဲ့ ရွယ်တူလောက်ပါပဲ"
လူအားလုံး၏ စိတ်ခံစားမှုများ ပြန်လည် တည်ငြိမ်သွားပြီး အလုပ်ပြန်စရန် ပြင်လိုက်ချိန်မှာပင်။ ကလေးမွေးဖွားနေသော ပစ်ကပ်ကား၏ တံခါးက ဘုန်းခနဲ အကြမ်းပတမ်း ပွင့်လာသည်။ အထဲမှ ထွက်လာသူမှာ ရှန်ကွမ်းယွီရှင်း ဖြစ်သည်။
သူမ ဝတ်ဆင်ထားသော စစ်ဆရာဝန် ယူနီဖောင်းမှာ တွန့်ကြေနေပြီး မျက်နှာပေါ်တွင်လည်း ပြင်းထန်လှသော အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။ သူမ၏ အနောက်ဘက်မှ ကြက်သီးမွေးညင်းထဖွယ် နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် မွန်းကြပ်ဖွယ်ကောင်းသော သွေးနံ့များကလည်း အပြင်ဘက်သို့ လှိုင်လှိုင်ထွက်ပေါ်လာသည်။ ကားအတွင်းပိုင်း၏ ရှုပ်ထွေးမှုနှင့် အခြေအနေ မည်မျှ အရေးပေါ်နေကြောင်းကို ထင်ရှားစွာ သိနိုင်ပေသည်။
"တိတ်တိတ်နေပါလို့ ပြောထားတယ်လေ။ တောင်းထားတဲ့ ရေတွေ အခုထိ မရောက်သေးဘူးလား"
ရှန်ကွမ်းယွီရှင်း၏ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
သွေးများ စွန်းထင်းနေသော အဖြူရောင် လက်အိတ်များကို စွပ်ထားဆဲဖြစ်သော သူမက အပြင်ဘက်ရှိ ပရမ်းပတာ မြင်ကွင်းကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
သူစိမ်း ငါးယောက်။ အသိဉာဏ်မဲ့စွာ ဝင်ရောက်လာသော ကားနှစ်စီး။ ထို့အပြင် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ရေသန့်ဘူးများ။ အချို့မှာ အရှိန်ကြောင့် အဖုံးများပင် ပွင့်ထွက်နေပြီး တန်ဖိုးရှိလှသော သောက်ရေများ လုံးဝ အလဟဿ ဖြစ်သွားရလေပြီ။ မိုးထိမတတ် ဒေါသအဟုန်က ရှန်ကွမ်းယွီရှင်း၏ ခေါင်းထိပ်အထိ ဆောင့်တက်သွားတော့သည်။ သူမ၏ အသံမှာ ရေခဲမှတ်အောက် ရောက်သွားသည့်အလား အလွန်အမင်း အေးစက်နေသည်။
"ဒါက ဘာဖြစ်တာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြလို့ ရမလား"
"အို..."
ရုတ်တရက် ကုန်တင်ကား ယာဉ်မောင်းခုံတွင် ထိုင်နေသော ချန်ရှောက်ရယ်က ရှန်ကွမ်းယွီရှင်းအား ခေါင်းအစ ခြေအဆုံး သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီးနောက် လေချွန်သံ တစ်ချက် ထွက်ပေါ်လာသည်။
"အမျိုးသမီး စစ်ဆရာဝန်လေး ပါလား။ ကလေးမွေးနေတာလား"
ရှန်ကွမ်းယွီရှင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။
သူမသည် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ...
ဒိုင်း...
ရုတ်တရက် သေနတ်သံ ဟိန်းထွက်လာသည်။
ခွမ်း...
ကုန်တင်ကား၏ ဘေးကြည့်မှန်မှာ တစ်စစီ ကွဲအက်သွားတော့သည်။
ရှန်ကွမ်းယွီရှင်း၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ သွေးများ စွန်းထင်းနေသော အဖြူရောင် လက်အိတ်ဖြင့် သေနတ်ကို ချိန်ရွယ်ထားရင်း အေးစက်စွာ ပြောလိုက်သည်။
"ဒီ ဝက်တုတ်... နောက်တစ်ခါ ထပ်ပြောရဲပြောကြည့်"
"အမလေး..."
"သေနတ်ပစ်လိုက်ပြီဟေ့"
လူအတော်များများမှာ အကြောက်တရားကြောင့် ဖင်ထိုင်ကျသွားကြသည်။ ရှန်ကွမ်းယွီရှင်း၏ အသိပေးခြင်းမရှိဘဲ ရုတ်တရက် ပစ်ခတ်လိုက်မှုကြောင့် သူတို့၏ နှလုံးသားများပင် ရပ်တန့်သွားမတတ် ဖြစ်သွားကြသည်။
သို့သော် မမျှော်လင့်ထားသောအရာမှာ...
"ငါက ဘာလုပ်လို့လဲ။ အစ်မက လှတယ်လို့ ချီးကျူးတာတောင် မရဘူးလား"
ချန်ရှောက်ရယ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့သည့် အရိပ်အယောင် မပြခဲ့ချေ။ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် လက်ထဲရှိ ဘဲတောင်ပံကိုသာ ဆက်လက်၍ အားရပါးရ ကိုက်စားနေလေတော့သည်။ ယာဉ်မောင်းဘေးခုံမှ ရှန်ကျိုတီမှာလည်း မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲမသွားချေ။ ထိုမျှမက အေးအေးလူလူပင် လက်ကိုင်မှန်လေးကို ထုတ်ကာ မိမိကိုယ်ကိုယ် အလှပြင်နေသေးသည်။
နောက်ခန်းမှ လော့ရှောင်ရှောင် ဆိုလျှင်တော့ ပြောစရာပင် မလိုတော့။ ကလေးမလေးက နေကြာစေ့များကို တောက်တောက်မြည်အောင် ခွာစားနေလေသည်။ ရှေ့ကားပေါ်မှ ပိုင်ယွန့်အာသည်လည်း ရှန်ကွမ်းယွီရှင်းကို ခပ်အေးအေး တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာလွှဲသွားတော့သည်။ ချူဟန်ဆိုလျှင် နောက်လှည့်ကြည့်ရန်ပင် မကြိုးစားခဲ့ချေ။ သေနတ်သံကို လုံးဝ မကြားလိုက်ရသည့်အလားပင်။
ထိုငါးယောက်၏ အလွန်အမင်း ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကြောင့် ထိုနေရာရှိ လူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
'ဒီကောင်တွေ... အရူးငါးကောင်များလား'
"အလုပ်ဆက်လုပ်ကြ... ရေတွေ အကုန်လုံး ဒီဘက်ကို သယ်လာခဲ့"
ဟယ်ဖေးယွမ် အသိပြန်ဝင်လာပြီး လူများကို စနစ်တကျ ပြန်လည် ညွှန်ကြားလိုက်သည်။ ရှန်ကွမ်းယွီရှင်းက ချန်ရှောက်ရယ်ကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အသစ်ရောက်လာသော လူငါးယောက်ကို ဝေ့ဝဲကြည့်လိုက်သည်။ ပိန်သွယ်သော ချူဟန်နှင့် အလွန်လှပသော မိန်းမချောလေး နှစ်ယောက်။ သူတို့ကို မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲ၌ ပြင်းထန်လှသော ဒေါသများ ပွက်ပွက်ဆူလာတော့သည်။
'နောက်ထပ် ထမင်းပဲစားဖို့ တတ်တဲ့ အသုံးမကျတဲ့ အမှိုက်တွေ ရောက်လာပြန်ပြီပေါ့'