← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) မင်းကို အရင်သတ်မယ်

ဟယ်ဖေးယွမ်၏ ညွှန်ကြားမှုအောက်တွင် လူတစ်စုမှာ တစ်ဖန် ပြန်လည်၍ စနစ်တကျ အလုပ်လုပ်လာကြသည်။ လမ်းပေါ်မှ အတားအဆီးများကို ဖယ်ရှားသူများက ဖယ်ရှားကြပြီး၊ ရှန်ကွမ်းယွီရှင်း ကလေးမွေးရာတွင် ကူညီရန် အမျိုးသမီးများကလည်း စုဝေးရောက်ရှိလာကြသည်။ ကမ္ဘာပျက်ကပ်ကြီး၏ ထွက်ပြေးလွတ်မြောက်ရေး ခရီးစဉ်အတွင်း ရုတ်တရက် ကလေးမွေးဖွားခြင်းမှာ စကားလုံးအစစ်အမှန်အတိုင်းပင် တစ်စက္ကန့်မျှပင် အချိန်မဆိုင်းသင့်သော အလွန်အန္တရာယ်များသည့် အခြေအနေ ဖြစ်သည်။

ကုန်တင်ကားနောက်ခန်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ စူးရှသော အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ကျန်းဇိုမှာ ကားနောက်ခန်း၏ တံခါးဘောင်ကို သေမတတ် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ရေချိုးထားသည့်အလား ချွေးများဖြင့် ရွှဲနစ်ကာ တောင့်တင်းနေလေသည်။ စောစောက သေနတ်သံကြောင့် ကြက်သေသေနေသော ခွမ်းကျိရန်မှာလည်း အသိပြန်ဝင်လာသည်။

သူက ခေါင်းကိုခါယမ်းကာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤမျှ မြင့်မြတ်လှသော အဆင့်အတန်းရှိသည့် သူ့အား ထိုလူစုက လုံးဝ လျစ်လျူရှုသွားသည့်အပြင် ကားဖြင့်ပါ တိုက်သတ်တော့မည့် အခြေအနေကို သူ လုံးဝ လက်မခံနိုင်ချေ။

"အား... အား"

ကားနောက်ခန်းမှ ထွက်ပေါ်လာသော နာကျင်စွာ အော်ဟစ်သံများမှာ ငရဲပြည်မှ မိစ္ဆာတစ်ကောင်အလား ကြက်သီးမွေးညင်းထဖွယ် ကောင်းလှသည်။ ထိုအချိန်မှာပင် လူအချို့က ရေများ သယ်ဆောင်လာကြသည်။ ရေသန့်ဘူးများကို တစ်ခုပြီးတစ်ခု ဖွင့်ကာ ဇလုံကြီးထဲသို့ လောင်းထည့်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဇလုံအပြည့် ရေများ ပြည့်သွားတော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ခွမ်းကျိရန်၏ မျက်နှာမှာ ဒေါသကြောင့် အရုပ်ဆိုးစွာ ရှုံ့မဲ့သွားသည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သေချာ ရေမချိုးရသေးချေ။

သို့ပါလျက်နှင့် ဤအောက်တန်းစား အမှိုက်ကောင်တွေကများ...

ဒုန်း...

မည်သည့် သတိပေးချက်မျှ မရှိဘဲ ခွမ်းကျိရန်က သူ့ရှေ့ရှိ ရေဇလုံကို အားပါပါ ကန်လိုက်သည်။

ဗွမ်း...

ရေအများအပြားမှာ မြေပြင်ပေါ်သို့ ဖိတ်စင်သွားပြီး ဘေးတွင် ရပ်နေသော ကျန်းဇို၏ တစ်ကိုယ်လုံးသို့ ရွှံ့ရေများ စင်သွားတော့သည်။

"မင်းတို့အကုန်လုံး... အခုချက်ချင်း ထွက်သွားကြစမ်း"

ခွမ်းကျိရန်က ရုတ်တရက် အသံကုန် အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲရေ ပက်ခံလိုက်ရသည့်အလား တိတ်ဆိတ်သွားလေသည်။

"မင်း ဘာလုပ်တာလဲ"

အခြေအနေကို သိရှိသွားသော ဟယ်ဖေးယွမ်က မျက်နှာတစ်ခုလုံး နီရဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းကို ဝင်ကူညီဖို့ မတောင်းဆိုဘူး။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ ရိုင်းစိုင်းမနေနဲ့"

"ငါက ရိုင်းစိုင်းတယ်"

ခွမ်းကျိရန်က မောက်မာသော မျက်နှာဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး ကားနောက်ခန်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီးကို လက်ညှိုးထိုးပြကာ ဘေးပတ်လည်ရှိ လူငယ်များကို တစ်ယောက်ချင်းစီ လက်ညှိုးထိုးပြလိုက်သည်။

"မင်း အခုထိ ဘာတွေလုပ်နေလဲဆိုတာ သေချာကြည့်စမ်း။ ဒီလို အသုံးမကျတဲ့ အမှိုက်ကောင်တွေကို လိုက်ကောက်ပြီး အချိန်တွေ၊ ရိက္ခာတွေ ဖြုန်းတီးနေတယ်။ အခုလည်း ငါ ရေချိုးဖို့သုံးရမယ့် ရေတွေကို အသက် ကယ်ဖို့ဆိုပြီး သုံးနေတယ်ပေါ့လေ။ အခုက ကမ္ဘာပျက်ကပ်ကြီးဟ။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေဆိုတာ အရင်ဆုံး သေသင့်တဲ့ကောင်တွေပဲ။ အသက်ရှင်ထားပေးလို့ရော ဘာအသုံးကျမှာမို့လို့လဲ။ ဒီကောင်တွေသာ မပါရင် ငါက ရှီမြို့ စစ်ဒေသထဲကို ရောက်ပြီး ဇိမ်ကျနေလောက်ပြီ။ ငါ့ကို တစ်ခုခုဖြစ်ရင် မင်း တာဝန်ယူနိုင်လား"

ခွမ်းကျိရန်၏ ဆင်ခြင်တုံတရား ကင်းမဲ့လှသော စကားများကြောင့် ဘေးပတ်လည်ရှိ လူများမှာ ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူသည် အာဏာရှိသူတစ်ဦး၏ သားဖြစ်ပြီး အမြဲတမ်း မောက်မာစွာ ပြုမူတတ်ကြောင်း လူတိုင်း သိထားကြသည်။ သို့သော် ဤမျှလောက်အထိ လူ့ဂုဏ်သိက္ခာကို စော်ကားသော စကားမျိုးကို တိုက်ရိုက် ပြောထွက်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြချေ။

အခွင့်ထူးခံ လူတန်းစား ဟုတ်လား။

ခွမ်းကျိရန်က လူတစ်ယောက်ဆိုလျှင် သူတို့အားလုံးက လူမဟုတ်ဘူးဟု ပြောချင်တာလား။ ယခုလေးတင် မွေးဖွားလာတော့မည့် ကလေးငယ်နှင့် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသော ကိုယ်ဝန်ဆောင် အမျိုးသမီးကရော လူမဟုတ်ဘူးလား။ ရူးသွပ်နေသည်မှာ ကမ္ဘာကြီးသာဖြစ်ပြီး လူသားများ မဟုတ်ချေ။

ကျန်းဇို၏ မျက်မှန်အထူကြီးနောက်ကွယ်မှ မျက်ဝန်းများတွင် စူးရှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။

သူက လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဒေါသကို အတင်းဖိနှိပ်ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။ သူ၏ ရင်ထဲတွင် ပြင်းထန်သော မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်များက လှိုင်းလုံးကြီးများပမာ ရိုက်ခတ်နေသည်။ သူ၏ ဇနီးနှင့် ကလေးသာ အန္တရာယ်ရှိသော အခြေအနေတွင် မရှိနေပါက စိတ်လိုက်မာန်ပါဖြင့် မည်သည့်အရာများ လုပ်မိမည်ကို သူကိုယ်တိုင်ပင် မသိနိုင်ချေ။ ကျန်းဇိုက စကားတစ်ခွန်းမျှ မဟဘဲ ရှေ့သို့ လျှောက်သွားကာ မှောက်ကျနေသော ရေဇလုံကို ပြန်တည့်လိုက်ပြီး ဘေးတွင် ကျန်ရှိနေသော မဖောက်ရသေးသည့် ရေသန့်ဘူးများကို ဂရုတစိုက် လောင်းထည့်နေလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ခွမ်းကျိရန်၏ မျက်ဝန်းများ၌ ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

ဘုန်း...

သူက မညှာမတာပင် ဆောင့်ကန်လိုက်ရာ ပိန်ပိန်ပါးပါး စာဂျပိုးလေး ကျန်းဇိုမှာ အဝေးသို့ လွင့်စင်သွားတော့သည်။

"ဘယ်သူက ရေသုံးခွင့်ပေးလို့လဲ။ ဗိုက်ကြီးသည်ကို ခေါ်လာတာ တကယ် အလုပ်ရှုပ်တဲ့ ကောင်တွေပဲ"

ခွမ်းကျိရန်က အပြစ်ရှိသလို အနည်းငယ်မျှပင် မခံစားရဘဲ တံတွေးထွေးချလိုက်သည်။

"မင်း... လွန်လွန်းနေပြီနော်"

လုဟုန်ရှန်းမှာ သည်းမခံနိုင်တော့ဘဲ ဧရာမ ခန္ဓာကိုယ်ကြီးကို ယိမ်းထိုးကာ မတ်တတ်ရပ်လိုက်သည်။"ရေက မလောက်ပါဘူးဆိုနေမှ မင်း... မင်းက..."

"ငါက ဘာဖြစ်လဲ"

ခွမ်းကျိရန်က သူ့ရှေ့မှ လူထွားကြီးကို လှောင်ပြောင်သော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

"ရေမလောက်ဘူးဆိုတာ သိလျက်နဲ့ ကိုယ်ဝန်ဆောင်အတွက် ဘာလို့ ဖြုန်းတီးနေရတာလဲ။ အစကတည်းက ပြောပြီးသားလေ။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေကို ထားခဲ့သင့်တယ်လို့"

"ဟေ့ကောင်လေး..."

လုဟုန်ရှန်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"ငါ မင်းကို မထိုးရဲဘူးလို့ ထင်နေတာလား။ မင်းလို ခပ်ပျော့ပျော့ ကောင်မျိုးကို လက်တစ်ဖက်တည်းနဲ့ ညှစ်သတ်လို့ရတယ်ကွ"

တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်နေချိန်တွင် ခွမ်းကျိရန်က ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ ထိုလက်ထဲတွင် သေနတ်တစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဖြစ်လေသည်။ ဘေးတွင် မျက်မှောင်ကြုတ်နေသော ဟယ်ဖေးယွမ်မှာ ကျန်းဇိုနှင့်အတူ ကလေးမွေးရန် လိုအပ်သော ရေများကို ဆက်လက် ပြင်ဆင်နေသည်။ ကလေးမွေးဖွားရာတွင် သန့်ရှင်းသော ရေများ အကြိမ်ကြိမ် လဲလှယ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

"ကျွတ်... ကျွတ်... ကျွတ်..."

တင်းမာနေသော လေထုထဲတွင် ကလေးမလေး တစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ လော့ရှောင်ရှောင်က ကားပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"တကယ် အဓိပ္ပာယ်မရှိတဲ့ ပြဇာတ်ကြီးပဲ။ ဒီကောင်တွေ အကုန်လုံး အရူးတွေလား"

အံ့အားသင့်မှုနှင့် နားမလည်နိုင်မှုများ ရောယှက်နေသော မျက်နှာအမူအရာများ လူအများအပြား၏ မျက်နှာပေါ်တွင် ပေါ်လာကြသည်။ သူတို့က လော့ရှောင်ရှောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ဤမျှ သေးငယ်သော ကလေးမလေးက မည်သို့လုပ် ဤမျှ ရင့်ကျက်ပြီး ရိုင်းစိုင်းသော စကားမျိုးကို ပြောထွက်ရသနည်း။ ကလေးဆိုတော့လည်း အခြေအနေ ဘယ်လောက် ဆိုးရွားနေလဲဆိုတာကို နားမလည်တာ ဖြစ်မည်။

"ဟေ့... ကလေးမလေး။ အဲဒီလောက်ကြီးလည်း မပြောပါနဲ့ကွာ"

ချန်ရှောက်ရယ်ကလည်း ကျွတ် ခနဲ စုပ်သပ်လိုက်ပြီး ဝင်ပြောလိုက်သည်။

"သူတို့အချင်းချင်း ပြဿနာဖြစ်နေတာ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ။ ကွင်းပြင်မှာ ကလေးမွေးတာရယ်၊ စည်းလုံးမှုမရှိတဲ့ အဖွဲ့ရယ်၊ မောက်မာတဲ့ သူဌေးသားရယ်၊ ပျောက်ဆုံးနေတဲ့ လူ့သဘောသဘာဝရယ်... အင်းလေ... ဒါကမှ ဘော့စ် ပြောတဲ့ ကမ္ဘာပျက်ကပ်ကြီး ဆိုတာပဲပေါ့"

"မင်းတို့ကောင်တွေ... သေချင်နေတာလား"

လုဟုန်ရှန်းက အရှိန်ဖြင့် နောက်လှည့်ကာ ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အသစ်ရောက်လာတဲ့ ကောင်တွေ... ပါးစပ်ပိတ်ထားစမ်း"

ဟယ်ဖေးယွမ်က ချန်ရှောက်ရယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ စားကြွင်းစားကျန်အဖြစ် ပစ်ချထားသော ဘဲတောင်ပံ အရိုးများကို မြင်သောအခါ မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီလို ရိက္ခာတွေကို ဖြုန်းတီးနေရင် နောက်ကျရင် ဒုက္ခရောက်လိမ့်မယ်"

"ဟင်..."

ချန်ရှောက်ရယ်က ဂရုမစိုက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အကြံပုပ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည့် ခွမ်းကျိရန်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒုက္ခရောက်မှာက ခင်ဗျားတို့ မဟုတ်ဘူးလား"

"ဒီ ဝက်တုတ်ကတော့..."

ခွမ်းကျိရန်၏ မျက်လုံးများက အေးစက်စွာ ကျဉ်းမြောင်းသွားသည်။

"ဘာအစွမ်းအစမှ မရှိတဲ့ အမှိုက်ကောင်က ပါးစပ်ပိတ်ထားစမ်း။ ခေါင်းကို ဖောက်ပစ်လိုက်မယ်"

"ထပ်ပြီးတော့လား"

စောစောက ရှန်ကွမ်းယွီရှင်း ရုတ်တရက် သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည်ကို သတိရသွားပြီး ချန်ရှောက်ရယ်၏ ရင်ထဲတွင် မနှစ်မြို့မှုများ ဖြစ်ပေါ်လာသည်။

"ဒီကောင်တွေ အကုန်လုံးက တကယ့် အရူးတွေချည်းပဲ"

"ဒီ အမှိုက်ကောင်ကတော့... ငါ့ကို ဒီလိုစကားမျိုး ပြောရဲတာ အလကားနေရင်း လွှတ်ပေးမယ် ထင်နေလား။ ငါက ဘယ်သူလဲဆိုတာ မသိဘူးလား"

ခွမ်းကျိရန်က ချန်ရှောက်ရယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"အပြောခံရမှာပေါ့"

လော့ရှောင်ရှောင်က တစ်ဖက်လူ၏ နောက်ခံကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

"ရှင့်ကိုယ်ရှင် ဘာကောင် မှတ်နေလို့လဲ။ အရမ်း အရေးပါနေတယ် ထင်နေတာလား"

လော့ရှောင်ရှောင် အကြောက်ဆုံးအရာမှာ ရာထူးအဆင့်အတန်း ဖြင့် အနိုင်ကျင့်ခံရခြင်း ဖြစ်သည်။ သူမ၏ မိသားစု နောက်ခံအရဆိုလျှင် စစ်တပ်အရာရှိများနှင့် ထိတွေ့ဆက်ဆံရခြင်းမှာ နေ့စဉ်နှင့်အမျှ ဖြစ်သည်။ ဘေးတွင်ရှိသော ရှန်ကျိုတီ၏ မိသားစုနောက်ခံမှာ ခွမ်းကျိရန် လုံးဝ ယှဉ်၍မရနိုင်သော ဩဇာတိက္ကမ ရှိသော မိသားစုဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ ရှန်ကျင်းစစ်ဒေသ၏ အချက်အချာကျသော နောက်ခံရှိကြပြီး ဤဒေသခံ ရှီမြို့စစ်ဒေသနှင့်ဆိုလျှင် မိုးနှင့်မြေပမာ ကွာခြားလှသည်။ စစ်တပ်၏ ကာကွယ်စောင့်ရှောက်ရမည့် စာရင်းထဲတွင် ပါဝင်နေလျှင်တောင်မှ ခွမ်းကျိရန်မှာ အနိမ့်ဆုံး အဆင့်တွင်သာ ရှိပေမည်။

"ကမ္ဘာပျက်ကပ်ကြီးမှာ ကလေးတွေကို အကုန်သတ်ပစ်သင့်တာကွာ"

ခွမ်းကျိရန်က အိတ်ကပ်ထဲမှ လက်ကို အရှိန်ဖြင့် ဆွဲထုတ်လိုက်သည်။ ထိုလက်ထဲတွင် ငွေရောင် တောက်ပနေသော သေနတ်ငယ်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ချလောက် ဟူသော ကျည်တင်သံ ထွက်ပေါ်လာသည်။

"ပါးစပ်အရမ်း သွက်နေတဲ့ မင်းကို အရင်သတ်မယ်။ ဒါမှ မင်းတို့အကုန်လုံး ကိုယ့်အဆင့်ကိုယ် သိသွားမှာ"

"ခွမ်းကျိရန်... မလုပ်နဲ့"

ဟယ်ဖေးယွမ်မှာ ချွေးအေးများ စီးကျလာပြီး ကျောချမ်းသွားရသည်။ ခွမ်းကျိရန်တွင် သေနတ်တစ်လက် ဖုံးကွယ်ထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ပတ်ဝန်းကျင်ရှိ လူများမှာလည်း အကြောက်တရားကြောင့် နောက်သို့ ဆုတ်သွားကြသည်။ ဤအဖွဲ့တွင် စစ်သားများနှင့် စစ်ဆရာဝန်များ ပါဝင်သော်လည်း သာမန်အရပ်သားများကို သေနတ် ကိုင်ဆောင်ခွင့် မပေးထားချေ။ ကျည်ဆန်များ ရှားပါးနေခြင်းကြောင့်လည်း ဖြစ်နိုင်သော်လည်း အဓိက အကြောင်းရင်းမှာ ဤသို့ ပြဿနာများ ဖြစ်ပွားချိန်တွင် သွေးထွက်သံယိုမှုများ မဖြစ်စေရန် တားဆီးလိုခြင်းကြောင့် ဖြစ်သည်။

ကျန်းဇိုမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး စောစောက သူ ဒေါသတကြီး မတုံ့ပြန်ခဲ့မိသည်ကို အလွန် ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ အကယ်၍ သူသာ ဝင်လုံးမိခဲ့ပါက ဇနီးဖြစ်သူမှာ ပို၍ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားပေမည်။

လုဟုန်ရှန်းမှာလည်း အံ့အားသင့်စွာ မျက်လုံးပြူးသွားတော့သည်။ ဟယ်ဖေးယွမ်က သူ့နှင့် ခွမ်းကျိရန်တို့ ပြဿနာဖြစ်သည်ကို ဘာကြောင့် အတင်း ဝင်ဆွဲနေရသလဲဆိုသည့် အကြောင်းရင်းကို ယခုမှပင် သဘောပေါက်သွားလေသည်။

ဤခွေးကောင်က နောက်ဆုံး လက်နက်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ စစ်တပ်အရာရှိများ၏ သားသမီးများမှာ သာမန်အရပ်သားများထက် သေနတ်ကိုင်တွယ်ရာတွင် ပို၍ ကျွမ်းကျင်ကြသည်။ လူအတော်များများ၏ နှလုံးသားများ ရပ်တန့်သွားမတတ် ဖြစ်သွားကြသည်။

လော့ရှောင်ရှောင်မှာ ပြောဆိုရိုင်းစိုင်းသော်လည်း အလွန် ချစ်စရာကောင်းသော ကလေးမလေးတစ်ဦး ဖြစ်သည်မှာ ငြင်းမရချေ။ ဤမျှ အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦး သွေးအိုင်ထဲတွင် လဲကျသွားမည့် မြင်ကွင်းကို မည်သူကမျှ မတွေးရဲကြပေ။

အခန်း (၁၀၈) အစ်ကိုကြီး

အမျိုးသမီးများမှာ ထိုနေရာမှ အကြည့်လွှဲသွားကြသည်။ မိမိတို့၏ သားသမီးများကို လော့ရှောင်ရှောင်၏ နေရာတွင် အစားထိုး မြင်ယောင်မိလိုက်သည့်အခါ သူတို့၏ မိခင်စိတ်များမှာ လှုပ်ရှားသွားရတော့သည်။ ဟယ်ဖေးယွမ်က အလန့်တကြား တားဆီးလိုက်ချိန်တွင် အချိန်နှောင်းသွားခဲ့လေပြီ။

ခွမ်းကျိရန်က တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သည်။ သေနတ်ပြောင်းဝမှာ ချန်ရှောက်ရယ်၏ ဘေးတွင် ရှိနေသော လော့ရှောင်ရှောင်ထံသို့ တိုက်ရိုက် ချိန်ရွယ်ထားခြင်း ဖြစ်သည်။

ဒိုင်း...

သေနတ်ပြောင်းဝမှ ကျည်ဆန် ပစ်လွှတ်လိုက်ပြီး ချလောက် ဟူသော အသံနှင့်အတူ ကျည်ခွံလွတ်တစ်ခု လွင့်စင်ထွက်သွားသည်။

ချက်ချင်းဆိုသလိုပင်...

ဒိုင်း...

မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ ဒုတိယမြောက် သေနတ်သံကြီး ဟိန်းထွက်လာသည်။ ချန်ရှောက်ရယ်၏ လက်ထဲရှိ ရိုင်ဖယ်သေနတ်ပြောင်းဝမှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်နေသည်။ သို့သော် အားလုံး ထင်မှတ်ထားသလို ကျည်ဆံ အသားထဲ ဖောက်ဝင်သည့် အသံမျိုး၊ သွေးများ ပန်းထွက်လာမည့် ကြေကွဲဖွယ် မြင်ကွင်းမျိုးလည်း ဖြစ်မလာခဲ့ပေ။ အခြေအနေများက သူတို့၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။

ကျည်ဆန်နှစ်တောင့်မှာ လေထဲတွင် ထိပ်တိုက် ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းမှာ တိုက်ဆိုင်မှုကြောင့် လမ်းကြောင်းတူသွားခြင်းလား၊ သို့မဟုတ် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော နတ်ဘုရားတစ်ပါး၏ စွမ်းရည်မျိုးလား ဆိုသည်ကို မည်သူကမျှ မသိနိုင်ချေ။ ချွင်း... ဟူသော ပြင်းထန်လှသည့် သတ္တုချင်း ရိုက်ခတ်သံကြီးနှင့်အတူ လေထဲတွင် မီးပွားများ လွင့်စင်သွားပြီး ကျည်ဆန်နှစ်တောင့် ထိပ်တိုက် ရင်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။ လူအတော်များများ၏ ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားတော့သည်။

ခွမ်းကျိရန် ပစ်လိုက်သော ကျည်ဆန်ကို ချန်ရှောက်ရယ်က ကျည်ဆန်ဖြင့် ပြန်လည် ပစ်ချလိုက်သည်တဲ့လား။

'ဟား... နောက်နေတာလား။ ရုပ်ရှင်ထဲမှာမှ မဟုတ်တာ။ ကျည်ဆန်ဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အရှိန်နဲ့ သွားတာကို ဘယ်လိုလုပ် မြင်ပြီး ပစ်ချလိုက်တာလဲ'

ထို့အပြင် ချန်ရှောက်ရယ်၏ အလွန်အမင်း မြန်ဆန်လှသော တုံ့ပြန်နိုင်စွမ်းကရော ဘာကို ဆိုလိုတာလဲ။ သူ သေနတ်ထုတ်လိုက်သည်မှာ ခွမ်းကျိရန်ထက် နောက်ကျသည်မှာ သေချာလှသည်။ ဘယ်လိုလုပ်ပြီး အချိန်မီ ပစ်ခတ်နိုင်ခဲ့သနည်း။ ဟယ်ဖေးယွမ်မှာ လုံးဝ ကြက်သေသေနေလေပြီ။

စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့သော သူ့အနေဖြင့် ဤအရာမှာ သိပ္ပံနည်းကျ မဖြစ်နိုင်ကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ လုဟုန်ရှန်းမှာလည်း မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။ သူ၏ မျက်စိရှေ့တွင် ပြုံးစိစိ လုပ်နေသော လော့ရှောင်ရှောင်နှင့် လက်တစ်ဖက်က သေနတ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဘဲတောင်ပံကို ကိုက်စားနေဆဲဖြစ်သော ဝက်တုတ်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

'ဒါ... ဒါက လူတွေ လုပ်နိုင်တဲ့ အလုပ်မျိုးလား'

သူတို့ စဉ်းစားနိုင်စွမ်းများ ရပ်တန့်သွားသည်မှာ မျက်စိတစ်မှိတ်စာ အချိန်လေးသာ ဖြစ်သည်။ လေထဲတွင် ထိပ်တိုက် ရိုက်ခတ်သွားသော ကျည်ဆန်နှစ်တောင့်မှာ ရွှီး ဟူသော စူးရှသည့် အသံနှင့်အတူ လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းများဆီသို့ လွင့်စင်ထွက်သွားတော့သည်။

လမ်းကြောင်း နှစ်ခု ကွဲထွက်သွားသည်။

တစ်တောင့်မှာ ခွမ်းကျိရန် ပစ်လိုက်သော ကျည်ဆန် ဖြစ်သည်။ ချန်ရှောက်ရယ်၏ ကျည်ဆန်ကြောင့် အရှိန်အဟုန် အကြီးအကျယ် လျော့ကျသွားပြီး စကားတစ်ခွန်းမျှ မဟဘဲ ရပ်နေသော ပိုင်ယွန့်အာထံသို့ တရွေ့ရွေ့ လွင့်ပျံသွားလေသည်။

"သတိထား"

ဟယ်ဖေးယွမ်က အလန့်တကြား အော်ဟစ်လိုက်သော်လည်း အချိန်မမီတော့ချေ။ သူ အော်လိုက်ချိန်မှာပင်...

ဒုတ်...

ကျည်ဆန်မှာ ပိုင်ယွန့်အာ၏ နောက်ကျောဘက်ရှိ သစ်ပင်ခြောက်ကြီးတွင် နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။ မိန်းကလေးက ခေါင်းကို ဘယ်ဘက်သို့ အနည်းငယ်မျှသာ စောင်းလိုက်ခြင်း ဖြစ်သည်။ ကျည်ဆန် ဖြတ်သန်းသွားသော လေတိုက်ခတ်မှုကြောင့် သူမ၏ ရှည်လျားသော ဆံနွယ်များက လေထဲတွင် လွင့်ဝဲသွားသည်။ ရေခဲတမျှ အေးစက်ကြည်လင်သော သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်မှု အနည်းငယ်မျှပင် မရှိဘဲ အရှိန်လျော့နေသော ကျည်ဆန်ကို ခေါင်းစောင်းကာ ရှောင်တိမ်း သွားခဲ့ခြင်းသာ ဖြစ်သည်။

ဂလု...

နေရာအနှံ့မှ တံတွေးမြိုချသံများ ထွက်ပေါ်လာသည်။ သို့သော် သူတို့ ထပ်မံ အံ့သြနေရန် အချိန်မရှိလိုက်ချေ။

ချွင်း...

ရုတ်တရက် ရှေ့တွင် ရပ်နေသော ချူဟန်ထံမှ ပြင်းထန်လှသည့် သတ္တုချင်း ရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။ အံ့အားသင့်မှုနှင့် ကြက်သေသေနေမှုများ ရောယှက်နေသော အကြည့်များအားလုံး ကျောပေးထားဆဲဖြစ်သော လူငယ်လေးထံသို့ စုပြုံရောက်ရှိသွားကြသည်။ နောက်ထပ် ကျည်ဆန်တစ်တောင့်... ချန်ရှောက်ရယ် ပစ်လိုက်သော ကျည်ဆန် လွင့်ပျံသွားသည့် နေရာမှာ ချူဟန်ထံသို့ ဖြစ်သည်။

ချူဟန်က လက်ထဲရှိ သံပုဆိန်ကို ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသည်။ စောစောက အသံမှာ ကျည်ဆန်က ပုဆိန်၏ ကျောဘက်သို့ ဝင်တိုက်မိသော အသံပင် ဖြစ်သည်။ စူးရှပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိကျလှသော ကာကွယ်မှုတစ်ခုပင် ဖြစ်သည်။

ဤကျည်ဆန်မှာ ချန်ရှောက်ရယ် ပစ်လိုက်သော ကျည်ဆန် ဖြစ်သည်။ ခွမ်းကျိရန်၏ ကျည်ဆန်နှင့် ထိပ်တိုက် တွေ့ခဲ့သော်လည်း အရှိန်နှင့် အင်အားမှာ အနည်းငယ်မျှသာ လျော့ကျသွားခဲ့သည်။ ပိုင်ယွန့်အာထံသို့ လွင့်ပျံသွားသော ကျည်ဆန်နှင့် ယှဉ်လျှင် အဆမတန် မြန်ဆန်ပြီး ပြင်းထန်လှသည်။ ထိုကျည်ဆန်က ချူဟန်၏ လည်ပင်းကို တိုက်ရိုက် ချိန်ရွယ်ထားသော်လည်း ပုဆိန်၏ ကျောဘက်ဖြင့် ချက်ချင်းဆိုသလို ကာကွယ်လိုက်နိုင်သဖြင့် မြေပြင်ပေါ်သို့ ဖုတ် ခနဲ ပြုတ်ကျသွားတော့သည်။

ထိုနေရာရှိ လူအများစုမှာ ဘာဖြစ်သွားမှန်းကိုပင် နားမလည်လိုက်ကြချေ။ သူတို့၏ ခေါင်းထဲတွင် တိုက်ဆိုင်လိုက်တာ။ ကျည်ဆန်နှစ်တောင့်စလုံး ဘယ်သူ့ကိုမှ မထိသွားဘူး။ အထူးသဖြင့် ဟိုလူငယ်လေးဆိုရင် ပုဆိန်ကို ပခုံးပေါ် တင်ထားလို့သာ အသက်ချမ်းသာရာ ရသွားတာ။ နည်းနည်းလေး လွဲသွားတာနဲ့ ကိုယ်လုံးကိုဖောက်သွားတော့မှာ ဟုသာ တွေးတောနေကြသည်။

သို့သော် စူးရှသော အကဲခတ်နိုင်စွမ်းရှိသည့် ဟယ်ဖေးယွမ်ကမူ ဤအရာ၏ ပုံမှန်မဟုတ်မှုကို သတိပြုမိသွားသည်။ ခွမ်းကျိရန် သေနတ်ထုတ်ကာ ပစ်ခတ်လိုက်ချိန်တွင် ချူဟန် ကိုင်ထားသော ပုဆိန်မှာ အောက်သို့ ချထား သည်မှာ သေချာသည်။ စောစောက အသက်ရှူမှားလောက်အောင် လျင်မြန်လှသော တိုက်ခိုက်မှုနှင့် ကာကွယ်မှုများမှာ မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ချူဟန်က သေနတ်သံကို ကြားပြီး နောက်မှ ပုဆိန်ကို လည်ပင်းသို့ ချက်ချင်း ရွှေ့ကာ နောက်ကျောမှ ပြေးဝင်လာသော ကျည်ဆန်ကို ကာကွယ်လိုက်ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက် လုံးဝ မလုပ်နိုင်သော တုံ့ပြန်နိုင်စွမ်း ဖြစ်သည်။ ထို့အပြင် သူက နောက်လှည့်ကြည့်ရန်ပင် တစ်ကြိမ်မျှ မကြိုးစားခဲ့ချေ။

တိုက်ဆိုင်မှုလား... ဒါမှမဟုတ်...

တိတ်ဆိတ်နေသော လေထုထဲတွင် ကလေးမွေးနေသော ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အားနည်းသော ညည်းညူသံကိုသာ ကြားနေရသည်။ လူတိုင်းမှာ ကြက်သေသေနေကြသည်။ လူအများစုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မည်သူမျှ မသေဆုံးခဲ့ခြင်းဟူသော ရလဒ်ကိုသာ သိရှိနားလည်လိုက်ကြသည်။

သူတို့က ကျောပေးထားလျက် လှုပ်ရှားမှု မရှိသော ချူဟန်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ အဘယ်ကြောင့် သူ့ကို အာရုံစိုက်နေကြမှန်း မသိသော်လည်း ထူးခြားပြီး အလွန်တရာ အန္တရာယ်များလှသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကိုတော့ သေချာပေါက် ခံစားသိရှိနေကြသည်။

ဟယ်ဖေးယွမ်၏ နဖူးမှ ချွေးတစ်ပေါက် စီးကျလာသည်။

အစက ဤအသစ်ရောက်လာသော လူငါးယောက်ကို ကံကောင်းလို့ ရောက်လာတဲ့ တိုက်ခိုက်နိုင်စွမ်း မရှိတဲ့လူတွေ ဟုသာ သူ ထင်မြင်ထားခဲ့သည်။ သို့သော် စောစောက အဖြစ်အပျက်များက သူ့အား အကြောက်တရားကိုပင် ခံစားလာရစေသည်။ ၎င်းမှာ သာမန်အံ့အားသင့်မှု မဟုတ်ဘဲ၊ အရိုးထဲအထိ စွဲမြဲသွားစေမည့် ကြောက်ရွံ့ရိုသေမှုမျိုးပင် ဖြစ်သည်။

ထို ချန်ရှောက်ရယ် ဆိုသည့် ကိုယ်အလေးချိန် ကီလိုတစ်ရာကျော်လောက်ရှိမည့် ဝက်တုတ်ကြီး။ ထိုကဲ့သို့သော သာမန်ထက် လွန်ကဲနေသည့် ပစ်ခတ်မှုစွမ်းရည်မှာ စစ်တပ်၏ အထူးတပ်ဖွဲ့ဝင်များထက်ပင် သာလွန်နေလေသည်။ အနှစ်သုံးဆယ်ကြာ စစ်တပ်ဘဝ တစ်လျှောက်လုံးတွင် ဤမျှလောက် နတ်ဘုရားအဆင့် စွမ်းရည်ရှိသော စနိုက်ပါသမားမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ထိုမျှမက အလွန်ပင် ငယ်ရွယ်သေးသည်။

ပြီးတော့ အဖြူရောင် အဝတ်အစား ဝတ်ဆင်ထားသော အသက် ၁၇ နှစ်အရွယ်ခန့်ရှိ လှပသော မိန်းကလေး။ သူမက မျက်နှာတစ်ခုလုံး ပွင့်ထွက်သွားနိုင်သော ကျည်ဆန်ကို ဘယ်လိုလုပ် ခေါင်းစောင်းပြီး ဒီလောက် အေးအေးဆေးဆေး ရှောင်တိမ်းနိုင်ခဲ့တာလဲ။ အရှိန်လျော့နေတယ် ဆိုရင်တောင်မှ အဲဒါက ကျည်ဆန်ပဲလေ။ ကြောက်ရွံ့မှု ဆိုတဲ့ ခံစားချက် လုံးဝ မရှိတော့ဘူးလား။ ဟယ်ဖေးယွမ်က သံပုဆိန်ကို ပေါ့ပေါ့ပါးပါး ပခုံးပေါ် တင်ထားသော ချူဟန်ထံသို့ အကြည့်ရွှေ့လိုက်သည်။

သူက နောက်လှည့်ကြည့်ခြင်း မရှိဘဲ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ နောက်ကျောတွင် ဖြစ်ပျက်သွားသော ကြောက်မက်ဖွယ် အဖြစ်အပျက်များကို စိတ်မဝင်စားတာလား၊ သို့မဟုတ် ဂရုစိုက်ဖို့တောင် မတန်ဘူး လို့များ ယူဆထားတာလား။ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူးလို့များလား။

ဟယ်ဖေးယွမ်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေတော့သည်။

ကုန်တင်ကားပေါ်မှ လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ရှောက်ရယ်ထံသို့ အကြည့်ပြန်ရောက်သွားသည်။ ဒီလောက် နတ်ဘုရားအဆင့် စွမ်းရည်ရှိတဲ့ ဝက်တုတ်ကြီးက ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ရမယ်လို့ သူ သေချာပေါက် ယုံကြည်လိုက်သည်။ သူတို့ကို ငါ့အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်သင့်လား။ လုဟုန်ရှန်းမှာ ဟိုဟိုဒီဒီ ကြည့်ရင်း မိမိ ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ချေ။

ခွမ်းကျိရန်မှာ လုံးဝ ကြက်သေသေနေလေပြီ။ မျက်လုံးများ ပြူးကျယ်နေပြီး မယုံကြည်နိုင်စွာဖြင့် အကြိမ်ကြိမ် မျက်တောင်ခတ်နေမိသည်။

'ဘာတွေ ဖြစ်သွားတာလဲ။ ငါ ပစ်လိုက်တဲ့ ကျည်ဆန်က ဘာလို့ ဘယ်သူ့ကိုမှ မထိတာလဲ။ ဘာလို့ အဲဒီ ဝက်တုတ်ကောင်ရော၊ မောက်မာတဲ့ ကလေးမရော အသက်ရှင်နေသေးတာလဲ'

လေးလံသော တိတ်ဆိတ်မှုကြီးက အချိန်အတန်ကြာ လွှမ်းမိုးနေခဲ့သည်။ နောက်ဆုံးတွင် အလိုအလျောက် ရိုင်ဖယ်ကို ကိုင်ထားသော ချန်ရှောက်ရယ်က နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။

"ဟဲဟဲဟဲ"

ချန်ရှောက်ရယ်က ကျောပေးထားဆဲဖြစ်သော ချူဟန်ကို အားနာဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

"ဘော့စ်... ကျွန်တော် ဘော့စ်ကို ဒုက္ခပေးမိပြန်ပြီ ထင်တယ်"

ချူဟန်က သံပုဆိန်ကို အောက်ချလိုက်ပြီး ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်းလိုက်သည်။ သူ၏ အသံမှာ အလွန်အမင်း တည်ငြိမ်နေသည်။

"မင်းရဲ့ လက်ရာက မဆိုးပါဘူး။ ဒါပေမဲ့ မင်းက ပတ်ဝန်းကျင် အခြေအနေကို ခြုံငုံသုံးသပ်တဲ့နေရာမှာ အားနည်းလွန်းတယ်။ ဒီပုဆိန်က နောက်ထပ် ဇွန်ဘီ အကောင်တစ်ရာလောက် သတ်လို့ရသေးတဲ့ အရေးကြီးတဲ့ လက်နက်ကွ"

"ဟာဟားဟားဟား"

လော့ရှောင်ရှောင်က အားရပါးရ ရယ်မောလိုက်သည်။

"ဟဲ့ဝက်တုတ်... ကိုကို ချူဟန်ကို စမ်းသပ်ကြည့်ချင်တာမလား။ အလကားပါပဲ။ ဟာဟား"

"မဟုတ်... မဟုတ်ပါဘူးဗျာ။ အဲဒီလို သဘော မဟုတ်ပါဘူး"

ချန်ရှောက်ရယ်က ပြာပြာသလဲ ရှင်းပြလိုက်သည်။

"ပစ်လိုက်ပြီးမှ ဘော့စ် ကျွန်တော့်ရှေ့မှာ ရှိနေမှန်း သတိထားမိလိုက်တာပါ။ ဘော့စ် ပြောတာ မှန်ပါတယ်။ ကျွန်တော် ပတ်ဝန်းကျင်ကို သေချာ ကြည့်တတ်အောင် သင်ယူရဦးမယ်။ ကိုယ့်လူကို ပြန်ထိသွားရင် သောက်ရမ်း ရှက်စရာကောင်းမှာလေ။ နောက်ဆို သတိထားပါ့မယ်ဗျာ"

'ဘော့စ် တဲ့လား’

ဟယ်ဖေးယွမ်၏ မျက်ဝန်းများတွင် စူးရှသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

ဒီလောက် နတ်ဘုရားအဆင့် စွမ်းရည်ရှိတဲ့ လူက အဲဒီ ပိန်ပိန်ပါးပါး လူငယ်လေးကို ဘော့စ် လို့ ခေါ်လိုက်တယ်ပေါ့လေ။

All Chapters