← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉) ထမင်းစားရုံသက်သက် အသုံးမကျတဲ့လူများ

ချန်ရှောက်ရယ်၏ အခေါ်အဝေါ်နှင့် လော့ရှောင်ရှောင်၏ အထင်အမြင်သေးစွာ ပြောဆိုမှုများက လူတိုင်း၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့၏ အမြင်အရဆိုလျှင် နတ်ဘုရားတစ်ပါးကဲ့သို့ သေနတ်ပစ်စွမ်းရည်ရှိသော ချန်ရှောက်ရယ်သာလျှင် အစွမ်းအထက်ဆုံးဖြစ်ပြီး ဤလူငါးယောက်၏ ခေါင်းဆောင် ဖြစ်ရမည်။

စောစောက ချူဟန် ကျည်ဆန်ကို ကာကွယ်လိုက်သည့် အချိန်လေးကို မည်သူကမျှ သေချာမမြင်လိုက်ရသဖြင့် တိုက်ဆိုင်မှုသက်သက်၊ သို့မဟုတ် အလွန်အမင်း ကံကောင်းသွားခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ ဟယ်ဖေးယွမ် တစ်ယောက်တည်းသာ စကားတစ်ခွန်းမျှ မဟဘဲ ချူဟန်ကို စူးစိုက်ကြည့်နေသည်။

'ဒီလူငယ်လေး... သာမန်လူတော့ လုံးဝ မဖြစ်နိုင်ဘူး'

စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ရရှိခဲ့သော သူ၏ အလိုအလျောက် သိမြင်နိုင်စွမ်းက အဆက်မပြတ် သတိပေးနေလေသည်။ လုဟုန်ရှန်းက ခေါင်းကို ကုတ်ကာ နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ဒီလို ပိန်ပိန်ပါးပါး ကောင်လေးက... ဘော့စ်တဲ့လား"

ထိုသို့ပြောရင်း သစ်လုံးတစ်လုံးပမာ ကြီးမားသော သူ၏ လက်မောင်းကြွက်သားများကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်သည်။ ခေါင်းဆောင်ဖြစ်မည်ဆိုလျှင် သူလိုလူမျိုးသာ ဖြစ်သင့်သည် မဟုတ်ပါလား။ သူက ခေါင်းခါလိုက်သည်။ ယခုခေတ် လူငယ်များကို တကယ် နားမလည်နိုင်တော့ချေ။ ခွမ်းကျိရန်မှာ ချန်ရှောက်ရယ်၏ အလွန်အမင်း တည်ငြိမ်နေသော ဟန်ပန်ကြောင့် ဒေါသနှင့် ဇဝေဇဝါ ဖြစ်မှုများ ရောယှက်နေတော့သည်။

စောစောက သူ ပစ်လိုက်သော ကျည်ဆန်ကို ထိုဝက်တုတ်က လုံးဝ ဂရုမစိုက်ဘူးတဲ့လား။ ဒါ သေနတ်ကွ။ ကြောက်ရွံ့မှုလေးတောင် မရှိဘူးလား။ မနက်တိုင်း မုတ်ဆိတ်ရိတ်သလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးလွန်းနေတာက ကြက်သီးထစရာတောင် ကောင်းနေပြီ။

‘အဲဒီ ဝက်တုတ်ရဲ့ သေနတ်ပစ်စွမ်းရည်က ဘယ်လိုဖြစ်နေတာလဲ။ ငါပစ်လိုက်တဲ့ ကျည်ဆန်ကို သူက ဘယ်လိုလုပ် ပစ်ချလိုက်တာလဲ’

ချန်ရှောက်ရယ်က ချူဟန်ကို ဘော့စ် ဟု ခေါ်လိုက်သည်ကို ခွမ်းကျိရန် လုံးဝ ဂရုမစိုက်ခဲ့ချေ။

'ခေါင်းဆောင်ဆိုပြီး ကလေးကလားတွေ လာလုပ်မနေနဲ့။ ငါ့ကို လာမလိမ်နဲ့’

အဲဒီ ဝက်တုတ်ကမှ အစွမ်းအထက်ဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံးကောင်ပဲ ဟု သူက ယုံကြည်ထားသည်။

လူစုမှာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးထဲ ရောက်ရှိနေစဉ် ကားနောက်ခန်းထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ စူးရှသော အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ရေလဲပေးပါ"

ချက်ချင်းဆိုသလိုပင် ရှန်ကွမ်းယွီရှင်း၏ ပြတ်သားသော အမိန့်ပေးသံ ထွက်ပေါ်လာသည်။ အမျိုးသမီး စစ်ဆရာဝန်လေးမှာ အလွန်အမင်း တည်ငြိမ်နေသည်။ အပြင်ဘက်မှ သေနတ်သံများနှင့် ပြင်းထန်သော တင်းမာမှုများက သူမ၏ အာရုံစူးစိုက်မှုကို အနည်းငယ်မျှပင် မပျက်ပြားစေခဲ့ချေ။ မျက်စိရှေ့မှ အသက်ကို ကယ်တင်ရန်သာ သူမ၏ အာရုံအားလုံးကို စုစည်းထားလေသည်။

"မြန်မြန်လုပ်"

ကားအပြင်ဘက်ရှိ လူများမှာ တစ်ဖန် ပြန်လည်၍ အလုပ်ရှုပ်သွားကြပြန်သည်။ ရေသန့်ဘူးများ တစ်ခုပြီးတစ်ခု ကုန်လွန်သွားပြီး ဇလုံထဲမှ ရေများကိုလည်း အကြိမ်ကြိမ် လဲလှယ်ပေးနေရသည်။ မွန်းကြပ်ဖွယ်ကောင်းသော သွေးနံ့များက ကားနောက်ခန်းထဲမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုကိုပင် နီရဲသွားစေတော့သည်။ လော့ရှောင်ရှောင်က သက်ပြင်းချကာ ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။

"သနားစရာကောင်းလိုက်တာ။ နေပါဦး... ကလေးမွေးတာ ဘယ်လောက်ကြာဦးမယ် ထင်လဲ"

ချန်ရှောက်ရယ်က ဘဲတောင်ပံကို ကိုက်စားရင်း ခေါင်းခါလိုက်သည်။

"ငါ ဘယ်လိုလုပ် သိမှာလဲ။ ဒါပေမဲ့ သူတို့အကုန်လုံး ကလေးမွေးတာကိုပဲ အာရုံစိုက်နေကြပြီး ရှေ့မှာလည်း အတားအဆီးတွေ အများကြီး ပိတ်နေတယ်။ ငါတို့ ဒီအတိုင်း ထိုင်စောင့်နေရုံပဲပေါ့"

"အဲဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးက တကယ် သနားစရာကောင်းတာပဲ..."

ရှန်ကျိုတီက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။

"သူကရော ဘာဆက်လုပ်မလို့လဲ မသိဘူး"

ချူဟန်က လမ်းဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ ရိက္ခာများကို တိတ်ဆိတ်စွာ စားသောက်နေလေသည်။ တစ်နေကုန် ကားမောင်းလာခဲ့ရသဖြင့် အနားယူရန် အချိန်ရပြီဟု ထင်မှတ်ထားချိန်တွင် ဤသို့ ပိတ်ဆို့မှုကြီးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အချိန်ကို လု၍ အားအင်များကို ဖြည့်တင်းနေခြင်းသာ ဖြစ်သည်။ သူ၏ တည်ငြိမ်အေးဆေးလှသော ဟန်ပန်မှာ ပတ်ဝန်းကျင်ရှိ ဆူညံပွက်လောရိုက်မှုများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

"ဘော့စ်က သူများကိစ္စကို ဝင်ပါမယ့်လူမျိုးမှ မဟုတ်တာ"

ချန်ရှောက်ရယ်က လှောင်ပြုံး ပြုံးလိုက်သည်။

"ဒါပေမဲ့ သူ့ရှေ့မှာ လူတစ်ယောက် သေတော့မယ်ဆိုရင်လည်း ဒီအတိုင်း ကြည့်နေမယ့်လူမျိုး မဟုတ်ပါဘူး"

ရှန်ကျိုတီ၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်သွားသည်။ ထိုအပြုံးလေးထဲတွင် ချိုမြိန်သော ခံစားချက်လေးများ ရောယှက်နေသည်။

"ဟုတ်တယ်... သူက တကယ် ထူးဆန်းတဲ့လူပဲ။ သွေးအေးရက်စက်ပေမဲ့ တချို့နေရာတွေမှာတော့ သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းလေးတွေ ရှိနေသေးတယ်"

လော့ရှောင်ရှောင်က စိတ်ပျက်လက်ပျက် နှုတ်ခမ်းဆူလိုက်ပြီး ရှန်ကျိုတီကို မေးငေါ့ပြကာ အနားမှာ ကပ်ပြီး အီစီကလီ လုပ်နေပြန်ပြီ ဟူသော အဓိပ္ပာယ်ဖြင့် ချန်ရှောက်ရယ်ကို မျက်ရိပ်ပြလိုက်သည်။ ချန်ရှောက်ရယ်ကလည်း နားလည်ကြောင်း မျက်စိမှိတ်ပြလိုက်ပြီး ငါတို့ ဘော့စ်က ဆွဲဆောင်မှုရှိနေတာ ဟု ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် တုံ့ပြန်လိုက်သည်။

ဤအစားမက်သော နှစ်ယောက်မှာ သူတစ်ပါး အတင်းပြောရာတွင် အလွန် ညီညွတ်ကြပြီး အထူး အာရုံစိုက်တတ်ကြလေသည်။ နေမင်းကြီးက တဖြည်းဖြည်း ဝင်ရောက်သွားပြီဖြစ်ရာ ရှေ့မှ အတားအဆီးများက လမ်းမပေါ်တွင် ရှည်လျားသော အရိပ်မည်းကြီးများကို ဖြစ်ပေါ်စေပြီ ဖြစ်သည်။

အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားသော ပန်းရောင် မြူနှင်းများကြောင့် အဝေးကို သေချာ မမြင်ရချေ။ အရာတစ်ခုခု ပုန်းကွယ်နေသည့်အလား ကြက်သီးမွေးညင်းထဖွယ် အန္တရာယ် အငွေ့အသက်များက လေထုထဲတွင် ပြည့်နှက်နေသည်။

ချူဟန်၏ ရှေ့မှ ဖြတ်သွားသူ အများစုက သူ့ကို အထင်အမြင်သေးစွာ ကြည့်သွားကြသည်။ ရေသယ်နေရင်း၊ သို့မဟုတ် အပျက်အစီးများကို ဖယ်ရှားနေရင်း တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။

"ဟိုကောင်က ထိုင်နေပြီး ဘာမှ မလုပ်ဘူးလား"

"ငါတို့အဖွဲ့မှ မဟုတ်တာ"

"အဲဒါကြောင့် နည်းနည်းပါးပါး ဝင်မကူရဘူးလား။ ဒီအတိုင်း ထိုင်ကြည့်နေတယ်ဆိုတော့ သူကပဲ ဆရာကြီးကျနေတာပဲ"

"ဟုတ်ပါ့။ ထမင်းစားရုံသက်သက် အသုံးမကျတဲ့ အမှိုက်ကောင်"

"ဒီလောက် မျက်နှာပြောင်တိုက်တဲ့ကောင်ကို တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ လမ်းရှင်းပေးတာကို စောင့်နေတာမလား။ လက်ခြေ အကောင်းကြီးနဲ့ ဘာတစ်ခုမှ ဝင်မလုပ်ဘူး"

သူတို့မှာ ရွှံ့ဗွက်များနှင့် ချွေးများ ရွှဲနစ်ကာ အလုပ်လုပ်နေရသော်လည်း ချူဟန်မှာ အေးအေးလူလူ ထိုင်နေသည်ကို မြင်ရသဖြင့် သူတို့၏ မကျေနပ်မှုများက ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ လူစုအတွင်းမှ လေထုမှာ အလွန်အမင်း တင်းမာလာပြီး တစ်ယောက်ယောက်က ချူဟန်ကို သွားရောက် ရန်စတော့မည့်အချိန်တွင်ပင်...

တိတ်ဆိတ်စွာ အလုပ်လုပ်နေသော လူအုပ်ကြီးထဲမှ ရုတ်တရက် နားစည်ကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ယင်းမှာ အရိုးထဲအထိ စိမ့်ဝင်သွားလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေသော အော်ဟစ်သံကြီး ဖြစ်သည်။

"ဟို... ဟိုမှာ... ဟိုမှာ ကြည့်ကြပါဦး"

"ဘာဖြစ်တာလဲ"

ဟယ်ဖေးယွမ်က အမြဲတမ်း ပတ်ဝန်းကျင်ကို သတိထားနေသူပီပီ ချက်ချင်း ခေါင်းမော့ကာ ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

အဆိုးရွားဆုံး အချိန်အခါမျိုးတွင် ဇွန်ဘီအုပ်ကြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တစ်ဝက်ခန့် ဖယ်ရှားပြီးဖြစ်သော အတားအဆီးများ၏ အနောက်ဘက်မှ ဇွန်ဘီပေါင်း မြောက်မြားစွာက ဆူနာမီ လှိုင်းလုံးကြီးတစ်ခုပမာ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ လမ်းမပေါ်တွင် ဤမြင်ကွင်းမှာ အဆန်းမဟုတ်တော့ချေ။ ဤမိစ္ဆာကောင်များက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မည်သူမျှ မသိကြပေ။ ဤကမ္ဘာလောက၏ နေရာတိုင်းတွင် သူတို့က ပုန်းကွယ်နေကြပြီး မည်မျှပင် သတ်ဖြတ်ပါစေ ကုန်ဆုံးသွားမည် မဟုတ်သည့်အလားပင်။

"တောက်... သေစမ်း"

လုဟုန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နက်ကို ဆွဲယူကာ ရှေ့သို့ ပြေးထွက်သွားသည်။

"မင်းတို့ အလုပ်ဆက်လုပ်ကြ။ ရှေ့ကနေ ငါ ကာကွယ်ထားပေးမယ်"

ဤအဖွဲ့တွင် သူက အစွမ်းအထက်ဆုံးနှင့် အားအကိုးရဆုံး ဖြစ်သည်ဟု သူကိုယ်သူ ယုံကြည်ထားသည်။ သာမန်အချိန်များတွင် အသိဉာဏ်နည်းသူဟု လှောင်ပြောင်ခံရသော်လည်း ဇွန်ဘီများကို သတ်ဖြတ်ပြီး ပြန်လာချိန်တိုင်း လူများ၏ ကိုးကွယ်ယုံကြည်မှုနှင့် လေးစားမှုများက သူ၏ ဂုဏ်သိက္ခာကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ထို့ကြောင့် မိစ္ဆာကောင်များ ရောက်ရှိလာချိန်တွင် သူက မစဉ်းစားဘဲ ရှေ့သို့ ပြေးထွက်သွားခြင်း ဖြစ်သည်။

ဟယ်ဖေးယွမ်ကလည်း သေနတ်ကို ချိန်ရွယ်လိုက်ပြီး ပြေးဝင်လာသော သေမင်းတမန်များကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

"ဘာလို့ အခုလိုအချိန်မှ ရောက်လာရတာလဲကွာ"

"ဟက်..."

ခွမ်းကျိရန်က ရေခဲတမျှ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။

"ဗိုက်ကြီးသည်ကြောင့် မဟုတ်ဘူးလား။ ဒီလောက် သွေးနံ့တွေ ထွက်နေမှတော့ ဇွန်ဘီတွေ ရောက်လာမှာ သေချာတာပေါ့"

"ပါးစပ် ပိတ်ထားစမ်း"

ဟယ်ဖေးယွမ်၏ မျက်နှာမှာ ခက်ထန်သွားသည်။ ခွမ်းကျိရန်၏ ကိုယ်ကျိုးရှာလွန်းသော အပြုအမူများကို သူ လုံးဝ သည်းမခံနိုင်တော့ချေ။ ထိုသို့အော်ဟစ်လိုက်ပြီးနောက် ခံစစ်နေရာသို့ ချက်ချင်း ပြေးသွားလေသည်။

"အား... အား"

ထိုစဉ် ကားနောက်ခန်းထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ကြက်သီးမွေးညင်းထဖွယ် အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုအသံမှာ အချက်ပြလိုက်သည့်အလား အဝေးမှ ဇွန်ဘီအုပ်ကြီးမှာ ပိုမို ရူးသွပ်လာကြတောသည်။

သူတို့က သားကောင်၏ အသံကို ကြားလိုက်ရပြီး ချိုမြိန်သော သွေးနံ့ကို အာရုံခံမိသွားကြခြင်း ဖြစ်သည်။ ငတ်မွတ်နေသော သားရဲများပမာ လက်များကို ရမ်းကားစွာ ယမ်းခါရင်း တဟုန်ထိုး ပြေးဝင်လာကြသည်။ အတားအဆီးများကြောင့် အရေအတွက် အတိအကျကို မသိရသော်လည်း သူတို့၏ အုပ်စုကြီးမှာ အလွန် ကြီးမားကြောင်းကိုတော့ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ခွမ်းကျိရန်၏ မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ တိုက်ခိုက်ရမလား၊ ထွက်ပြေးရမလား ဝေခွဲမရဖြစ်နေသော လူများကို ကြည့်ကာ သူက ပြောလိုက်သည်။

"ဟေ့... ဘေးနားမှာ တောင်စောင်း ရှိတယ်လေ။ ဗိုက်ကြီးသည်ကို အဲဒီကနေ တွန်းချလိုက်။ သွေးနံ့ရပြီး ဇွန်ဘီတွေ အောက်ကို ဆင်းသွားရင် ငါတို့ ထွက်ပြေးလို့ ရပြီပေါ့"

"မင်း... ရူးနေလား"

ကျန်းဇိုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခွမ်းကျိရန်ကို ပြေးထိုးရန် ပြင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဖြင့် ကားနောက်ခန်း တံခါးကို အတင်း ကာကွယ်ထားသည်။ ခွမ်းကျိရန်က လှောင်ပြုံး ပြုံးလိုက်ပြီး တိတ်ဆိတ်နေသော အသက်ရှင်ကျန်ရစ်သူများကို ဝေ့ဝဲကြည့်လိုက်သည်။

"ငါက အကြံပေးရုံသက်သက်ပါ။ လက်ခံတာ၊ လက်မခံတာက မင်းတို့ သဘောပဲ။ ဒါပေမဲ့ ဒီအတိုင်း နေပြီး အကုန်လုံး သေသွားရင်တော့ ငါ မသိဘူးနော်။ အဲဒီအစား ဒီနေရာကနေ ဖောက်ထွက်ပြီး ငါ့ကို ရှီမြို့ စစ်ဒေသအထိ ပို့ပေးတာ ပိုမကောင်းဘူးလား။ ငါ့အဖေက ဘယ်သူလဲဆိုတာ မင်းတို့ သိတယ်မလား။ ငါ့ကို ဘေးကင်းကင်းနဲ့ ပို့ပေးရင် နောက်ကျ မင်းတို့ကို တန်ဖိုးဖြတ်မရတဲ့ ဆုကြေးမျိုး ချီးမြှင့်မယ် "

ထိုသို့ပြောပြီးနောက် ခွမ်းကျိရန်က ချက်ချင်း နောက်လှည့်ကာ သူ၏ Land Rover ကားပေါ်သို့ တက်သွားလေသည်။ ကားပြတင်းပေါက်များကို လုံးဝ ပိတ်ချလိုက်ပြီး စက် နှိုးလိုက်သည်။ အချိန်မရွေး ကားမောင်းထွက်သွားမည့် အနေအထား ဖြစ်သည်။

သူက လုံးဝ ယုံကြည်ချက် ရှိနေသည်။ ဤကဲ့သို့ အသက်အန္တရာယ် ကြုံတွေ့နေရချိန်တွင် သူ့အကြံကို သေချာပေါက် တစ်ယောက်ယောက်က လက်ခံလိမ့်မည်။ မိမိ အသက်ရှင်ရန်အတွက် အခြားသူများကို စတေးခြင်းမှာ လူသားတို့၏ မွေးရာပါ အသက်ရှင်သန်လိုစိတ်ပင် ဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် လူကောင်းလုပ်ပြီး ဟီးရိုးဝင်လုပ်ချင်သူများမှာ ကယ်တင်၍မရနိုင်သော အရူးများသာ ဖြစ်ပေမည်။

သူ ကားပေါ်တွင် ထိုင်စောင့်နေလိုက်သည်။ ထိုအောက်တန်းစား အမှိုက်ကောင်များက ဇွန်ဘီများကို ဆွဲဆောင်သွားပြီး လမ်းရှင်းသွားသည်နှင့် တစ်ပြိုင်နက် ကားကို အရှိန်တင်ကာ မောင်းထွက်သွားရန်သာ ဖြစ်တော့သည်။

အခန်း (၁၁၀) မသေချင်လျှင် နောက်ဆုတ်နေစမ်း

ထူးဆန်းသော လေထုက လွှမ်းခြုံနေသည်။ လူအတော်များများက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။

ခွမ်းကျိရန်၏ အကြံပြုချက်မှာ သူတို့အတွက် အလွန် ဆွဲဆောင်မှုရှိနေသည်။ ဇွန်ဘီများနှင့် တိုက်ခိုက်ရတိုင်း လူတစ်ယောက် မဖြစ်မနေ သေဆုံးရစမြဲ ဖြစ်သည်။ ထိုစိတ်ပျက်အားငယ်မှုမှာ အချိန်မရွေး ပြတ်တောက်သွားနိုင်သော ကြိုးတစ်ချောင်းပမာ တင်းမာနေလျက် သူတို့၏ စိတ်ဓာတ်ကို ပြိုလဲလုနီးပါး ဖြစ်စေသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကို စတေးပြီး ထွက်ပြေးရမည်လား။ ထိုအတွေးက လူအများအပြား၏ ခေါင်းထဲ ဖြတ်ပြေးသွားသည်။ ခွမ်းကျိရန် ပြောသည်က မှန်နေသည်။ ဤကပ်ဘေးလောကကြီးထဲတွင် မွေးဖွားလာမည့် ကလေးတစ်ယောက်က ဘယ်နှရက်များ အသက်ရှင်နိုင်မည်နည်း။

အစောနှင့်အနှောင်း သေရမည့် ကံကြမ္မာပင် ဖြစ်သည်။ သေဆုံးရမည့် နည်းလမ်းသာ ကွာခြားသွားမည်။ အရင်က ကြုံတွေ့ခဲ့ရသော လူသားစားဂိုဏ်းတွင် ကလေးများမှာ အစားအစာသက်သက်သာ ဖြစ်သလို အမျိုးသမီးများမှာလည်း ရမ္မက်ဖြေရာ သက်သက်သာ ဖြစ်ခဲ့ရသည်။ တကယ်တမ်းဆိုရလျှင် လူအများစုမှာ ဟယ်ဖေးယွမ်၏ စီမံအုပ်ချုပ်မှုကို မကျေမနပ် ဖြစ်နေကြပြီ ဖြစ်သည်။ မိန်းမများကို လက်မပါရဘူးတဲ့လား။ အနိုင်ကျင့်နှိပ်စက် တာကိုတောင် ခွင့်မပြုဘူးတဲ့လား။ နောက်နေတာလား။ အခုက ကပ်ဘေးလောကကြီးလေ။

"ငါ.. ငါ ဇွန်ဘီတွေကို သွားသတ်မယ်"

ဤထူးဆန်းသော လေထုကို သည်းမခံနိုင်တော့ဘဲ တိုက်ပွဲဝင်မည့်အထဲ ပါဝင်လာသူများ ရှိလာသည်။

"ငါလည်း သွားမယ်"

နောက်ဆုံးတွင်တော့ လူတစ်ဝက်ခန့်က တိုက်ပွဲဝင်ရန် ရွေးချယ်လိုက်ကြသည်။

သို့သော် ကျန်လူတစ်ဝက်က ထိုနေရာ၌ပင် ရပ်နေလျက် ဘေးပတ်ဝန်းကျင်မှ လူများကို ဂနာမငြိမ်စွာ လိုက်ကြည့်နေကြသည်။ သူတို့၏ စိတ်နေစိတ်ထားကို နားလည်ရန် လွယ်ကူလှသည်။ ထိုလူများမှာ စည်းကမ်းဖောက်ဖျက်ချင်နေကြသော်လည်း ကိုယ်တိုင် ဝင်ပါရမည်ကိုမူ ကြောက်ရွံ့နေကြသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးဖွားလာမည့် ကလေးကို အန္တရာယ်ပြုမည့် ပထမဆုံး ဓားချက် ကို တစ်ယောက်ယောက်က လုပ်ပေးမည်ကိုသာ စောင့်မျှော်နေကြခြင်း ဖြစ်သည်။ တာဝန်ယူမှုနှင့် အပြစ်ရှိစိတ်ကို မိမိတို့ကိုယ်တိုင် မခံစားချင်ကြပေ။

ကျန်းဇို မျက်လုံးများထဲ၌ အကြောက်တရားတို့ ဖုံးလွှမ်းနေသည်။ မျက်စိရှေ့ရှိ လူများကို သူ ကြည့်လိုက်သည်။ ထိုအေးစက်စက် အကြည့်များမှာ ဆာလောင်နေသော သားရဲတစ်ကောင်နှင့် တူလှသည်။ ဤကောင်တွေက ငါ့မိန်းမနဲ့ ကလေးကို အသုံးချဖို့ ကြံရွယ်နေကြတာပဲ။

ကိုယ်ဝန်ဆောင် အမျိုးသမီး ရှိနေသော ကားမှာ တင်းကျပ်စွာ ပိတ်ထားသော်လည်း အထဲမှ ညည်းတွားသံများနှင့် အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ သွေးနံ့ကြောင့် ရှေ့ဘက်မှ ဇွန်ဘီအုပ်ကြီးက တစ်စက္ကန့်ပြီး တစ်စက္ကန့် နီးကပ်လာသည်။ အဝေးမှ ကြည့်လိုက်လျှင် မည်းမှောင်နေသော အုပ်စုကြီး ပြေးဝင်လာသည်ကို မြင်နိုင်သည်။ အတားအဆီးများကြားမှ တိုးဝင်လာကြသဖြင့် ပုပ်ဟောင်နေသော အနံ့အသက်များနှင့် အမည်းရောင် သွေးများက အသက်ရှင်ကျန်ရစ်သူများ၏ အာရုံထဲသို့ ချက်ချင်းဆိုသလို ပြည့်နှက်သွားတော့သည်။

"မြန်မြန်လုပ်"

"တိုက်ခိုက်ဖို့ ပြင်ထားကြ"

"လက်နက်တွေ ဘယ်မှာလဲ"

ရှေ့တန်းမှ တိုက်ခိုက်မည့်သူများက တစ်ပြိုင်နက် ပြေးထွက်သွားကြသည်။ ယခင်ကလည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးလေသည်။ ဟယ်ဖေးယွမ် ညွှန်ကြားနေစရာပင် မလိုဘဲ မည်သို့ လှုပ်ရှားရမည်ကို ကောင်းစွာ သိနေကြသည်။ အကြောက်တရားကို ဖယ်ရှားပစ်၍ မရနိုင်ပေ။ ဤတိုက်ပွဲ ပြီးဆုံးသွားလျှင် နောက်ထပ် လုပ်ဖော်ကိုင်ဖက် များစွာ သေဆုံးရဦးမည်ကို သူတို့ နားလည်ထားကြသည်။

လူငါးဆယ်ပါဝင်သော အဖွဲ့ထဲမှ လူနှစ်ဆယ်ကျော်ခန့်က လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ထိုအထဲတွင် လူငယ်များ ပါဝင်သလို အမျိုးသမီးများနှင့် ဆယ်ကျော်သက်အရွယ် ကလေးများပင် ပါဝင်နေသည်။ သူတို့က တဆတ်ဆတ် တုန်ယင်နေလျက် ကားများနှင့် သစ်ပင်ကြီးများ၏ အရိပ်ထဲတွင် ပုန်းကွယ်နေကြသည်။ ဇွန်ဘီများ နီးကပ်လာလျှင် ခုန်ထွက်ကာ အစွမ်းကုန် ရိုက်နှက်ကြမည် ဖြစ်သည်။

ဟယ်ဖေးယွမ်က တင်းမာနေသော မျက်နှာဖြင့် သေနတ်ကို ချိန်ရွယ်ထားသည်။ စစ်တပ်တွင် နှစ်သုံးဆယ်ကြာ အတွေ့အကြုံ ရှိခဲ့စေကာမူ ဤရက်စက်ကြမ်းကြုတ်လှသော လမ်းလျှောက်နေသည့် အလောင်းကောင်များကို ရင်ဆိုင်ရချိန်တွင် အကြောက်တရားကို ဖိနှိပ်ထား၍ မရနိုင်ချေ။ သူက စိုးရိမ်တကြီးဖြင့် အနောက်ဘက်ရှိ ချန်ရှောက်ရယ်ထံသို့ ကြည့်လိုက်သည်။

"မင်းမှာ ဒီလောက်ကောင်းတဲ့ သေနတ်ပစ်စွမ်းရည် ရှိနေတာကို မတိုက်ခိုက်ဘူးလို့ စိတ်ကူးနေတာလား။ ဇွန်ဘီ အရေအတွက်က မနည်းဘူးကွ"

အနောက်ဘက်ရှိ ချန်ရှောက်ရယ်မှာ ကြောင်တောင်တောင် ဖြစ်သွားပြီး သူ၏ အဋ္ဌမမြောက် ကြက်ကြော်ကို ကိုက်စားနေသော လက်ကို ရပ်တန့်လိုက်သည်။ ပါးစပ်က ဝါးနေဆဲဖြင့် ချူဟန်ရှိရာဘက်သို့ လက်ညိုးထိုးပြလိုက်သည်။

"ဘော့စ်က ကားပေါ်က မဆင်းနဲ့လို့ ပြောထားလို့ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်ရှိနေတာပဲဟာ ခင်ဗျားတို့လည်း ကြောက်နေစရာ မလိုပါဘူး"

ဟယ်ဖေးယွမ်က သွားကို ကျိတ်လိုက်ပြီး ဤလူဝကြီးကို သတ္တိကြောင်သူ ဟု စိတ်ထဲမှ ကင်ပွန်းတပ်လိုက်သည်။ ထို့နောက် ချူဟန်ထံသို့ အကြည့်ရွှေ့လိုက်သည်။ စိတ်ထဲတွင် သံသယ မဝင်ဘဲ မနေနိုင်တော့ချေ။

'ဒီလို ပျော့ညံ့ညံ့ပုံစံနဲ့ ကောင်လေးက ဘာများ တတ်နိုင်မှာမို့လို့လဲ။ ခြေရှုပ်လက်ရှုပ်တော့ မဖြစ်စေနဲ့ပေါ့လေ'

ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့မှာ ကုန်တင်ကားနောက်ခန်းတွင် နေရစ်ခဲ့ပြီး အနည်းငယ်မျှပင် မလှုပ်ရှားကြပေ။ တစ်လကျော်ကြာ ပေါင်းသင်းလာခဲ့ပြီးနောက် ချူဟန်၏ စရိုက်ကို သူတို့ အပြည့်အဝ နားလည်ထားကြပြီ ဖြစ်သည်။ ဝင်ပါရန် သူ အမိန့်မပေးသရွေ့ အပိုအလုပ် လုပ်ကြမည် မဟုတ်ချေ။

နောက်ကားပေါ်တွင် ရှိနေသော လော့ရှောင်ရှောင်မှာလည်း ခြေထောက်ဒဏ်ရာ မပျောက်သေးသဖြင့် မိမိ၏ ကစားစရာကိုသာ အေးဆေးစွာ ဆော့ကစားနေလေသည်။ အစ်ကိုချူဟန် ရှိနေမှတော့ ဇွန်ဘီအုပ်ကြီးကို နည်းနည်းလေးမှ မကြောက်ပါချေ။ ဘာပဲဖြစ်ဖြစ် တစ်သောင်းရှစ်ထောင်သော ဇွန်ဘီလှိုင်းလုံးကြီးကိုပင် အေးဆေးစွာ ဖြေရှင်းနိုင်ခဲ့သော အစ်ကိုချူဟန် မဟုတ်ပါလား။ မျက်စိရှေ့က ကောင်တွေဆိုတာ အရေးလုပ်စရာတောင် မလိုဘူး။

ပိုင်ယွန့်အာကလည်း မည်သည့်လှုပ်ရှားမှုကိုမျှ မပြသချေ။ ဤစိတ်ပျက်အားငယ်ဖွယ်ရာ အမှောင်ထုဖုံးလွှမ်းနေသော ကပ်ဘေးလောကကြီးထဲတွင် သူမမှာ တည်ငြိမ်စွာ ထိုင်နေသော ရုပ်တုသဖွယ် ဖြစ်သည်။ ထင်ရှားသော ရုပ်ရည်သွင်ပြင် ရှိသော်လည်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလျက် ပတ်ဝန်းကျင်မှ တင်းမာနေသော တိုက်ပွဲဝင်ပြင်ဆင်မှုများကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ မျက်တောင်မခတ်သော မျက်ဝန်းအစုံဖြင့် ချူဟန်ကိုသာ စိုက်ကြည့်နေသည်။

သူမက အင်အားကြီးသူများကိုသာ စိတ်ဝင်စားလေသည်။

တခြားတစ်ဖက်တွင် ချူဟန်၏ ရပ်နေဟန်မှာ အလွန် ထူးဆန်းနေသည်။ သေချာပြောရလျှင် အလွန်အမင်း ပေါ့ပေါ့ဆဆနိုင်လွန်းကာ ပြေလျော့လွန်းနေသည်။ အခြေအနေကို အလေးအနက် မထားသည့်အလား ပင်။ ပုဆိန်ကို ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ထမ်းထားပြီး အချိန်မရွေး မြေကြီးပေါ် ပြုတ်ကျတော့အလား ခွန်အား စိုက်ထုတ်ထားခြင်း မရှိပေ။

ဤပုဆိန်မှာ သံရည်ကျိုစက်ရုံတွင် အနည်းငယ် ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။ အပြင်ပန်းကြည့်လျှင် သိပ်မပြောင်းလဲသွားသော်လည်း ဓားသွားမှာ ပိုမို ထက်မြက်လာကာ လက်ကိုင်နေရာတွင် အလေးချိန် ထပ်တိုး၍ ဂဟေဆော်ထားသည်။ ယခင်အလေးချိန်မှာ ချူဟန်အတွက် သိပ်ကို ပေါ့ပါးလွန်းနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ပထမအဆင့် ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီဖြစ်သော ယခုသူ့အတွက်တော့ ဤပုဆိန်မှာ ပေါ့ပါးလွန်းနေဆဲပင် ဖြစ်သည်။

"ဖယ်စမ်း၊ ကောင်လေး"

ထိုစဉ် ရှေ့တန်းသို့ ရောက်ရှိနေပြီဖြစ်သော လုဟုန်ရှန်းက ချူဟန်ကို ညှာတာမှုကင်းမဲ့စွာ အော်ဟစ်လိုက်သည်။

"မသေချင်ရင် နောက်ဆုတ်နေစမ်း။ အဲဒီမှာ ကြောင်တောင်တောင်ကြီး ရပ်မနေနဲ့။ တိုက်ပွဲဖြစ်လာလို့ ငါ့လက်နက်က မင်းကို ထိသွားရင် လာမအော်နဲ့နော်"

လုဟုန်ရှန်း၏ စကားက လူအများအပြား၏ သဘောတူညီမှုကို ရရှိသွားစေသည်။ ရှေ့တန်းတွင် ရပ်နေသူ အများစုမှာ ယခုချိန်အထိ အနားမယူဘဲ အလုပ်လုပ်နေခဲ့ရသူများ ဖြစ်သည်။ သူတို့က ဘာမှမလုပ်သော ချူဟန်တို့အဖွဲ့ကို စောစောကတည်းက အမြင်ကပ်နေခဲ့ကြသည်။ လုဟုန်ရှန်း၏ စကားကို အစပြုလျက် သူတို့အားလုံးက မနာလိုမုန်းတီးမှုအပြည့်ဖြင့် ဝိုင်းဝန်းပြောဆိုလာကြတော့သည်။

"မြန်မြန် ထွက်သွားစမ်း။ ဒီမှာ ခြေရှုပ်မနေနဲ့"

"အသက်ကို နှမြောရင် အနောက်မှာ သွားငိုနေ။ ဇွန်ဘီတွေ မကိုက်ပါနဲ့ လို့ သွားဆုတောင်းနေလိုက်"

"တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ကောင်တွေပါလား"

"ဇွန်ဘီတွေ အစာစားတာကို ကြည့်ပြီး သေးထွက်ကျအောင် မငိုနဲ့နော်"

"ဟက်.. ကံကောင်းတဲ့ သခင်လေးတွေက အလောင်းတွေကိုတောင် မြင်ဖူးမှာ မဟုတ်ဘူးမလား"

ဟယ်ဖေးယွမ် တစ်စုံတစ်ရာ ပြောလိုက်ချင်သော်လည်း ထွက်လာမည့်စကားများကို အတင်း မျိုချလိုက်သည်။ သူက ချူဟန် တိုက်ခိုက်သည့်ပုံကို တိုက်ရိုက် မမြင်ဖူးချေ။ သိပ်ပြီး ဝင်မပါတာပဲ ကောင်းပါတယ်။ အကယ်၍ ဒီလူငယ်လေးသာ လွတ်မြောက်လို့မရတဲ့ အကျပ်အတည်းနဲ့ ကြုံလာခဲ့ရင် ကိုယ့်သားနဲ့ အရွယ်တူ ဖြစ်နေတဲ့ သံယောဇဉ်အရ အဲဒီအချိန်ကျမှ ကယ်တင်ပေးလိုက်မည်။

ဒီနေရာမှာ ပွိုင့်ဘယ်လောက် ရနိုင်မလဲ ဟု အတွေးနက်နေသော ချူဟန်က ရုတ်တရက် သတိဝင်လာပြီး ဘေးနားရှိလူများကို နားမလည်နိုင်စွာ တစ်ချက် ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပင် အကြည့်ပြန်ရုတ်လိုက်ကာ ပြုတ်ကျလုနီးပါး ဖြစ်နေသော ပုဆိန်ကို လွှဲယမ်းလျက် ဇွန်ဘီအုပ်ကြီး နီးကပ်လာမည့်အချိန်ကို တိတ်ဆိတ်စွာ ဆက်လက် စောင့်ဆိုင်းနေသည်။

"အယ်.. မောက်မာလှချည်လား ကောင်စုတ်လေး"

လုဟုန်ရှန်းက အေးစက်စွာ ပြောလိုက်ပြီး လက်ကို ကြီးမားစွာ လွှဲယမ်းလိုက်သည်။ လက်ထဲရှိ သံတူကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ချိန်တွင် ဖောင်းကြွနေသော ကြွက်သားများထက်၌ သွေးကြောစိမ်းများ ထင်းထွက်လာကာ ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ လွှမ်းခြုံလာသည်။ ကိုယ့်အဆင့်ကိုယ်မသိသော ကောင်လေးကို အစစ်အမှန် တိုက်ပွဲဆိုသည်မှာ မည်သို့ဖြစ်ကြောင်း ပြသပေးရန် ရည်ရွယ်ထားသည်။

ရှေ့ဘက်မှ ဇွန်ဘီအုပ်ကြီးက တဖြည်းဖြည်း နီးကပ်လာလေပြီ။ သူတို့၏ လှုပ်ရှားမှုမှာ လွန်ခဲ့သော တစ်လက ယိုင်နဲ့နဲ့ စက်ရုပ်ဆန်ဆန် လမ်းလျှောက်နေမှုနှင့် လုံးဝ ကွာခြားနေသည်။ သူတို့၏ ရွေ့လျားနှုန်းမှာ သာမန်လူတစ်ယောက်၏ လမ်းလျှောက်နှုန်းကို မည်သည့်အချိန်ကတည်းက မီသွားမှန်း မသိချေ။ လက်မောင်းခွန်အားများ တိုးလာကာ လက်သည်းများမှာလည်း ဟော်မုန်းဆေး ထိုးခံထားရသကဲ့သို့ ပုံမှန်မဟုတ်သော အရှည်အထိ ကြီးထွားလာပြီး နေရောင်ခြည်ကို ရောင်ပြန်ဟပ်လျက် စူးရှစွာ တောက်ပနေသည်။

ကြီးမားသော ပါးစပ်ကြီးက နားရွက်အခြေအထိ လုံးဝ စုတ်ပြဲနေကာ အတင်းအဓမ္မ ဆွဲဖြဲခံထားရသော ဒဏ်ရာတစ်ခုနှင့် တူလှသည်။ သွားဖုံးများမှာ လုံးဝ ပေါ်လွင်နေပြီး မည်းမှောင်နေသော ခံတွင်းထဲ၌ သွေးများနှင့် အဆီများ ကပ်ငြိနေသည့် ချွန်ထက်သော အစွယ်များ စီတန်းနေသည်။ ထိုအရာများမှာ သံသယဖြစ်ဖွယ်မရှိ လူသားအသားများ၏ အကြွင်းအကျန်များပင် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများ၏ နဖူးပေါ်တွင် ချွေးစေးများ အပြည့် ထွက်ပေါ်လာသည်။

ယခုအချိန်အထိ ဇွန်ဘီများစွာကို သတ်ဖြတ်ကာ တစ်လတာ ကာလပတ်လုံး ရက်စက်ကြမ်းကြုတ်သော ထွက်ပြေးပုန်းရှောင်ခြင်း ဘဝကို ဖြတ်သန်းလာခဲ့ရသည့် သူတို့ပင်လျှင် ဤဘီလူးကောင်များကို ရင်ဆိုင်ရချိန်တွင် ခြေထောက်များ တဆတ်ဆတ် တုန်ယင်လာကာ ရင်ထဲမှ နားလည်ရခက်သော အကြောက်တရားများ ပေါက်ဖွားလာတော့သည်။

"လာပြီဟေ့"

လုဟုန်ရှန်းက စိတ်ကို တည်ငြိမ်အောင်ထားပြီး အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

"ငါ့အမိန့်ကို နာခံပြီး..."

သို့သော် သူ၏ စကားမှာ အဆုံးထိ ထွက်ပေါ်မလာနိုင်ခဲ့ပေ။

ရုတ်တရက်ဆိုသလို လူရိပ်တစ်ခုက မုန်တိုင်းတစ်ခုနှယ် ခုန်ထွက်သွားသည်။ အဆုံးစွန် အမြန်နှုန်းကြောင့် မြေပြင်ပေါ်တွင် ဖုန်တောကြီးများ လွင့်စင်သွားကာ အမြင်အာရုံထဲ၌ ပုံရိပ်ယောင်တစ်ခုသာ ထင်ဟပ်သွားတော့သည်။ လူတိုင်း ဆွံ့အသွားကြသည်။ ဘယ်သူလဲ။ ဘယ်သူက ဒီလောက် မိုက်ရူးရဲဆန်တဲ့ အလုပ်ကို လုပ်လိုက်တာလဲ။

လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့ သတိဝင်လာချိန်တွင်တော့ စောစောက သူတို့ဘေးတွင် ရပ်နေခဲ့သော ချူဟန်မှာ ထိုနေရာ၌ မရှိတော့သည်ကို သတိထားမိလိုက်ကြသည်။

All Chapters