← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁) သူသာလျှင် အစစ်အမှန် ခေါင်းဆောင်

"နောက်ဆုတ်စမ်း"

လုဟုန်ရှန်းက အော်ဟစ်လိုက်သည်။

"သေချင်နေတာလား"

သူက ချူဟန်ကို အမြင်ကပ်နေခဲ့သည်။ ဘာမှမလုပ်ဘဲ ရပ်နေသော ပိန်သွယ်သွယ် အမျိုးသားကို အထင်သေးနေမိသည်။ သို့သော် ဟယ်ဖေးယွမ်ကဲ့သို့ တိုက်ပွဲဝင် စစ်သားဟောင်းတစ်ဦးနှင့် အတူသွားလာနိုင်သူဖြစ်ရာ သူ့စိတ်ရင်းကတော့ အခြေအမြစ်မရှိ ဆိုးယုတ်နေသူ မဟုတ်ချေ။ သေတွင်းထဲသို့ ကိုယ်တိုင် ပြေးဝင်သွားသူကို မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဦးစွာ ပေါက်ကွဲထွက်လာသည့် ခံစားချက်မှာ ဒေါသ မဟုတ်ဘဲ စိုးရိမ်စိတ် သာ ဖြစ်သည်။

"ငတုံးကောင်၊ မြန်မြန် နောက်ဆုတ်စမ်း"

လုဟုန်ရှန်း ရှေ့သို့ အပြင်းအထန် ပြေးထွက်သွားသည်။ ထိုကောင်လေး ဘယ်လောက်ပင် သွေးဆူနေပါစေ နည်းဗျူဟာမပါဘဲ ဇွန်ဘီအုပ်ထဲ ပြေးဝင်သွားခြင်းက ရူးသွပ်လွန်းလှသည်။ ရန်သူမှာ တစ်ကောင်နှစ်ကောင် မဟုတ်ဘဲ အုပ်စုကြီးဖြစ်နေသည် မဟုတ်ပါလား။

ဟယ်ဖေးယွမ်လည်း တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် လက်ထဲရှိ ရိုင်ဖယ်ကို ချိန်ရွယ်လိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း...

အစွမ်းကုန် မောင်းဖြုတ်ကာ ပစ်ခတ်လိုက်သည်။

"အကာအကွယ်ပေးကြ"

ပြဿနာတော့ တက်ပြီ။ ဘယ်လောက်တောင် မိုက်ရူးရဲဆန်တဲ့ လူငယ်လေးလဲ။

အခြား အသက်ရှင်ကျန်ရစ်သူများမှာလည်း ဒေါသကို မထိန်းနိုင်ကြတော့ပေ။ တဖြည်းဖြည်း ရှေ့တိုးလာရင်း ချူဟန်ကို ဝိုင်းဝန်း ဆဲဆိုကြတော့သည်။

"တောက်...ပြောစကားနာမထောင်ဘူး"

"အဲဒီကောင် သူ့ဘာသာ သေပါစေ"

"ဟီးရိုးလုပ်ချင်နေတာ၊ အဲဒီ ငတုံးက"

တခြားတစ်ဖက်တွင် Land Rover ကားပေါ်၌ ထိုင်နေသော ခွမ်းကျိရန်မှာ တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် ဗိုက်နှိပ်ကာ အော်ရယ်တော့သည်။

"ဟားဟားဟား.. ဟေ့လူတွေ တကယ်ပြောနေတာလား။ ဒီလောက် တုံးအတဲ့ကောင် ရှိတယ်ပေါ့။ ဦးနှောက်မရှိတာ သေချာသွားပြီ။ အကုန်လုံး ငတုံးတွေချည်းပဲ"

ရယ်မောအပြီးတွင် ခွမ်းကျိရန်က ကလေးမွေးနေသော ကားဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုကားဘေးတွင် ရပ်နေသူများ၏ မျက်နှာများမှာလည်း မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ ခွမ်းကျိရန်၏ နှုတ်ခမ်းထောင့်များ ထပ်မံ မြင့်တက်သွားသည်။

‘အရမ်းကောင်းတယ်။ ရှေ့ဘက်မှာ သွေးထွက်သံယိုတိုက်ပွဲ၊ နောက်ဘက်မှာ ကမောက်ကမအခြေအနေ။ ဒီအခွင့်အရေးကို အသုံးချပြီး ဒီလို ငရဲခန်းထဲကနေ လစ်ရမယ်။ ရှန်ကျင်း စစ်ဒေသ ရောက်ပြီး အဖေနဲ့သာ ပူးပေါင်းနိုင်ခဲ့ရင် မနက်ဖြန် ဘာဖြစ်မယ်မှန်းမသိတဲ့ ဒီထွက်ပြေးပုန်းရှောင်နေရတဲ့ ဘဝကြီးကနေ ထာဝရ လွတ်မြောက်ပြီ။’

လေပြင်းတစ်ချက်လို ပြေးထွက်သွားသော ချူဟန်က အနောက်ဘက်မှ လုဟုန်ရှန်း၏ အော်ဟစ်သံနှင့် အခြားသူများ၏ ဆဲဆိုသံများကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

သူ၏ မျက်ဝန်းထဲတွင် သားကောင်ကို မြင်တွေ့လိုက်ရသော ဝမ်းမြောက်မှုနှင့် ပိုင်စိုးလိုမှုတို့သာ ရှိနေသည်။

‘နောက်နေတာလား... ဇွန်ဘီတစ်ကောင်ကို တစ်ပွိုင့်ရမှာလေ... ဒီလို အမြတ်အစွန်းများတဲ့ နေရာကို တခြားလူလက်ထဲ အလွယ်တကူ ထည့်ပေးစရာ အကြောင်းမရှိဘူး’

ဇွန်ဘီအုပ်ကြီးက မျက်စိရှေ့သို့ ရောက်လာပြီ ဖြစ်သည်။ အပေါက်အပြဲပေါင်းစုံမှ တိုးထွက်ကာ ဤဘက်သို့ ပြေးဝင်လာကြသည်။

ချူဟန်က ခြေတစ်လှမ်း ဆုတ်ကာ ကားနှစ်စီးကြားတွင် ခြေစုံရပ်လိုက်သည်။

အလွန်အမင်း ဆာလောင်မွတ်သိပ်မှုကြောင့် ဝမ်းသာအားရ ဟိန်းဟောက်ကာ ရမ်းကားစွာ ပြေးဝင်လာသော ဇွန်ဘီများကို တည်ငြိမ်စွာ စိုက်ကြည့်လျက်.. လက်ထဲရှိ သံပုဆိန်ကို မြှောက်ကာ ခုတ်ချလိုက်သည်။

ဖြောင်း...

မည်းဟောင်နေသော သွေးများ ပန်းထွက်သွားပြီး ဇွန်ဘီသုံးကောင်၏ ခေါင်းများ တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားတော့သည်။

ပုဆိန်၏ လမ်းကြောင်းမှာ ထက်မြက်ပြီး ခန့်မှန်းရခက်လှသည်။ လေထဲတွင် အမည်းရောင် သွေးစက်များ တောက်တောက်ကျလျက် ကျန်ရစ်သည်။

ဆက်တိုက်ဆိုသလို နောက်ထပ် တစ်ချက်။

ဇွန်ဘီများမှာ ပြန်လည်ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ ချူဟန်၏ အလွန်မြန်ဆန်သော အမြန်နှုန်းရှေ့တွင် မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်သွားကြသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင်။

ချူဟန်၏ ခြေရင်းတွင် ဇွန်ဘီအလောင်း ဆယ်ဂဏန်းခန့် ပြန့်ကျဲနေပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ ကားများနှင့် အတားအဆီးများထက်၌ အမည်းရောင် သွေးများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။

ခေါင်းပြတ်သွားသော အလောင်းကောင်များမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားပြီး တဆတ်ဆတ်ပင် မတုန်လှုပ်နိုင်တော့ဘဲ အသက်မဲ့နေသော အသားတုံးများအဖြစ် ပြောင်းလဲသွားကြသည်။ ချူဟန်၏ ရှေ့မှောက်တွင် မျက်စိတစ်မှိတ်အတွင်း အလောင်းကောင် တောင်တန်းငယ်တစ်ခု ဖြစ်တည်လာတော့သည်။

ချူဟန်ကို ဆွဲခေါ်ကာ အသေအလဲ ဆဲဆိုရန် ပြေးလာသူများအားလုံး ထိုနေရာ၌ပင် ရပ်တန့်သွားကြသည်။

ကွန်ပျူတာ ဟန်းသွားသည့်အလား တွေးခေါ်နိုင်စွမ်းများ လုံးဝ ရပ်တန့်သွားကြသည်။

ဘာတွေ ဖြစ်သွားတာလဲ။

မျက်စိရှေ့မှာ ဖြစ်ပျက်သွားတဲ့ ဒီတုန်လှုပ်ဖွယ် မြင်ကွင်းက ဘယ်လို အခြေအနေကြီးလဲ။

လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်လာသည်။

ထိုတုန်လှုပ်မှုမှာ ကပ်ဘေးလောကကြီး စတင်ရောက်ရှိလာသော နေ့ထက်ပင် မလျော့နည်းပေ။

ဤမျှ တိုတောင်းသော အချိန်အတွင်း အဆုံးစွန် အမြန်နှုန်း၊ ခွန်အားတို့ဖြင့် ဇွန်ဘီ အမြောက်အများကို သတ်ဖြတ်ပစ်လိုက်သည်တဲ့လား။

ဒါတောင် သူတစ်ယောက်တည်းလေ။ ကိုယ်တွေကျတော့ကော။ လူနှစ်ယောက် ပေါင်းပြီး အသေအလဲ တိုက်ခိုက်တာတောင် တစ်ကောင်သေဖို့ကို မနည်း လုပ်နေရတာ မဟုတ်လား။

လုဟုန်ရှန်းမှာ ချူဟန်နှင့် ဆယ်မီတာခန့် အကွာတွင် အရှိန်ပြင်းပြင်း ပြေးလာသော ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။

သူ မမီလိုက်ခင်မှာပင် ချူဟန်က ဇွန်ဘီဆယ်ကောင်ကျော်ကို.. မဟုတ်ဘူး

အခုဆို အကောင်နှစ်ဆယ်တောင် ကျော်နေပြီ။

လုဟုန်ရှန်းက သူ၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကြီးကို ငုံ့ကြည့်မိပြီး ရှေ့တွင်ရပ်နေသော ချူဟန်၏ ပိန်သွယ်သွယ် ကျောပြင်ကို လှမ်းကြည့်လိုက်မိသည်။

ဘယ်လိုကြည့်ကြည့် ပျော့ညံ့တဲ့ပုံစံ ဖြစ်နေပါလျက်နဲ့ ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။

တစ်ချိန်လုံး အမြင်ကပ်လာပြီး အားနည်းသူ လို့ ထင်ထားခဲ့တဲ့ ချူဟန်က သူ့ထက် အဆပေါင်းများစွာ၊ ဆယ်ဆမက သန်မာနေတဲ့ ဘီလူးတစ်ကောင် ဖြစ်နေတယ်တဲ့လား။

အလွန်အမင်း ကွာခြားလွန်းသော အခြေအနေကြောင့် သူ၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

မျက်စိရှေ့ရှိ ချူဟန်၏ ကျောပြင်က ကြီးမားကျယ်ပြန့်မနေချေ။ သာမန် လူငယ်တစ်ယောက်၏ ကျောပြင်သာ ဖြစ်သည်။

သို့သော် အဘယ်ကြောင့်နည်း။ ထိုကျောပြင်ထံမှ အလွန်အမင်း ကြီးမားလှသော ဖိအားများကို ခံစားနေရသည်။ ဧရာမ တောင်ကြီးတစ်လုံးက ဖိချထားသကဲ့သို့ အသက်ရှူရပင် ကျပ်လာသည်။

အခြားသူများကို အကာအကွယ်ပေးရန် အော်ဟစ်နေသော ဟယ်ဖေးယွမ်၏ အသံများလည်း တိခနဲ ရပ်တန့်သွားသည်။

လောကကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည့်အလားပင်။

သူက ထိုနေရာ၌ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ ရှေ့ရှိ လူငယ်လေး၏ ခြေရင်းတွင် အလောင်းကောင် အရေအတွက်က ပို၍ တိုးများလာနေသည်။

အချိန်တိုလေးအတွင်းမှာပင် သူတို့ အကြိမ်ကြိမ် စီစဉ်ထားခဲ့သော နည်းဗျူဟာများထက် များစွာ ပိုမို တိုက်ရိုက်ကျပြီး အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် ဇွန်ဘီများကို မျိုးဖြုတ်နေသည်။

ဇွန်ဘီများက သူ့ကို လက်တစ်ဆစ်မျှပင် မထိနိုင်ကြချေ။ ကြွက်ရိုက်ကစားနည်း ကစားနေသကဲ့သို့ လွယ်ကူနေပြီး ခံစစ်မျဉ်းကို ထိုးဖောက်နိုင်သော ဇွန်ဘီ တစ်ကောင်မျှ မရှိပေ။

အားလုံး သေကုန်ကြပြီ။

လွန်ခဲ့သော မိနစ်အနည်းငယ်က အဖြစ်အပျက်ကို သူ ရုတ်တရက် သတိရလိုက်သည်။ ချန်ရှောက်ရယ်က ချူဟန်ကို ဘော့စ် ဟု ခေါ်ဝေါ်ခဲ့သည် မဟုတ်ပါလား။

နတ်ဘုရားတစ်ပါးပမာ သေနတ်ပစ်စွမ်းရည်ရှိသော လူဝကြီးကို မြင်ရုံဖြင့်ပင် စိတ်ကူးယဉ်၍မရနိုင်လောက်အောင် တုန်လှုပ်ခဲ့ရသည်။ ထိုမျှ အင်အားကြီးမားသော ချန်ရှောက်ရယ်က ချူဟန်အပေါ် ထားရှိသည့် အကြည့်များတွင် စစ်မှန်သော ကြည်ညိုလေးစားမှု များ ပါဝင်နေခဲ့သည်။

သေချာသွားပြီ။

အပြင်ပန်းကြည့်လျှင် သာမန်ဟုထင်ရသော လူငယ်လေးကသာ အစစ်အမှန် ခေါင်းဆောင်ပင် ဖြစ်သည်။ ထိုကျောချမ်းဖွယ်ရာ စနိုက်ပါသမား ချန်ရှောက်ရယ်ကိုပင် အုပ်စိုးနိုင်သော အကြွင်းမဲ့ အင်အားကြီးသူ ဖြစ်သည်။

တခြားတစ်ဖက်တွင် ကားပေါ်၌ အေးဆေးစွာ ထိုင်ကာ ပွဲကြည့်နေသော ခွမ်းကျိရန်၏ ဦးနှောက်များလည်း လုံးဝ ရပ်တန့်သွားသည်။ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာမှာ လူအတစ်ယောက်နှင့် တူလှသည်။

"မ.. မဖြစ်နိုင်တာ။ လုံးဝ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နောက်နေတာလား။ အဲဒီကောင်က လူမှ မဟုတ်တာ"

အတွေးများ ကမောက်ကမ ဖြစ်လာပြီး ယခုအချိန်အထိ လက်ခံထားသော ယုံကြည်မှုများက မျက်စိတစ်မှိတ်အတွင်း ပြိုကျပျက်စီးသွားသည်ကို ခံစားလိုက်ရသည်။

သူက ချူဟန်ကို အရေးလုပ်စရာပင် မလိုဟု ယူဆထားခဲ့သည်။ သတိထားရမည်မှာ ထိုလူဝကြီး တစ်ယောက်တည်းသာဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုအခါ သူ၏ ရင်ထဲတွင် နက်ရှိုင်းသော အကြောက်တရားများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။ တစ်စုံတစ်ခုက သူ၏ ထိန်းချုပ်မှုအောက်မှ လုံးဝ သွေဖည်သွားလေပြီ။

အားလုံးက လူကဲခတ် မှားယွင်းခဲ့ကြတာပဲ။

ဂွပ် ဂွပ်...

ချူဟန်က လည်ပင်းကို ချိုးလိုက်ပြီး လက်ထဲရှိ သံပုဆိန်ကို လွှဲယမ်းလိုက်ရာ လှပသော လခြမ်းကွေးပုံစံ ပေါ်ထွက်လာသည်။

ပုဆိန်သွားတွင် ကပ်ငြိနေသော အမည်းရောင် သွေးများက ရက်စက်ကြမ်းကြုတ်စွာ လွင့်စဉ်သွားသည်။ ရေစက်များ ပန်းထွက်သွားသကဲ့သို့ ဘေးပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အမည်းရောင် အစက်အပြောက်များ ကျန်ရစ်နေခဲ့သည်။

'ဒီပုဆိန်က ပေါ့နေသေးတာပဲ။ ဒါပေမဲ့.. လောလောဆယ်တော့ လုံလောက်ပါတယ်လေ'

တိုးဝင်လာသော ဇွန်ဘီလှိုင်းကြီးမှာ ပြတ်တောက်သွားခြင်း မရှိသေးချေ။ ချူဟန်၏ မျက်ဝန်းထဲရှိ အပြုံးများက ပိုမို နက်ရှိုင်းလာသည်။

‘ဒီကောင်တွေ အားလုံးက ချစ်စရာ ပွိုင့်လေးတွေပဲ...နောက်ထပ် လာခဲ့စမ်းပါ.. အကောင်တစ်ရာပဲဖြစ်ဖြစ်၊ တစ်ထောင်ပဲဖြစ်ဖြစ် ဝင်လာခဲ့’

‘ဘာပဲဖြစ်ဖြစ် ဘေးပတ်ဝန်းကျင်ရှိ အတားအဆီးတွေက သူတို့ရဲ့ ဝင်ရောက်လာမှုကို တားဆီးပေးထားတာပဲ... သဘာဝ မြေမျက်နှာသွင်ပြင် အားသာချက်ပဲ...နေရာရွှေ့ပြောင်းဖို့တောင် မလိုဘူး... တည်တည်ငြိမ်ငြိမ်နဲ့ တစ်ကောင်ချင်းစီကို သတ်ပစ်လိုက်ရုံပဲ’

ကိုယ်ကာယစွမ်းရည်ကို ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူ အဖြစ် မြှင့်တင်ရန် ပွိုင့် (၂၀၀၀) လိုအပ်သည်။ လက်ရှိ သူပိုင်ဆိုင်ထားသော ပွိုင့်မှာ (၁၂၀၃) ဖြစ်သည်။

အနောက်ဘက်တွင် ရပ်တန့်ထားသော ကုန်တင်ကား နောက်ခန်းထဲ၌ လော့ရှောင်ရှောင်က လက်ခုပ်တီးကာ အသံကျယ်ကြီးဖြင့် အော်ဟစ်နေသည်။

"ကိုကိုချူဟန်.. အရမ်းမိုက်တာပဲ"

ချန်ရှောက်ရယ်ကလည်း ကြက်ကြော်ကို ကိုက်ဖဲ့ကာ အငမ်းမရ စားသောက်နေသည်။

"ဝိုး.. ဘော့စ်ကတော့ တကယ် ကြက်သီးထစရာပဲ။ အဲဒီ ဟန်ပန်တွေ၊ လှုပ်ရှားမှုတွေ၊ ပြီးတော့ နတ်ဘုရားတစ်ပါးလို အမြန်နှုန်းနဲ့ တိုက်ခိုက်တာတွေကလေ။ ကျုပ်ဆို ခြေဖျားတောင် မမီဘူးဗျာ"

"ဒါပေါ့"

ရှန်ကျိုတီမှာ သူမ၏ ချစ်သူကို ချီးကျူးခံရသည့်အလား ဝမ်းသာပီတိ ဖြစ်နေသည်။ သူမ၏ ဆံပင်ကို လက်ဖျားဖြင့် ကစားရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ရှင်က ဇွန်ဘီတွေကို သတ်တာက ရုတ်ရုတ်သဲသဲနဲ့ အပေါစားဆန်တယ်...ချူဟန် သတ်တာကကျတော့ အကြမ်းဖက်ခြင်းရဲ့ အလှတရား အစစ်အမှန်ပဲ"

"ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ.. ဘော့စ်နဲ့ ယှဉ်လို့မရဘူးဆိုတာကို ကျုပ် ဝန်ခံပါတယ်ဗျာ။ ဒါပေမဲ့ အဲဒီလောက်ကြီးလည်း နှိမ်စရာ မလိုပါဘူး"

အဖြူရောင် ကုန်တင်ကားလေးထဲတွင် သက်တောင့်သက်သာရှိသော လေထုက လွှမ်းခြုံနေသည်။

နောက်ပြောင်ပြောဆိုရင်း ရယ်မောကာ မုန့်စားနေကြသော သူတို့၏ ပုံစံမှာ အပြင်ဘက်တွင် အလွန်အမင်း တင်းမာမှု၊ အကြောက်တရားတို့ဖြင့် ရင်ဆိုင်နေရသော အသက်ရှင်ကျန်ရစ်သူများနှင့် အလွန် ကွာခြားလွန်းလှပေသည်။

အခန်း (၁၁၂) ထိပ်တိုက်ရင်ဆိုင်ခြင်း

ချူဟန်သည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ ရှေ့တန်းမှနေ၍ ဇွန်ဘီများကို ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် သတ်ဖြတ်နေလေသည်။ သံပုဆိန်ကြီးက ကြမ်းကြုတ်သော ကျားရိုင်းတစ်ကောင်ပမာ အစွမ်းထက်လှသဖြင့် လေထဲတွင် ဝှေ့ယမ်းလိုက်သော ပုဆိန်သွား၏ လမ်းကြောင်းမှာ စက်ပစ္စည်းဖြင့် တိုင်းတာထားသည့်အလား တိကျသေချာလှသည်။ အပိုလှုပ်ရှားမှု တစ်စက်မျှ မပါဝင်သလို ထောင့်ချိုးအလွဲအချော်ဟူ၍လည်း မရှိပေ။ သူ၏ လှုပ်ရှားမှုများမှာ တိကျသော စက်ယန္တရားတစ်ခုသဖွယ် ဖြစ်နေတော့သည်။

Land Rover ကားထဲတွင် ပုန်းအောင်းနေပြီး အပြင်သို့ ထွက်မလာသော ခွမ်းကျိရန်မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေသည်။ သူ၏ အကြည့်များက ရှေ့တွင်ရှိနေသူများထံသို့ ရွေ့လျားသွားသည်။ ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့အပြင် ပုံမှန်အားဖြင့် သူ့ကို ရှောင်ဖယ်ကာ လျစ်လျူရှုထားတတ်သူများပင်လျှင် ယခုအခါတွင် အံ့ဩမင်သက်မှု၊ ကိုးကွယ်ယုံကြည်မှုတို့ ပြည့်နှက်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ကြီးကျယ်ခမ်းနားသော ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသည့်အလား ချူဟန်၏ တိုက်ခိုက်နေပုံကို အာရုံစိုက်နေကြလေသည်။

၎င်းမှာ အကြွင်းမဲ့ သန်မာသူတစ်ဦးအပေါ် ထားရှိသော လေးစားကိုးကွယ်မှု အကြည့်များပင် ဖြစ်သည်။ ထိုအကြည့်မျိုးကို ခွမ်းကျိရန် တစ်ခါမှ မရရှိခဲ့ဖူးချေ။ သူသည် မြင့်မြတ်သော အဆင့်အတန်းရှိပြီး စစ်တပ်မှ တိုက်ရိုက် ကာကွယ်ပေးရန် အမိန့်ပေးခံထားရသည့် အထူးပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်ငြားလည်း အခြားသူများကို အထင်သေးကာ နေထိုင်လာခဲ့သော သူသည် လူများထံမှ စစ်မှန်သော လေးစားကိုးကွယ်မှုကို တစ်ခါမျှ မရရှိခဲ့ပေ။ သူ့အပေါ်ထားရှိကြသည်မှာ အမြဲတမ်း အကြောက်တရားနှင့် ရွံရှာမှုများသာ ဖြစ်ခဲ့သည်။

ဤစစ်မြေပြင်မှာ ချူဟန် တစ်ယောက်တည်း၏ စင်မြင့်ထက်အဖြစ် လုံးဝ ပြောင်းလဲသွားတော့သည်။

ခွမ်းကျိရန်သည် ရုတ်တရက် စိုးရိမ်ပူပန်လာလေသည်။ သူ၏ နေရာမှာ ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။ ဟယ်ဖေးယွမ်က သူ့ကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း လမ်းခရီးတစ်လျှောက်တွင် မည်သည့် အထူးအခွင့်အရေးမျှ မပေးခဲ့ပေ။ တိုက်ခိုက်ရန်နှင့် အလုပ်လုပ်ရန် အတင်းအကျပ် မခိုင်းစေခြင်းမှလွဲ၍ ပုံမှန် စားနပ်ရိက္ခာနှင့် သောက်ရေကိုပင် ကန့်သတ်ထားသေးသည်။ ထို့အပြင် ရေချိုးချင်သည်ဟု ပြောရုံဖြင့်ပင် အချိန်အကြာကြီး ညှိနှိုင်းခဲ့ရသေးသည်။

"ချီးတဲ့မှပဲ"

ခွမ်းကျိရန်၏ မျက်နှာမှာ အရုပ်ဆိုးစွာ ရှုံ့မဲ့သွားသည်။

ချူဟန်က ဤမျှ သန်မာနေလျှင် ဟယ်ဖေးယွမ်က သူ့ကို အဖွဲ့ထဲသို့ သေချာပေါက် ဆွဲသွင်းမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအခါ သူသည် အဖွဲ့ထဲတွင် ခိုင်မာသော နေရာတစ်ခုကို ရရှိသွားလိမ့်မည်။ ပုံမှန်အားဖြင့် သူ့အပေါ် အေးစက်စက် ဆက်ဆံတတ်သော လုဟုန်ရှန်းပင်လျှင် ချူဟန်ကို စွဲလမ်းသွားနိုင်ပေသည်။ ထိုသို့ဆိုလျှင် သူ၏ နေရာမှာ ပို၍ ကျဉ်းမြောင်းသွားတော့မည်။

ဒုန်း…

ခွမ်းကျိရန်သည် စတီယာရင်ကို အားကုန်ထုလိုက်သည်။

"တောက်... ကျက်သရေမရှိတဲ့ ကောင်..."

သူ့အသံထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

ချူဟန်၏ စရိုက်မှာ ခေါင်းမာပြီး အခွင့်အရေး ယူ၍မရသော အမျိုးအစားဖြစ်ကြောင်း သေချာသည်။ ထို့ကြောင့် ခွမ်းကျိရန်သည် သူ့ကို မိမိ၏ လက်အောက်ခံအဖြစ် အသုံးပြုရန် စိတ်ကူးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ အစကတည်းက ချူဟန်၏ တည်ရှိမှုသည် မျက်စိစူးစရာ ဖြစ်နေခဲ့သည်။ သူသာ ဇွန်ဘီများ အကိုက်ခံရပြီး သေသွားလျှင် အကောင်းဆုံးပင်။

အနောက်ဘက်တွင် မတ်တပ်ရပ်နေကြသူများကို ခွမ်းကျိရန်က ခပ်စူးစူး စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာလေသည်။ ထို့နောက် ကားပြတင်းပေါက်ကို ဖွင့်ကာ အော်ဟစ်လိုက်သည်။

"မင်းတို့ ဘယ်အချိန်ထိ ကြောင်ကြည့်နေကြမှာလဲ..မြန်မြန် မလုပ်ကြဘူးလား"

ထိုဒေါသတကြီး အော်ဟစ်သံကြောင့် မီးဖွားနေသော ကားအပြင်ဘက်ရှိ လူများမှာ ရုတ်တရက် သတိဝင်လာကြသည်။ သို့သော် သူတို့မှာ တွေဝေနေကြဆဲပင်။ ရှေ့တန်းမှ တိုက်ပွဲအခြေအနေမှာ အလွန်ကောင်းမွန်နေသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စတေးရန် မလိုအပ်ဟု ထင်ရသောကြောင့် ဖြစ်သည်။

"ငါ လုပ်ဆိုလုပ်လိုက်စမ်းပါ"

သို့သော် ခွမ်းကျိရန်၏ အတွေးကတော့ ခြားနားနေသည်။ သူ၏ အတွေးအခေါ်များသည် အမြဲတမ်း တစ်ကိုယ်ကောင်းဆန်လှသည်။

"အဲ့ဒီ ကိုယ်ဝန်ဆောင်ကို သတ်လိုက်ကြ ဟိုကောင်လေးသာ ကြီးစိုးသွားရင် မင်းတို့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး။ ရေတစ်ပေါက်တောင် သောက်ရတော့မှာ မဟုတ်ဘူးကွ။ အဲ့ဒီမိန်းမက တန်ဖိုးရှိတဲ့ ရေတွေကို အလဟဿ ဖြုန်းတီးပစ်ခဲ့တာမို့လို့ သေသင့်တယ်။ သူ့ကို အပြင်ဘက် ပစ်ထုတ်ပြီး ဇွန်ဘီတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်။ ပြီးရင် ငါနဲ့ လိုက်ခဲ့ကြ။ ရှန်ကျင်း စစ်ဒေသကို ရောက်တာနဲ့ မင်းတို့ကို အရသာရှိတဲ့ အစားအသောက်တွေ အဝကျွေးမယ်"

ဤစကားများက လူအများစု၏ ရင်ထဲတွင် ကိန်းအောင်းနေသော ရက်စက်ယုတ်မာသည့် စိတ်ဓာတ်ကို လှုံ့ဆော်ပေးလိုက်သည်။ ချက်ချင်းပင် လူအချို့က လက်မောင်းကို ပင့်တင်ကာ ရှေ့သို့ တိုးလာကြပြီး ကားရှေ့တွင် ပိတ်ရပ်နေသော ပိန်လှီလှီ ကျန်းဇိုကို အားကုန် တွန်းထုတ်ပစ်လိုက်ကြသည်။

"ချီးတဲ့မှပဲ... စစ်တပ်ကလူ နောက်ကို လိုက်တာက အသေချာဆုံးပဲ"

"အထဲမှာရှိတဲ့ အဲ့ဒီမိန်းမကို ဆွဲထုတ်ကြ"

သူတို့သည် တိုးဝှေ့လျက် မီးဖွားနေသော ကားထဲသို့ အတင်း ဝင်ရောက်ရန် ကြိုးစားလာကြသည်။ ဇွန်ဘီအုပ်ကို ဆွဲဆောင်ခဲ့သည့် တရားခံဖြစ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးကို သူတို့လက်ဖြင့် ကိုယ်တိုင် အဆုံးစီရင်ရန်အတွက် ဖြစ်သည်။

"အရမ်း ရက်စက်လွန်းတယ်"

ကုန်တင်ကားထဲတွင် ရှိနေသော လော့ရှောင်ရှောင်မှာ နေမထိထိုင်မသာ ဖြစ်လာတော့သည်။

ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့မှာ အနည်းငယ် တွေဝေသွားကြသည်။ ဤလူများ၏ လုပ်ရပ်မှာ လွန်ကဲလွန်းသည်ကတော့ အမှန်ပင်။ ဇွန်ဘီများကို ဆွဲဆောင်မိသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကြောင့် ဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေတွင် ဘာမှလုပ်၍ မရတော့ပေ။ ကလေးကို ဗိုက်ထဲ ပြန်ထည့်ထားရမည်လား။

ထို့အပြင် လက်ရှိ အန္တရာယ်မှာ မည်သူ့အတွက်မျှ ခြိမ်းခြောက်မှု မဖြစ်တော့ပေ။ ချူဟန်၏ အလွန်မြန်ဆန်သော တိုက်ခိုက်မှုများကြောင့် ဇွန်ဘီအုပ်မှာ လုံးဝ တန့်သွားခဲ့ပြီ ဖြစ်သည်။ အန္တရာယ် မရှိတော့သည့်တိုင် ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်အပေါ် ဤသို့ ပြုမူခြင်းမှာ အလွန်ပင် ရက်စက်လွန်းလှသည်။

"မလုပ်ကြပါနဲ့။ ကျွန်တော့် မိန်းမကို လွှတ်ပေးကြပါ။ တောင်းပန်ပါတယ်"

ကျန်းဇိုက သူတို့ကို ရပ်တန့်ရန် အသေအလဲ ကြိုးစားလေသည်။ သို့သော် သူသည် ဓာတုဗေဒပညာရှင် တစ်ဦးသာ ဖြစ်သည်။ တစ်နေ့လုံး ဓာတ်ခွဲခန်းထဲတွင်သာ အောင်းနေခဲ့သော သူ့အနေဖြင့် လူကြမ်းများကို တားဆီးနိုင်စွမ်း မရှိပေ။ မျက်နှာကို အထိုးခံလိုက်ရသဖြင့် မျက်မှန်မှာ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသော မှန်ဘီလူးများမှာလည်း အကြင်နာကင်းမဲ့စွာ နင်းချေဖျက်ဆီးခံလိုက်ရသည်။

ထိုအချိန်တွင် မီးဖွားနေသော ကားထဲ၌

“အား...”

ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူမသည် အစွမ်းကုန် ညှစ်နေသဖြင့် ချွေးများမှာ ရေတံခွန်ပမာ စီးကျနေသည်။ သူမ၏ အောက်တွင် သွေးအိုင်ကြီး ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ထို့နောက်..

"အူဝဲ..."

မွေးကင်းစ ကလေးငယ်၏ ကျန်းမာသန်စွမ်းသော ငိုသံလေးက ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

ကမ္ဘာပျက်ကပ်တွင် ရွှံ့ဗွက်များကြား၌ တွားသွားကာ အသက်ရှင်လာခဲ့ရသူများ၏ ရင်ထဲတွင် ရုတ်တရက် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာကြသည်။ အန္တရာယ်နှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော ဤကမ္ဘာကြီးတွင် သက်ရှိရတနာလေး တစ်ခုက အော်ဟစ်မွေးဖွားလာခဲ့ပြီ မဟုတ်ပါလော။

"ငါ့ကလေး... ငါ့ကလေးလေး"

ကျန်းဇိုသည် အားတင်းကာ တွားသွား၍ ကားကို အသေအလဲ ဆုပ်ကိုင်ထားလိုက်သည်။ ကျောပြင်တွင် အကြိမ်ကြိမ် အရိုက်ခံထားရသဖြင့် ညိုမည်းစွဲနေသည်များကိုလည်း သူ ဂရုမစိုက်နိုင်တော့ပေ။

"ကတ်ကြေး"

ရှန်ကွမ်းယွီရှင်း၏ တည်ငြိမ်ပြီး အေးစက်စက် အသံ ထွက်ပေါ်လာသည်။ အပြင်ဘက်မှ အော်ဟစ်နေသော ဇွန်ဘီအုပ်ကိုဖြစ်စေ၊ အထဲသို့ ဝင်ရောက်လာတော့မည့် ရူးသွပ်နေသော လူအုပ်ကိုဖြစ်စေ သူမ လုံးဝ ဂရုမစိုက်ပေ။

သူမသည် မိမိလုပ်ရမည့် အလုပ်ကို နားလည်ထားသည်။ သူမသည် ဆရာဝန် တစ်ယောက်ဖြစ်ပြီး လက်ရှိ သူမ၏ တစ်ခုတည်းသော တာဝန်မှာ မျက်မှောက်မှ မီးဖွားနေသော အမျိုးသမီးကို အန္တရာယ်ကင်းစွာ ကယ်တင်ရန်သာ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ကားတံခါးကို ပြင်းထန်စွာ ထုနှက်နေကြသဖြင့် ကြီးမားစွာ တုန်ခါနေသည်။ ပုံထားသော ပစ္စည်းများဖြင့် အပြင်ဘက်မှ လူကြမ်းများကို မကာကွယ်နိုင်တော့ပေ။

"သူတို့... သူတို့တွေ ဝင်လာတော့မယ်"

ဘေးမှ ကူညီပေးနေသော အမျိုးသမီးများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ငါပြောတာ မကြားဘူးလား။ ကတ်ကြေး ပေးစမ်း"

ရှန်ကွမ်းယွီရှင်း၏ မျက်လုံးများတွင် ထက်မြက်ပြီး ပြင်းထန်သော အရိပ်အယောင်များ ပေါ်လာလေသည်။ စစ်သားတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ဓာတ်ခိုင်မာမှုတို့က သူမ၏ အသံတွင် အထင်းသား ပေါ်လွင်နေသည်။

"ချက်ကြိုး ဖြတ်ရမယ်"

"၀ိုး..."

အခြေအနေများကို အချိန်ကြာမြင့်စွာ စောင့်ကြည့်နေသော ချန်ရှောက်ရယ်က သဘောကျစွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

"အဲ့ဒီ အမျိုးသမီး ဆရာဝန်လေးက တော်တော် မိုက်တာပဲ"

ရှန်ကျိုတီကတော့ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်ကာ တိတ်ဆိတ်စွာပင် ကုန်တင်ကားပေါ်မှ ဆင်းလာခဲ့သည်။ ရူးသွပ်နေသော လူများကို အင်အားသုံး၍ တားဆီးရန် ရည်ရွယ်ထားသော်လည်း ကံမကောင်းစွာဖြင့် သူမထက် လှုပ်ရှားမှု မြန်ဆန်သူ တစ်ဦး ရှိနေခဲ့သည်။

ဒိုင်း...

စူးရှသော သေနတ်သံက ပတ်ဝန်းကျင်မှ ဆူညံသံများကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ လူအများစုမှာ ရုတ်တရက် နားအူသွားကာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။

ခေါင်းလောင်းသံလေးပမာ ကြည်လင်သော လော့ရှောင်ရှောင်၏ အသံလေးက အနည်းငယ် ဝေးသော မြေကွက်လပ်ဆီမှ ထွက်ပေါ်လာသည်။

"အထဲဝင်ဖို့ ငါ ခွင့်မပြုဘူး"

သေနတ်သံကြောင့် လန့်ဖျပ်သွားသော လူအုပ်ကြီးက အလန့်တကြား လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

သန့်ရှင်းသပ်ရပ်သော ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသည့် သူမသည် ခြေထောက်ကို တရွတ်တိုက်ဆွဲကာ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ လက်ထဲတွင် ရိုင်ဖယ်သေနတ်ကို မြဲမြံစွာ ကိုင်ဆောင်ထားပြီး မျက်နှာပေါ်ရှိ အမူအရာမှာ ကလေးငယ်တစ်ဦးနှင့် လုံးဝ မတူညီပေ။ မောက်မာသော ခိုင်မာမှုနှင့် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။

"လော့ရှောင်ရှောင်..."

ချန်ရှောက်ရယ်က အလန့်တကြား အော်လိုက်သည်။

"နင် ကားပေါ်က မဆင်းနဲ့လေ။ နင့်ခြေထောက် မပျောက်သေးဘူးမလား"

ဂျောက်...

လော့ရှောင်ရှောင်က ကျွမ်းကျင်သော လက်ဟန်ဖြင့် ရိုင်ဖယ်၏ လုံခြုံရေးခလုတ်ကို ဖြုတ်လိုက်သည်။ ထိုရိုင်းစိုင်းကြမ်းတမ်းသော ဟန်ပန်မှာ ရှေ့တန်းတွင် ဇွန်ဘီများကို ခုတ်ထစ်နေသော ချူဟန်နှင့် အလွန်တူညီနေသည်။

"ကိုယ်ဝန်ဆောင် အစ်မကို လက်တစ်ချောင်းနဲ့တောင် သွားမထိနဲ့။ ဘယ်သူပဲဖြစ်ဖြစ် ငါသတ်ပစ်မယ်"

"အယ်..."

ကားပေါ်မှ ဆင်းရန် ပြင်နေသော ရှန်ကျိုတီမှာ လက်များ ရပ်တန့်သွားကာ ဘာလုပ်ရမှန်းမသိ တွေဝေသွားသည်။

"အူဝဲ... အူဝဲ..."

ကလေးငယ်၏ ငိုသံမှာ ပုံမှန်မဟုတ်ဘဲ ကျယ်လောင်လွန်းလှသည်။ ကားထဲတွင် အစွမ်းကုန် အော်ဟစ်နေပြီး ထိုအသံမှာ အသက်ရှင်သန်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်၌ပင်...

ဝူး...

ရုတ်တရက် ကားတစ်စီးက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဤဘက်သို့ ပြေးဝင်လာသည်။ လမ်း၏ အလယ်ဗဟိုတွင် လော့ရှောင်ရှောင် ရပ်နေသည်။ ဤအတိုင်းဆိုလျှင် ဝင်တိုက်တော့မည် ဖြစ်သော်လည်း ထိုကားမှာ အရှိန်လျှော့မည့် အရိပ်အယောင် လုံးဝ မပြပေ။

ထိုကားမှာ Land Rover ပင်ဖြစ်သည်။

"လော့ရှောင်ရှောင်"

ရှန်ကျိုတီနှင့် ချန်ရှောက်ရယ်တို့က တစ်ချိန်တည်းမှာပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

ဘရွန်း...

ချန်ရှောက်ရယ်သည် စဉ်းစားနေခြင်းထက် ပိုမိုမြန်ဆန်စွာဖြင့် ကုန်တင်ကား၏ အင်ဂျင်ကို နှိုးကာ ပြေးဝင်လာသော Land Roverကို ဝင်တိုက်ရန် မောင်းထွက်လိုက်သည်။

ဒိုင်း... ဂွပ်...

သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် အရိုးကျိုးသံကြီးက ပဲ့တင်ထပ်သွားသည်။

ချူဟန်က အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ စက္ကူစလေးတစ်ရွက်ပမာ လွင့်စင်သွားသော ပန်းရောင်အရိပ်လေးတစ်ခုပင်။ သေးငယ်သော ခန္ဓာကိုယ်လေးက လေထဲသို့ လွင့်စင်သွားပြီးနောက် လေးလံသော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မိန်းကလေးငယ်၏ ပတ်လည်တွင် နီရဲသော သွေးအိုင်ကြီးမှာ အလျင်အမြန် ကျယ်ပြန့်လာတော့သည်။

ဝုန်း...

ထိန်းချုပ်မှုမဲ့သွားသော Land Roverကားက အခြားကား အချို့ကို ဝင်တိုက်မိသွားသည်။ သို့သော် အရှိန်မလျှော့ဘဲ စတီယာရင်ကို အတင်းချိုးကာ အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ပြေးသွားတော့သည်။

ကားထဲတွင် ခွမ်းကျိရန်က သူ၏ ပခုံးကို ဖိထားလေသည်။ ထိုနေရာမှ လတ်ဆတ်သော သွေးများက စဉ်ဆက်မပြတ် စီးကျနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဝတ်အစားများကို နီရဲသွားစေတော့သည်။

"ချီးပဲ... အဲ့ဒီ ဝက်တုတ်ကောင်.. တောက်... "

All Chapters